၂၀၁၀ ခုနှစ်၏ eBooks နှင့် eReaders များ

အမေရိကန် စာအုပ်ထုတ်လုပ်သူများ အသင်းရဲ့ အဆိုအရ ၂၀၁၀ ခုနှစ်အတွင်းမှာ eBook ရောင်းချရမှု ပမာဏ ၉% လောက် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို တိုးတက်လာခဲ့ရခြင်း အဓိက အကြောင်းအရင်းကတော့ eReaders လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံး စာအုပ်ဖတ်စက်တွေ စျေးတွေ အပြိုင်လျော့ချကြပြီး စျေးနှုန်းစစ်ပွဲတွေ ဖြစ်ခဲ့ကြလို့ လို့ဆိုပါတယ်။ အဲဒီလို စျေးနှုန်း အပြိုင်လျော့ချတဲ့ စျေးနှုန်း စစ်ပွဲတွေ ဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်း တစ်ခုအဖြစ် Apple ရဲ့ iPad ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို စာအုပ်လည်း ဖတ်လို့ရပြီး အခြား စွယ်စုံသုံးလို့ရတဲ့ iPad က eReader များရဲ့ စျေးကွက်ကို အဓိက ချိန်းခြောက်လာပါတယ်။ အဲဒီအပြင် Google Android စနစ်သုံး Samsung Galaxy Tab လို Tablet တွေကလည်း eReader တွေကို စိန်ခေါ်နေပါတယ်။ အဲဒီအတွက် e-ink စနစ်သုံး Black & White သာ မြင်နိုင်တဲ့ စာအုပ်ဖတ်စက်တွေ အနေနဲ့ စျေးနှုန်းတွေကို ယှဉ်ပြိုင် တောင့်ခံထားလို့ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်လာပါတယ်။

e-Reader စျေးကွက်ကို လေ့လာကြည့်မယ်ဆိုရင် Pioneer ဖြစ်တဲ့ Amazon Kindle, Sony Reader, Barnes & Noble Nook စသည်ဖြင့် တွေ့နိုင်မှာ ဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ Apple iPad, Samsung Galaxy Tab အပြင် အခြား နည်းပညာ ကုမ္ပဏီအများစုကလည်း ကျယ်ပြန့် လာတော့မယ့် စျေးကွက်ဖြစ်တဲ့ Tablet လောကကို ခြေစုံပစ်ဝင်ဖို့ ကြံစည်နေကြပါပြီ။ အကယ်၍သာ အဲဒီလို တရုပ်ကုမ္ပဏီတွေက အစ ဝုန်းဒိုင်းကျဲ ပြီး ဝင်ရောက်လာမယ်ဆိုရင် နဂိုမူလ e-Reader စျေးကွက်သဘော ဖြစ်တဲ့ Publisher တွေက တစ်ဆင့် e-Reader တွေ ထုတ်လုပ်တဲ့ ပုံစံတောင် ပျက်သွားနိုင်ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် နာမည်ကြီး နိုင်ငံအချို့ဖြစ်တဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာတောင် Amazon တို့ Barnes & Noble တို့က သူတို့ရဲ့ e-Reader တွေကို စျေးကွက် မတင်သေးတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့ တွင်ကျယ်ပြီး အနောက်တိုင်း နိုင်ငံတွေမှာတော့ စျေးနှုန်း အပြိုင်လျော့ချတဲ့ စျေးနှုန်း စစ်ပွဲကြီး ၂၀၁၀ မှာ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။

eReader များ၏ စျေးနှုန်းစစ်ပွဲ

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အကုန်လောက်က Amazon Kindle ရဲ့ စျေးနှုန်းဟာ ၂၅၉ ဒေါ်လာ ရှိခဲ့ပါတယ်။ ဇွန် ၂၀၁၀ မှာ Barnes & Noble က Nook eReader ကို ၁၉၉ ဒေါ်လာအထိ လျော့ချ ပစ်ခဲ့ပါတယ်။ ချက်ချင်း ဆိုသလိုပဲ Amazon ကလည်း Kindle ကို ၁၈၉ ဒေါ်လာအထိ လျော့ချပြီး တုန့်ပြန် ခဲ့ပါတယ်။ အဲဒီလို Pioneer ကြီးတွေ စျေးတွေ လျော့တော့ နောက်က Sony လည်း မတတ်သာတော့ပဲ သူ့ရဲ့ Sony Reader ကို ၁၆၉ ဒေါ်လာကနေ ၁၄၉ ဒေါ်လာ အထိလျော့ချ ပြန်ပါတယ်။ အဲဒီနောက် Nook ကို ၁၄၉ ဒေါ်လာအထိ လျော့ပြန်ပါတယ်။ Amazon ကလည်း အားကျမခံ Amazon Kindle Wi Fi ရ လက်မကို ၁၃၉ ဒေါ်လာအထိ ပက်ပက်စက်စက် လျော့ချပစ်ခဲ့ပါတယ်။

အဲဒီလို eReader စျေးနှုန်း စစ်ပွဲတွေ ဖြစ်ပွားတာနဲ့ အတူ အခွင့်အလမ်းကောင်းတွေ ရလာတာကတော့ eBook တွေပါ။ ၂၀၁၀ ခုနှစ်ရဲ့ ပထမ (၉)လတာ ကာလအတွင်း Amazon ရဲ့ eBook ရောင်းချရမှု ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ ယှဉ်လိုက်ရင် သုံးဆလောက် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

eBook ရောင်းချရမှုများနှင့် အနာဂတ်

ခုလောလောဆယ် အနေအထားမှာတော့ e-Book ရောင်းချရမှု အနေအထား စစ်တမ်းများအရ ဇန်နဝါရီကနေ သြဂုတ်လအတွင်း နှစ်ဆနီးပါးဖြစ်တဲ့ ၁၉၃% တိုးတက်လာခဲ့ကြောင်း သိရပါတယ်။ ဒေါ်လာတန်ဖိုး ပမာဏအနေနဲ့ဆိုရင် ၈၉.၈ သန်းကနေ ၂၆၃ သန်းအထိ တိုးတက်လာတဲ့ သဘောပါ။

ဒါပေမယ့် အဲဒီ တန်ဖိုးတွေက စုစုပေါင်း အနေအထားသာ ဖြစ်ပါတယ်။ ထုတ်လုပ်သူ တစ်ဦးခြင်းစီရဲ့ အနေအထားတော့ မဟုတ်ပါဘူး။ Amazon ရဲ့ ပြောစကားများအရတော့ မျိုးမျိုးမြတ်မြတ် ရမှာ သေချာပါတယ်။  ဇန်နဝါရီလအတွင်း Amazon ရဲ့ အဆိုအရ ရိုးရိုး e-Book ၁၀ အုပ်ရောင်းရရင် Kindle e-Book ၆ အုပ်ရောင်းရတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလမှတော့ ရိုးရိုးပုံနှိပ် စာအုပ်ရောင်းရတဲ့ ပမာဏကို Kindle eBook ရောင်းရတဲ့ ပမာဏက ကျော်သွားပြီလို့ ထုတ်ပြန် ကြော်ငြာခဲ့ပါတယ်။ ပမာဏအရ ပြောရမယ် ဆိုရင်တော့ ရိုးရိုးပုံနှိပ်စာအုပ် ၁၀၀ ရောင်းရရင် Kindle  က ၁၄၃ အုပ်ရောင်းရတယ်လို့ သိရပါတယ်။

eReader လား၊ ရိုးရိုးပုံနှိပ် စာအုပ်လား

ဒါကတော့ ခုချိန်မှာ ပြောရခက်ကြီး ဆိုတဲ့ အနေအထားကို ရောက်နေပါပြီ။ ရိုးရိုး B&W နဲ့ ပုံနှိပ်ထားတဲ့ စာအုပ်ဖတ်ရတဲ့ အရသာကို e-ink စနစ်သုံး eReader တွေက အရသာမပျက် ပေးနိုင်စွမ်း ရှိလာပါပြီ။ ဘက်ထရီသက်တန်းကလည်း တစ်လလောက် ခံတယ်ဆိုတဲ့ အနေအထား ရောက်လာပါပြီ။ အဲဒီအပြင် Interactive ဖြစ်ခြင်း၊ ထုထည်ပမာဏ လျော့ချပေးနိုင်ခြင်း၊ အခြားအကြောင်းအရာ ပေါင်းစုံကလည်း ပုံနှိပ်စာအုပ်တွေကို ချိန်းခြောက် နေပါတယ်။

အဲဒီအပြင် eReader တွေရဲ့ အဓိကအကြောက်ဆုံး ရန်သူဟာ Pirate လို့ခေါ်တဲ့ ခိုးကူးတွေပါ။ အဲဒီအတွက် အကြီးအကျယ် စိုးရိမ်တဲ့အတွက် တစ်ချို့နိုင်ငံတွေမှာ ခုထက် အရောင်းစာရင်းမတင်သေးတာ တွေ့ရပါလိမ့်မယ်။ အဲဒီအပြင် အခြား Google Android စနစ်သုံး Tablet တွေကလည်း eBook Pirate တွေကို အကြီးအကျယ် အထောက်အပံ့ပေးတော့မှာ ဖြစ်တဲ့ အတွက် ထုတ်လုပ်သူတွေ အနေနဲ့ ပုံနှိပ်ရမှာလား၊ e-Book ထုပ်ရမှာလား စဉ်းစားရကျပ်နေတဲ့ အနေအထားပါ။ (မြန်မာပြည်မှာ ဆိုရင်တော့ ပျော်ပျော်ကြီးသာ ခိုးကူးကြလေသတည်း ဖြစ်မှာ သေချာပါတယ်)

စာဖတ်သူတွေဖက်ကတော့ စာအုပ်လည်း အရသာတစ်မျိုး၊ e-Reader လည်း အရသာတစ်မျိုး တစ်ခုခြင်းစီမှာ အားသာချက် တစ်မျိုးစီရှိတဲ့ အတွက် ဘာလာလာ ကောင်းတယ်ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ်။ ခုချိန်မှာ e-Reader ကြိုက်သူတွေနဲ့ ရိုးရိုးပုံနှိပ်စာအုပ်ကြိုက်သူတွေကို မျက်နှာချင်း ဆိုင်ခိုင်းပြီး ဆွေးနွေးငြင်းခုန်ခိုင်းရင် ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလို ငြင်းလို့ကို ပြီးမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ဗျာ မှတ်ချက်မှာ ရိုးရိုးစာအုပ်ဖတ်တာ ကောင်းလား eReader နဲ့ ဖတ်တာကောင်းလား ငြင်းလိုက်ကြရအောင် ..

Reference : Top Trends of 2010: Growth of eBooks & eReaders

Facebook comments:

24 Responses

  1. နေဦး says:

    IPad တွေ ဘာတွေ မဝယ်နိုင်တော့ အဲသလို ဖတ်ရတဲ့ ခံစားချက်တော့ မသိဘူးဗျ။ ဒါပေမယ့် ကွန်ပျူတာပေါ်မှာ ebook ဖတ်ရတဲ့ အရသာကိုတော့ လက်ထဲမှာ စာအုပ်ကိုင်ဖတ်ရတာလောက် အားမရသေးတာ အမှန်ပဲ။

  2. thiha says:

    ကျွန်တော်ကတော့ ZTE 7 Inchs Tablet ကို စောင့်နေတာဗျ၊ Tablet တွေ ဒီထက် ဈေးကျဦးမယ်လို့ ခန့်မှန်းထားတာကြောင့်လည်း ပါတယ်။ စာအုပ်ဖတ်ရတာလည်း ကြိုက်သလို ခုနောက်ပိုင်း အသားကျလာတဲ့ ကွန်ပျူတာပေါ်မှာ eBook ဖတ်တာလည်း သဘောကျတာပဲ

  3. mydaydream says:

    စာအုပ်အများကြီး မထားနို်င်တဲ့အခြေအနေမျိုးမှာ အီးရီဒါကို သုံးချင်ပေမဲ့ ခံစားမှုချင်းက အရမ်းကွာတယ်။ ဆောင်းပါးတွေ၊ သုတစာတွေ ဖတ်ရင် မသိသာဘူး၊ ဝတ်ထု (ပတ်ဆင့်ရိုက်မရသဖြင့် သည်းခံပါ) တွေ ဖတ်ရင် ခံစားချက်က အရမ်းကွာတယ်။ နက်နက်ရှိုင်းရှိုင်း မရှိဘူး။ စာအုပ်ထဲမှာ ငါးပိအကြောင်းရေးထားတာ ဖတ်လိုက်ရလို့ အနံ့ရသလိုဖြစ်လာပြီး ဗိုက်ဆာလာတယ်ဆိုတာမျိုး အီးရီဒါက မပေးနို်င်ဘူး။

  4. Aung Aung says:

    >>>မှတ်ချက်မှာ eBook ကောင်းလား eReader ကောင်းလား ငြင်းလိုက်ကြရအောင် ..

    ဘယ်လိုလုပ် ebook နဲ့ ereader အပြိုင် ငြင်းရမှာတုန်း . . . :)

  5. thetnaung says:

    go paperless. save the tree.

  6. Desert Fox says:

    eReader တွေ က စာအုပ်တွေ လို မှတ်စုရေးလို့ရပြီလား။

  7. ye htut says:

    E reader ထက် Tablet ကိုပိုသဘောကျတာကြောင့် ဈေးနှုန်း သင့်တင့်မယ့် Tablet ကို
    စောင့်နေတာပါ…samsung ကလဲမစွံဘူး. Ipad နီးပါး ဈေးကြီးတာပဲ…. :angry…
    ကိုသီဟရေ….. အချိန်ရရင်….android Tablet တွေ အကြောင်း ရေးပါဦးဗျာ။
    ဈေးနှုန်းနဲ. apps ရွေးခြယ် လို.လွယ်အောင်ပေါ့။
    E book တွေ ဘက်က ရှိပါတယ်။ အပြောင်းအလဲ ဆိုတာ စစချင်းမှာ ကသိကအောက်နိုင်ပေမယ့် နောက်ပိုင်းမှာ အသားကျ သွားတာပဲ။ အနဲဆုံးတော့ စက္ကူချွေတာရာ ရောက်တယ်။ :)

    • Thiha says:

      ကျွန်တော် Android Tablet တွေ အကြောင်း ရေးမလို့ဗျ၊ ဒါပေမယ့် စောင့်ကြည့်နေတာ ခုလောလောဆယ် Android က Smart Phone တွေအတွက်ပဲ ကောင်းသေးတယ်လို့ ထင်တယ်ဗျ၊ Android 3.0 ဒါမှမဟုတ် Android Tablet Version ထွက်လာတဲ့အထိ စောင့်ဖို့ လိုဦးမယ်ထင်တယ်ဗျ၊ အဲဒီကြမှ စပါယ်ရှယ် ရေးမလားလို့

  8. sha92 says:

    eBook Pirate တွေနဲ့သာ လေ့လာနေရပြီး ၊ Printed Version (ဝယ်နိုင်ရင်တောင် ဝယ်မရတဲ့ အဖြစ်) မဖတ်နိုင်တဲ့ အခြေအနေနဲ့ဆိုရင်တော့ eBook Reader လေးတွေနဲ့ ဖတ်ရမယ်ဆိုရင် ပိုသဘောကျပါတယ်။ (ခုထိတော့ ဈေးချိုပြီး ၊ ပစ္စည်းကောင်းကောင်းထွက်လာတောင် မဝယ်နိုင်သေးပါဘူး)

    နောက်ပြီး Video Tutorial လေးတွေပါ ထည့်ပြီး ယူသွားလို့ရတော့ ၊ လမ်းသွားရင် Video ကြည့်သွားရုံဘဲ… (အပျင်းပြေ ဂိမ်းပါဆော့လို့ရဦးမှာ) :P

    ဝတ္ထုတို့ ၊ ရသ ၊ သုတ တို့လို စာပေမျိုးတွေကတော့ စာအုပ်လိုက် ဝယ်ဖတ်လို့ရတော့ စာအုပ်ကိုင်ဖတ်ရတာ ပိုကြိုက်တယ်။

  9. m0rRis says:

    ipad မဝယ်နိုင်နေဗျာ kindle လေးတစ်လုံးလောက်တော့လိုချင်တယ်။ ipad ကြတော့ ဘန်းကျော်အတွက်ကတော့ Luxury ဆန်သလိုပဲ

  10. Thiha says:

    ကျွန်တော်လည်း ZTE Tablet ကို လိုချင်နေတာဗျာ၊ အဲဒါ မရရင်တောင် Kindle တော့ လိုချင်သားဗျ၊ ဒါပေမယ့် အားတိုင်း စာအုပ်စင်ဖွပြီး စာအုပ်တွေ ပြန်ဖတ်ရတာလည်း ကြိုက်တာပဲဗျ …

  11. Aung Aung says:

    ပုံနှိပ်စာအုပ်ဖတ်ရတာတော့ ပိုသဘောကျပါတယ်။ ဒါပေမယ့် စာအုပ်လေးငါး အုပ်ကို သွားလေရာ ယူသွားလို့ မရဘူးလေ. . .
    အခုထိတော့ eReader လည်း မဝယ်နိုင်သေးပါဘူး။ 7″ Tablet လေးတွေတော့ ဝယ်ချင်စိတ်ရှိသားဗျ။
    ebook တွေ ဖတ်ရင်တောင် ဖြစ်နိုင်ရင် print ထုတ်ပြီး ဖတ်ဖြစ်ပါတယ်။ ပိုပြီး အားပါးတရ ရှိသလိုပဲ။
    ပိုက်ပိုက်လေး အဆင်ပြေရင် တော့ Android powered tablet တစ်ခုလောက် ဝယ်ဖို့ အားခဲထားတာပဲ။

  12. မွန် Aung says:

    စာပဲဖတ်မယ်ဆိုတဲ့ သူတွေအတွက်တော့ eInk သုံးထားတဲ့ ebook reader ကအကောင်းဆုံးပါပဲ။ ကျနော်ကတော့ amazon kindle သုံးပါတယ်။ တကယ့်စာအုပ်အရသာကိုလဲ ပေးစွမ်းနိုင်ပါတယ်။ Wi-Fi မသုံးဘူးဆိုရင် ဘက်ထရီကလဲ တစ်လလောက်ခံပါတယ်။
    Dictionary ပါတယ်။ Notes ရေးထားလို့ရတယ်။ သီချင်းနားထောင်လို့ရတယ်။
    မြန်မာစာဆိုလဲ PDF မှာသာ font size ကို ခပ်ကြီးကြီးလုပ်ထားမယ်ဆိုရင် ဖတ်ရတာ တော်တော် အဆင်ပြေပါတယ်။
    မြန်မာ font ကိုလဲ jail break လုပ်ပီးထဲ့လို့ရတယ်လို့ ပြောပါတယ်။
    ဈေးနူန်းကလဲ အင်မတန် သင့်လျော်ပါတယ်။ ebook ကိုဝယ်ဖတ်ရမယ်ဆိုရင်တောင် တကယ့်စာအုပ်ထက် ဈေးအများကြီး သက်သာပါတယ်။
    အဓိကကတော့ Computer Screen or IPad လိုမျိုးမှာ ebook ဖတ်တာထက် မျက်လုံးအရမ်းသက်သာပါတယ်။ Kindle ကတော့ Recommend ဗျို့ . . . :)

    • Thiha says:

      :waa Kindle 3 ကို အရမ်းလိုချင်နေတာ ရောဂါတက်အောင် ပြောသွားတယ်၊ ဒီမှာ ဝယ်မလို့ သွားကြည့် နှစ်သိန်း ခုနှစ်သောင်းတဲ့ဗျ၊ လွန်လွန်းတယ်၊ Retail Price ၁၃၉ ဒေါ်လာပဲ ရှိတာကို နှစ်သိန်း ခုနှစ်သောင်းဆိုတော့ ဘယ်လိုမှ မတန်ဘူးဗျာ … Kindle 3 လိုချင်လိုက်တာ …. စလုံးမှာ တရားဝင်ရောင်းမယ်ဆိုရင် ဝယ်မယ်ဗျာ … Recommend ပေးတာ ကျေးဇူးဗျို့ … :)

  13. Koking says:

    E-reader ထဲမှာတော့ Kindle ကိုဝယ်သင့်ပါတယ်။ ကိုယ်လိုအပ်တဲ့ အချိန်မှာ ချက်ချင်းထုတ်ဖတ်နိုင်တယ်။Battery Lifeစိတ်ပူစရာမလို၊ ကိုယ်နောက်ဆုံးဖတ်တဲ့ စာမျက်နှာက ပြန်ဖတ်နိုင်တယ် portable ဖြစ်တယ်Languageလေ့လာသူတွေအတွက်လည်း Audio နဲ့ တပြိုက်နက်တွဲလေ့လာနိုင်ပါတယ် Kindleနဲ့အတူတွဲပါတဲ့ Dictionary ၂မျိုးကလည်း
    cursorထောက်တဲ့စာလုံးတိုင်းကို အလိုအလျောက်ရှာပေးတော့ နည်းပညာနဲ့သုတ စာအုပ်တွေဖတ်ရင် တော်တော် ခရီးရောက်ပါတယ် Kindle နဲ့ စာဖတ်တာ Computer screen က ဖတ်ရတာထက် မျက်စိညောင်းပိုသက်သာတာ အမှန်ပဲဗျ
    WiFi version $139 kindle ကိုတော့ ဝယ်သင့်ပါတယ် ကိုသီဟ

  14. မွန် Aung says:

    ကိုသီဟ ဝယ်မယ်ဆိုရင်တော့ US မှာပို့ပေးမဲ့သူရှိရင် amazon US site ကပဲဝယ်ဗျ။
    Sg ကဝယ်မယ်ဆိုရင်တော့ Vpost.com.sg or Tarazz.com ကနေတစ်ဆင့်ဝယ်လို့ရတယ်။ Shipping Fee နဲ့ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ်
    2 သိန်းတော့ ကျော်မယ်ထင်တယ်။
    UK မှာပို့ပေးမဲ့သူရှိလို့ amazon UK site ကတော့ သွားမဝယ်လိုက်နဲ့ဗျို့။
    ပေါင် exchange rate ရယ် UK tax ရယ်ကြောင့် ဈေးပိုသွားတတ်တယ်။

  15. ကိုမြင့်ကို says:

    7 Inches Linux OS Ebook Reader သုံးဖူးသည်။မြန်မာစာ PDF ဖိုင်များသာ အဆင်ပြေပါ၏ ။စာလုံးများ အလွန်သေးနေ၏။ ချဲ့ကြည့်လျှင် စာကြောင်းများကပုံစံ ပျက်သွားသည်။ စာရွက်ဖတ်ရတာနဲ့ နဲနဲတူ၏။ မျက်စိ သက်သာ၏။

    Android OS epad တလုံး သုံးကြည့်နေတယ်။ အသံ ကောင်း၏။ ဗီဒိယို မဆိုးရုံ စာဖတ်ဖို့ PDF ဖိုင်တော့ အဆင်ပြေတယ်။ သို့သော် မျက်စိမအေး။ word ဖိုင်မှာ မြန်မာလို ဖတ်လို့ မရေသေး။မြန်မာစာရိုက်လို့ မရသေးပါ။ Android အတွက် မြန်မာ Font ရှိလျှင် ကူညီပါဦး။
    မျက်စိတော့ မအေးပါ။

  16. Jia_Li says:

    နဂိုထဲကရောဂါတက်နေတာ .. ခုပိုဆိုးသွားပြီ ..
    Nook နဲ့ Kindle တစ်ခုခု၀ယ်မယ်လို့တော့စဉ်းစားထားတာပဲ ..
    Nook သုံးဖူးတဲ့လူရှိရင်လဲနဲနဲပြောပြကြပါ …

    စာဖတ်ရတာကို ရိုးရိုးစာအုပ်ရော e-book ကိုရော ကြိုက်ပါတယ် …
    ဒါပေမယ့် e-book ကိုတော့ပိုကြိုက်တယ် .. ဘာလို့လဲဆိုတော့ e-books တွေသိမ်းရတာ ရိုးရိုးစာအုပ်တွေထက်စာရင် compact ဖြစ်တယ်… (စာအုပ်တွေပွထနေလို့လဲအဆူမခံရတော့ဘူးပေါ့ .. :D )
    အပေါ်မှာပြောထားသလိုပဲ သစ်ပင်တွေကိုထိမ်းသိမ်းရာလဲရောက်တာပေါ့ .. အိမ်မှာတစ်ခါတစ်ခါပြောနေကျစကားလေးတောင်ရှိတယ် .. ဘာမှတော့မဆိုင်ဘူး ကိုယ့်လိုရာကိုဆွဲပြောထားတာလေ “Save trees and let me buy e-reader” .. ဟီးဟီး ..
    တစ်ခါတည်းလည်းစာအုပ်တွေအများကြီးသယ်သွားလို့ရတာပေါ့ ..
    အထူးသဖြင့်ကျောင်းသားတွေဆိုရင်ပေါ့ .. Refrence စာအုပ်တွေအများကြီးသယ်နေစရာမလိုတော့ဘူးပေါ့ .. စာသင်ခန်းထဲမှာလဲပိုအထောက်အကူဖြစ်တာပေါ့ .. အင်း ….. ကျောင်းတက်တုန်းကဒီအိမ်မက်ကြီးမက်ခဲ့ဘူးတယ် .. ဒါပေမယ့် e-reader ကိုခုထိတောင်မ၀ယ်နိုင်သေးတာကခက်တယ် ..

    e-reader လေးတစ်လုံးလောက်တော့လိုချင်တယ် … ကွန်ပျူတာနဲ့ဆိုစာအကြာကြီးမဖတ်ဖြစ်ဘူး မျက်စိညောင်းလို့ .. e-reader လေးရရင်တော့စာတွေပိုဖတ်ဖြစ်မယ်လို့ထင်တာပါပဲ ..

  17. ကိုအောင် says:

    ၀ယ်မယ်ဆိုရင် Kindle ကိုအားပေးပါတယ်ဗျာ။ မျက်စိလည်းသက်သာတယ်။ Battery လည်းခံတယ်။ Kindle အတွက် ၀တ္ထုတွေကို Free Download ချလို့ရတဲ့ Website ကို အောက်မှာ share လိုက်ပါတယ်ဗျာ။ Kindle အတွက် Technical စာအုပ်တွေ free ရတဲ့နေရာရှိရင်ပြောကြပါဦး။

    http://www.gutenberg.org/wiki/Main_Page

  18. HtutMyat says:

    Kindle က ဒေါင်းလုပ်ပေးတာတွေပဲဖတ်လို.ရတာလား ။ ကိုယ်ကြိုက်တဲ့ pdf ထည်.ဖတ်လို.ရလား ။ပြောကြပါဦး ။နောက်ကျမှ ၀င်မေးတာဆိုပေမယ့် အရမ်းသိချင်နေလို.ပါ ။ e book reader တစ်လုံးလောက်လိုချင်နေလို.ပါ ။
    မန်းလေးမှာတော့ အခုထိသွားမေးလိုက်တိုင်းမေးတဲ့သူ အရူးဖြစ်တုန်းပဲ ။ဘယ်ဆိုင်မှမသိဘူး ဆိုပဲ ။

  19. ကိုအောင် says:

    Kindle က PDF ကိုလည်းဖတ်လို့ရပါတယ်။

  20. sakana says:

    @ မွန် Aung “မြန်မာစာဆိုလဲ PDF မှာသာ font size ကို ခပ်ကြီးကြီးလုပ်ထားမယ်ဆိုရင် ဖတ်ရတာ တော်တော် အဆင်ပြေပါတယ်။”
    Does kindle 4 support MM font? I could not read in my kindle. Just saw a square one .Can anyone answer foe that?

Leave a comment


*