Mac App Store လာတော့မည်

iPhone ရဲ့ တော်လှန်ပြောင်းလဲနိုင်စွမ်း ရှိခဲ့တဲ့ e-commerce model တစ်ခုဖြစ်တဲ့ App Store ပုံစံကို ယူထားတဲ့ နောက်ထပ် App Store တစ်ခုကို Apple က ဇန်နဝါရီလ ၆ ရက်နေ့မှာ စတင် လွင့်တင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီတစ်ခါတော့ Mobile Phone တွေအတွက် မဟုတ်ပဲ Mac လို့ ခေါ်တဲ့ Apple အနွယ်ဝင် Laptop နဲ့ Desktop တွေအတွက် ဖြစ်ပါတယ်။ Mac အသုံးပြုသူတွေအနေနဲ့ ဇန်နဝါရီ ၆ ရက်နေ့က စလို့ Mac Application များကို စတင် ဝယ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ Mac Application Store ကို နိုင်ငံ ၉၀ ခန့် ဝယ်ယူနိုင်တဲ့ နိုင်ငံထဲမှာ အကြုံးဝင်မှာ ဖြစ်ပါတယ်။ App များထဲတွင် အခပေး၊ အခမဲ့ App ပေါင်း မြောက်များစွာ ပါဝင်မယ်လို့ သိရပါတယ်။ အမျိုးအစားများအနေဖြင့် Games, Education, Graphic & Design, Lifestyle, Productivity နဲ့ Utilities ဆိုပြီး ပါဝင်မယ်လို့ သိရပါတယ်။

Apple CEO ဖြစ်သူ စတိဂျော့(စ်)ရဲ့ အဆိုအရ Mac App Store အနေနဲ့ iPhone App Store ကဲ့သို့ ဝန်ဆောင်မှုများကို Mac User များအတွက် အထောက်အပံ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ App Store က Mobile Apps တွေကို တော်လှန်ပြောင်းလဲ နိုင်စွမ်းရှိခဲ့ပါတယ်။ အခု ထွက်လာမယ့် Mac App Store ကလည်း အဲဒီလိုမျိုး တော်လှန်ပြောင်းလဲနိုင်စွမ်း ရှိမယ်လို့ မျှော်လင့်ထားကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ကို မစောင့်နိုင်တော့ကြောင့် စတိဂျော့(စ်)က ခပ်ကြွားကြွားလေး ပြောသွားပါတယ်။

Application Developer များအနေနှင့်လည်း ယခင် iOS Development ပုံစံအတိုင်း ရ၀ – ၃၀ အချိုးဖြင့် App များကို ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။ အခြား Application Store တစ်ခုဖြစ်သော Chrome Application Store နှင့်သာ ယခုအချိန်မှာ အဓိက ယှဉ်ပြိုင်ရမယ့် သဘောရှိပြီး ထုံးစံအတိုင်း Mac User များသာ အသုံးပြုလို့ ရနိုင်မယ့် အခြေအနေရှိပါတယ်။ Chrome ကဲ့သို့ Browser ပေါ်မှာ အခြေခံပြီး Application ကို တည်ဆောက်မည့် ပုံမရှိပဲ iTunes အပေါ်မှာသာ ထပ်ဆင့် ထည့်သွင်းမယ့် သဘောရှိပါတယ်။ Microsoft ကတော့ App Store များနှင့် ပတ်သက်လျှင် နောက်ကျသထက် နောက်ကျနေပြီလို့ ဆိုနိုင်ပါတယ်။

သို့သော်လည်း PC Market ရဲ့ 90% ကျော်ကို Microsoft က ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပြီး Mac အနေနဲ့ 5% ခန့်သာ ရှိတယ်လို့ စစ်တမ်းများအရ သိရပြီး Mac App Store ကြောင့် အဲဒီလို ရာခိုင်နှုန်းကို တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ စတိဂျော့(စ်) ဆိုပါတယ်။ Mac App Store က ထွက်မလာသေးသော်လည်း Apple ၏ အစုရှယ်ရာ တန်ဖိုးကတော့ ၅၅% ခန့် မြင့်တက်သွားခဲ့ကြောင်း သိရပါတယ်။

Reference : Informationweek

Facebook comments:

Leave a comment


*