Android Tablet ကို Printer နဲ့တွဲ ပွဲထုတ်မယ့် HP

HP (Hewlett Packard) က ဒေါ်လာ ၃၉၉ ဒေါ်လာတန် ရ လက်မ အရွယ် Android Tablet ကို ပရင်တာတစ်လုံး အခမဲ့ပေးပြီး ပွဲထုတ်မယ်လို့ ကြော်ငြာ ခဲ့ပါတယ်။ တကယ်တော့ HP အနေနဲ့ အဓိက ပွဲထုတ်တဲ့ ကိရိယာက HP Photosmart eStation ဆိုတဲ့ စွယ်စုံသုံး ကိရိယာ ဖြစ်ပါတယ်။ အဲဒီ Photosmart eStation နဲ့အတူ တွဲစပ် အသုံးပြုနိုင်တဲ့ ထိန်ချုပ်ကိရိယာက Wifi ကို သုံးနိုင်တဲ့ Android 2.1 ကို သုံးထားတဲ့ Tablet ဖြစ်နေပါတယ်။ ဒီတော့ ချော်လဲရောထိုင် Android Tablet ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ Tablet ကလေးက အရမ်း ရိုးစင်းပေမယ့် အင်တာနက်ကို အသုံးပြုနိုင်မှာ ဖြစ်သလို အခြား Android Applications တွေကိုလည်း သုံးနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့ကိုက်ညီမှု ရှိတဲ့ သူထောက်ပံ့ပေးနိုင်တဲ့ Application တွေသာ သုံးလို့ရမယ်လို့ ဆိုပါတယ်။

အဲဒီ ထုတ်ကုန်ကို နယူးယောက်မှာ ကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြော်ငြာမယ်လို့ သိရပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲကို Yahoo ကို တည်ထောင်သူ ဖြင်တဲ့ Jerry Yang လည်း တက်ရောက်မယ်လို့ သိရပါတယ်။ အခြား ထင်ရှားကျော်ကြားတဲ့ စွန့်ဦးသမား တစ်ဦး ဖြစ်တဲ့ Ivanka Trump လည်း တက်မယ်လို့ သိရပါတယ်။ Trump အနေနဲ့ သတင်းစာရှင်းလင်းပွဲကို ဘာကြောင့် တက်ရတယ်ဆိုတာ သေသေချာချာ မသိပေမယ့် Yang အနေနဲ့ကတော့ HP Android Tablet မှာ ပါဝင်လာမယ့် Yahoo ရဲ့ ဝန်ဆောင်မှု တစ်ခုကို မိတ်ဆက်ဖို့ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ Yahoo ရဲ့ ဝန်ဆောင်မှုမှာ အီးမေးလ်၊ စာတိုပို့စနစ်၊ ရှာဖွေရေး အင်ဂျင်နဲ့ မိုးလေဝသ အချက်အလက်တွေ ပြနိုင်တဲ့ အရာတွေ ပါမယ်လို့ သိရပါတယ်။

အခြား Android Tablet တစ်ခုဖြစ်တဲ့ Samsung Galaxy Tab နဲ့ မတူညီတဲ့ အဓိက အချက်တစ်ခုကတော့ HP Tablet မှ 3G မပါဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် Apple ရဲ့ iPad ကို ယှဉ်ပြိုင်နိုင်ဖို့ နောက်ထပ် Android Tablet တစ်ခု ထွက်လာတာ စောင့်ကြည့်ရမယ့် သတင်းတစ်ခု ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Facebook comments:

Leave a comment


*