သားသားမီးမီးတို့အတွက် Software များ
သားသားမီးမီးတို့အတွက် လက်ဆောင် ဝယ်ပေးလို့ ရနိုင်မယ့် ကောင်းနိုးရာရာ Software တွေကို ညွှန်းချင်ပါတယ်။ အဲဒီလို Software တွေကို ရှာဖွေကြည့်တဲ့ နေရာမှာ အသက် ၁ နှစ်ကနေ သုံးနှစ်အထိ Toddlers Series ဆိုတာ ရှိပါတယ်။ အဲဒီ Series ရဲ့ နောက်မှာတော့ Kindergarten Series, Preschool Series, 1st Grade ကနေ စလို့ နောက်ပိုင်း အရွယ်တွေအတွက် စုံနေအောင် ရှိပါတယ်။ လောလောဆယ်တော့ တစ်နှစ်ကနေ သုံးနှစ်အတွင်း သားသားမီးမီးတွေအတွက် Software တွေကို ညွှန်းလိုက်ရပါတယ်။ အားလုံးကတော့ အင်္ဂလိပ်လိုတွေ အင်္ဂလိပ်စာ သင်ထောက်ကူတွေ များပါတယ်။ မြန်မာလို စီစဉ်ထားတဲ့ Software ကတော့ ကျွန်တော် မတွေ့ဖူးပါဘူး။
Reader Rabbit
Reader Rabbit ဆိုတာ Edutainment Software (ဖျော်ဖြေရေးဆန်ဆန် သင်ကြားပေးသော Software) များကို ထုတ်လုပ်နေသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၁၉၈၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ Toddler လေးတွေက စလို့ အရွယ်စုံ သားသားမီးမီးတို့အတွက် Software တွေ ရနိုင်ပါတယ်။
အသက် ၁ နှစ်ကနေ ၃ နှစ်အရွယ် သားသား မီးမီးတို့အတွက်ပါ။ ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုမယ်၊ ကမယ်၊ စာလုံးလေးတွေ သင်ပေးမယ်၊ ခန္ဒာကိုယ်ရဲ့ အစိတ် အပိုင်းလေးတွေကို သင်ပေးမယ်၊ ရွေ့လျားမှု၊ လှုပ်ရှားမှု အကြောင်းတွေ သင်ပေမယ် စသည်ဖြင့် အများကြီးပါပါတယ်။
Print ထုတ်ပြီး ပြမယ်ဆိုရင်လည်း ပြလို့ သင်ပေးလို့ရတဲ့ အစီအစဉ်တွေ ပါပါသေးတယ်။ ကီးဘုတ်နဲ့ Mouse ကို ထိတွေ့ပြီး သင်ပေးမယ် ဆိုရင်တော့ အရောင်တွေ၊ အသံတွေ၊ လှုပ်ရှားမှုတွေကို တိုက်ရိုက်ထိတွေ့ပြီး သင်ကြာနိုင်မှာ ဖြစ်ပါတယ်။
သားသားမီးမီးတို့နဲ့ အတူ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် စသည်ဖြင့် အကူအညီ ရယူပြီး Mouse ကို ရွေ့မယ်၊ Keyboard ပေါ်က ကီးတွေကို နှိပ်မယ် စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။ သုံးရတာ အင်မတန် လွယ်တဲ့အတွက် တစ်နှစ်၊ နှစ်နှစ် အရွယ် ကလေးတွေ ကောင်းကောင်း သုံးနိုင်ကြပါတယ်။
- Interactive Play Areas အခု ၂၀ ပါဝင်ပါတယ်။
- အရောင်၊ နားထောင်နိုင်စွမ်းနဲ့ အခြား ကလေးအရွယ်နဲ့ သင့်တော်တာ တော်တော်များများ သင်ပေးနိုင်ပါတယ်။
- ကလေးအတွက် သီးသန့် အင်တာနက် Window လည်း ပါဝင်ပါတယ်။
- ကလေးနာမည်၊ ဓာတ်ပုံ၊ အသံ၊ စသည်ဖြည့် ထည့်သွင်းပြီး ကိုယ်ပိုင် Software ပြုလုပ်လို့ရပါတယ်။
JumpStart Toddlers
Jumpstart Toddlers ကလည်း Reader Rabbit လိုပါပဲ။ Education Game တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ Jumpstart မှာ သွားကြည့်မယ်ဆိုရင်လည်း ကလေးတွေ အသင့်ဆော့လို့ရမယ့် ဂိမ်းကို ထည့်သွင်းပေးထားတာ တွေ့ရပါလိမ့်မယ်။ Education Game တွေ အပြင် Knowledge Adventure လို့ ခေါ်တဲ့ အသိပညာဖွံ့ဖြိုးမှု အထောက်အကူပြု ဂိမ်းတွေလည်း အများကြီး ရှိပါတယ်။ Reader Rabbit ထက်တောင် ပိုပြီး စုံပါသေးတယ်။
သင်ကြားရေးနဲ့ စူးစမ်းမှုကို ကလေးတွေ စတင်မိတ်ဆက်ပေမယ်လို့ ဆိုုထားပါတယ်။ ဂဏန်းသချင်္ာ၊ စာလုံး၊ အရောင်၊ ပုံသဏ္ဍန်၊ တူရာစု၊ စသည်ဖြင့် သားသားမီးမီးတို့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားသင်ယူနိုင်မယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ စူးစမ်းလိုစိတ်ကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ ကလေးတွေကို သင်ကြားပေးတဲ့ နေရာမှာ ပုံသဏ္ဍန် ခုနှစ်မျိုးနဲ့ သင်ပေးလို့ရနိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ တချို့ ကလေးတွေက သီချင်းတွေကို ကောင်းကောင်း တုန့်ပြန်နိုင်ကြတယ်။ တစ်ချို့ ကလေးတွေက ပုံတွေ၊ တစ်ချို့ ကလေးတွေက စကားလုံး၊ ကာရန် စတာတွေကို ကောင်းကောင်း တုန့်ပြန်နိုင်ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို တုန့်ပြန်မှုတွေ အပေါ်မူတည်ပြီး သင်ကြားနည်းကို ခုနှစ်မျိုး ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။
JumpStart မှာ ပါဝင်တဲ့ Activities တွေကတော့
- ABC Fun – Mouse ကို အသုံးပြုပြီး ABCD တွေကို သင်ပေးတဲ့ ပုံစံပါ။
- Peek-A-Boo Animals – တူတူပုန်းတန်း ကစားတဲ့ ပုံစံနဲ့ အကောင်လေးတွေနဲ့ အမည်ကို သင်ပေးတဲ့ ပုံစံပါ။
- Numbers Pond – အကောင်လေးတွေ ရေတွက်ကြည့်မယ်၊ ဖားဘယ်နှစ်ကောင်၊ လိပ် ဘယ်နှစ်ကောင်၊ ငါး ဘယ်နှစ်ကောင် စသည်ဖြင့်။
- Treehouse of shapes – အရုပ်ဆက်တန်း ကစားကြမယ်။
- Musical Warterfall – သီချင်းသံလေးတွေ နားထောင်မယ်၊ ဘယ်နှစ်သံပါတယ်။ အဲဒီလို အသံလေးတွေ ပေါင်းစပ်ပြီး သီချင်းသံတွေ ဖွဲ့စည်းမယ်။
- Picture Playtime – အရုပ်ကပ်ကစားကြမယ်။
- Garden of Colors – လိပ်ပြာလေးတွေနဲ့ ပန်းလေးတွေကို အရောင်တူတာ ရှာကြမယ်။
ကျွန်တော့် သမီးလေးကို JumpStart Toddlers သုံးခိုင်းတော့ နှစ်ရက်နဲ့ အကုန်ပြီးသွားပါတယ်။ သမီးလေးက သူငယ်တန်း တက်နေပြီကိုး။ ကျွန်တော် အကြိုက်ဆုံး Series နှစ်ခုကို အညွှန်းပြန်ရေးပေးခြင်း ဖြစ်ပါတယ်။ သားသားမီးမီးတွေအတွက် အခြား ကောင်းနိုးရာရာတွေ အများကြီး ရှိပါသေးတယ်။ ကလေးအသက်အရွယ်နဲ့ ကိုက်ညီတယ်၊ ကလေးကလည်း လိုက်နိုင်တယ်ဆို သင်ပေးလို့ရနိုင်ပါတယ်။
Reference : Software for kids
Facebook comments:


JumpStart Toddlers

ဂဏ္ဏန်း မဟုတ်ဘူးရှင့်။ ဏသတ်မပါဘူး။ ဂဏန်းပဲ။ နောက်ပြီး တချို့။
ဟုတ် ကျွန်တော် ပြင်လိုက်မယ်ဗျ ကျေးဇူးပါခင်ဗျာ
“တချို့” ဆိုတာမှန်ပါတယ်ဗျ။ ဗမာစကားစစ်ပါ။ တစ်ချို့ဆိုတာ ဗမာစာမှာမရှိပါဘူး။ ဦးနေဝင်းကောင်းမှုကြောင့် မလိုအပ်ပဲ တစ်တွေဖြစ်အောင်လိုက်ရေးနေရတာ။ ပင်စင်စားမြန်မာစာ ပါမောက္ခဟောင်းများကိုမေးကြည့်ပါကုန်။
ကိုသီဟရေ
ကျွန်မ မောင်လေးကတော့ ၅တန်း ကျောင်းသားဆိုတော့ သူတို့လို အရွယ်တွေဆို ဘယ်လို Software လေးတွေ သုံးသင့်တယ်ဆိုတာ သိချင်ပါတယ်ရှင့်
ဟုတ်ကဲ့ခင်ဗျ ကျွန်တော် ရှာဖွေပြီး ရေးပေးပါ့မယ်ခင်ဗျ
နယ်မှာ computer သင်တန်းဖွင့်ထားတာ အဲဒါ ကလေးတွေအတွက် computerသင်ပေးနီုင်တဲ့ softwareကောင်းကောင်းလေးတွေသိချင်ပါတယ်။