SaaS(Software as a Service) ဆိုတာ
SaaS (Software as a Service) ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို အရင် ဖြေကြည့်ပါမယ်။ အလွယ်ဆုံးအဖြေကတော့ User ဖက်ကကြည့်ရင် အွန်လိုင်းကနေ တစ်ဆင့် Software တွေကို သုံးလို့ရမယ်။ Provider တွေဖက်က ကြည့်ရင်တော့ အွန်လိုင်းကနေတစ်ဆင့် Software တွေကို သုံးစေတာပဲ ဖြစ်ပါတယ်။ Cloud Computing ဆိုတာလည်း SaaS ပုံစံပါပဲ။ အားလုံးသိပြီးဖြစ်မယ့် SaaS ကတော့ Google ရဲ့ Docs ပါပဲ။ docs.google.com မှာ ကြည့်နိုင်ပါတယ်။
၂၀၁၀ ခုနှစ်အတွင်းမှာ Web Technology ကို လှုပ်ခါနိုင်စွမ်းရှိတဲ့ အချက်တွေထဲမှာ SaaS က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီလို SaaS နဲ့ ပတ်သက်ရင် Internet ရော၊ Intranet မှာပါ။ Global မှာရော Local မှာပါ အသဲအသန် ကြိုးစားတီထွင်နေကြတာ တွေ့ရပါလိမ့်မယ်။ ထင်ရှားတဲ့ SaaS တစ်ခုကတော့ ဒေါ်လာ ၁၀၀ တန် အိန္ဒိယက Thin Client ပါပဲ။ သူက TV Set-top box ပုံစံ တစ်ခုကို ဒေါ်လာ ၁၀၀ နဲ့ ဝယ်ပြီး မော်နီတာ ဒါမှမဟုတ် TV နဲ့ ချိတ်ပြီး သုံးရုံပါပဲ။ အင်တာနက်လည်း သုံးလို့ရသလို စာစီစာရိုက်တို့ ဗီဒီယိုကြည့်တာတို့ အကုန်သုံးလို့ရပါတယ်။ တစ်ခုပဲ ကွာပါတယ်။ ကိုယ့်စက်ထဲမှာ ဘာ Software မှ မရှိဘူးဆိုတာပါပဲ။
SaaS ကို သေသေချာချာ ပြန်လေ့လာကြည့်ပါမယ်။ SaaS လို့ ဆိုလိုက်တာနဲ့ အောက်မှာ ပေးထားတဲ့ အချက်တွေနဲ့ ကိုက်ညီရပါမယ်။
- Software များကို ကွန်ယက်ဖွဲ့ချိတ်ဆက် အသုံးပြုစေရပါမယ်။ ကွန်ယက်ဖွဲ့ ချိတ် စီမံခန့်ခွဲမှုဖြစ်ရပါမယ်။ (အသုံးပြုမှုအပေါ်မူတည်ပြီး ပိုက်ဆံပေးရတာ ရှိသလို၊ Software Package ဒါမှမဟုတ် Software တစ်ခုခြင်းစီအလိုက် ပိုက်ဆံပေးတာမျိုးလည်း ရှိပါတယ်။ ပိုက်ဆံပေးတဲ့ နေရာမှာလည်း လစဉ်ကြေး၊ ဒါမှမဟုတ် နှစ်စဉ်ကြေးဖြစ်နိုင်ပါတယ်။)
- Software များကိုထိန်းချုပ်ကွပ်ကဲခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းအားလုံးကို ဗဟိုက ကွပ်ကဲ ထိန်းချုပ်ပါတယ်။ အဲဒီ Software တွေကို အင်တာနက် သို့မဟုတ် Network ကနေ တစ်ဆင့် User တွေက သုံးရမှာ ဖြစ်ပါတယ်။ (ဒါမျိုးကို ဟိုးအရင် Unix မှာလည်း တွေ့နိုင်ပါတယ်။ တစ်ကျော့ ပြန်လာတယ်လို့ ဆိုရမလိုရှိပါတယ်။ ဒါပေမယ့် ပုံစံတော့ မတူတော့ပါဘူး)
- Application တွေကို ဖြန့်ဝေ သုံးစွဲစေတဲ့နေရာမှာ One-to-One မဟုတ်တော့ပဲ One-to-Many ဖြစ်လာပါတယ်။ ဘယ်လို သဘောမျိုးလဲဆိုတော့ ကိုယ်က Software တစ်ခုကို သွားဝယ်တဲ့အခါမှာ ကိုယ့်စက်တစ်လုံးအတွက်ပဲ သုံးနိုင်မှာ ဖြစ်ပေမယ့် SaaS မှာတော့ Application တစ်ခုကို ဗဟိုမှာ တင်လိုက်တာနဲ့ ချိတ်ဆက်ထားသူ အားလုံး သုံးနိုင်မှာ ဖြစ်ပါတယ်။
- Feature တွေကို ထပ်တိုးတဲ့နေရာမှာ ပေါင်းထည့်တဲ့နေရာမှာ ဗဟိုကပဲ အဓိက လုပ်ကိုင် ဆောင်ရွက်ပေးပါတယ်။ Software Update လုပ်စရာ ရှိတာမျိုးဆိုရင် ကိုယ့်အနေနဲ့ ဘာမှ ပူစရာမလိုတော့ပါဘူး။ ဗဟိုကပဲ လုပ်ပေးပါလိမ့်မယ်။ Windows အသုံးပြုသူတိုင်း Software Update ပြဿနာ အမြဲရှိတတ်ပါတယ်။ အဲဒီလို ဒုက္ခတွေ ကင်းဝေးသွားစေပါတယ်။
အားသာချက်တွေအနေနဲ့ လေ့လာကြည့်မယ်ဆိုရင်
- ပိုက်ဆံကုန် သက်သာမယ်၊ (ကျွန်တော်တို့လို တစ်ခွေကို ငါးရာ တစ်ထောင်နဲ့ Software တွေကို သုံးနေသူတွေအတွက် ပိုက်ဆံကုန်သက်သာမယ် ဆိုတာ ရယ်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ တကယ်တန်း ပိုက်ဆံပေးသုံးရမယ်ဆိုရင် ကိုယ်စက်ထဲမှာ သွင်းထားတာ ဒေါ်လာ တစ်သောင်းဖိုး လောက်ဖြစ်နေနိုင်ပါတယ်။)
- အချိန်ကုန်သက်သာမယ်၊ (ကိုယ်စက်ထဲမှာ ဘာမှ သွင်းထားစရာ မလိုတဲ့အတွက် အချိန်ကုန် သက်သာစေတာကတော့ အသေအချာပါပဲ)
- အစကနေ အဆုံးအထိ တည်ဆောက်ရတာမျိုး မဟုတ်တဲ့အတွက် ယှဉ်ပြိုင်နိုင်မှု အားသာချက်တွေ ထွက်လာမယ်၊ ငွေကြေးသုံးစွဲမှု အပိုင်းမှာလည်း ပိုထိရောက်လာမယ်၊ (ဒါကတော့ Project Management လိုမျိုးတွေမှာပါ။ Online Collaboration လုပ်လို့ရလာတဲ့အတွက် အားသာချက်တွေ အများကြီး ရလာစေပါတယ်။)
- ကိုယ်သုံးသလောက်ပဲ ပိုက်ဆံပေးစရာလိုတယ်၊ (အပြင်မှာဆို ကိုယ်သုံးချင်တာက တစ်ခုတည်း ဝယ်လိုက်ရတော့ Package တစ်ခုလုံးဆိုတာမျိုး မဖြစ်တော့ပါဘူ။ Adobe CS မှာ ကိုယ်သုံးချင်တာ Photoshop တစ်ခုတည်း ဝယ်ရတော့ ကျန်တာတွေပါ အကုန်ဝယ် ရသလိုမျိုး မရှိတော့ပါဘူး)
တစ်ခြား အားသာချက်တွေ အများကြီးရှိပါသေးတယ်။ ဒီနေရာမှာ မိတ်ဆက်သဘောမျိုး ဖြစ်တဲ့အတွက် အများကြီး မရေးတော့ပါဘူး။ အားနည်းချက် အနေနဲ့လည်း အများကြီး ရှိနေပါသေးတယ်။ အထင်ရှားဆုံး အားနည်းချက်ကတော့ အင်တာနက် ကွန်ယက် နှေးကွေးတဲ့သူတွေ သုံးရအဆင်မပြေတဲ့ အချက်ပါပဲ။ အားလုံးက ကိုယ်စက်ထဲမှာ မဟုတ်တော့ပဲ အင်တာနက်ကွန်ယက်ထဲမှာ Server မှာပဲ Software တွေ ရှိနေတာဆိုတော့ Download နဲ့ Upload လုပ်နေတာနဲ့ အချိန်တွေ ကုန်သွားပါလိမ့်မယ်။ ဒါကတော့ အင်တာနှေးသမားတွေ အဓိက ဖြစ်ပါတယ်။ အင်တာနက်မှာ ဒီဗွီဒီကို Real Time ကြည့်လို့ ရနေသူတွေကတော့ SaaS ကို အေးအေးဆေးဆေး သုံးလို့ ရနိုင်ပါတယ်။
ခုချိန်မှာ SaaS အတွက် လက်ညိုးထိုးပြစရာ ကောင်းကောင်း နှစ်ခုရှိပါတယ်။
ဆိုတဲ့ နှစ်ခုပါ။ ဒီနှစ်ခုလုံးဟာ ပိုက်ဆံပေးရပါတယ်။ Google ကတော့ ပေးရတာ အင်မတန် သက်သာပြီး 36 Signals Products ကတော့ ကျွန်တော်တို့ အနေနဲ့ ကြည့်ရင် စျေးအင်မတန်ကြီးပါတယ်။ အဲဒီလို SaaS Provider တွေရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာနေတာ တွေ့ရပါတယ်။ အသုံးပြုသူ အရေအတွက် များလာတာနဲ့ အမျှ စျေးတွေ လျော့ချလို့ ရတဲ့ Service ဖြစ်တာနဲ့ အညီ စျေးတွေ အပြိုင် လျော့ချလာပါလိမ့်မယ်။ အသုံးပြုသူ User တွေအတွက် ကောင်းသထက်ကောင်းအောင် ပံ့ပိုး ယှဉ်ပြိုင်လာပါလိမ့်မယ်။
SaaS ဟာ Global သဘောလည်း ဆောင်သလို Local သဘောလည်း ဆောင်ပါတယ်။ ဒါကြောင့် Global SaaS တွေလည်း အလုပ်ဖြစ်သလို Local SaaS တွေလည်း အလုပ်ဖြစ်နိုင်ပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ အိန္ဒိယက $100 တန် Thin Client တွေပါပဲ။ ပြည်နယ် ကွန်ယက်ထဲမှာ ရှိတဲ့ မည်သူမဆို ဒေါ်လာ ၁၀၀ ရှိရုံနဲ့ ကွန်ပျူတာသုံးနိုင်ပါပြီ။ လစဉ်ကြေးလည်း အင်မတန် သက်သာပါတယ်။ တစ်လကို ၁၀ ဒေါ်လာ ကျော်ကျော်ပဲ ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး SaaS ဝန်ဆောင်မှုတွေ မြန်မာနိုင်မှာ ရှိလာရင် လူတိုင်းကွန်ပျူတာ သုံးနိုင်ပြီး နည်းပညာ ရေချိန်မြှင့်တင်ဖို့ နည်းလမ်းကောင်း တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလို အခွင့်အရေးမျိုးဟာ ကြီးကြီးမာစတာတွေသာ ကျင်လည်နေတဲ့ စျေးကွက်ထဲကို Start-ups တွေ ဝင်တိုးနိုင်စရာ အကွက် တစ်ကွက်ဖြစ်လာနိုင်တဲ့ သဘောပါပဲ။
ဒီတော့ SaaS တွေဟာ ပုံမှန် သမာရိုးကျ Software တွေကို အစားထိုးနေရာ ယူလာနေကြပါပြီ။ ကိုယ်စက်ထဲမှာ အကုန်ထည့် သုံးဆိုတဲ့ အလေ့အထကို ဖျက်နိုင်တဲ့ စွမ်းအားတွေ ရှိလာနေပါပြီ။ လူတွေ အင်တာနက် ပိုသုံးလာ၊ အင်တာနက်ကို ပိုချိတ်လာတာနဲ့ အမျှ SaaS တွေ တွင်ကျယ်မှုကလည်း ပိုပိုတိုးလာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း Local သဘောဆောင်တဲ့ SaaS တွေ ထွက်ပေါ်လာပြီး လူငယ်တွေအနေနဲ့လည်း နောက်ထပ် ဖြစ်လာမယ့် Trend ကို သိပြီး SasS Technology ကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖြစ်လာဖို့ ရည်ရွယ် ရေးသားခြင်း ဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ထောက်ပြဝေဖန်ဆွေးနွေး နိုင်ပါတယ်။
Reference:
en.wikipedia.com
Five Technologies that will keep shaping the Web in 2010
Facebook comments:




Nice Article
nice post !!!