Android ပေါ်တက်တော့မယ့် Google Chrome
Google က Chrome Browser ကို သူ့ Operating System နဲ့သူ ဖြန့်ချိတော့မယ်၊ အဲဒီအပြင် Netbook အနေနဲ့လဲ ဖြန့်ချိမယ်လို့ ကြော်ငြာလိုက်တော့ လူတိုင်းရဲ့ အထင်မှာ တစ်ချိန်မဟုတ် တစ်ချိန် Chrome ကို Android နဲ့ ပေါင်းစပ်လိမ့်မယ်လို့ မျှော်လင့် ထားကြပါတယ်။ နောက်ပိုင်း Cloud Computing အခြေခံ Chrome Netbook တွေရဲ့ အသံကလဲ တဖြည်းဖြည်းနဲ့ တိတ်ဆိတ် လာခဲ့ပြန်ပါတယ်။ အဲဒီလို အသံတွေ ပျောက်သွားတယ် ဆိုကတည်းက ခုချိန်မှာ သိပ်အလုပ် မဖြစ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ Chrome ကလဲ တကယ်တော့ ကျားသေတစ်ကောင် မဖြစ်သေးပါဘူး။ ကျားသေကို အသက်သွင်းသလို သွင်းစရာ မလိုပါဘူး။ ဘာဖြစ်လို့များ Mobile Operating System နှစ်ခု Support လုပ်နေရတာလဲ။ ဆိုလိုတာက Chrome ရော Android ပါ ဘာဖြစ်လို့များ တစ်ပြိုင်တည်း အထောက်အပံ့ ပေးနေရတာလဲ။ အဲဒီလို Chrome နဲ့ ပတ်သက်ပြီး သို့လော သို့လောတွေ ပြောစရာတွေ ဖြစ်နေခဲ့တာ ကြာပါပြီ။
ခုတော့ အဲဒီလို သို့လောသို့လော တွေအတွက် အဖြေရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်ပေးလိုက်ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီ အဖြေကတော့ Chrome for Android ပါ။ Google Chrome ကို Android ရဲ့ Version တစ်ခုဖြစ်တဲ့ 4.0 Ice Cream Sandwich မှ စတင် အထောက်အပံ့ ပေးတော့မှာ ဖြစ်ပါတယ်။
ပုံမှန် သမာရိုးကျ အမြင်နဲ့ ကြည့်မယ်ဆိုရင် Google Chrome ကို Android နဲ့ပေါင်းမယ်ဆိုတာ Android ကို Browser တစ်ခု ပေါင်းထည့်တာလောက်ပဲ ရှိတာပါ၊ ဘာထူးလို့လဲလို့ မြင်စရာ ရှိပါတယ်။ တကယ်တော့ Chrome ဆိုတာ Browser တစ်ခုထက် အများကြီး ပိုနေပါပြီ။ Cloud Computing ရဲ့ နမူနာကောင်းတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ Chrome မှာ သူ့စတိုးနဲ့သူ ရှိပြီးသား သူ့ Flow နဲ့သူ အရှိန်ရနေပြီး ဖြစ်ပါတယ်။
Google Chrome မှာ ခုချိန်ဆိုရင် ကဏ္ဍပေါင်းစုံအတွက် အသုံးချ Application တွေ အများကြီး ရှိနေပြီ ဖြစ်သလို သီးသန့် မိုးတိမ် အင်ပါယာကြီး ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ မိုးတိမ်ယဉ်ကျေးမှု (Cloud Computing) က ခုချိန်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သေးပေမယ့် next big trend (အလားအလာ အကောင်းဆုံး နောက်တစ်ဆင့်) အနေနဲ့ လူတိုင်း လက်ခံထားကြတာ ဖြစ်ပါတယ်။ တကယ်တော့ Google Chrome ဆိုတာ သာမာန် Browser သက်သက် မဟုတ်တော့ပါဘူး။
Chrome ကို Android နဲ့ ပေါင်းမယ်ဆိုရင် အဲဒီလို Chrome မှာရပြီးသား အကုန်လုံးကို Android မှာ ရအောင် စွမ်းဆောင်တော့မယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် Android ရဲ့ နောက်ဆုံး platform ဖြစ်တဲ့ Ice Cream Sandwich ကို အသုံးပြုနိုင်တဲ့ Device ရာခိုင်နှုန်းဟာ အခုအချိန်မှာ ၁ ရာခိုင်နှုန်းခန့်သာ ရှိပါသေးတယ်။ သို့သော်လဲ ခန့်မှန်းချက်များအရ ၂၀၁၂ အတွင်းမှာ Ice Cream Sandwich ကို အသုံးပြုနိုင်မယ့် Device တွေ၊ Update တွေ မိုးဦးကျ မှိုတွေလို ထွက်လာလိမ့်မယ် ဆိုပါတယ်။ အဲဒီလို ထွက်လာတာနဲ့အတူ Chrome Browser ဟာလဲ ပေါ်ပြူလာ ဖြစ်လာပါလိမ့်မယ်။ အဓိကအားဖြင့် HTML5 development ပိုင်းမှာ အများကြီးကောင်းလာမှာ ဖြစ်လို ယုံကြည်စိတ်ချရမှုအပိုင်း၊ လုံခြုံမှု အပိုင်းတွေမှာလဲ ကောင်းလာမှာ ဖြစ်ပါတယ်။
နေ့သစ်တစ်ခုရဲ့ အစ (သို့) HTML5
HTML5 ကို webkit browser တွေ အထောက်အပံ့ပေးတဲ့ device တွေမှာ သုံးဖို့အတွက် development လမ်းကြောင်းတစ်ခု အဖြစ် သိထားကြပါတယ်။ Ice Cream Sandwich မတိုင်ခင်ကတည်းက chorme မရှိတဲ့ အချိန်မှာလဲ HTML5 ကို အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးထားပြီး ဖြစ်ပေမယ့် chrome လုံးဝပြည့်စုံတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒါကြောင့် Google အနေနဲ့ chrome ကို ပွဲထုတ်ပြီး အဲဒီ လိုအပ်ချက်တွေ ဖြည့်စည်းလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီအပြင် နောက်ပိုင်း Development Process တွေမှာ Native Vs HTML5 Mobile Development ပြိုင်ပွဲကိုလဲ ဒီထက်ပိုပြီး အရှိန်မြှင့်နိုင်မယ့် သဘောမှာ ရှိနေပါတယ်။ Google အနေနဲ့ သူရဲ့ မဟာပြိုင်ဖက် Apple ရဲ့ စွန့်ပစ်မှုကို ခံထားရတဲ့ Flash ကို ပြန်လည် နန်းတင်နိုင်စွမ်း ရှိတာကလဲ အဲဒီ Mobile Web Development ပိုင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာဖို့ အကြောင်းရှိပါတယ်။
Chrome for Android အနေနဲ့ အရင်က မရနိုင်ခဲ့တဲ့ ဒီအရာတွေ ပါလာမယ်လို့ ဆိုပါတယ်။
- hardware-accelerated canvas
- overflow scroll support
- HTML5 video specs support along with Indexed DB (for offline caching, presumably)
- WebWorkers
- WebSockets
Mobile HTML5 ကို အဓိက အကျဆုံး အကြီးဆုံး အကျိုးကျေးဇူးကတော့ chrome tools တွေကို android platform မှာသုံးလို့ရလာတာ ဖြစ်ပါတယ်။ chromium မှာ ဘယ်လို အလုပ်လုပ်မယ်ဆိုတာကို သိတဲ့ developer တွေ အနေနဲ့ Chrome for Android ကိုလဲ အခက်အခဲမရှိ သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ Google Chrome နဲ့ Google Android ဆိုတာ တစ်ဖက်က web platform/cloud platform တစ်ဖက်က native platform ဆိုပြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခြား ပြိုက်ဖက်တွေထက် သာတဲ့ အချက် Google မှာ ရှိနေပါတယ်။ အဲဒါကတော့ Google Chrome ကို လက်ဦးမှုရှိရှိ ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ခြင်းပါပဲ။
Google’s engineering manager တစ်ဦးဖြစ်သူ Arnaud Weber က သူ့သလော့မှာ အခုလို ရေးထားပါတယ်။
–အခုလာမယ့် အပတ်အတွင်းမှာ Chrome for Android အတွက် ကုဒ်တွေ အတော်များများကို Chromium ကတစ်ဆင့် ဖြန့်ဝေမှာ ဖြစ်ပါတယ်။ Chromium Team အနေနဲ့ Chrome for Android အတွက် အစိတ်အပိုင်းတွေကို Chromium ကနေတစ်ဆင့် ဖန်တီးကြမှာ ဖြစ်ပါတယ်။ Webkit နဲ့ ပတ်သက်တာတွေ အခြား project တွေလဲ ပါဝင်ပါလိမ့်မယ်—
Chrome for Android မှာ ပါဝင်လာမယ့် HTML5 ကို HTML5Test.com မှာ စမ်းသပ်မှုတွေအရ အမှတ်စုစုပေါင်း ၃၄၃ (+10 bonus) ရပါတယ်။ Native ICS browser တွေမှာတော့ အမှတ်စုစုပေါင်း ၂၅၆ (+3 bonus) ရပါတယ်။ mobile browser တွေရဲ့ အနေအထားအရ အလယ်အလတ်အဆင့်မှာ ရှိနေပါတယ်။
အသုံးပြုသူများအတွက် အဆင့်မြင့်တင်မှုအပိုင်း
Chrome for Android အနေနဲ့ မြန်ရမယ်၊ ရိုးရှင်းရမယ်၊ အဲဒီအပြင် စိတ်ချရမယ်လို့ အာမခံချက်တွေ ပေးထားပါတယ်။ Wi-fi နဲ့ အင်တာနက်သာ ရှိမယ်ဆိုရင် Omnibox ကို တစ်ခါတည်း သုံးလို့ရအောင် ကြိုတင် ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Omnibox ဆိုတာ အသုံးပြုသူ address bar မှာ ရိုက်ထည့်လိုက်တဲ့ စာအပေါ်မူတည်ပြီး extension’s ရဲ့ keyword ဆိုရင် extension အတိုင်း ဆောင်ရွက်သွားတဲ့ ပုံစံပါ။ အဲဒီအပြင် Google ရဲ့ Search ကိုလဲ တိုက်ရိုက်သုံးနိုင်ပြီး ဘယ်ကိုသွားချင်တယ်၊ ဘာကို သိချင်တယ်ဆိုကို ခန့်မှန်းပေးမှာ ဖြစ်ပါတယ်။ Google ရဲ့ ထုံးစံအတိုင်း android browser environment မှာ ရိုးရှင်းတဲ့ User Interface နဲ့ အထောက်အပံ့ပေးဦးမှာ ဖြစ်ပါတယ်။ တစ်ခြား browser တွေ ရှုပ်ရှုပ်ထွေးထွေး တစ်ခုမှ မပါဘူးလို့ သိရပါတယ်။
Chrome for Android ရဲ့ အကောင်းဆုံး အပိုင်းကို ပြောရမယ်ဆိုရင် google အကောင့်ထဲကို ဝင်ပြီး ကိုယ်မှတ်ထားတဲ့ bookmark တွေ tabs တွေ browsing history တွေကို မှတ်သားနိုင်စွမ်းပါပဲ။ ကိုယ်ရှာထားတာတွေ အားလုံးကို မှတ်သားထားပြီး Search လုပ်တဲ့အခါမှာ လွယ်ကူအောင် အလွယ်တကူ ရှာဖွေနိုင်အောင် ကူညီပေးမှာ ဖြစ်သလို အခြား desktop စသည်တို့မှာ သုံးထားတဲ့ bookmarks တွေကိုလဲ Sync လုပ်ပြီး သုံးနိုင်မှာ ဖြစ်ပါတယ်။
၁ ရာခိုင်နှုန်း ပြသနာ
Chrome for Android ရဲ့ အဓိက အကျဆုံးပြသနာကတော့ သုံးနိုင်တဲ့ပမာဏ ၁ ရာခိုင်နှုန်းခန့်သာ ရှိသေးတာ ဖြစ်ပါတယ်။ ညွှန်းဆိုရေးသားသူများ ကိုယ်တိုင် စမ်းသပ်ပြီး ရေးလို့ မရသေးတဲ့ အနေအထား Google Official Blog ကို မှီးပြီးမှ ရေးလို့ရတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ Android 4.0 Ice Cream Sandwich သုံးထားတဲ့ Android Device တွေရှိမှသာ Chrome Beta ကို ထည့်သွင်း စမ်းသပ်လို့ ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Android တို့၏ ထုံးစံအတိုင်း Ice Cream Sandwich မှစားလိုသူတွေ၊ မြင့်မှ ကြိုက်သူတွေ ပေါ်လာဦးမှာ ဖြစ်ပါတယ်။ device တွေကလဲ Android အသစ်ထွက်တိုင်း ဈေးကွက်တစ်ခု ဖြစ်တာနဲ့အညီ ထုတ်ကြဦးမှာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ Ice Cream Sanwich အနေနဲ့ Geek တွေ လက်ထဲမှာပဲ ရှိနေသေးတယ် ဆိုပေမယ့် မကြာတော့မယ့် အချိန်အတွင်းမှာ လူတကာ လက်ထဲကို ရောက်သွားမှာ သေချာနေပါတယ်။ အဲဒီလို ရောက်သွားပြီ ဆိုတာနဲ့ Chrome for Android ရဲ့ အစွမ်းတွေကို မြင်နိုင်စွမ်း ရှိလာမှာ ဖြစ်သလို သီးသန့် Mobile OS နှစ်ခုကို တစ်ပြိုင်တည်း ဘာကြောင့် အထောက်အပံ့ပေးထားရသလဲဆိုတဲ့ Google အပေါ်မှာ ရှိနေတဲ့ သို့လော သို့လောတွေရဲ့ အဖြေတွေလဲ မြင်လာရမှာ ဖြစ်ပါတယ်။ Web Development ပိုင်းမှာလဲ HTML5 ကို သုံးပြီး Android က Chrome မှာ သုံးလို့ရလာတော့မှာဆိုတော့ အခုအချိန်ကတည်းက စတင်ပြင်ဆင်နေလောက်ပြီ ဖြစ်ပါတယ်။
ဒီတော့ ကြိုတင်မေးမြန်းတွေးတောထားသင့်တဲ့ မေးခွန်းလေးတွေကို ချပြရမယ်ဆိုရင်
Chrome for Android က စိတ်လှုပ်ရှားဖို့ကောင်းမှာလား
- အဲဒီအတွက် Develop လုပ်ဖို့ လိုလာမလား
- Mobile Device တွေအပေါ်မှာ Google Chrome က ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးမှု ရှိလာနိုင်မလဲ
စတဲ့ မေးခွန်းလေးတွေ မေးထားဖို့ လိုမယ်ထင်ပါတယ်။
ReadWriteWeb မှ Chrome Beta for Android Will be Good for Mobile HTML5 Development ကို မှီငြမ်းရေးသားပါသည်။
Facebook comments:




