ဒေါ်လာ ၁၆သန်းနဲ့ လန်းသွားတဲ့ Wikipedia
Wikipedia ကတော့ နှစ်သစ်ကို စံချိန်သစ်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ရဲ့ အားလပ်ရက်အတွင်းမှာ ကောက်ခံရရှိတဲ့ အလှူငွပေါင်းဟာ ဒေါ်လာ ၁၆သန်းခန့် ရှိတယ်လို့ Wikipedia ကို တည်ထောင်သူ ဖြစ်တဲ့ ဂျင်မီဝေးလ်က ထုတ်ဖော်ကြော်ငြာ သွားပါတယ်။ အဲဒီလို ကောက်ခံရရှိတဲ့ အလှူငွေဟာလည်း Wikimedia Foundation (Wikipedia ကို တည်ထောင်ထားတဲ့ အဖွဲ့အစည်း) အတွက် သမိုင်းတစ်လျှောက်မှာ စံချိန်တင် ရရှိတဲ့ အလှူငွေ ပမာဏဖြစ်တယ်လို့ သိရပါတယ်။
“ဒီနှစ်က ကျွန်တော်တို့အတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ပါ။ Wikipedia ရဲ့ ဆယ်နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်” လို့ ဝေးလ်က ရေးထားပါတယ်။ “အဲဒီ အပြင် ကျွန်တော်တို့ နှစ်ဟောင်းကို နှုတ်ဆက်တဲ့ နေရာမှာ Wikimedia Foundation အဓိက ပင်မ Wikipedia အတွက် အပြင် အခြား Sister Project တွေ အတွက်ပါ ဆယ်စုနှစ်တစ်ခုစာ ဆက်လက် ရပ်တည်သွားနိုင်ဖို့ အကြောင်း အထောက်အပံ့ ကောင်းတွေ အများကြီး ရခဲ့ပါတယ်” လို့ ဝေးလ်က ဆက်လက် ရေးသားထားပါတယ်။
Wikipedia ကို ad-free website အဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဖို့ ဒီထက်ပိုပြီး အထောက်အပံ့ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ Wikimedia Foundation ကို လှူဒါန်းသူပေါင်း ၅ဝဝဝဝဝ ထက်မနည်းရှိခဲ့ပြီး Wikimedia ရဲ့ သမိုင်းတစ်လျှောက်မှာ ဒုတိယအများဆုံး အလှူငွေ လက်ခံရရှိမှု ဖြစ်တယ်လို့လည်း သိရပါတယ်။
“Wikimedia ရဲ့ Project ကို ချစ်မြတ်နိုးတဲ့သူတွေ အတူတူစုမိကြတယ်၊ အတူတူ လှူဒါန်းထည့်ဝင်ကြတယ်။ အတူတူစုပြီး တကယ့်ကို ကြီးကျယ်ခန်းနားတဲ့ အလုပ်တစ်ခုကို ပြုလုပ်ခဲ့ကြတယ်” လို့ ဂျင်မီဝေးလ်က ရေးသားထားပါတယ်။ နတ်လူသာဓုခေါ်စရာ ကောင်းလှတဲ့ အပြင် အခြား Commercial Encyclopedia တွေကို အဝေးကို လွင့်စင်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိတဲ့ Wikipedia ကြီး ရေရှည်ရပ်တည်သွား နိုင်ဖို့ အထောက်အပံ့ကောင်းတွေ ရရှိသွားတာ ကမ္ဘာကြီးမှာ ပရဟိတစိတ်ဓာတ်တွေ ထွန်းကားနေတယ်၊ ထွန်းကားနေဆဲပဲ ဆိုတဲ့ ပြယုဒ်တစ်ခု အဖြစ် မှတ်တမ်း တင်လိုက်ရပါတယ်။
Facebook comments:




Wiki is one of the best creations ever done by human beings. Kudos to Wiki foundation! They deserve every penny!
ဒီလိုပုံစံမျိုးလေးတွေများများရေပေးပါ