Social Search ပြိုင်ပွဲ
Facebook တို့ Google တို့သွားနေတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုကတော့ Social Search လို့ ခန့်မှန်းကြပါတယ်။ Social Search ဆိုတာကို နားလည်လွယ်အောင် ပြောရမယ်ဆိုရင် Twitter ဆိုတာကို Google မှာ ရှာတယ်ဆိုပါစို့။ Keyword တစ်ခု ရိုက်ထည့်ပြီး ရှာရပါတယ်။ ဥပမာ – twitter ဆိုပါတော့။ အဲဒီလို ရှာလိုက်တဲ့အခါ အောက်မှာ ပြထားတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်။
အဲဒီပုံကို လေ့လာကြည့်မယ်ဆိုရင် ပုံမှန် သမာရိုးကျ Search ရယ် Social Search ရယ်ကို ခွဲခြားပြီး သိနိုင်ပါလိမ့်မယ်။ အဲဒီလို မြင်ရဖို့ Google Account တစ်ခု Log in ဝင်ထားဖို့ လိုပါတယ်။ ဒီလို အပြောင်းအလဲကို ပြီးခဲ့တဲ့ Google ရဲ့ Policy Issue နောက်ပိုင်းမှာ မြင်တွေ့ လာရတာ ဖြစ်ပါတယ်။ Google အနေနဲ့ Google+ ဆိုတဲ့ Social Network တစ်ခုကို ဘာကြောင့် Facebook စင်ပြိုင် ထောင်ရသလဲဆိုတဲ့ အဖြေကိုလဲ ထုတ်ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ လူတွေရှာလေ့ဖွေလေ့ရှိတဲ့ အနေအထားတွေကို လေ့လာကြည့်မယ်ဆိုရင်လဲ သာမာန် Keyword Search လောက်နဲ့ ဘယ်သူမှ မတင်းတိမ်နိုင်ကြပါဘူး။ ရှာလို့တွေ့လာရင်တောင် သူငယ်ချင်းတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ဘယ်လိုသဘောရလဲ စသည်ဖြင့် သိချင်ကြပါတယ်။ အဲဒီလို Search Result တွေကို ရှာဖွေထုတ်ပြနိုင်ဖို့ အတွက် Google အနေနဲ့ Social Network တစ်ခုမရှိရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Google+ ကို ဖန်တီးပြီး သူ့ရဲ့ နဂိုမူလဘူတဖြစ်တဲ့ Search ထဲပေါင်းထည့်တာပါ။
Facebook ကလဲ မကြာသေးခင်က Timeline ဆိုတာကို ဖန်တီးခဲ့ပါတယ်။ Facebook မှာ နဂိုကတည်းက ကျောင်းတူသူ၊ အလုပ်တူသူ၊ နေရာတူသူ စသည်ဖြင့် စုစည်းပြီး ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး ကောင်းတဲ့ Social Search ပုံစံကို သွားဖို့ လိုနေပါတယ်။ အဲဒီအတွက် Timeline ဆိုတာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Facebook အနေနဲ့ Timeline ကို လူတစ်ယောက်ရဲ့ သမိုင်းကို ပြောပြနိုင်ရုံသာမက လူတစ်ယောက်ရဲ့ အကြိုက်တွေ အလိုက်တွေက အစ အကုန် ပြောပြနိုင်အောင် ရည်ရွယ်ထားပါတယ်။
–သင့်ရဲ့ Timeline က သင် Facebook အပေါ်မှာ ဘာတွေလုပ်သွားတယ်ဆိုတဲ့ သင့်ရဲ့ အကြောင်းကို ပြောပြရုံသက်သက် မဟုတ်ပါဘူး။ သင့်ရဲ့ လုပ်ငန်းဆောင်တာတွေ အပေါ်မှာလဲ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်— လို့ Facebook ရဲ့ ဒါရိုက်တာ တစ်ယောက်က ပြောသွားပါတယ်။ တကယ်တော့ ဒါလဲ Social Search ပုံစံတစ်ခုဆီကို ချဉ်းကပ်ဖို့အတွက် ခြေလှမ်းတွေ ပြင်နေတယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီအပြင် မကြာသေးခင်က Facebook Timeline ရဲ့ အချက်အလက်တွေကို Third Party တွေအနေနဲ့ ခွင့်ပြုချက်အပေါ်မူတည်ပြီး အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Facebook အနေနဲ့ Bing နဲ့ပေါင်းပြီး Facebook ရဲ့ အင်အားတောင့်တင်းပြီးသား Social Network အပေါ်မှာ Social Search ကို ပေါင်းထည့်ဖို့ အကြီးကြီးကြံနေပေမယ့် ခုချိန်ထိတော့ နေရာတိုင်းအတွက် အဆင်ပြေပြေ ဖန်တီးနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။
အခုအချိန်မှာ Social Search နဲ့ ပတ်သက်လို့ ဇာတ်ရှိန်အမြင့်ဆုံး အနေအထားကို ရောက်လာနေပြီလို့ ဆိုနိုင်ပါတယ်။ Facebook အနေနဲ့ Social Network ကောင်းကောင်း ရှိတယ်။ ရှာဖွေရေး အင်ဂျင်အနေနဲ့တော့ Bing ကို အားကိုးနေရပါတယ်။ Google ဖက်ကျတော့ အရမ်းကောင်းတဲ့ Search ရှိတယ် ဒါပေမယ့် Google+ က ထင်သလောက် မဟုတ်ပါဘူး။ အဲဒီလို တစ်ခြမ်းပဲ့ခြင်း ရှိုးနေကြတာ Social Search နဲ့ ပတ်သက်ရင် ခုအနေအထားအရတော့ Google က ၁ သာနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Facebook ရဲ့ Social Network ကလဲ အရမ်းအားကောင်းတာကြောင့် ၁ လောက်လေးနဲ့ အလုပ်မဖြစ်နိုင်ပါဘူး။
နောက်တစ်ချိန်မှာ တကယ့်ကို အကြီးဆုံးဈေးကွက်ကြီး ဖြစ်လာနိုင်တဲ့ social search အပေါ်မှာ ဧရာမကြီးတွေ အသည်းအသန် ကြိုးစားနေကြတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလို့ ဆိုနိုင်ပါတယ်။ Social Search ကို တကယ်တန်းသာ အမှန်အကန် အထောက်အပံ့ ပေးနိုင်မယ်ဆိုရင် ကြော်ငြာရှင်တွေ အနေနဲ့ တစ်ယောက်ခြင်းစီရဲ့ လိုအပ်ချက်အပေါ်မှာ အနီးစပ်ဆုံးချဉ်းကပ်နိုင်မှာ ဖြစ်တဲ့အတွက် နောက်ထပ် ဈေးကွက်ကြီးတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေတာတွေ့ရပါတယ်။
ကျွန်တော်တို့ကတော့ လေ့လာစောင့်ကြည့်သူဖြစ်တဲ့အတွက် အင်တာနက်ဆိုတဲ့ ဇာတ်စင်ကြီးအပေါ်မှာ ဘယ်လို ကပြ အသုံးတော်ခံမယ်။ ဘယ်သူက မင်းသားဖြစ်ပြီး ဘယ်သူကတော့ဖြင့် လူကြမ်း ဖြစ်သွားမယ်ဆိုတာ စောင့်ကြည့်ရပါဦးမယ်ခင်ဗျ။ နှစ်ဖက်လုံး မင်းသားတွေ ဖြစ်သွားတဲ့ အဆင်မျိုးလဲ ဖြစ်နိုင်ကြောင်းပါခင်ဗျ။
Facebook comments:




thank you for your information and I always wait for your information and God Bless you !