Google Chrome OS အမှန်အကန် ထွက်တော့မည်
ကြာတော့သည်လည်း မောင့်စကား ဖြစ်နေတဲ့ Google Chrome OS တော့ တစ်ကျော့ပြန် အသံထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အမှန်အကန်ကို ထွက်တော့မှာ ဖြစ်တဲ့အတွက် ဒီဇင်ဘာလ (၇) ရက်မှာ Google Chrome Event တစ်ခု ကျင်းပမှာ ဖြစ်ကြောင်း Google ရဲ့ သတင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။ Google Chrome OS ဟာ Netbook Version အနေနဲ့ ထွက်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သို့သော်လည်း Google Chrome OS ကို ထွက်တာနဲ့ မြည်းစမ်းကြည့်မယ် ဆိုသူတွေအတွက်တော့ အဆင်ပြေဦးမှာ မဟုတ်ပါဘူး။ Google အနေနဲ့ Chrome OS ၆၅၀၀၀ ခန့်သာ ဖြန့်ချီဦးမှာဖြစ်ပြီး Google နဲ့ နီးစပ်တဲ့ Google ရဲ့ အဓိက Customer များကိုသာ စမ်းသပ်သုံးစွဲစေမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ စမ်းသပ်စေသည့် ပုံစံကို ယခင် Android OS ထွက်စဉ်ကလည်း အသုံးပြုခဲ့ဖူးပြီး Nexus S Smart Phone မှာ ထည့်သွင်းစမ်းသပ် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Chrome OS ကိုတော့ မည်သည့်စက်မှာ ထည့်သွင်း စမ်းသပ်မယ်ဆိုတာ မသိရသေးပါဘူး။ Google အနေနဲ့ Chrome OS အသုံးပြုထားတဲ့ Netbook တွေကို လူတိုင်းသုံးနိုင်အောင် ရောင်းချဖိို့ အသင့်မဖြစ်သေးပဲ Beta Release အဖြစ်သာ စမ်းသပ် သုံးစွဲစေမှာ ဖြစ်ပါတယ်။
အဆိုပါ သတင်းအပြင် Google အနေနဲ့ Chrome OS အသုံးပြုထားတဲ့ Smartbook တွေထုတ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းလည်း ကြားနေပါတယ်။ နောက်ဆုံး အတည်ပြုချက်ရယူပြီး သတင်းများအရ Chrome OS အခြေပြု Netbook များကို ထိုင်ဝမ်အခြေစိုက် Inventec က အကန့်အသတ်ဖြင့်သာ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ အဲဒီအပြင် Chrome Smartbook အစီအစဉ်ဟာလည်း မှားယွင်းနေကြောင်း သိရပါတယ်။ အဆိုပါ Netbook မှာ Intel Atom Pine Trail Processor ကို အခြား Netbook များကဲ့သို့ အသုံးပြုမှာ ဖြစ်ပြီး Cellphone Processor တွေကို အသုံးပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ထို့ပြင် Apple ၏ ထုံးကို နှလုံးမူထားသော Chrome App Store ကိုလည်း ဒီဇင်ဘာလ (၇)ရက်နေ့မှာ လွှင့်တင်မယ်လို့ သိရပါတယ်။ အဆိုပါ App များကို Chrome OS မှာသာ အသုံးပြုလို့ရမှာ ဖြစ်ပြီး Apple ၏ ခြေလှမ်းအတိုင်း Apps Store တစ်ခုမှာ အားလုံး အခစားဝင်စေဖို့ ခြေလှမ်းတစ်ရပ်ပဲလို့ သုံးသပ်ရပါတယ်။
Chrome OS ကို အသုံးပြုထားသော အခြား Devices များကိုတော့ ၂၀၁၁ တိုင်သည်အထိ မြင်ရဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဘယ်လို ခြေလှမ်းမျိုးတွေနဲ့ ရှေ့ဆက်မယ်၊ Windows OS များရဲ့ အဓိက ယှဉ်ပြိုင်ဖက် ဖြစ်လာလိမ့်မယ်လို့ ဝိုင်းသြဘာပေးထားကြတဲ့ Chrome OS အနေနဲ့ Windows OS ကို နောက်ကောက် ကျအောင် အလဲထိုးပြီး iOS နဲ့ Apple OS တွေကိုပါ ဖြတ်ကျော်သွားမလား၊ ဒါမှမဟုတ်လည်း ကြာတော့သည်လည်း မောင့်စကား ဖြစ်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရပါတော့မယ် ခင်ဗျ။
Reference: VentureBeat
Facebook comments:



