Startup လား၊ လာထား
![]() |
ကိုအောင်စည်သူကျော်သည် Game Developer တစ်ယောက်ဖြစ်ပြီး စင်္ကာပူ NTU တွင် Researcher တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင် နေသူဖြစ်သည်။ ကိုအောင်စည်သူကျော်သည် Startup နှင့် ပတ်သက်သော အကြောင်းအရာများကို စိတ်ဝင်စားမှု ပြင်းထန်ပြီး သူကိုယ်တိုင်လည်း Startup တစ်ယောက် ဖြစ်လာရန် ကြိုးစားနေသူ တစ်ဦး ဖြစ်ပါသည်။ ထို့ပြင် NetMagicStudio ဟု အမည်ရသော Game Website တစ်ခုကို တည်ထောင်ထားပြီး အခြားတစ်ဖက်တွင်လည်း ရင်းနှီးမြှတ်နှံမှုဆိုင်ရာ အကြောင်းအရာများကို ရေးသားနေသော InvenstMyanmar ဟု အမည်ရသည့် Web Site တစ်ခုကို တည်ထောင်ထားသူ ဖြစ်သည်။ Website – www.netmagicstudio.com |
ရေးသားသူ – ကိုအောင်စည်သူကျော်
Start-up တွေနဲ့ ပတ်သက်ပြီး ရေးထားကြတာလည်း တော်တော်စုံပါပြီ။ အများစုကလည်း ကျွန်တော် ရေးချင်တဲ့ အကြောင်းတွေပဲမို့လို့ ကိုသီဟရဲ့ တစ်ခုခုရေးပေးဖို့ ပြောထားတာနှင့် ပတ်သက်ပြီး ဘာရေးရမှန်းကို မသိတော့။ ဒီလိုနဲ့ပဲ ရှိတဲ့အတွေးလေးတွေကို ဖြန့်ထွက်ပြီး ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။
ဘာကြောင့် start-up မလုပ်နိုင်ကြသလဲ
အောင်မြင်တာ၊ ရှုံးနိမ့်တာက ရလဒ်တစ်ခုပါ။ ဒါပေမယ့် အများစုကတော့ ဘယ်လိုရလဒ်မျိုးနဲ့ ကြုံမယ်ဆိုတာကို မသိနိုင်လောက်အောင် start-up ကလေးတစ်ခုကို အစပြုတဲ့ အဆင့်ကိုတောင် ရောက်အောင် မလှမ်းနိုင်ကြ။ စိတ်ထဲမှာ ရှိနေပေမယ့် လုပ်ချင်နေပေမယ့် မလုပ်နိုင်ကြ။ ဘာကြောင့် မလုပ်နိုင်ကြလဲ ဆိုတာကို ကိုယ်တွေ့နှင့် တွေ့နေရတာတွေကို ပေါင်းစပ် တွေးကြည့်တော့ ဒါလေးတွေ တွေးမိတယ်။
Support
ကိုယ်ပိုင် start-up လေး လုပ်မယ်ဆိုရင် အထောက်အပံ့ လေးတွေ လိုတယ်။ အထောက်အပံ့ အကူအညီမရှိရင် လုပ်လို့ မရတော့ဘူးလား ဆိုတော့ မရဘူးတော့ မဟုတ်ဘူး။ ပိုခက်ခဲတာပေါ့။ Support ဆိုတဲ့ နေရာမှာ ငွေရေး ကြေးရေး အထောက်အကူ တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး။ အကြံပေး ဆွေးနွေးနိုင်တဲ့ mentorship အထောက်အပံ့မျိုးလည်း လိုတယ်။ ကိုယ်လက်ရှိ ရောက်နေတဲ့ နေရာမှာ ဒီလို အထောက်အပံ့တွေ ပေးနေတာ ရှိရင် ဒါတွေကို သိအောင် လုပ်ရမယ်။
မိဘတွေရဲ့ support ကလည်း အရေးကြီးတယ်။ ကိုယ့်သားသမီး လုပ်ချင်တာ ယုံကြည်တာကို ခွင့်ပြုတဲ့ မိဘဆိုတာကလည်း မြန်မာနိုင်ငံမှာ ခပ်ရှားရှား။ ဘ၀အခြေအနေ အမျိုးမျိုးနဲ့လည်း ဆိုင်တာပေါ့လေ။ ငွေကြေး အထောက်အပံ့မဟုတ်ပဲ စိတ်ဓာတ်ပိုင်း အားပေးမှုမျိုးလည်း လိုတယ်။ သားသမီးက လုပ်ချင်တာ တစ်ခုခုဆိုရင် လိုအပ်တာကို ဖြည့်စွက်စဉ်းစား အကြံပေးတာမျိုး မဟုတ်ပဲ မဖြစ်နိုင်ဘူး။ မလုပ်ရဘူးဆိုပြီး ဗီတိုအာဏာသုံးပြီး ပိတ်ပင်တာမျိုးတွေနဲ့ဆို အဆင်မပြေဘူး။ ဒီအခါမှာ ကိုယ်က ဇွတ်လုပ်ရင်တော့ လူကြီးမိဘစကား နားမထောင်တဲ့ သိုးမည်းကြီး ဖြစ်ပြီပေါ့ဗျာ။ သူတို့တွေရဲ့ စေတနာနဲ့ ရည်ရွယ်ချက်ကို နားလည်ပေမယ့် အမှန်နဲ့ အမှားဆိုတာကတော့ အသက်အရွယ်၊ အချိန်အခါနဲ့ generation ပေါ် မူတည်ပြီး personal ဆန်တယ်။ လူကြီးမိဘစကားမို့လို့ အမြဲမှန်တယ်၊ အမြဲနားထောင်သင့်တယ်လို့တော့ မယူဆသင့်ဘူး။
ဒါတွေက ကျွန်တော့် အမြင်။ လူတိုင်းအတွက် မှန်ချင်မှ မှန်မယ်။ သေချာတာကတော့ သူများစကား နားမထောင်ပဲ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရင် အစပိုင်းမှာတော့ သိုးမည်းဖြစ်မယ်။ ဒါကို သက်သေပြဖို့ တစ်ခုတည်းသော နည်းက တစ်ကယ်ဖြစ်ထွန်း အောင်မြင်အောင် လုပ်ပြလိုက်ဖို့ပဲ ရှိတယ်။ မိဘစကား တစ်သက်လုံး နားထောင်ပြီး နေလာတဲ့ လူအတွက်တော့ အေးဆေးတယ်။ နာမည်ကောင်းနဲ့ နေနိုင်တယ်။ ကိုယ့်ဘ၀နဲ့ သူတို့ ဆုံးဖြတ်ချက် မကိုက်လို့ရှိရင်တော့ ကိုယ့်ဟာကိုယ် ခံပေတော့။ ကျွန်တော့်အတွက်တော့ မိဘဆိုတာ ကိုယ်ကိုယ်တိုင် အမှန်အမှား မစဉ်းစားနိုင်သေးခင်မှာ ကိုယ့်အတွက် စဉ်းစားဆုံးဖြတ်ပေးရင်း သင်ပေးသွားဖို့ပဲ လိုတယ်။ အချိန်တန်လို့ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အရွယ်ရောက်ပြီ ဆိုရင်တော့ ဆွေးနွေး အကြံပေးတာလောက်ပဲ လုပ်သင့်တယ်။ ကိုယ်ဆုံးဖြတ်တာ မှားတယ်ဆိုလည်း ကိုယ့်ဟာကိုယ် အမှားခံပြီး သဘောပေါက်သွားအောင် အားပေးသင့်တယ်။ အမှန်အမှားဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး မတူညီနိုင်ဘူး ဆိုတာကို နားလည်ပေးနိုင်ကြရင် ကောင်းမယ်။
စင်္ကာပူမှာဆိုရင် အစိုးရ grant တွေ support scheme တွေ ရှိသလို SPRING လိုမျိုး အစိုးရနဲ့ industry ထဲက partner တွေနဲ့ ပူးပေါင်းပြီး local start-up တွေ အောင်မြင်ဖို့ SME (small and medium enterprise) အပိုင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ပေးနေတာတွေ ရှိတယ်။ ဒီလို grant တွေ၊ support တွေ ရှိပေမယ့် ဒါတွေကို လွယ်လွယ်ကူကူ ပေါပေါလောလော ပေးနေတယ်လို့တော့ တွက်လို့ မရဘူး။ အနည်းဆုံးတော့ ဘာတွေ ရှိနေလဲ ဆိုတာကို သိအောင် လုပ်သင့်ပါတယ်။ သိလို့ရှိရင် ဒီအထောက်အကူတွေရဖို့ ဘာတွေ လုပ်ဖို့လိုမလဲ ဆိုတာတွေ ကြိုးစားလို့ ရပါတယ်။ ကိုယ့်လုပ်ငန်းမှာ ပိုက်ဆံထည့်မယ့် လူတစ်ယောက်နဲ့ စကားပြော ကြည့်ကြည့်ရင် ကိုယ့်အစက လုပ်မယ်လို့ တွေးထားပြီး အကုန် perfect ဖြစ်တယ်လို့ ထင်နေတာတွေဟာ မဟုတ်ဘူး ဆိုတာ သိသွားပါလိမ့်မယ်။ ကိုယ်က လုပ်ချင်တာတွေပဲ တွေးထားပြီး ပိုက်ဆံဘယ်လို ပြန်၀င်မလဲဆိုတာကို သေချာမတွေးထားမိတာတွေ၊ ပိုက်ဆံရမှာတွေ သေချာဦးတော့၊ အကြွေးဖြစ်နေတာတွေ၊ ကိုယ့်လုပ်ငန်း ဆက်လည်ပတ်ဖို့ မလောက်ငတာတွေ ဖြစ်လာနိုင်တာတွေ ရှိနိုင်တယ်။ သူတို့ဆီက support ရရ မရရ ကိုယ်ဘာတွေ လိုနေသေးတယ်ဆိုတဲ့ feedback တွေတော့ ရသွားပါလိမ့်မယ်။ အခုလို support မရနိုင်တဲ့ နေရမှာဆို မိဘတွေက မလုပ်ရဘူးဆိုတာထက် ဒီလိုမျိုး feedback တွေကို ပေးသင့်တယ်။
ဖောင်မဖျက်ရဲခြင်း
ကျွန်တော်တို့ဟာ အသက်ကြီးလာတာနဲ့အမျှ တာ၀န်တွေ ယူလာကြရတယ်။ ကိုယ့်အပေါ်မှာ မှီခိုနေတဲ့လူတွေ တဖြည်းဖြည်း များလာတယ်။ ဘာလုပ်လုပ် သူတို့တွေအတွက်ပါ ထည့်စဉ်းစားလာရတယ်။ ဒါကြောင့် မိဘအိမ်မှာ နေပြီး ထိုင်စား နေနိုင်သေးတဲ့အချိန် ကျောင်းတက်နေတုန်း အချိန်တွေဟာ start-up လုပ်ဖို့ အကောင်းဆုံး အချိန်တွေလို့ ပြောကြတယ်။ နိုင်ငံတကာမှာ ကြည့်ရင်လည်း တက္ကသိုလ်ကျောင်းသား အရွယ်တွေမှာ အောင်မြင်တဲ့ start-up တွေ ထူထောင်နိုင်ကြတာကို တွေ့ရတယ်။ ကျွန်တော်လည်း အဲဒီအချိန်တွေမှာ သိပ်အမြင် မကျယ်ခဲ့ဘူး။ အခုအချိန်ကျတော့ ဖောင်ဖျက်ဖို့က သိပ်မရဲတော့ဘူး။ ကိုယ့်ကို မှီခိုနေတဲ့ လူတွေရှိရင်တော့ ကိုယ့်ကို တော်တော် နားလည်မှုနဲ့ ယုံကြည်မှုရှိတဲ့လူတွေ ဖြစ်မှရမယ်။ Start-up တွေရဲ့ ၉၀%ကျော်ဟာ မအောင်မြင်ကြဘူးလို့ ပြောကြတာကိုး။ ဒါကြောင့် မလုပ်သင့်ဘူးလို့ ဆိုတာထက် ကျန် ၁၀%ထဲပါအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားသင့်တယ်။
Part-time start-up
ကိုယ့်အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့သူ ဆိုရင်တော့ ကိုယ့် start-up အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်ထဲက အချိန်ပိုင်း အချိန်ပေးပြီး စလုပ်တာဟာ တော်တော်အသုံး၀င်နိုင်ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက် မလွယ်ဘူးဆိုတာ လုပ်ကြည့်ရင် သိပါလိမ့်မယ်။ ရုံးကပြန်ရောက်ရင်လည်း ပင်ပန်းလို့၊ စနေ၊ တနင်္ဂနွေကျတော့လည်း နားရက်မို့လို့ဆိုပြီး ကိုယ့် start-up အတွက် အလုပ်လုပ်ဖို့ကို ဟိုရွှေ့ ဒီရွှေ့ လုပ်နေမိပါလိမ့်မယ်။ တီဗွီလေးကြည့်လိုက် ဘော်ဒါတွေနဲ့ ချိန်းလိုက်နဲ့ သက်တောင့်သက်သာလေး နေချင်ကြတယ်။ ကိုယ့် start-up အတွက်တော့ အချိန်မရှိဘူး ဆိုပြီး အကြောင်းပြကြမယ်။ အလုပ်ထွက်ပြီး ကိုယ့် start-up အတွက် အချိန်ပြည့် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် မလုပ်နိုင်သေးဘူးဆိုရင် ဒီလို part-time start-up ဘ၀နဲ့ပဲ စရမှာပဲ။ Part-time အနေနဲ့ သိပ်မလုပ်ဖြစ်ဘူး ဆိုရင် ကိုယ်တစ်ကယ် ဒီ start-up အတွက် ရူးသွပ်ရဲ့လားဆိုတာကိုတော့ ပြန်စဉ်းစားသင့်တယ်။
Team
Start-up လုပ်ဖို့ တစ်ယောက်တည်းကတော့ သိပ်မဖြစ်နိုင်ဘူး။ ကိုယ်တစ်ယောက်တည်းက အကုန်လုံးမှာ ဆရာမဖြစ်နိုင်ဘူး။ ဂိမ်းလုပ်မယ် ဆိုလည်း ကိုယ်က code ရေးရင်၊ ပုံဆွဲမယ့်လူ လိုတယ်။ ကိုယ်က လုပ်အားစိုက်မယ် ဆိုရင် ငွေအား စိုက်နိုင်မယ့်လူ၊ ကိုယ်က technical ပဲ သိတာဆိုရင် စီးပွားရေး အမြင်ရှိတဲ့လူ၊ ကိုယ်နဲ့ ယုံကြည်ချက်တူ၊ အမြင်ချင်းတူ၊ ခံယူချက်တူ၊ ရူးသွပ်တာခြင်းတူတဲ့ partner တွေနဲ့ ဖွဲ့စည်းထားတဲ့ team ကောင်းကောင်းလိုတယ်။ ဒါကသိပ်တော့ မလွယ်ဘူး။ ကိုယ့်ရဲ့ professional network ကျယ်ပြန့်မှု အတိုင်းအတာနဲ့ ပေါင်းသင်းဆက်ဆံရေး တွေပေါ်လည်း မူတည်နေတယ်။
ဘာကြောင့် start-up လုပ်သင့်သလဲ
Start-up တွေ အောင်မြင်ရင် founder တွေ မီလီယံနာတွေ ဖြစ်ကြတယ်။ Facebook လိုမျိုးဆို ကမ္ဘာ့အသက် အငယ်ဆုံး ဘီလီယံနာတောင် ဖြစ်သွားသေးတယ်။ ချမ်းသာတဲ့လူတွေ အားလုံး ကြည့်လိုက်ရင်လည်း အများစုက ကိုယ်ပိုင် လုပ်ငန်းတွေ ရှိတဲ့လူတွေချည်းပဲ။ လခစား ၀န်ထမ်းလုပ်မယ်၊ စုမယ်၊ ရင်းနှီးမြှုပ်နှံမယ် ဆိုရင်လည်း ချမ်းသာဖို့ သေချာတာပဲ။ တစ်ခုပဲ ရှိတယ်။ အချိန်ပိုစောင့်ရမယ်။ အသက် ၅၀-၆၀ လောက်ရောက်မှ အေးဆေးနေနိုင်တဲ့ ဘ၀ရောက်မယ်။ အောင်မြင်တဲ့ start-up founder တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ financial freedom ရနိုင်ကြတယ်။ ဒါတွေက အပေါ်ယံကြည့်ရင် start-up လုပ်သင့်တယ်လို့ ထင်နိုင်စရာ အကြောင်းတွေ။ ဒီ reason တွေကြောင့် start-up လုပ်တာ ဆိုရင်တော့ အောင်မြင်ဖို့ မလွယ်ဘူး။ ကိုယ်ပိုင် start-up လုပ်ငန်းတစ်ခုရဲ့ အနှစ်သာရက ကိုယ်ယုံကြည်ရာ ရူးသွပ်တာကို အချိန်ပြည့် လုပ်နေနိုင်တဲ့ အချက်ပဲ။ ဒီအလုပ်ကနေမှတစ်ဆင့် စီးပွားရေးအရပါ အောင်မြင်အောင် သွားတာ။ Wall Street ရုပ်ရှင်ထဲက quote တစ်ခုယူရရင် “It’s not about the money; it’s about the game.” ဆိုတာလေးကို သတိရမိတယ်။ ပိုက်ဆံတွေ အရမ်း ချမ်းသာတော့လည်း ကမ်းခြေမှာ တစ်ချိန်လုံး အပန်းသွားဖြေနိုင်မှာ မို့လို့လား။ ကိုယ်တွေလို အလုပ်မရှိရင် မနေတတ်တဲ့ လူတွေအတွက်တော့ start-up ဆိုတာ ကိုယ်ပျော်တာ၊ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတာတစ်ခုခုကို တစ်သက်လုံး လုပ်ခွင့်ရှိချင်လို့ လုပ်ချင်ရတာပဲ။
ပြောင်းလဲလာတဲ့ business model
ကျွန်တော်လည်း software သမားပဲမို့ IT start-up အကြောင်းလေးတွေ ပြောချင်ပါတယ်။ ဟိုတုန်းကဆို software house တစ်ခုထောင်ရင် လုပ်ရတဲ့ ပုံစံက software အပ်ချင်တဲ့ လုပ်ငန်းတွေ customer တွေ လိုက်ရှာပြီး သူတို့လိုချင်တဲ့ software ကို customize ရေးပေးရတယ်။ ဒီနောက်ပိုင်း ပြီးသွားရင် သူတို့ဆီက ပိုက်ဆံရမယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ support ကို free ပေးမယ်။ အဲဒီ အချိန်နောက်ပိုင်းဆိုရင် support အတွက် တစ်ခါလာရင် ဘယ်လောက်ဆိုပြီး တောင်းမယ်။ ဒါကျွန်တော် စသိခဲ့တဲ့ IT company တစ်ခုရဲ့ ပုံစံ။ ကိုယ်မသိတာတွေလည်း ရှိနိုင်တယ်။ ဒီကနေမှတဆင့် တချို့ ကုမ္ပဏီတွေက software တွေကို package လိုက် လုပ်တယ်။ ဒီ package အတိုင်း ၀ယ်ချင်တဲ့လူကို ရှာပြီး ရောင်းတယ်။ ၀ယ်ပြီးရင် ပိုက်ဆံတခါရပြီး ပြီးပြီ။ နောက်ပိုင်း ဗားရှင်းအသစ်ထွက်မှ တစ်ခေါက်ထပ်ရောင်း ရမယ်။ support အတွက် ပိုက်ဆံတောင်းလို့ရမယ်။
ဒီကနေမှတဆင့် အခုဆိုရင် software တွေဟာ web base တွေဖြစ်လာတယ်။ Cloud တွေပေါ် ရောက်လာတယ်။ Standard web technology တွေသုံးတဲ့ web application တွေရှိသလို Flash တို့ Flex တို့နဲ့ ရေးထားတဲ့ web application တွေလည်း ပေါ်လာတယ်။ ဒီအထဲက အောင်မြင်တဲ့ web application တွေကို ကြည့်ကြည့်ရင် သူတို့ဟာ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုခုကို အခြေခံပြီး အဖြေရှာဖို့ ကြိုးစားကြတာ တွေ့ရတယ်။ ဟိုတုန်းကလို customer လိုက်ရှာ၊ သူတို့ရဲ့ ပြဿနာက ဘာလဲဆိုတာ သိအောင်လုပ်၊ ပြီးရင် ဖြေရှင်းပေး ဆိုတာမျိုး မဟုတ်တော့ဘူး။
သူတို့ရဲ့ ခံယူချက်က ကိုယ့်မှာကြုံနေရတဲ့ ပြဿနာဆိုရင် ကိုယ်လိုပဲ ကြုံနေတဲ့ လူတွေလည်း ရှိနိုင်တယ် ဆိုတာပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ web application လေးတွေ ရေးကြတယ်။ ပြီးရင် မရောင်းတော့ဘူး။ Software ၀န်ဆောင်မှု (Software as a Service) အနေနဲ့ တစ်ခါသုံးချင်ရင် ဘယ်လောက်၊ ဒါမှမဟုတ် တစ်လသုံးချင် ဘယ်လောက်ဆိုပြီး ၀န်ဆောင်ခ ကောက်တယ်။ ဒီ SaaS model မှာ ကိုယ့် idea ကောင်းရင် ကောင်းသလို ပေါက်နိုင်တယ်။ ကိုယ့် software က web ကနေတစ်ဆင့် အင်တာနက်ပေါ် ရောက်နေတာဆိုတော့ တစ်ကမ္ဘာလုံးက internet user တွေကို မှန်းလို့ရတယ်။ အရင်လို ကိုယ့်မြို့လေး၊ နိုင်ငံလေးအတွင်းမှာ customer တွေ အတင်း လိုက်ရှာနေစရာ မလိုတော့ဘူး။ Customer ဆိုတာကလည်း လုပ်ငန်းရှင် customer တွေတင် မဟုတ်တော့ဘူး။ လူတစ်ယောက်ချင်းစီကို ရည်ရွယ်တဲ့ web application တွေ ဖြစ်လာတယ်။
ကျွန်တော့်အနေနဲ့လည်း ဒီလို SaaS model ကို သဘောကျတယ်။ ပြည်တွင်းမှာ IT company တစ်ခု စလုပ်မယ်ဆိုရင် လိုအပ်တဲ့ အဆက်အသွယ်တွေ မရှိရင် project တွေ ရဖို့ မလွယ်ဘူး။ ဒီအခါမှာ ဒီလို SaaS web application လေးတွေက ထွက်ပေါက်ပဲလို့ မြင်တယ်။ မြန်မာပြည်မှာနေလို့ အောင်မြင်တဲ့ SaaS application တစ်ခု မလုပ်နိုင်စရာ အကြောင်း မရှိဘူး။ အိုင်ဒီယာနဲ့ အချိန်အခါကိုက် product ထွက်အောင် လုပ်နိုင်ရင် နိုင်ငံတကာမှာလဲ အောင်မြင်နိုင်တယ်။
Success
ကိုယ့်ရဲ့ start-up ရပ်တည်မှုအတွက် လုပ်သင့်တာ မှန်သမျှ လုပ်သင့်ပေမယ့် တစ်ကယ်ကို ကြီးကြီးကျယ်ကျယ် အောင်မြင်ဖို့ ဆိုရင်တော့ အနာဂါတ် နည်းပညာတစ်ခုခု အတွက်လည်း ကြိုတင်ပြီး စောင့်ကြည့် လေ့လာနေဖို့ အရေးကြီးတယ်။ အနာဂါတ် နည်းပညာဆိုတာ ခုအချိန်မှာ သတင်းသဲ့သဲ့လောက်ပဲ ရှိသေးပြီး ပြိုင်ဘက် နည်းသေးတဲ့ နေရာ၊ ဈေးကွက်။ Blue ocean လို့လဲ ခေါ်နိုင်တယ်။ အခုအချိန်မှာ HTML5 ဆိုတဲ့ trend စနေပြီ။ WebGL ဆိုတာ စနေပြီ။ နောက်ဆို cloud ပေါ်ကနေ သရီးဒီ ဂိမ်းတွေ ဆော့လာကြတော့မယ်လို့ ထင်ရင် ဒါကို ကိုယ့်အနေနဲ့ စထားသင့်တယ်။ မိုဘိုင်း ဈေးကွက်မှာလည်း ဒီလိုပဲ။ Windows Phone 7, Bada Phone စသဖြင့်ပေါ့။ ဒါမှ ဒီ trend တစ်ခု တစ်ကယ် hit ဖြစ်သွားတဲ့ အချိန်မှာ ကိုယ်က pioneer ဖြစ်နေနိုင်တယ်။
Put yourself on margin
ကိုယ့်အတွက် လခပေးမယ့် အလုပ်တစ်ခုက ရှိနေပြီးသားဆိုရင် start-up စဖြစ်ဖို့ ပိုတောင် ခက်ပါဦးမယ်။ ဘာလို့လဲဆိုတော့ မလုပ်လဲ ဖြစ်နေလို့ပေါ့။ ဒီလိုမျိုး အခက်အခဲ ဖြစ်နေတယ် ကိုယ်ကလဲ တစ်ကယ်လုပ်ချင်နေတာ ဆိုရင်တော့ တစ်ကယ်ကို စမလုပ်ရင် မဖြစ်တဲ့ အခြေအနေမျိုး ဖြစ်အောင် ကိုယ်တိုင် ဖန်တီးပြစ်ရပါမယ်။ ဒါကို put yourself on margin ဆိုပြီး ပြောတတ်ကြပါတယ်။ ဥပမာ အားဖြင့်ဆိုရင် ကိုယ်လုပ်ချင်နေတဲ့ website တစ်ခု ဆိုပါတော့။ မလုပ်ဖြစ်ဘူး။ ကိုယ့်ဟာကို ပျင်းပြီး အချိန်ဆွဲနေတယ် ဆိုရင် ဒီဆိုက်အတွက် domain name တွေ hosting တွေ ၀ယ်ပစ်လိုက်တဲ့ သဘောပေါ့။ နောက်တစ်ခုက public announcement လူတွေကို ပြောလိုက်တာ။ ကိုယ်ကတော့ ဒါလုပ်နေတယ်။ ဘယ်တော့လောက် ပြီးမယ်လို့ ထင်တယ်ဆိုတာမျိုး။ ဒါဆိုလို့ရှိရင် မပြီးရင် လူပြောစရာ ဖြစ်တော့မယ်။ အရှက်ကွဲတော့မယ်။ ကိုယ့်ကိုယ်ကို ဖြစ်အောင်လုပ်မှ ဖြစ်မယ်ဆိုတဲ့ commitment တစ်ခု force လုပ်ပြီး ပေးလိုက်တာပေါ့။ နောက်ထပ် လုပ်လို့ရတာတွေ အနေနဲ့ ကိုယ့် start-up ကို နာမည်တစ်ခုပေးပြီး site တင်လိုက်တာမျိုး။ တရားဝင် ဖြစ်အောင် ကိုယ်နေတဲ့ နိုင်ငံရဲ့ ဥပဒေနဲ့ အညီ ကိုယ့် start-up ကို business registration လုပ်လိုက်တာမျိုး၊ Company register လုပ်လိုက်တာမျိုးတွေပေါ့။ ဒီလို ကိုယ့်ကိုယ်ကို margin ပေါ် တင်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ procrastination ပျင်းရိ အချိန်ဆွဲချင်တဲ့ အကျင့်ကို ကုစားဖို့ ကြိုးစားကြည့် နိုင်ပါတယ်။
Bonus
Bonus အနေနဲ့ စင်္ကာပူမှာ စီးပွားရေးလုပ်ငန်းတစ်ခု register လုပ်ချင်ရင် ဘယ်လို လုပ်နိုင်တယ်ဆိုတာ သိသလောက်လေး ပြန်ရှဲပါမယ်။ ဒီမှာ business register လုပ်တာ လွယ်ပါတယ်။ PR, citizen ဖြစ်မှ မဟုတ်ပါဘူး။ EP သမားလည်း လုပ်လို့ရပါတယ်။ ကိုယ်က ဒီ business အတွက် တစ်ကယ် အချိန်ပေး အလုပ်လုပ်ပြီး လစာယူမှာ ဆိုရင်တော့ ကိုယ့်အလုပ်ရှင်နဲ့ ညှိသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ director, shareholder တစ်ယောက်အနေနဲ့ ထောင်ရုံပဲ ဆိုရင်တော့ ဖြစ်ပါတယ်။ လိုတာတွေ အကုန်လုံးအတွက် http://business.gov.sg/ website ကို သွားပြီး ဖတ်နိုင်ပါတယ်။
အဲဒီ ဆိုက်ကနေတစ်ဆင့် Register your business ဆိုတဲ့လင့်ကနေ business registration လုပ်လို့ ရပါတယ်။ အဲဒါအခါမှာ business structure တစ်ခုခုကို ရွေးရပါမယ်။ Sole-proprietorship, partnership, limited liability partnership (llp), company (private limited, pte. Ltd) စသဖြင့်ပေါ့။ ဒီ structure တွေကို ရွေးတာဟာ နောက်ပိုင်းမှာ ပေးစရာပေါ်လာတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတာ၀န်ယူသလဲဆိုတာကအစ အစိုးရကို ပေးရမယ့် အခွန်တွေ၊ စာရင်းအထိန်းအသိမ်းနဲ့ စာရင်းစစ်ပိုင်းတွေ (accounting and auditing) အထိ အကျိုးသက်ရောက်မှုတွေ ရှိလို့ သေသေချာချာ အရင်ဖတ်ရှုလေ့လာ ဒါမှမဟုတ် အတွေ့အကြုံရှိတဲ့လူတွေနဲ့ တွေ့ဆုံပြီး အကြံယူသင့်ပါတယ်။ Peninsula မှာလည်း ဒါတွေအတွက် ၀န်ဆောင်မှုပေးတဲ့ မြန်မာအဖွဲ့တွေလည်း ရှိပါတယ်။
Private Limited Company ထောင်မယ်ဆိုရင်တော့ director တစ်ယောက်နဲ့၊ shareholder တစ်ယောက် ရှိရင် ရပါပြီ။ တစ်ယောက်တည်းကပဲ director ကော shareholder ကော ဖြစ်လို့ရပါသေးတယ်။ ဒါပေမယ့် တစ်ယောက်စီသက်သက်နဲ့ အနည်းဆုံး ၂ယောက်လောက်တော့ ရှိသင့်ပါတယ်။ နောက်ကုမ္ပဏီ incorporate လုပ်ပြီး ခြောက်လအတွင်းမှာ secretary တစ်ယောက် ခန့်ထားဖို့လဲ လိုအပ်ပါတယ်။ ကုမ္ပဏီထောင်တဲ့နေရာမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုက ကုမ္ပဏီနာမည် မှတ်ပုံတင်တာနဲ့ (name registration) နောက်တစ်ခုက incorporation ပိုင်းပါ။
ကုမ္ပဏီနာမည်နဲ့ business structure ကို ဆုံးဖြတ်ပြီးရင်တော့ http://www.bizfile.gov.sg/ ဆိုတဲ့ ဆိုက်ကနေ name registration လုပ်လို့ ရပါပြီ။ နာမည် မှတ်ပုံတင်က ၁၅ဒေါ်လာပါ။ ၂ရက်-၃ရက်လောက် စောင့်ပြီးရင် approve လား၊ reject လားဆိုတာ အကြောင်းပြန်ပါမယ်။ စင်္ကာပူရဲ့ reserved name တွေလိုမျိုး Temasak တို့ ဘာတို့ မပါရင် approve ပဲ ဖြစ်မှာပါ။ ဒါဆိုရင်တော့ incorporate လုပ်တဲ့ အဆင့်ကို သွားလို့ရပြီ။ http://www.bizfile.gov.sg/ ဆိုက်ကနေပဲ လုပ်ရမှာပါ။ Director ဘယ်သူတွေပါတယ်၊ shareholder ဘယ်သူတွေ ပါတယ်၊ အစုရှယ်ယာဘယ်နှစ်ခု၊ ရှယ်ယာတစ်ခုကို တန်ဖိုးဘယ်လောက်၊ secretary ဘယ်သူ စတာတွေကို online ကနေ ဖြည့်ပြီး submit လုပ်ရပါမယ်။ Private Limited (Pte. Ltd) company အတွက်ဆို fee က ၃၀၀ဒေါ်လာ ပေးရပါမယ်။ ဒါပြီးရင်တော့ ကုမ္ပဏီ incorporated ဖြစ်သွားပါပြီ။
ဒါတွေက အတွေ့အကြုံနဲ့ ဖတ်ဖူးသမျှ နားလည်သလို ပြန်ရေးထားတာပါ။ ဒါလေးဖတ်ပြီး ဆုံးဖြတ်ချက် ချဖို့ မဟုတ်ပါဘူး။ ပိုမိုနားလည်တဲ့ ရှေ့နေတွေ၊ certified public accountant (CPA) တွေနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါသေးတယ်။
ကဲ… စိတ်ထဲရှိတာ အကုန်ချရေးလိုက်တာ။ ချင့်သာ ယုံကြ။
Facebook comments:






Great post
There are something inside which is I wanna to know. Thanks Bro.
1). May I know how about tax after declared as Private Limited Company?
2). Is it need to change current EP to another business pass to work as director or shareholder?
Getting Real + Rework
You can add Paul Graham as well.
Thanks.
၁ ကတော့ ကျွန်တော်မပြောတတ်ဘူး… ကိုယ့် စာရင်းစစ်နဲ့ secretary ကနေ တင်ရမယ် ထင်တယ်…
၂ ကတော့ ပြောင်းစရာ မလုိဘူးလုိ့ ပြောရမယ်။ ဒါတစ်နည်းပြောရရင် စတော့ရှယ်ယာ ပိုင်ဆိုင်မှုပဲလေ။ ဒါပေမယ့် ဒီ ကိုယ် ဒါရုိက်တာ လုပ်ထားတဲ့ ကုမ္ပဏီအတွက် အချိန်ပေး အလုပ်လုပ်တော့မယ် ဆုိရင်တော့ ပြောင်းရင် ပြောင်းရမယ်။ ကုိယ့်အလုပ်ရှင်နဲ့ ညှိနိှုင်းဆွေးနွေးဖုိ့ လိုမယ်။
သိသလောက် ပြောတာပါ။ သူတုိ့တွေကလည်း အပြောင်းအလဲတွေက များတော့ ဒါအမှန်လုိ့တော့ တစ်ထစ်ချ မမှတ်လုိက်ပါနဲ့…
အဲ.. စာရင်းစစ်နဲ့ secretary ကိစ္စကို ကျွန်တော် စုံစမ်းကြည့်သေးတယ်။ Singaporean နဲ့ အလုပ်လုပ်နေရင်တော့ အဲဒါတွေက မလိုဘူး။ Founder တွေက PR သို့မဟုတ် EP တွေဖြစ်ရင်တော့ စာရင်းစစ် ၊secretary ကိစ္စတွေလာစစ်ကောတဲ့။ နောက်ပြီး Tax ကိစ္စတွေလည်း ပုံမှန် လာစစ်ကော။ Founder မှာ Singaporean ဆိုရင် စာရင်းစစ်တို့ secretary တို့ မရှိလည်း ဖြစ်တယ်။ သိပ်ပြီး အလေးမစားဘူး။ အရင်ရုံးက ၁ နှစ်ကျော်သွားတာတောင် စာရင်းစစ်လည်း မရှိ secretary လည်း မရှိ။ အဲဒီ နှစ်ခုလုံးကို Mangager တစ်ယောက်ထဲပဲ တာဝန်ယူထားတယ်။
Thanks for the info. We should take care.
ဟုတ် အကြမ်းမျဉ်းလေး သိရတာကျေးဇူးပါ စေတန်ရော၊ အောင်စည်သူကျော်ပါ။
Singaporean မဟုတ်ရင်တောင် PR ဆိုတောင်တော်သေးတယ်။ ကျွန်တော့် ခု company က secretary လည်းမရှိ၊ audit လည်းမလာဘူးဗျ။ ကျွန်တော်လုပ်တာတင် ၂ နှစ်ရှိနေပြီ။ တစ်ခါမှလာတာ မတွေ့ဘူးရယ်။
My boss is not Singaporean…. just older than me one year .. after he graduated, he run as his own company
Third party audit company might be do as secretary and audit on behalf. you can hire at International Plaza.
I think, tax rate is 17% on last 1 years ago. you can get tax free for first 2 years for star-up.
This is a useful article. We also have the same view for many points.
ကော်ဖီမစ်တွေ၊ ဆပ်ပြာမှုန့်တွေ ရောင်းတဲ့ Business Model လေးမျိုးဆိုရင်ကော။ Company ကြီးတွေ လုပ်ငန်းကြီးတွေ အထိမလုပ်ဘဲ၊ တစ်နိုင်တစ်ပိုင်လေး consistent passive income ရမယ့် အလုပ်မျိုးအတွက်ကော မှတ်ပုံတင်ရမလား။
ဥပမာ online နေ ebook တွေရေးရောင်းတယ်ဆိုပါတော့။ ပိုက်ဆံဝင်တယ်ဆိုရင် Business နာမည်ခံရမလား။ extra personal income အတွက် အခွန်ဆောင်ရဦးမှာလား။
@Ye Min Than – thanks for the info.

@Min Thu – thanks. Wish you more success with your *mo sites.
@ကိုသာသာ – ဒါကြီးကို ဘိဇနက်လို့ မသက်မှတ်ပဲ ဝါသနာလို့ ထားလိုက်ရင်ကောဗျာ။ ဒါကို ကျွန်တော့် အသိတစ်ယောက်ဆီကနေ မှတ်ဖူးတာပါ။ ကိုယ် ဘယ်လို position ထားလဲ ဆိုတာပဲ အရေးကြီးတယ်။ ကိုယ်အွန်လိုင်းမှာ စာရေးတယ်။ ကိုယ့်ပစ္စည်းတွေ တင်ထားတယ်။ ဒါလေးတွေ လုပ်ရတာ ကိုယ့်အားလပ်ချိန်အတွက် ဝါသနာပါလို့ လုပ်တာလို့ ထားလိုက်ပေါ့။ ကိုယ့်ဝါသနာကနေ ပိုက်ဆံရတာ။ ပိုက်ဆံရှာဖို့အတွက် သက်သက်အလုပ်ကြီး လုပ်နေတာ မဟုတ်ဘူးပေါ့။ ကိုယ့်ဝါသနာကိုတော့ ပြဿနာ လာရှာလို့ဘယ်ရမလဲ။ ၀င်ငွေတွေ အများကြီး ရှိတဲ့ စီးပွားရေးသဘော ဖြစ်လာပြီ။ အချိန်ပြည့် အလုပ်ဖြစ်လာပြီ ဆိုရင်တော့ လိုလာမှာပေါ့။ တွေးမိတာလေးပါ။ Thanks
start-up@singapore is here again!
http://startup.org.sg/
http://competition.startup.org.sg/
Thanks. I’ve plan to shoot for it since I already have a few exec. summary. But not sure yet.
Ko ASTK, I wish you a great success with what you are doing too.