Amazon က WikiLeaks ကို Host လုပ်ခွင့် ပိတ်လိုက်ကြောင်း သိရ
Amazon ရဲ့ Web Service ဖြစ်တဲ့ Amazon Web Service (AWS) က ခုနောက်ပိုင်း နာမည်ကြီးနေတဲ့ WikiLeaks ကို ဆာဗာကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ အဓိက ထုတ်ပယ်ရခြင်း အကြောင်းအရင်းက အမေရိကန် အစိုးရရဲ့ ဖိအားတွေကြောင့် မဟုတ်ပဲ လိုက်နာဖို့ သဘောတူထားတဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။
Amazon Blog မှာ ရေးသားထားချက်များအရ AWS အနေနဲ့ သူတို့ရဲ့ Customer များကို ကြိုတင် စစ်ဆေးမှုများ ဘယ်တော့မှ မလုပ်ပေမယ့် Customer တိုင်း လိုက်နာရမယ့် Terms and Conditions တွေရှိကြောင်း၊ WikiLeaks အနေနဲ့ အဆိုပါ Terms and Conditions များကို မလိုက်နာကြောင်း၊ ဒါကြောင့် Hosting လုပ်ခွင့် ရပ်နားလိုက်ရခြင်း ဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တန်း အီရတ်နိုင်ငံဆိုင်ရာ အချက်အလက်များကို တင်စဉ်ကတည်းက ပိတ်ရမှာ ဖြစ်ပေမယ့် ယခုနောက်တစ်ကြိမ် ဖြစ်လာတော့မှ ပိတ်တဲ့အတွက် အမေရိကန် အစိုးရရဲ့ ဖိအား မပါဘူးဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
အဲဒီ မတိုင်ခင်ကလည်း အမေရိပန် ဆီးနိတ် အမတ် ဂျိုးလီဘာမန်းက Amazon အနေနဲ့ အမေရိကန်နိုင်ငံ ပြည်တွင်း လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုနဲ့ တွေ့ဆုံအပြီးမှာ WikiLeaks ကို ပိတ်တော့မယ်လို့ ပြောကြားခဲ့ပါသေးတယ်။
WikiLeaks ဆိုတဲ့ Website က အမေရိကန်နိုင်ငံ ထိပ်တန်းလှို့ဝှက် စာရွက်စာတမ်းတွေ ဖြစ်တဲ့ အီရတ်နှင့် အာဖကန်နိုင်ငံဆိုင်ရာ ဖိုင်တွေကို အများသူငါ ဖတ်လို့ရအောင် ဆက်တိုက်ဖွင့်ချလိုက်တဲ့အတွက် နာမည်ကြီးလာတဲ့ Website တစ်ခု ဖြစ်ပါတယ်။ ယခု မကြာသေးခင်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာနနဲ့ အခြား အမေရိကန်သံရုံးများ၏ အဆက်အသွယ်ပြုထားသော ထိပ်တန်းလှို့ဝှက်ဖိုင်များကို ထပ်မံဖွင့်ချလိုက် ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍမှာ ရှက်ဖွယ်လိလိ အခြေအနေလို့ ဆိုရအောင် ဆိုးဝါးလွန်းတဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အရေးအသား အပြောအဆိုများ ပါဝင်လာတဲ့အတွက် ပါဝင်ပတ်သက်မှု ရှိခဲ့တဲ့ နိုင်ငံတိုင်း မျက်ခုံးလှုပ်ရတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။ အဲဒီအပြင် အခြား အစိုးရပိုင်းဆိုင်ရာ လုံခြံုရေးကိစ္စများအတွက်ပါ စိုးရိမ်စရာများ ဖြစ်လာတဲ့အတွက် WikiLeaks ကို ပိတ်ပစ်ဖို့ တောင်းဆိုတဲ့ နိုင်ငံတွေ ရှိလာသလို WikiLeaks ကို တည်ထောင်သူ Julian Assange ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားကြတဲ့ အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။
Amazon နဲ့ WikiLeaks ပြဿနာမှာတော့ WikiLeaks အနေနဲ့ ထိပ်တန်းလှို့ဝှက် အဆင့်ရှိတဲ့ ဖိုင်ပေါင်း ၂၅၀ ၀၀၀ ခန့်ကို ပိုင်ဆိုင်သူ မည်သူမှန်း မသိ လွင့်တင်ခဲ့ကြောင်း၊ ထိုကဲ့သို့ လွင့်တင်မှုကြောင့် သက်ဆိုင်တဲ့ လူတွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဒါကြောင့် သူတို့ အနေနဲ့ ပိတ်ရတာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
WikiLeaks အနေနဲ့လည်း Amazon ရဲ့ အရေးယူဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချလိုက်ပြီး သူတို့ ကိုယ်ပိုင်ဆာဗာကို ဥရောပ တစ်နေရာမှာ Host မှာ ဖြစ်တဲ့အကြောင်း ထုတ်ပြန်ကြော်ငြာပါတယ်။ အဲဒီအပြင် Amazon ရဲ့ စာအုပ်ရောင်းဝယ်ရေး လုပ်ငန်းကို ဆက်လုပ်ဖို့ မထိုက်တန်ကြောင်းလည်း ပြစ်တင်ဝေဖန်မှုတွေ WikiLeaks ရဲ့ Twitter အကောင့်မှာ ရေးသားထားပါတယ်။
ထို့ပြင် Amazon ရဲ့ ကိုးကားချက်များအရ WikiLeaks တင်ထားတဲ့ AWS Server မှာ DDoS (Denial of Services) အပြင်းအထန် ခံခဲ့ရတယ် လို့လည်း သိရပါတယ်။ DDoS ကြောင့် တစက္ကန့်ကို 10G လောက်အထိ Request လုပ်တဲ့ Volume မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ သို့သော်လည်း DDoS ကို Amazon အနေနဲ့ ကောင်းကောင်း ကာကွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
WikiLeaks အနေနဲ့ အမေရိကန် အစိုးရရဲ့ ထိပ်တန်းလှို့ဝှက်တွေဖြစ်တဲ့ အီရတ်၊ အာဖကန်ဆိုင်ရာ ဖိုင်တွေကို အများအပြား လွင့်တင်ခဲ့ပြီး ဖြစ်တဲ့အပြင် အခုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ဘဏ်များရဲ့ ငွေစာရင်းဆိုင်ရာ အလွဲသုံးစားမှု အထောက်အထား စာရွက်စာတမ်းများကို မကြာခင်မှာ ဖော်ထုတ် ဖွင့်ချမယ်လို့ ကြော်ငြာထားပါတယ်။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမဲ့ အနေအထားပါပဲ ခင်ဗျ။
Reference : Computer World
Facebook comments:




You can access WikiLeaks Website from this link http://213.251.145.96/
[...] ပိတ်ပင်လိုက်တယ် ဆိုတဲ့ အကြောင်းကို ဒီနေရာမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအပြင် Mirror [...]