Start-ups (သို့) ဖူးငုံပွင့်သစ်

အင်္ဂလိပ်လို Start-ups ဆိုတာ အသစ်တစ်ခုခုကို စတင်သူ၊ ခုမှစမယ့် လုပ်ငန်းသစ် စသည်ဖြင့် ခေါ်နိုင်ပါတယ်။ ကျွန်တော် ကတော့ ကဗျာဆန်ဆန် ဖူးငုံပွင့်သစ်လို့ အမည်ပေးထားပါတယ်။ အဖူးအငုံအဆင့်လည်း မက၊ အပွင့်ဘဝလည်း မရောက်သေးတဲ့ အနေအထားပေါ့ဗျာ။ ကျွန်တော့် စာထဲမှာတော့ အဲဒီ Start-ups ဆိုတာနဲ့ ဖူးငုံပွင့်သစ်ဆိုတာကို အလဲအလှယ်လုပ်ပြီး သုံးသွားပါ့မယ်။ အဲဒီလို Start-ups တွေကို NYTimes လို အကျော်ဒေးယျ Website ကြီးတွေမှာ အခန်းကဏ္ဍ တစ်ခု သီးသန့်ပေးပြီး ထားတာ တွေ့ရပါတယ်။ တကယ့်ကို ပညာရှင်ကြီးတွေက အစ သေသေချာချာ အသေးစိတ် လေ့လာပြီး ရေးပေးကြတာ တွေ့ရပါတယ်။ ဘာဖြစ်လို့ အဲဒီလို အရေးတယူထားရတာလဲ။

ကျွန်တော် အသေအချာ စဉ်းစားကြည့်မိပါတယ်။ ပုံမှန်အားဖြင့်တော့ သတင်းလို့ဆိုလိုက်တာ ကြီးကြီးမာစတာတွေမှ လူစိတ်ဝင်စားတယ်၊ သတင်းဖြစ်တယ်။ ဥပမာဗျာ Google က BookStore ဖွင့်လိုက်တယ်၊ ဒါဆို လူတိုင်း စိတ်ဝင်စားတယ်၊ သတင်းဖြစ်တယ်။ ဒါပေမယ့် လူငယ်တွေ စုပြီး လုပ်ငန်းတစ်ခု စတယ်၊ အဲဒီလို ခုမှစတဲ့ သေးသေး မာစတာတွေကို ဘယ်သူမှ သတင်းလို့ မသတ်မှတ်ကြပါဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာလည်း အတူတူပါပဲ။ ရတနာပုံ Web Portal တော့ဖြင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုရင် သတင်းပဲ၊ လူတိုင်း စိတ်ဝင်စားတယ်။ MMGamer က ဆိုင်တစ်ဆိုင်ဖွင့်လိုက်တာ ဘယ်သူမှ သတင်းလို့ မသတ်မှတ်ကြပါဘူး။ MMGamer က သတင်းထည့်လိုက်လို့ ပါလာရင်သာ ပါလာပါမယ်။ ဒါပေမယ့် အရေးပါတဲ့ သတင်းအဖြစ် ဘယ်သူမှ မသတ်မှတ်ကြပါဘူး။

ကျွန်တော်တို့ start-ups တွေကို သတင်းလို့ မသတ်မှတ်ကြတာ၊ ဘာသဘောလဲ၊ မတန်လို့လား၊ နာမည်ကြီးသွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားမှာ စိုးလို့လား။ တကယ်တော့ဗျာ အဲဒီလို Start-ups တွေအကြောင်း သေသေချာချာ ရေးပြမှသာ ရှေ့လူနောက်လူ အတွေ့အကြုံယူပြီး Start-up ဆင့်ပွားဖြစ်စဉ်တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း ဂျာနယ်လစ်တစ်ယောက်ကို အဲဒီအကြောင်း ပြောဖူးပါတယ်။ သူ့အပြောက ကျွန်တော်ဗျာ အဲဒီလို ဖူးငုံပွင့်သစ်တွေကို အင်တာဗျူးဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ဗျူးလို့ ဂျာနယ်မှာ မတင်သေးဘူး။ အဲဒီ ဖူးငုံပွင့်သစ်က ကြွေကျမြေခသွားပြီတဲ့။ အဲဒါနဲ့ ခင်ဗျားက ဂျာနယ်မှာ မထည့်ဘူးလားဆိုတော့၊ ကျွန်တော်က ထည့်လိုက်ပါပြီတဲ့၊ လူတွေကသွားကြည့်ပြီး အဲဒီ ဖူးငုံပွင့်သစ်က မရှိတော့ရင် ကျွန်တော်ပဲ အရူးဖြစ်မှာပေါ့ဗျတဲ့။ သူပြောတာလည်း ဟုတ်သလိုလို။

အဲဒီတော့ ကျွန်တော်လည်း NYTimes က Start-up တွေအကြောင်း ဖတ်မိပါတယ်။ ရှုထောင့်ပေါင်းစုံ အမြင်ပေါင်းစုံက ချဉ်းကပ်ပြီး စနေကြတာတွေ အားကျစရာ ကောင်းလောက်အောင် တွေ့ရပါတယ်။ အဲဒီတော့ ဟုတ်ပြီ။ ကျွန်တော့် သူငယ်ချင်း ဂျာနယ်လစ်ပြောသလို သူတို့ဆီက start-up တွေကရော အဲဒီလို အဖြစ်တွေ မရှိဘူးလား။ သိချင်လာပါတယ်။ ဒီလိုနဲ့ NYTimes က Search မှာ fail start-up ဆိုပြီး ရိုက်ထည့်ကြည့်ပါတယ်။ အဲဒီလိုလည်း ရိုက်ထည့်လိုက်ရော Start-up တွေရဲ့ fail story တွေ တစ်ပုံကြီး ထွက်လာပါတော့တယ်။ အော် သူတို့ဆီမှာလည်း ဒါမျိုးတွေ ရှိတာပါပဲလား။ ဖူးငုံပွင့်သစ်တွေလည်း ရှိသလို၊ ကြွေကျမြေခရတဲ့သူတွေလည်း ဒုနဲ့ဒေးပါလားဆိုတာ တွေ့လာရပါတယ်။ ကျွန်တော်လည်း သိချင်စိတ်တွေ များလာပြီး Frontline Wireless ဆိုတဲ့ Fail Story ကို ဖတ်ကြည့်ပြီး Frontline Wireless ဆိုတာကို ထပ်ပြီးရှာကြည့်ပါတယ်။ အဲဒီလို ရှာကြည့်တော့မှ Frontline Wireless ရဲ့ Planning Story နဲ့ Fail Story ကို နှစ်ခုလုံးတွဲပြီး မြင်ရပါတော့တယ်။

အဲဒီတော့ဗျာ Start-up ဆိုတာ ဖူးငုံပွင့်သစ်ဆိုတာ တကယ့်ကို လန်းလန်းစွင့်စွင့်ဖူးပွင့်မယ့် ပန်းတစ်ပွင့် ဖြစ်သွားနိုင်သလို၊ ကြွေကြမြေခတာလဲ ရှိမှာပဲ။ အလုပ်ဖြစ်တာလည်း ရှိသလို၊ အလုပ်မဖြစ်တာလဲ ရှိမှာပါပဲ။ ဒါပေမယ့် ဖူးငုံပွင့်သစ်တစ်ခု ဖြစ်လာပြီဆိုရင် သူ့မှာ သမိုင်းရှိပါလိမ့်မယ်။ ဟုတ်တယ်လေဗျာ။ ဘယ်သူမှ လွယ်လွယ်နဲ့ စလို့ရတာမှမဟုတ်တာ။ စဖို့ အရှိန်ယူတာပဲ ဆယ်နှစ်ဆိုတာတွေ နေရာတကာမှာ တွေ့နေရတာပဲ မဟုတ်လား။ စနိုင်ပြီ ဆိုကတည်းက တစ်ဦးခြင်း တစ်ယောက်ခြင်းစီဆိုရင်လည်း တစ်ဦးခြင်းအလျှောက်၊ အဖွဲ့လိုက်ဆိုလည်း အဖွဲ့လိုက် သူတို့လျှောက်လှန်းခဲ့ရတာတွေ သူတို့ ဖြတ်သန်းခဲ့ရတာတွေ အများကြီး ရှိနေပါလိမ့်မယ်။ ဘယ်သူမှ လွယ်လွယ်မစနိုင်ပါဘူး။ ကျွန်တော်ကတော့ အဲဒီ သမိုင်းကို စိတ်ဝင်စားပါတယ်။ သူတို့နဲ့ စကားပြောပြီး သူတို့ဆီက သင်ယူချင်ပါတယ်။

ကြီးကြီးတွေဆိုတာလည်း တစ်ချိန်က သေးသေးတွေပါပဲ။ သူတို့ သေးစဉ်ကာလက သမိုင်းတွေကို တူးဆွကြည့်မှ သူတို့ Start-up ဘဝကို ဘယ်လို ဖြတ်သန်းခဲ့ကြသလဲ၊ လေ့လာကြည့်မှသာ ခုမှစမယ့် Start-up တွေအတွက်အတုယူစရာတွေ ဖြစ်လာမှာပါ။ သူတို့တွေ ကျိကျိတက် အောင်မြင်နေကြတာကို ရေးပြနေလို့ သွားရည်ကျရုံကလွဲလို့ ဘာမှ အတုယူ လောက်လောက်လားလား ရှိလာမှာမဟုတ်ဘူးလို့ ကျွန်တော် မြင်ပါတယ်။ အခန့်မသင့်ရင် စိတ်ဓာတ်တောင် ကျသွား နိုင်ပါသေးတယ်။ ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ရေးတဲ့စာတွေမှာ Start-ups တွေအတွက် သီးသန့်ကော်လံ ဘယ်နေရာမှာ မတွေ့သလိုပဲ၊ လူရာမဝင် တန်းမဝင်သလို လစ်လျူရှုထားကြတယ်လို့ ခံစားရပါတယ်။ တစ်ခါတစ်ခါ Start-up ဆိုတာ ရှိတောင်ရှိသေးရဲ့လားလို့တောင် ကျွန်တော်ထင်မိပါတယ်။ ကျွန်တော် မှတ်မိပါသေးတယ်။ Popular News မှာ ကိုဝင်းမော်ဦးဆိုတဲ့ Start-up ကို အင်တာဗျူးထားတာ၊ ရှေ့ဆက်ပြီး အခါအခွင့်သင့်ရင် သင့်သလို တင်ဆက်သွားပါ့မယ် ဆိုပေမယ့် အဲဒီတစ်ခုကလွဲလို့ ကျွန်တော် ထပ်မမြင်ရတော့ပါဘူး။

Start-up တွေအကြောင်းရေးတော့ ဘာတွေ ထူးလာမှာလဲ။ ဟာ ထူးတာပေါ့။ ကျွန်တော်တင် ပြောမှာမဟုတ်ဘူးနော်။ ခု စာဖတ်နေတဲ့ စာဖတ်သူလဲ စိတ်ထဲမှာ ပြောမိမှာ သေချာပါတယ်။ ထူးတာတော့ ဟုတ်ပါပြီ။ ဘာကြောင့် မရေးကြတာလဲလို့ စိတ်ထဲမှာ မချင့်မရဲ ဖြစ်မိကြပါလိမ့်မယ်။ မင်းတို့ဆီမှာ start-up တွေအတွက် နေရာမရှိပါဘူးကွာ။ လုပ်စားလို့မှ မရတာ၊ အဲဒီတော့ ရေးစရာ မရှိဘူးပေါ့ စသည်ဖြင့် ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။

အရိုးရှင်းဆုံး ဥပမာ တစ်ခု ပေးရမယ်ဆိုရင် သူငယ်ချင်း လေးယောက်စုပြီး Website တစ်ခုထောင်မယ်၊ WordPress Template တွေ ဖရီးပေးမယ်။ Premium Template တွေ ရေးမယ်။ အားလုံး အင်္ဂလိပ်လိုပဲ ရေးပြီး တင်မယ်၊ လူသိများလာအောင် လုပ်မယ်။ Google Adsense လိုတွေ ထည့်မယ်၊ စသည်ဖြင့်ဗျာ လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ။ ကျွန်တော်ကတော့ ရဲရဲကြီး ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်။ အိုင်ဒီယာသာ ကောင်းပါစေ။ ဝယ်သုံးမယ့်သူတွေ ရှိကိုရှိလာပါလိမ့်မယ်။ ကိုယ့်ဆိုက်မှာကို မရောင်းချင်ဘူးလား၊ Market Place တွေဖြစ်တဲ့ Theme Forest လိုနေရာတွေမှာ သွားရောင်းလို့ ရပါသေးတယ်။ ဟာဗျာ၊ Direct Payment မှ မရတာလို့ ဆင်ခြေ တက်လာရင်လဲ၊ ဒီလောက် အွန်လိုင်းမှာ ကျင်လည်နေတာ နိုင်ငံခြားမှာ သူငယ်ချင်း မရှိဘူးလား၊ သူ့အကောင့်ကို သုံးလို့မရဘူးလား၊ အဲဒီထက် ပိုပြီး ငြင်းခုန်နေရမယ် ဆိုရင်တော့ ကျွန်တော်လည်း ဘာမှမပြောလိုတော့ပါဘူး။ ခင်ဗျားနဲ့ ကျွန်တော် သဘေားထား မကွဲလွဲလိုတော့ပါဘူးဆိုပြီး အေးအေးလေး စကားစဖြတ်လိုက်ရုံပါပဲ။ ဒါက ကျွန်တော် သိတဲ့ နည်းပညာ နယ်ပယ်နော်။ တစ်ခြား နယ်ပယ်တွေမှာလည်း Start-up တွေ၊ ဖူးငုံပွင့်သစ်တွေ အများကြီး ရှိနေမှာပါ။

ကဲ ပြောနေကြာပါတယ်ဗျာ။ ဘယ်သူ တစ်ခန်းပေးပေး မပေးပေး Myanmar Tutorials မှာတော့ Start-ups တွေအတွက် အခန်းတစ်ခန်း ဖန်တီးလိုက်ပြီဗျာ။ ဖွင့်လှစ်လိုက်ပြီဗျာ။ ဒီတော့ဗျာ။ Start-up တွေနဲ့ စကားပြောချင်ပါတယ်။ သူတို့တွေ စဖြစ်အောင် ဘယ်လိုလုပ်ခဲ့ကြသလဲ သိချင်ပါတယ်။ သူတို့ဆီက အတွေ့အကြံုတွေ သင်ယူလိုပါတယ်။ နောက် နိုင်ငံတကာက ကြီးကြီးမာစတာတွေရဲ့ Start-ups ဘဝတွေကို တူးဆွပြီး ပြန်လည်တင်ဆက်လိုပါတယ်။ တစ်လက်စတည်း ဒီအခန်းမှာ ဝင်ရေးလိုသူတွေ ရှိရင်လည်း တစ်ခါတည်း ဖိတ်ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ စလိုက်ကြရအောင်ဗျာ။

Facebook comments:

2 Responses

  1. kyishaung says:

    တကယ်ကိုကောင်းပါတယ်ဗျာ. Start-ups တွေအနေနဲ့ကိုယ့်အတွေ့အကြုံတွေရေးသားရာမှာ အမှားတွေကြုံခဲ့ရမှာပဲ အဲ့ဒါပါနောက်လူတွေအတွက် ထည့်ရေးသင့်တယ်လို့ထင်ပါတယ်

Leave a comment


*