Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ (၂)

ကိုထိန်လင်းရွှေကို Saturngod လို့ လူသိများပါတယ်။ www.saturngod.net က ကိုစေတန်ရဲ့ ဘလော့ဖြစ်ပြီး၊ Mystery Zillion ရဲ့ Founder တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလက်ရှိ စင်္ကာပူနိုင်ငံမှာ Mobile Developer အဖြစ် တာဝန် ထမ်းဆောင်နေပြီး ယခင်က Web Developer အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဘူးပါတယ်။ ကိုစေတန် အနေနဲ့ Ornagi အစရှိတဲ့ နည်းပညာဆိုင်ရာ Product များ ထုတ်ထားတာရှိသလို၊ အခြား နည်းပညာဆိုင်ရာ စမ်းသပ်ချက်များ၊ အခမဲ့ ဖြန့်ဝေမှုများ၊ နည်းပညာ နယ်ပယ်ကို ဝင်ရောက်မည့် သူများအတွက် အထောက်အကူ ပြုနိုင်မယ့် စာပေါင်း မြောက်များစွာကို ရေးသားခဲ့သူ ဖြစ်ပါတယ်။

ရေးသားသူ – Saturngod

Blog – www.saturngod.net


ခုမှ စဖတ်မယ့်သူတွေအတွက် ပထမပိုင်းကို ပြန်ညွှန်းလိုက်ရပါတယ်။

ရေးသားသူ – Saturngod

မနေ့တုန်းကတော့ ကျွန်တော် ၅ ချက်လောက်တော့ ရေးဖြစ်သွားတယ်။ သဘောကျတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ comment ပေး ဝင်ဆွေးနွေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့တော့ အခြား အချက်လက်လေးတွေ ဆက်ရေးပါအုံးမယ်။

၆။ ဝန်ထမ်းခန့်မှားခြင်း

startup တွေမှာ ဝန်ထမ်းခန့်တာကို တော်တော် အရေးကြီးပါတယ်။ ဝန်ထမ်းခန့် တဲ့နေရာမှာ startup company က ဝန်ထမ်းနဲ့ အောင်မြင်ပြီးသား company က ဝန်ထမ်းနဲ့ ဘဝတွေက ကွာလွန်းလှပါတယ်။ startup မှာ ဝန်ထမ်းက ဝန်ထမ်းအနေနဲ့ မဟုတ်ပဲ company ပေါ်မှာ စေတနာ တကယ်ရှိတဲ့ ဝန်ထမ်းရဖို့ လိုအပ်တယ်။ အချို့ဝန်ထမ်းတွေက လခနဲ့ တန်သလောက်ပဲ လုပ်တယ်။ အဲဒီလို ဝန်ထမ်းနဲ့ဆို startup အတွက် အလုပ်မဖြစ်ပြန်ဘူး။ ရုံးချိန်တိုင်း လာတယ်။ ရုံးချိန်အတိုင်း ပြန်တယ်ဆိုရင် startup တွေမှာ တော်တော်ရှားပါတယ်။ startup တွေက ဝန်ထမ်း အများကြီး မခန့်နိုင်ဘူး။ သို့ပေမယ့် အလုပ်က အရမ်းများတယ်။

ဥပမာ – Microsoft Certified Developer လက်မှတ်တွေနဲ့ အပြောအဆို ကောင်းလို့ ခန့်ပြီးမှ တကယ်လည်း လုပ်ရော ဟိုယောင်ယောင် ဒီယောင်ယောင်။ ဟိုဟာ မလုပ်တတ်။ ဒီဟာ မလုပ်တတ် နဲ့ သတ်မှတ်ချိန်ထက် နောက်ကျကုန်တာတွေ အရည်အသွေး မပြည့်မှီတဲ့ prdouct တွေ ထွက်လာ ပါလေရော။ အချို့ ဝန်ထမ်းတွေကတော့လည်း ကိုယ်ရှိမှ အလုပ်လုပ်တယ်။ မရှိတဲ့ အခါ အလုပ်မလုပ်ပြန်ဘူး။ ဒါလည်း အလုပ်မဖြစ် ပြန်ဘူး။

တစ်နည်းပြောရင် ကိုယ်နဲ့ အတူ ဒုက္ခခံနိုင်မယ့် ဝန်ထမ်းတွေ တကယ်တော်တဲ့ ဝန်ထမ်းတွေ startup company အနေနဲ့ အရမ်းကို လိုအပ် ပါတယ်။ “စ”လုံးက IT Startup Company တော်တော်များများ တကယ်တော်တဲ့ designer သို့မဟုတ် programmer တွေ ရှိနေတတ်ပါတယ်။ အခု company က သူဌေးနဲ့ ကျွန်တော် အလုပ်မလုပ်ခင် ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောဖူးတယ်လို့ ရှေ့မှာ ရေးခဲ့ပြီးပါပြီ။ သူလည်း ဝန်ထမ်း ခန့်မယ့် လူကို သေချာ ရွေးချယ်ပြီး ခေါ်ရတဲ့ အကြောင်း ပြောပါတယ်။ အချို့လူတွေက တော်ပေမယ့် ကိုယ်နဲ့ အတူ ဒုက္ခလိုက်ခံ နိုင်စွမ်း မရှိဘူး။ သူတို့လောက် မတော်ပေမယ့် လေ့ကျင့်ပေးလို့ရတဲ့ လူငယ်တွေကို ပိုလိုချင်တယ်။ လူငယ်တွေက ပိုပင်ပန်းဒဏ် ခံနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် startup company တော်တော်များများမှာ လူငယ်တွေကို တွေ့နိုင်ပါတယ်။

၇။ Platform အရွေးမှားခြင်း

ဒါကတော့ နည်းပညာ company တွေပေါ်မှာ မူတည်ပါတယ်။ ဘာလုပ်ချင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ platform ကို ရွေးဖို့လိုတယ်။ Windows ပေါ်မှာ run ရမလား Linux ပေါ်မှာ run ရမှာလား။ ဘာအတွက် လုပ်မှာလဲ။ နောက်ပြီး framework တွေ language တွေကိုလည်း platform အနေနဲ့ပဲ ကျွန်တော် ဆိုပါရစေ။

Platform အရွေးမှားတယ်ဆိုလို့ ဟိုအရင်တုန်းက Paypal က X.com နဲ့ ပေါင်းလိုက်တယ်။ CEO  အသစ်က Windows Platform ကို ပြောင်းချင်တယ်။ Paypal cofounder Max Levchin က သူတို့ရဲ့ software က windows ကို ပြောင်းရင် 1% လောက်ပဲ ပိုမို တိုးတက် မြန်ဆန်လာဖွယ် ရှိတယ်။ Unix မှာ သုံးနေတာ ရေရှည်အတွက် ကောင်းတယ်လို့ ဆိုခဲ့တယ်။ နောက်ပိုင်းတော့ Platform မပြောင်းပဲ Platform အစား CEO ကို ပြောင်းလိုက်ပါတယ်။

ဒါဟာ platform တစ်ခု ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ဂရုပြုသင့်ပါတယ်။ Platform ဆိုတဲ့ စကားက ကျယ်ပြန့်ပါတယ်။ ကျွန်တော် ပြောခဲ့သလို OS platform တစ်ခုတည်းအပြင် programming language, framework စတာတွေကို စဉ်းစားဖို့လိုတယ်။ အခုလက်ရှိ company မှာ စလုပ်ကာစက ရုံးမှာ သွားမယ့် framework မရှိသေးဘူး။ ဘယ် framework သို့မဟုတ် ဘယ် engine ကို သုံးမလဲဆိုတာကို တိုင်ပင်ကြတယ်။ အကုန်လုံးက research တွေ လုပ်ရတယ်။ ဒါဟာ အရေးကြီးတယ်လို့ သူဌေးကော ဒါရိုက်တာကော သတိပေးပါတယ်။ မမှားဖို့ လိုတယ်။ ရေရှည်သွားမှာမို့ သေချာ research လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် ဖန်တီးဖို့အတွက် အချိန်မပေးနိုင်ဘူး။ ဖန်တီးချင်တယ်ဆိုရင် နောက်ပိုင်းမှ စဉ်းစားမယ်လို့ ဆိုပါတယ်။ လက်ရှိ အလုပ်ဖြစ်မယ့် framework ကို ရှာကြတဲ့အခါ နောက်ဆုံး opensource cocos2d ကို ရွေးလိုက်ပါတယ်။ Corona, iTorque, Sparrow အပြင် များလှတဲ့ Game framework ထဲကမှာ cocos2d ကို ရွေးလိုက်ပါတယ်။ တကယ်လို့သာ iTorque ကို သာ ရွေးမိရင် ပိုက်ဆံကုန်ပြီး ဒုက္ခ ရောက်နေပြီ။ InstantAction က ဖျက်သိမ်းပြီးနောက် iTorque အတွက် investor အသစ် ရှာနေရပါပြီ။ ရေရှည် support လုပ်မလုပ် မသိပါ။ iTorque 3D ထွက်မယ်ဆိုပြီး မထွက်နိုင်ခဲ့ပါဘူး။ ဒါဟာ Unity3D ကို ရွေးချယ်ခဲ့တဲ့ company တွေအတွက် ရွေးချယ်မှု မှန်သွားတယ်လို့ ဆိုရမယ်။ Unity3D က နောက်ဆုံး version 3 ပေါ်လာပြီး နောက်မှာတော့ Torque က လုံးဝကို မယှဉ်ပြိုင် နိုင်တော့ပါဘူး။ Unity 3D က နောက်ဆုံး version 3 မှာ web ပေါ်မှာတောင် 3D game တွေ run လို့ရအောင် web player ထုတ်ပေးခဲ့တဲ့အတွက် ပြိုင်ဖက်တွေကို အပြတ် ကျော်တက်သွားပါတယ်။

platform ရွေးချယ်တဲ့အခါမှာ ရေတိုအရေးထက် ရေရှည် အရေးကိုပါ ထည့်သွင်း စဉ်းစားရပါတယ်။ ရုံးအတွင်း သုံးမယ့် framework လည်း ထိုနည်းအတိုင်း ပါပဲ။ ကိုယ်ပိုင် framework ဖန်တီးမလား။ လက်ရှိ ဘယ် framework တွေက ရုံးနဲ့ အဆင်ပြေလဲ။ ဒါတွေကို သိဖို့ လိုအပ်ပါတယ်။ အရင် ရုံးအဟောင်းတုန်းက framewok တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချဖို့ အချိန်မပေးနိုင်ပါဘူး။ ဒါကြောင့် ရုံးက အဓိက framework ကို wordpress ပဲရွေးချယ်ပြီး ဘာလာလာ wordpress နဲ့ ရမရ စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချရပါတယ်။ ရေရှည်မှာလည်း ရုံးက wordpress သမားတွေကိုသာ ရှာဖွေ ခန့်အပ်တတ်ပါတယ်။

WordPress Blog ကို run ဖို့အတွက် Windows server ကို အသုံးပြုမယ်ဆိုရင် ရေရှည်အတွက် အဆင်ပြေမှာမဟုတ်ဘူး။ WordPress Blog အတွက် Linux server နဲ့သာ အသင့်တော်ဆုံးပါ။ ငါ Linux မသိဘူး။ ဒါကြောင့် Windows ပဲ သုံးမယ်ဆိုရင်တော့ ကုန်ကျသင့်တာထက် ပိုကုန်ကျတဲ့အတွက် startup အတွက် မကောင်းလှပါဘူး။

၈။ ကုန်ထုတ်ချိန် မှားခြင်း

ကျွန်တော်တို့ ပုံမှန် ရုံးမှာ သုံးနေကျ စကားကတော့ Launch ပါ။ မြန်မာလိုတော့ ထုတ်တယ်ပဲ ပြောရမလား ထွက်တယ်လို့ပဲ ဆိုရမလားမသိ။ ကုန်ထုတ်ချိန် လို့ ဆိုတာ အနီးစပ်ဆုံး ဖြစ်လိမ့်မယ်။ startup တော်တော် များများဟာလည်း 80% လောက် ပြီးကတည်းက ထွက်တော့မယ်ဆိုပြီး customer တွေကို test လုပ်ထားပါတယ်။ alpha test တွေအတွက်လည်း tester တွေ reviewer တွေကို ပို့ပြီး စမ်းခိုင်းထားပြီ။ သို့ပေမယ့် အချို့ startup တွေက 100% ပြီးပေမယ့် ထုတ်ဖို့အတွက် ဟိုရွေ့ဒီရွေ့ လုပ်နေတာကြောင့်လည်း startup company တွေ ဒုက္ခရောက်ရတာပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ဗေဒင်တွေက ထုတ်ချိန် မတန်သေးဘူးဆိုပြီး 100% ပြီးတာတောင် စောင့်နေတာမျိုးတွေ ရှိသေးပါတယ်။ တစ်ခါတစ်လေ Christmas အတွက် special လုပ်ထားတဲ့ product ကို Christmas ပြီးမှ ထုတ်ဖြစ်တာမျိုးတွေက အဆင်မပြေလှပါဘူး။

အချို့ product တွေကလည်း နောက်ကျနေရင် မှားမယ်ဆိုရင် အစောကြီး ကြိုထုတ်တာတွေ ရှိတယ်။ ဥပမာဗျာ.. christmas အတွက် ရုပ်ရှင်ကားကို December မတိုင်ခင် November လဆန်းထဲမှာ ပြလိုက်သလိုမျိုးပေါ့။ ဥပမာ။ xbox kinect ကို black friday မှာ ထုတ်လိုက်တာဟာ ထုတ်ချိန် မှန်သွားတယ်လို့ ဆိုလို့ရမယ်။ သို့ပေမယ့် iPhone, Android တို့ အောင်မြင်နေပြီးချိန်မှ Windows Phone 7 ထုတ်တာကတော့ နောက်ကျသွားပြီလို့ ဆိုနိုင်တာပေါ့ဗျာ။

၉။ ပစ်မှတ်ထားသည့် အသုံးပြုသူကို သတ်မှတ်မထားခြင်း

ဒီအကြောင်းကို ကိုသီဟရဲ့ web site ဆောက်တဲ့ အကြောင်းတွေမှာလည်း ပြောထားဘူးပါတယ်။ ကိုယ့် product ဟာ ဘယ်အသက်အရွယ်တွေ အတွက် ဘယ်လိုမျိုးလူတွေအတွက် ဆိုပြီး သတ်မှတ်ထားခြင်း မရှိတာပဲ။ အဲဒီအကြောင်းကို Ten Deadly Marketing Sins ဆိုတဲ့ စာအုပ်ထဲမှာလည်း ပြောထားပါတယ်။ တော်တော်များများက ဘယ်သူ့ကို target ထားလဲ မေးလိုက်ရင် အကုန်လုံးကိုပေါ့လို့ လွယ်လွယ်ကူကူ ဖြေတတ်ကြတယ်။ တကယ်တန်းတော့ တိကျ သေချာတဲ့ target မရှိတဲ့ အတွက်ကြောင့် marketing မှာ အချိန်ကုန် လူပန်း ဖြစ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း လူတိုင်းကို target ထားတဲ့ အထည်တွေထက် တစ်ခုတည်းကို target ထားတဲ့ ဆိုင်တွေက ပိုအောင်မြင်တာကိုလည်း ဒီကို မထွက်လာ ခင်တုန်းကတော့ သတိပြုမိတယ်။ ဥပမာ။။ ကလေးတွေ သီးသန့် သို့မဟုတ် လူငယ်တွေအတွက် ဆိုပြီး သီးသန့် ထုတ်တဲ့ ဆိုင်မျိုးတွေပေါ့။

၁၀။ ဝင်ငွေနည်းခြင်း

ဒါကတော့ အထူးပြောစရာ မလိုပါဘူး။ တစ်ခါတစ်လေ ထင်သလောက် မဝင်တဲ့အခါမှာ ဆက်လက်ပြီး တောင့်ခံနိုင်စွမ်း မရှိတဲ့အတွက်ကြောင့် ကျရှုံးခြင်းကို ကြုံရတာပဲ။ တစ်ကယ်လို့ ငွေချေးပြီး လုပ်ခဲ့ရင် ဝင်ငွေနည်းနေရင် အတိုးပြန်ပေးရတာနဲ့တင် အရှုံးပေါ်နေပြီ။ ဒါမှမဟုတ် investors ကနေ ငွေယူပြီး လုပ်ခဲ့ရင်လည်း နောက်တဆင့်ထပ် တက်ဖို့ ဒီဝင်ငွေနဲ့ဆိုရင် ထပ်ရတော့မှာ မဟုတ်တာတွေ ကြံုရပါတယ်။ ထင်သလောက် မဝင်ခြင်းတဲ့အတွက် ကြံုရတဲ့ ပြဿနာကို startup သမားတိုင်း သိပြီးသားပါ။ ထင်သလောက် မဝင်တဲ့အခါ ဝန်ထမ်းခတွေ ရုံးခန်းဖိုး အခြား အထွေထွေ စရိတ်တွေကို တောင့်ခံနိုင်စွမ်း မရှိတော့တဲ့အတွက် ကြွေလွှင့်ကုန်ကြတာပေါ့။

၁၁။ အချိန်ဖြုန်းခြင်း သို့မဟုတ် အသုံးလွန်ခြင်း

ဒါကတော့ လက်တွေ့မြင်ဖူးတယ်။ လုပ်သာလုပ်တာ။ အချိန်ဖြုန်းနေသလိုပဲ။ ဝင်ငွေနည်းတော့ အလုပ်လုပ်ချင်စိတ်လည်း မရှိ။ ဘယ်လို ပြန်ပြင်ရမလဲ မစဉ်းစားပဲ အချိန်တွေ ဒီအတိုင်း ဖြုန်းပြီး ကိုယ့်ဘာသာကိုယ် ဖျက်စီးနေတာမျိုးကို မြင်ဖူးပါတယ်။

အဲဒါကိုမျိုးကတော့ အပြစ်တင်ဖို့ ခက်တယ်ဗျ။ တကယ်လို့ ပိုက်ဆံတွေ အများကြီး ထည့်လိုက်ပြီးမှ အရှုံးတွေ တောက်လျှောက် ပေါ်နေတဲ့ အခါမှာတော့ လူက စိတ်ဓာတ်ကျလာကော။ အဲဒီ အကြောင်းကို startup စာအုပ်တွေထဲမှာလည်း ပြောထားပါတယ်။ ရှိသမျှ မကုန်ခင် ရပ်သင့်ရင် ရပ်ပြီး နောက်တစ်ခု ပြောင်းဖို့ စဉ်းစားရမယ်။ တည်ထောင်သူတွေအနေနဲ့ ထင်သလောက် မရတဲ့အခါမှာ အချိန်ကို ဆက်မဖြုန်းသင့်တော့ဘူးလို့ ဆိုထားတာတွေ တွေ့ရပါတယ်။ တကယ့်လက်တွေ့မှာတော့ မျှော်ရင်း မျှော်ရင်း မရပ်နိုင်ကြပဲ ကြွေလွှင့်ကုန်ရတာပဲ။

အခုခေတ်မှာတော့ လူနည်းနည်းနဲ့ အလုပ်များများ လုပ်ခြင်းဟာ ငွေ သုံးများတာကို လျော့ပြီး product ထွက်လာအောင် ဖန်တီးကြတယ် ဆိုလည်း မမှားပါဘူး။ နောက်ပြီး လူရှာ မရတာတွေကြောင့် အချိန်ကုန်တာရှိတယ်။ product တစ်ခုကို ဖန်တီးဖို့အတွက် လူရှာရတယ်။ လူက ကိုယ်နဲ့ အဆင်မပြေဘူး။ သူကလည်း မလုပ်နိုင်ဘူးဆိုတဲ့ အခါ ပြတ်ပြတ်သားသား နောက်တစ်ယောက်ကို ထပ်ရှာရမယ်။ ဒါလုပ်နိုင်တာ သူတစ်ယောက်တည်းရှိတယ်။ သူနဲ့မှ ဖြစ်မယ်ဆိုပြီး အချိန်ကုန်ခံတာဟာ ကောင်းတဲ့အလုပ်မဟုတ်သလို push လုပ်ပေမယ့် မထူးလာတာတွေ အများကြီးပါ။ ဒါကြောင့် တစ်ခုတည်းမှာ အချိန်ဖြုန်းတီး လုပ်တာကြောင့် startup တွေ ပျက်စီးရတာပဲ။

၁၂။ ဝင်ငွေ များလွန်းခြင်း

ဝင်ငွေနည်းခြင်းက ကြွေလွှင့်စေတယ်ဆိုရင် ဝင်ငွေများခြင်းကကော? သင်ဘယ်လိုထင်လဲ။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ startup တော်တော် များများဟာ ထင်တာထက် ဝင်ငွေများလာရင် မလုပ်တတ် မကိုင်တတ်တွေ ဖြစ်ကုန်တယ်။ မလိုအပ်ပဲ လူတွေ ထပ်ခေါ်လာတယ်။ လခ တွေ ပိုကုန်ကျလာတယ်။ rework မှာလည်း အဲဒီ အချက်ကို ဆွေးနွေး ထားပါတယ်။ ဝန်ထမ်းတွေ အရမ်းများခြင်းက startup အတွက် ကောင်းမွန်တဲ့ အရာမဟုတ်ဘူး။ မလိုအပ်ပဲ ကုန်ကျစရိတ်တွေ များစေတယ်။ လခ အပြင် အခြား အထွေထွေ စရိတ်တွေပါ တက်လာနိုင်တယ်။ ဝင်ငွေများတဲ့ အတွက်ကြောင့် တကယ်လိုအပ် မလိုအပ် သိပ်မစဉ်းစားတော့ဘူး။ နောက်ပြီး လက်ရှိ ရှိနေတဲ့ ဝန်ထမ်းကို လေ့ကျင့်ပေးလို့ ရမရ မတွေးတော့ဘူး။ ဒါကြောင့် ရေရှည်မှာ ကုန်ကျစရိတ်နဲ့ ဝင်ငွေ မကိုက်တော့ပဲ ကြွေလွှင့်သွားရတတ်ပါတယ်။

၁၃။ တည်ထောင်သူများ မတည့်ခြင်း

ဒါကတော့ မြန်မာတွေမှ မဟုတ်ဘူးဗျ။ နိုင်ငံတကာမှာလည်း ဖြစ်တတ်တာပဲ။ startup 20% လောက်က လုပ်ငန်း လည်ပတ်နေတုန်းမှာပဲ founder တစ်ယောက် ထွက်သွားတာမျိုးတွေ ခဏခဏတွေ့ရတယ်။ founder ထွက်သွားတာဟာ startup တွေကို ကြွေလွှင့်စေသလား ဆိုတော့ အနည်းအများနဲ့သာ သက်ဆိုင်မယ်။ တကယ်လို့ သူရင်းနှီးထားတဲ့ ငွေတွေ ပြန်ထုတ်သွားတာမျိုး နောက်ပြီး သူက အရေးကြီးတဲ့ နေရာမှာ ပါဝင်နေတယ် ဆိုရင်တော့ ပျက်သုန်းဖို့ နီးလာပြီပေါ့။ ဝင်ငွေ နည်းခြင်း ဒါမှမဟုတ် အစတည်ထောင်ကာစမှာ ဝင်ငွေ အရမ်းများခြင်းက founders တွေ အချင်းချင်း မတည့်စေတဲ့ အကြောင်းလို့လည်း ဆိုရမယ်။ ပုံမှန် လောက်ငှတဲ့ ဝင်ငွေနဲ့ တဖြည်းဖြည်းပုံမှန် တိုးတက်လာတဲ့ startup တွေက ရုတ်တရက် ဝင်ငွေ အရမ်းများသွားတဲ့ startup တွေထက် ပိုတည်မြဲပါတယ်။

startup တွေမှာ တည်ထောင်သူတွေ ရေရှည် လက်တွဲဖို့က တော်တော် ခက်ခဲပါတယ်။ Google လိုမျိုး founders တွေ ဖြစ်ဖို့ကလည်း ခက်ခဲတယ်။ Microsoft လိုမျိုး founders တွေ ဖြစ်ဖို့ကလည်း မလွယ်လှဘူး။ အောင်မြင်တဲ့အခါမှာ သူကပဲ နာမည်ကောင်း ရတယ်။ ငါ့နာမည်တော့ မပါဘူး ဆိုတာမျိုး စိတ်အတွင်း ကတောက်ကဆ လေးတွေကနေ အကြီးကြီးတွေ ဖြစ်ကုန်တတ် ပါတယ်။ Google ရဲ့ Founders တွေလိုမျိုး startup founders တွေ အတုယူ သင့်တယ်ဆိုလည်း မမှားပါဘူး။ Founders တွေ အရမ်းများတဲ့ အခါမှာ ဝင်ငွေက မဆိုးလှပေမယ့် ရှယ်ယာခွဲတမ်း ချလိုက်တော့ ဘယ်လောက်မှ မကျန်တော့တဲ့ ပြဿနာတွေ ကလည်း founders အချင်းချင်း မညီညွတ်စေတဲ့ အကြောင်းအရာတွေ ဖြစ်စေပါတယ်။

၁၄။ စီမံခံခွဲမှု အားနည်းခြင်း

ဒီအပိုင်းကတော့ ထွေထွေထူးထူးပြောစရာ မလိုပါဘူး။ ပြောရတာလွယ်ပြီး လုပ်ရတာ ခက်တယ်ဆိုတဲ့ အထဲမှာ စီမံခံခွဲခြင်းက ပါပါတယ်။ သူဌေးလုပ်တာများ Founder လုပ်တာများ ဘာအလုပ်မှ လုပ်စရာမလိုဘူးလို့ ထင်ရပေမယ့် သူ့မှာ management နဲ့ ပတ်သက်ပြီး ခေါင်း တော်တော်စားရတဲ့ အလုပ်ပါ။ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ် ရှိလာအောင် dead line တွေ အမှီပြီးအောင် စတဲ့ ကိစ္စတွေ အများကြီးကို ခေါင်းထဲ ထည့်ထားရပါတယ်။ အပေါ်ယံကြည့်ရင်သာ လွယ်ပေမယ့် ထင်သလောက် မလွယ်ပါဘူး။ management အတွက် project managr ခန့်ထားပေမယ့် ကိုယ် ရွေးချယ်လိုက်တဲ့ project manager က အသုံးမတည့်ခဲ့ရင် management ညံ့ခဲ့ရင် တောက်လျှောက် မီးခိုး ကြွက်လျှောက် ဆိုသလို ဖြစ်ကုန်ပါတယ်။ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်တွေ ကျဆင်းလာတာ dead line တွေ မမှီတာ ကနေ စပြီး နောက်ဆုံး ကြွေလွှင့်ရတဲ့ အထိပေါ့။ ဒါကြောင့် project manager ခန့်ရင်လည်း အခန့်မမှားဖို့လည်း လိုပါတယ်။

ရေးချင်တာလေးတွေ ရှိသေးပေမယ့် အခုလောက်ဆို ဖတ်ရင်း ပျင်းနေလောက်ပါပြီ။ ကျွန်တော် ခေါင်းထဲမှာ တွေးလို့ ရသလောက် ကျွန်တော် ဖတ်ဖူးသမျှထဲကနေ မှတ်မိသလောက် နောက်ပြီး ကျွန်တော် မြင်ရ ကြံုရတာတွေကို ပေါင်းစည်းပြီး ရေးသားထားတာပါ။ လိုအပ်တာတွေ ရှိပါလိမ့်မယ်။ comment မှာ ဆွေးနွေးနိုင်ပါတယ်။ startup ဆိုတဲ့ နေရာမှာ နိုင်ငံ ဒေသကလည်း အရေးပါပါတယ်။ startup တွေ အောင်မြင်နိုင်စွမ်းဟာ တိုင်းပြည် ရဲ့ အထောက်အပံ့နဲ့လည်း အများကြီး သက်ဆိုင်ပါသေးတယ်။ နေရာ ဒေသ ပေါ်မှာမူတည်ပြီး အချက်အလက်တွေကလည်း ကွဲပြားနိုင်ပါတယ်။ ပြီးခဲ့တဲ့ post က ပေးထားတဲ့ comment တွေထဲက fail story တွေရဲ့ အကြောင်းကိုလည်း ဖတ်ချင်ရင် ဖတ်လို့ရအောင် link ပေးထားပါတယ်။

http://37signals.com/svn/posts/2682-the-creators-of-no-longer-with-us-products-explain-what-went-wrong

http://techcrunch.com/tag/deadpool/

Facebook comments:

4 Responses

  1. myintkt says:

    >> Windows Phone 7 ထုတ်တာကတော့ နောက်ကျသွားပြီလို့ ဆိုနိုင်တာပေါ့ဗျာ

    The same was said for XBox while PS2 was at its highest haven. Let’s wait and see :)

    • saturngod says:

      ဟုတ်ပါ့ဗျာ။ အခုတော့ xbox က တော်တော် ရောင်းကောင်းနေတယ်ဗျ။ kinect ထွက်ပြီးတော့ တော်တော်များများ ကို ဝယ်လာကြတယ်။ ဈေးကလည်း သက်သာတယ်။ S$469 ပဲရှိတယ်။ Game အခွေဖိုးပဲ မသက်သာတာ။ ကလေးတွေတော့ တော်တော် သဘောကျတယ်။ funan မှာ wii နေရာမှာတောင် ကလေးတွေ ဆော့တာ မရှိတော့ဘူး။ xbox မှာ သွားဆော့နေကြတယ်။ မနေ့ကတုန်းကတွေ့တောင် ဝင်တောင် ဆော့ကြည့်ချင်သား။ ဆော့နေတဲ့ ကလေးက ပြီးကို မပြီးတော့လို့ ဟက်ဟက်။ ၃ ပတ်လောက် ပတ်ပြီးတာတောင် လူက မအားသေးဘူး :P

      • winzinnine says:

        အကြံပြုချင်တာလေးရှိလို့ အကြံပြုခဲ့ပါရစေဗျာ။ ကိုစေတန်ဂေါ့ သုံးသပ်ပြတာကောင်းပါတယ်။ ဒါပေမဲ့ တချို့အပိုင်းတွေမှာ နည်းပညာတစ်ခုကိုပဲဖြစ်ဖြစ် တခြားအကြောင်းအရာလေးကိုပဲဖြစ်ဖြစ်ပေါ့၊ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ references လေးတွေပြုပြီးတော့ ရေးရေးသွားဖို့ အကြံပြုချင်တယ်။ ဘာလို့လဲဆိုတော့ နည်းပညာအပိုင်းမှာကျွမ်းကျွမ်းကျင်ကျင်နဲ့ အားလုံးနီးပါးပြည့်စုံထားတဲ့သူဆိုရင်တော့ ဆိုလိုချင်တဲ့အကြောင်းအရာအကုန်းလုံးကို နားလည်သွားမှာပေါ့။ ဒါပေမဲ့ အခုမှ နည်းပညာပိုင်းကို စဖတ်တဲ့ start up တစ်ယောက်အနေနဲ့ ဖတ်ရတာ နားမလည်သွားရင် နောက်ထပ်ဆက်ဖတ်ချင်စိတ်တွေ ကျဆင်းသွားလိမ့်မယ်။ ဥပမာ-CEO, Paypal cofounder Max Levchin, Torque အဲဒါမျိုး စကားလုံးတွေကျတော့ စာဖတ်သူအားလုံးနီးပါး နားလည်နိုင်မှာ မဟုတ်တာတော့ သေချာတယ်။ ဒါကြောင့် အဲဒီစကားလုံးတွေဟာ ဘာကိုဆိုလိုတယ်ဆိုတာ စာရေးသူတစ်ယောက်အနေနဲ့ကျယ်ကျယ်တဝင့်မရှင်းပြနိုင်ခဲ့ရင်တောင် အဲဒီ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ရေးထားတဲ့ site တွေကို ညွန်းထားစေချင်တယ်။ ဥပမာ- english လိုရေးထားတဲ့ site ရှိရင်ဖြစ်ဖြစ်၊ ကိုယ့် Language နဲ့ရေးထားတာရှိရင်ပဲ ဖြစ်ဖြစ်ပေါ့။ ဖတ်တဲ့သူက အင်္ဂလိပ်စာ အရည်အသွေးသိပ်မကောင်းလို့ မဖတ်နိုင်ရင်တောင် အဲဒီဆိုဒ်က ပုံလေးတွေမြင်သွားရင်ကို ဘာဆိုတာဆိုတာသိသွားပါလိ့မ်မယ်။ ဒါမှ သူလည်း နောက်ထပ်ဆက်လေ့လာချင်ရင်လေ့လာသွားနိုင်အောင်ပေါ့။ ဒါမျိုးပုံစံလေးတွေနဲ့ ရေးသွားစေချင်တယ်လို့ အကြံပြုပါတယ်။

        • saturngod says:

          ဟုတ်ကဲ့ပါ… ကျွန်တော်ဆို နောက်ဆို reference site လေးတွေပါ ထည့်ပေးပါမယ်။ ကျေးဇူးတင်ပါတယ်။

Leave a comment


*