Microsoft နဲ့ Facebook ပေါင်းကြတဲ့အခါ
Microsoft ရဲ့ Bing ကို Facebook ထဲ ပေါင်းထည့်ပြီး ကုမ္ပဏီနှစ်ခု ပူးပေါင်းလိုက်ကြောင်း ကြော်ငြာခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ရှာဖွေရေး အင်ဂျင်နဲ့ လူမှုကွန်ယက်ကို ပေါင်းစပ်လိုက်တဲ့အတွက် ဘာတွေဖြစ်လာမလဲ။ Facebook ဆိုတာကလည်း အဖွဲ့ဝင်ပေါင်း သန်း ၅၀၀ နဲ့ အရမ်းကို အောင်မြင်နေတဲ့ လူမှုကွန်ယက်ဖြစ်သလို Bing ဆိုတာကလည်း Microsoft ရဲ့ နောက်တစ်ဖန် မွေးဖွားမှုလို့ ဆိုနိုင်မယ့် Search Engine၊ ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အတွက် ဘာတွေဖြစ်လာမလဲ စသည်ဖြင့် သုံးသပ်မှုတွေ မြောက်များစွာ ပေါ်ထွက်လာပါတယ်။
တကယ်တော့ Facebook အနေနဲ့ Bing ကို Search လုပ်တဲ့နေရာမှာ တိတ်တိတ်ပုန်းပေါင်းထည့် စမ်းသပ်နေတာ နည်းနည်းတော့ ကြာပါပြီ။ အခုမှ တရားဝင် ထုတ်ဖော် ကြော်ငြာတာပါ။ သူတို့ကြော်ငြာ ချက်တွေအရ ရှာဖွေရေးအင်ဂျင်ကို လူမှုကွန်ယက် ဇာတ်သွင်းလိုက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခု ရှာလိုက်တယ်။ ပုံမှန်အတိုင်းဆိုရင် အဲဒီ ပစ္စည်းက ဘယ်မှာရတယ်၊ ဘယ်စျေး စသည်ဖြင့် ဖော်ပြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူမှုကွန်ယက် ဇာတ်သွင်းထားတဲ့ ရှာဖွေရေးအင်ဂျင်မှာတော့ အဲဒီ ကုန်ပစ္စည်းကို သူငယ်ချင်း ဘယ်နှစ်ယောက်က ကြိုက်နှစ်သက်တယ်၊ ဘယ်နှစ်ယောက် ဝယ်ထားတယ်၊ စသည်ဖြင့် သိနိုင်လာပါမယ်။ သူငယ်ချင်းတွေရဲ့ မှတ်ချက် စကားတွေတောင် သိချင် သိနိုင်ပါဦးမယ်။ အဲဒီလိုတွေ အပြင် Social Search ပုံစံတွေ တွဲစပ်လိုက်နိုင်တဲ့အတွက် ကြော်ငြာမှု ပုံစံတွေပါ ပြောင်းလဲလာနိုင်ပါတယ်။ တကယ့်ကို Search Engine ယဉ်ကျေးမှုကို တော်လှန် ပြောင်းလဲနိုင်စွမ်းရှိတဲ့ ပေါင်းစပ်မှု တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။
အဲဒီလို ပေါင်းစပ်ပြောင်းလဲမှုဟာ Google ရဲ့ Search Business ကို သက်ရောက်မှု အများကြီး ဖြစ်စေမှာ ဖြစ်တဲ့အတွက် Google ကလည်း အင်အားကြီးမားတဲ့ ပြိုင်ဖက်တစ်ခု ဖြစ်လာတော့မယ်လို့ ဝန်ခံထားပါတယ်။ အဲဒီအပြင် Google အနေနဲ့ Social Network အပိုင်းမှာ ယခုထက်တိုင် မထိုးဖောက်နိုင်သေးတဲ့ ပြဿနာလည်း ရှိနေတဲ့အတွက် Social Search အပေါ်မှာ ဘယ်လို နေရာယူမလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိပါတယ်။
Facebook အနေနဲ့လည်း အပြောင်းအလဲတွေ တစ်ခုပြီး တစ်ခု ပြုလုပ်နေခဲ့သလို၊ Microsoft အနေနဲ့လည်း Bing နဲ့ ပတ်သက်ပြီး အချိန်ပြည့် တီထွင်ကြံဆနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ Google ဖက်မှာလဲ အဲဒီလိုပါပဲ။ Instant Search နည်းပညာသစ်တွေ မိတ်ဆက်ပြီး တစ်ခြား ပြုပြင်ပြောင်းလဲမှုပေါင်း များစွာကို ပြုလုပ်နေခဲ့ပါတယ်။ အရင်ကတော့ သုံးပွင့်ဆိုင် ဇာတ်လမ်း ဖြစ်နေရာကနေ ခုတော့ နှစ်ဖက် ဖြစ်သွားပါပြီ။ ပူးပေါင်းမှု ပုံစံကလည်း တကယ့် ကြီးကြီးမာစတာနှစ်ခု ပေါင်းစပ်မှု၊ ယှဉ်ပြိုင်ရမှာကလည်း Search Business ဆိုတော့ စျေးကွက် ဝေစု အများဆုံး ပိုင်ဆိုင်ထားတဲ့ Google အနေနဲ့ တစ်ခုခုတော့ အမြန်ဆုံးလုပ်ဖို့ လိုလာနေပြီဆိုတာ အားလုံး ခန့်မှန်း မိပါလိမ့်မယ်။
ရှေ့လျှောက်မြင်လာရမယ့် ပုံစံတွေမှာ ကုန်ပစ္စည်းတစ်ခုကို ရှာလိုက်တာနဲ့ Social Search ပုံစံ ဖြစ်လာပါတော့မယ်။ ကုန်ပစ္စည်းအတွက် သတင်းအချက်အလက် ပေးရုံသက်သက် မဟုတ်တော့ပဲ သူငယ်ချင်းတွေထဲမှာ ဘယ်သူတွေ ကြိုက်တယ် ဆိုတာကအစ သိနိုင်တော့မယ့် အခြေအနေပါ။ အဲဒီအပြင် သူငယ်ချင်းတွေနဲ့ အမြင်တွေနဲ့ ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်တဲ့ သဘောတွေပါ ဖြစ်လာပါတော့မယ်။ ကုန်ပစ္စည်းရောင်းသူ တွေအနေနဲ့လည်း Facebook နဲ့ Bing ကို ဘယ်လိုမှ မေ့ထားလို့ မရတော့တဲ့ အနေအထား ဖြစ်လာပါတော့မယ်။ ကမ႓ာကျော် နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ ပြိုင်ပွဲကတော့ လှသထက် လှလာပြီလို့ ဆိုရပါလိမ့်မယ်။ ဆက်လက် စောင့်ကြည့်ပါဦးစို့လားဗျာ။
Facebook comments:




အင်း.. ဇာတ်ရှိန်တက်နေပီလို့ဆိုရမှာပဲ..
http://blog.facebook.com/blog.php?post=437112312130
ကိုပြည့်ဖြိုးဟန်ရေ ..
အပေါ်ကပေးထားတဲ့ Link လေးက Access Denied တဲ့ ဗျ ..
ဒါနဲ့ http မှာ s ထည့်လိုက်တော့ အဆင်ပြေသွားတယ် ဗျ ..
မသိသေးတဲ့ သူတွေ အတွက်ပါ ပြန်မျှဝေလိုက်ပါတယ် ဗျာ ။
https://blog.facebook.com/blog.php?post=437112312130
ကျွန်တော်လည်း ဖွင့်ကြည့်တာ မရလို့ ခုမှပဲ အဆင်ပြေသွားတော့တယ် ကျေးဇူး ဗျို့
ဒီကနေဆို http နဲ့ရတယ်။ ဘာလို့လဲ မသိ
ဒီမှာက ပိတ်ထားတာကိုးခင်ဗျ
Microsoft နဲ့ Facebook ပေါင်းလိုက်ပြီဆိုတော့ . .. အင်း …. ငွေကုန်ပေါက်တစ်ပေါက် တိုးလာတာပေါ့။
Facebook should corporate with “Google” rather then “Microsoft”.. ;( Thats really nuts..