WikiLeaks အတွက် အလှူငွေများကို Paypal က ဝန်ဆောင်မှု မပေးတော့

Amazon ရဲ့ AWS က WikiLeaks ကို Host လုပ်ခွင့် ပိတ်ပင်လိုက်တယ် ဆိုတဲ့ အကြောင်းကို ဒီနေရာမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအပြင် Mirror Site တွေက တစ်ဆင့် သွားရတဲ့ Server တိုင်းကိုလည်း DDoS လို့ခေါ်တဲ့ Request များ စုပြုံဝင်ရောက်စေခြင်း နည်းဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး မကြာခဏ အဆက်အသွယ် ပြတ်တောက်မှုများ ဖြစ်ပေါ်နေပါတယ်။ EveryDNS.net က ခဏခဏ ဖြုတ်ချ နေရတယ်လို့လည်း သိရပါတယ်။ ဘယ် သတင်းဌာနမဆို WikiLeaks သတင်းများသာ ကြီးစိုးနေပြီး ကမ႓ာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး သတင်းဖြစ်နေပါတယ်။

အခုလည်း WikiLeaks ကို အင်တာနက်မှာ ခြေချစရာ မရှိအောင် တိုက်ခိုက်ကြတဲ့ အထဲမှာ Paypal လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ Paypal ရဲ့ Offficial Website မှာ ရေးသားထားချက်များအရ Paypal အနေနဲ့ WikiLeaks နဲ့ ပတ်သက်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လွဲပြောင်းမှုနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုများ အားလုံးကို ရပ်တန့်တော့မယ်လို့ သိရပါတယ်။

Paypal ရဲ့တရားဝင် သတင်း ထုတ်ပြန်ချက်အရ WikiLeaks က သုံးနေတဲ့ Paypal Account ကို လုံးဝ(လုံးဝ) ကန့်သတ်လိုက်တော့မှာ ဖြစ်ကြောင်း၊ WikiLeaks အနေနဲ့ Paypal ရဲ့ အသုံးပြုသူများ လိုက်နာရမယ့် စည်းကမ်းများကို ချိုးဖောက်တဲ့အတွက် ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ WikiLeaks နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို မည်သည့်နည်းနှင့်မျှ ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ ကန့်သတ်လိုက်သည့် အကြောင်းကိုလည်း Account Holder ကို အကြောင်းကြားသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ Paypal ရဲ့ သတင်းထုတ်ပြန်ချက်ထဲတွင် WikiLeaks ၏ DNS Server ကို Amazon က ရပ်တန့် လိုက်တဲ့အတွက် ပျောက်ဆုံးသွားပြီ ဆိုတဲ့အကြောင်း လည်းပါဝင်ပါတယ်။

ဒါပေမယ့် WikiLeaks ကို လှူဒါန်းနိုင်တဲ့ လမ်းကြောင်းဟာ Paypal တစ်ခုတည်း မဟုတ်ကြောင်း အခြား လမ်းကြောင်းများလည်း အများအပြား ရှိနေကြောင်း သိရပါတယ်။ Bank ကနေ တစ်ဆင့် လှူဒါန်းလိုက လှူဒါန်းနိုင်သလို စာတိုက်က တစ်ဆင့် လှူဒါန်းလိုက လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ သို့သော်လည်း လှူဒါန်းမှုအတွက် အလွယ်ကူဆုံး လမ်းကြောင်း ဖြစ်သော Paypal ကို ပိတ်လိုက်တဲ့အတွက် WikiLeaks ကို အနည်းနှင့်အများ ထိခိုက် စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

WikiLeaks အနေနဲ့ Paypal နဲ့ ပတ်သက်ပြီး ပြဿနာတက်တာ ခုအကြိမ်ဟာ ပထမအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ နှစ်ဦးပိုင်း ကတည်းက WikiLeaks ရဲ့ Paypal Account ကို ခေတ္တခဏ ပိတ်ထားခြင်းခံခဲ့ရဖူးပါတယ်။

Paypal ရဲ့ WikiLeaks အပေါ် ထိုးနှက်ချက်ဟာ WikiLeaks ရဲ့ အလှူငွေတွေအတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်လာမှာတော့ သေချာပါတယ်။ အဲဒီအပြင် အစိုးရနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းများ အနေနဲ့ WikiLeaks ကို အရေးယူဆောင်ရွက်မှု နောက်တစ်ခု တိုးလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီအပြင် အခြား Visualization Company တစ်ခုဖြစ်သော Tableau Software ကလည်း သူ့ဆာဗာမှာရှိတဲ့ WikiLeaks ရဲ့ Content များကို ဖယ်ရှားပစ်ခဲ့တယ်လို့ သိရပါတယ်။

WikiLeaks နဲ့ ပတ်သက်ရင် အုပ်စု သုံးစုကွဲနေတယ်လို့ ပညာရှင်တွေ သုံးသပ်ကြပါတယ်။ တစ်စုက WikiLeaks နဲ့ WikiLeaks Founder Julian Assange ကို အသေရရ၊ အရှင်ရရဆိုတဲ့ အုပ်စုက တစ်စု၊ နောက်တစ်စုက WikiLeaks ကို ထောက်ခံတဲ့ အုပ်စုနဲ့ နောက်ဆုံး တစ်စုကတော့ ဘာတွေများ ထပ်ပြီး ဖောက်သည်ချဦးမလဲဆိုပြီး စောင့်ကြည့်နေတဲ့ အုပ်စုဖြစ်ပါတယ်။ အဲဒီအပြင် နောက်ဆုံး ဖွင့်ချလိုက်တဲ့ ၂၅၀ ၀၀၀ ခန့်ရှိသော အမေရိကန် သံရုံးများဆိုင်ရာ အချက်အလက်များ အနေနဲ့ နေရာတကာမှာ လိုက်သိမ်းလို့ မရအောင် ပြန့်နှံ့လျှက် ရှိနေပြီ ဖြစ်သော်လည်း WikiLeaks က စိန်ခေါ်ထားသော အမေရိကန် ထိပ်တန်းဘဏ်များ၏ ငွေစာရင်းအင်းဆိုင်ရာ အချက်အလက်များကို ဖွင့်ချမည့် ကိစ္စအတွက် စိုးရိမ်သောက ကြီးမားစွာ လိုက်လံ ပိတ်ဆို့တားဆီးနေရတာ ဖြစ်တယ်လို့ ခန့်မှန်း သုံးသပ်လိုက်ရပါတယ်။

Reference: Internet

Facebook comments:

Leave a comment


*