Startup လား၊ တကယ်ကော အလုပ်ဖြစ်သလား?

ကိုမြင့်ကျော်သူဆိုတာ Total Game Play ဆိုတဲ့ နိုင်ငံတကာအဆင့် Game Portal တစ်ခုကို တည်ထောင်ထားသူ ဖြစ်ပြီး မြန်မာပြည်ရဲ့ Game Developer လောကမှာ Pioneer လို့ ဆိုနိုင်သူ တစ်ဦး ဖြစ်ပါတယ်။ Total Game Play ဆိုတဲ့ Game Studio တစ်ခုကို တည်ထောင်ထားပြီး ကိုယ်ပိုင် ဂိမ်းများကို ရေးသားနေသူ တစ်ဦးဖြစ်ပါတယ်။

Website – www.totalgameplay.com

ရေးသားသူ – ကိုမြင့်ကျော်သူ

ကွန်ပျူတာ တက္ကသိုလ်က ကျောင်းပြီး လာတယ်။ ဒါမှမဟုတ် KMD တို့၊ အပြင်ကျောင်းတို့မှာ ကျောင်းပြီးသွားတယ်။ အလုပ်ထဲ ဝင်ရတော့မယ်။ ဒီနေရာမှာ ရွေးချယ်စရာ နှစ်မျိုးရှိတယ်။ တစ်မျိုးက သူများ company မှာ အလုပ် သွားလျှောက်တာ။ ဒါကတော့ ရှင်းတယ်။ Resume ရေး၊ ကျောင်းတုန်းက project လေးတွေ CD နဲ့ဘမ်း ပြီးရင် အလုပ်ခေါ်တဲ့ company ကို သွားလျှောက်ရုံဘဲ။ နောက်တမျိုးကတော့ ကိုယ်ပိုင် company ထောင်မယ်၊ ကိုယ်ပိုင် စီးပွားရေး လုပ်မယ်။ နှစ်လမ်းလုံးမှာ သူ့အားသာချက်၊ သူ့အားနည်းချက်တွေ ရှိပါတယ်။ ဘယ်ဟာက ပိုကောင်းတယ်လို့ ပြောလို့မရသလို၊ ကိုယ်ကြိုက်တဲ့လိုင်း ကိုယ်လိုက်ရုံပါဘဲ။

ဒီ article က ကိုယ်ပိုင် စီးပွားရေးလုပ်မဲ့ အကြောင်းမို့ အလုပ်လျှောက်တဲ့ အကြောင်း မပြောတော့ဘဲ ဒီနေရာမှာ ကိုယ်ပိုင် စီးပွားရေးလုပ်တဲ့ start-up တွေ အကြောင်း ပြောချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို ကျောင်းပြီးပြီးချင်း စခဲ့ပါတယ်။ အောင်မြင်တာတွေ ရှိသလို၊ ကျရှုံးခဲ့တာတွေလဲ အများကြီးပါဘဲ။ အထူးသဖြင့် နိုင်ငံခြားက စီးပွားရေး စာအုပ်တွေ ဖတ်ပေမဲ့၊ ဒီမှာ လက်တွေ့ကျင့်သုံးလို့ မရတာတွေက အများသားပါ။ တရွာတပုဒ်ဆန်း ဆိုသလို ကျွန်တော်တို့ နိုင်ငံနဲ့ သိပ်မကိုက်ညီလှတဲ့ သဘောတရား သီအိုရီတွေက ကများပါတယ်။ ဒီမှာ Business Plan ရေးမယ်၊ VC (Venture Capitalist) ရှာမယ်၊ ပြီးရင် အလုပ်လုပ် ဆိုတာမျိုး ဒီမှာ လုပ်လို့မရပါဘူး (ps: နိုင်ခြားမှာလဲ လုပ်ဖို့ မလွယ်ပေမဲ့ ဒီမှာကတော့ VC ဆိုတာ ရှိကိုမရှိတာပါ)။ Infrastructure အခက်အခဲတွေလဲ ရှိပါသေးတယ်။ ဒါပေမဲ့ အားနည်းချက်တွေ ပဲလားဆိုတော့၊ နိုင်ငံခြားထက် အားသာချက်တွေလဲ ရှိနေပါသေးတယ်။

Start-up: တကယ် အလုပ်ဖြစ်သလား?

Start up တွေ ဒီမှာ အလုပ် တကယ်ဖြစ်သလား? Million dollars တန် မေးခွန်းပါ။ သေချာကြည့်ရင် အောင်မြင်တဲ့ IT start up တွေ (hardware ရောင်းတာကလွဲရင်) အရင်ကထက် တော်တော် နည်းလာတာပါဘဲ။ Company နာမည်သစ်တွေ ကြားနေရပေမဲ့၊ ရှေ့ကိုရောက်လာတဲ့ နာမည် တွေကတော့ မရှိသလောက်ပါ။ ကောက်ချက် ချမိတာက ဒီမှာ Start-up လုပ်ဖို့ အရင်ကထက် ပိုခက်လာတာ ပါပဲ။ ဒါတကယ်လဲ မှန်ပါတယ်။ Internet လို infrastructure တွေ တိုးတက်လာပေမဲ့၊ အရေးကြီးဆုံး Human Resource infrastructure က brain drain ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ လုပ်လို့ လုံးဝ မရတာတော့ မဟုတ်သေးပါဘူး။ ကြိုးစားရင် အောင်မြင် နိုင်ပါသေးတယ်။ တခြား Infrastructure တွေ တိုးတက်လာတာလဲ ကိုယ့်အတွက် အခွင့်ကောင်းဘဲ ဖြစ်ပါတယ်။

Start-up: တကယ် စလုပ်သင့်သလား?

မေးစရာ မေးခွန်းက ကျောင်းပြီးပြီးချင်း company တန်းပြီးထောင် သင့်ပါသလား? အလုပ်ထဲဝင်ပြီး ပညာယူပြီးမှ ကိုယ်ပိုင် စရင် ပိုမကောင်း ဘူးလား။ ကျွန်တော့်အနေနဲ့ တော့ အကြံပေးချင်တာ အစကတည်းက ကိုယ်ပိုင်စီးပွားရေး လုပ်ချင်ရင် တန်းသာ လုပ်လိုက်ပါ။ အလုပ်ထဲက ပညာယူမယ် ဆိုတာ၊ ဘာပညာ ယူမှာလဲ။ အလုပ်လုပ်တဲ့ ပညာရပ် (technical knowledge) နဲ့ အလုပ်ရှင် လိုအပ်တဲ့ စီမံခန့်ခွဲမှု ပညာရပ် (management knowledge) က သပ်သပ်စီ ဖြစ်ပါတယ်။ အလုပ်ဝင်လုပ်ရင် ဘယ်လို လုပ်ရသလဲ ဆိုတာဘဲ သိမယ်၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ တကယ်တော့ မသိနိုင်ပါဘူး။ ကိုယ်ပိုင်လုပ်ငန်း စလုပ်ရင် တွေ့ရမဲ့ သင်ခန်းစာတွေက အများကြီးပါ။ လုပ်ရင်း ကိုင်ရင်းနဲ့ အတွေ့အကြုံရှာပါ။ ဒီလို အတွေ့အကြုံမျိုးက သူများဆီမှာ သွားလုပ်လဲ ရမှာမဟုတ်ပါဘူး။ ဒီတော့ အစကတည်းက အလုပ်သမားဘဲ လုပ်မယ်ဆိုရင် သူများဆီမှာလုပ်၊ ကိုယ်တိုင် အလုပ်ရှင် လုပ်မှာဆိုရင် အစကတည်းက ကိုယ်ပိုင် စီးပွားရေးလုပ်။

Start-up: လုပ်ဖို့ ဘာတွေလိုမလဲ?

Company တစ်ခုထောင်ဖို့ ဘာလိုမလဲ ပြောရင်၊ အရပ်ထဲမှာတော့ ရှေ့နေနဲ့ စာရွက်စာတမ်းတွေလုပ်၊ company သွားလျှောက်၊ ကျရင် ကိုယ့် company နောက်မှာ Co. Ltd အမြီးလေး တပ်လိုက်ရင် company ဖြစ်ပြီလို့ ထင်ကြပါတယ်။ တကယ်တော့ ဒါမဟုတ်ပါဘူး။ Co. Ltd ဆိုတာ company အမျိုးအစား တခုဖြစ်ပေမဲ့ သူတစ်မျိုးထဲ ရှိတာတော့ မဟုတ်ပါဘူး။ လွယ်လွယ် ခေါ်နေကြတဲ့ company ဆိုတဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားထဲမှာ -

  1. self-employed
  2. partnership
  3. company
  4. limited company
  5. public company

ဆိုပြီး အကြမ်းဖျင်း ပြောရမှာ ဖြစ်ပါတယ်။ Self-employed ဆိုတာ တစ်ဦးတည်း လုပ်တဲ့ လုပ်ငန်းမျိုးလို့ အကြမ်းဖျင်း ဆိုရမှာပေါ့။ သူကတော့ ဥပဒေနဲ့ ဘာမှ သိပ်ကာကွယ် ပေးမထားသလို၊ Self-employed အတွက် ဥပဒေအရ ဘာစာရွက် စာတမ်းတွေမှ လုပ်စရာ မလိုပါဘူး။ လုပ်ငန်းကို တစ်ဦးတည်းပဲ လုပ်တယ်၊ ဥပဒေ အရှုပ်အရှင်း ဖြစ်ခဲ့ရင် သူတဦးတည်းကပဲ တာဝန်ယူရမယ် ဆိုတော့ ရှင်းပါတယ်။ Self-employ တစ်ဦးတည်းလို့ ပြောပေမဲ့ ကိုယ်က လူသုံးလေးယောက် စပ်တူလုပ်လဲ ရပါတယ်။ ဒါပေမဲ့ ဖြစ်သမျှတော့ ကိုယ့်အချင်းချင်း ညှိခံပေါ့။ တကယ်လို့ ငွေးကြေးအရှုပ်အရှင်း ဥပမာ၊ သူက ရှယ်ယာဘယ်လောက်ရသင့်တယ်၊ ငါက ဘယ်လောက် ရသင့်တယ်လို့ ဖြစ်ရင်လဲ ကိုယ့်အချင်းချင်းဘဲ ညှိလို့ရပါတယ်။ ဘာလို့ဆို တယောက် ရှယ်ယာ ဘယ်လောက်လို့ ဥပဒေအရ စာချုပ်စာတမ်းတွေနဲ့ လုပ်မထားလို့ ရုံးတက်ဖြေရှင်းလဲ ရုံးက ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။

ဒီလိုမှမလုပ်ချင်ရင် Partnership ဆိုပြီး လုပ်ငန်းဖွဲ့လို့ရတယ်။ သူ့ကျတော့ တယောက်က ဘယ်လောက် ရပိုင်ခွင့်ရှိပါတယ် ဆိုပြီး စာချုပ်စာတမ်းနဲ့ ဥပဒေနဲ့အညီ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Partnership မှာကျတော့ company ကိုဘယ်သူက အုပ်ချုပ်ပါမယ်၊ ဆိုတဲ့ အသေးစိတ် အုပ်ချုပ်ပုံတွေကျ မပါသေးဘူး။ တကယ်လို့ သူ boss လုပ်မယ်၊ ငါ boss လုပ်မယ် ငြင်းကြကြေး ဆိုရင်တော့ Company လုပ်ငန်း လျှောက်ရပါမယ်။ Company ဖြစ်သွားတဲ့အခါ၊ ရပိုင်ခွင့်တွေ၊ အုပ်ချုပ်ပုံတွေကို ဥပဒေအရ စာချုပ်စာတမ်းနဲ့ အသေးစိတ် လုပ်ရပါတယ်။ ဒါကတော့ လုပ်ငန်း company အမျိုးအစားကို အကြမ်းဖျင်း ပြောတာ ဖြစ်ပါတယ်။ တကယ်လဲ Start-up လုပ်မယ်ဆိုရင် ဥပဒေကြောင်းအရ အသေးစိတ်လေ့လာ သင့်ပါသေးတယ်။

တကယ်လို့ Start-up စလုပ်မယ်ဆိုရင် အသင့်တော်ဆုံးက Self-employed ပါဘဲ။ ကိုယ်က ရှယ်ယာရှင်တွေ အများကြီးရှိမှာ မဟုတ်တဲ့အတွက်၊ ဘာ registration fee မှလဲ ပေးစရာမလိုတဲ့ အတွက် သင့်တော်တာ ဖြစ်ပါတယ်။ ကိုယ်က company ထောင်ချင်ပေမဲ့ company registration ကြေး မတတ်နိုင်လို့ company မထောင်ရဘူးဆိုတာ မဟုတ်ပါဘူး။ တချိူ့ကျ ဘာ company registration မှလဲမလုပ်ဘဲ ကိုယ့် company နာမည်နောက်မှာ Ltd တွေ၊ Plc တွေစတဲ့ အမြီးတွေ အကျအန တပ်ထားတာလဲ မှားပါတယ်။ Limited company (ပေးရန် limit ရှိသော company) ဆိုတာ ဥပဒေနဲ့ လျှောက်ယူမှ အမြီးတပ် နိုင်တာမျိုးပါ။

ဒီတော့ Start-up တစ်ခုလုပ်ဖို့ ဘာလိုမလဲ။ ပထမဦးဆုံးလိုတာ Vision ပါ။ ပြီးရင် ဦးဆောင်မဲ့ ခေါင်းဆောင် ကောင်းပါ။ ပြီးရင်တော့ ငွေမလိုဘဲ မိဘအိမ်မှာ ကပ်စားနိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ မိဘအိမ်မှာ ကပ်စားနိုင်တဲ့ အခြေအနေက သိပ်လိုပါတယ်။ Start up တွေအနေနဲ့ ပထမဆုံး အမြတ်ငွေကို မြင်ရဖို့ နှစ်ချီ ကြာနိုင်ပါတယ်။ ကိုယ်ကလဲ အစဆိုတော့ အရာအားလုံးက သင်ယူရမှာတွေ ဖြစ်နေလို့လဲ ပါပါတယ်။ အတွေ့အကြုံရှိပြီးသား သူတွေမှာတော့ ချက်ချင်းဝင်ငွေ ဝင်နိုင်ပါတယ်။ သူတို့တွေတောင် အောင်မြင်တဲ့ အခြေအနေ ရောက်ဖို့ နှစ်ချီ ကြိုးစား ရပါဦးမယ်။ ဒါကြောင့် ကျောင်းပြီးရင် start-up လုပ်ဖို့က အလွန် ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ ဘာလို့လဲဆို ဒီအချိန်က အိမ်မှာ ကပ်စားဖို့ အခြေနေကောင်း ဖြစ်ပါတယ်။ တချို့ဆို အိမ်ထောင်ကျ၊ ဒါမှမဟုတ် နိုင်ငံခြား ထွက်သွားတဲ့အခါ လူတန်းစေ့ ရပ်တည်ဖို့ ငွေက လိုလာပါပြီ။ နိုင်ငံခြား ထွက်ပြီးမှ Start-up လုပ်ချင်တဲ့အခါ ဟိုမှာ နေထိုင်စရိတ်မြင့်တော့ ပိုက်ဆံမရှိဘဲ မရပ်တည်နိုင်တာနဲ့ ကိုယ်ပိုင် company ထောင်ဖို့က တော်တော် အလှမ်းဝေး နေတတ်ပါတယ်။

နောက်ပြီး Start-up လုပ်တဲ့အခါ ဘယ်တော့မှ တစ်ယောက်တည်း မစသင့်ပါဘူး။ ပထမ အဓိက အချက်က ဘယ်သူမှမသိ တစ်ယောက်တည်း လုပ်တဲ့အခါမှာ ဘယ်သူမှမသိဘဲ ကိုယ့်ရဲ့ start-up company လဲ ပျောက်သွားဖို့ ရှိပါတယ်။ နောက် partner တစ်ယောက် ပါတဲ့အခါ ကိုယ်က သူ့အတွက်ပါ တာဝန်ယူရသလို ဖြစ်နေတော့ ပိုပြီး မကျရှုံးအောင် အားစိုက် တတ်ပါတယ်။ လုပ်ငန်း တစ်ခုဆိုတာလည်း လူတယောက်ထဲ လုပ်ဖို့က တော်တော် ခက်ပါတယ်။ လုပ်ငန်း တာဝန်တွေ ခွဲပေးဖို့က partner လိုပါတယ်။ အဲဒီအချိန်မှာ ကိုယ်ကလဲ ပိုက်ဆံပေးပြီး ၀န်ထမ်း မငှားနိုင်သေးတဲ့ အတွက် အလုပ်တွေ ဖြစ်မြောက်အောင် လုပ်ဖို့က လူတယောက်မက လိုမှာ ဖြစ်ပါတယ်။ ဝန်ထမ်း ငှားနိုင်တဲ့ ငွေရှိရင်တောင် လုံးဝ မငှားသင့် သေးပါဘူး။ ၀န်ထမ်းနဲ့ partner က ကွာပါတယ်။ ၀န်ထမ်းက ပိုက်ဆံ ရသလောက်ဘဲ လုပ်မှာ ဖြစ်ပြီး၊ partner လို ကိုယ့်လုပ်ငန်း အောင်မြင်ဖို့ အင်တိုက် အားတိုက် ကြိုးစားမှာ မဟုတ်လို့ပါ။ ဒီလို Start-up အချိန်မှာ တယောက်ထဲလဲ နှစ်လုပ်သုံးလုပ် တာဝန်ယူ လုပ်ရတတ်ပါတယ်။ အချိန်လဲ တနေ့ ၁၅ နာရီလောက် လုပ်ချင် လုပ်ရတတ်ပါတယ်။ ဒါမျိုးကျတော့ ၀န်ထမ်းက လုပ်ပေးမှာ မဟုတ်ဘဲ၊ partner ကသာ လုပ်ငန်း အောင်မြင်ရေးအတွက် အနစ်နာ ခံပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ partner ရွေးတာကတော့ ဒုတိယ အရေးအကြီးဆုံး ဖြစ်ပါတယ်။ Partner ရွေးမှားခဲ့ရင် လုပ်ငန်း မအောင်မြင်ဘဲ မြန်မြန် လမ်းခွဲရဖို့ ရှိတာကတော့ ပြောပြနေဖို့တောင် မလိုပါဘူး။ ကိုယ့်ရဲ့ Partner မှာ လိုအပ်တာကတော့

  1. Company ရဲ့ Vision ကိုအပြည့်အဝ ယုံကြည်မှု
  2. ပိုက်ဆံမလိုတဲ့ အခြေအနေ (ကိုယ်လိုဘဲ မိဘအိမ် ကပ်စားတဲ့ အခြေအနေပေါ့)
  3. မိမိတာဝန်ယူရမဲ့ လုပ်ငန်းပိုင်းကို ကျွမ်းကျင်မှု တို့ဖြစ်ပါတယ်။

တစ်ချက်ချင်းဆီက သိပ်အရေးကြီးပါတယ်။ အားလုံးနဲ့ ပြည့်စုံမှ ကိုယ့်ရဲ့ partner ကောင်းဖြစ်မှာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ Vision ဟာ သူရဲ့ Vision လဲ ဖြစ်ရပါမယ်။ ဂိမ်းလုပ်မယ်ဆို partner ကလဲ ဂိမ်းရူးဖြစ်ရပါမယ်။ ဂီတလုပ်မှာဆို ဂီတကို ဘဝနဲ့ရင်းပြီး ယုံကြည်သူမျိုး ဖြစ်ဖို့ လိုပါတယ်။ ဒီအခါ ကိုယ့် partner ရဲ့ပတ်ဝန်းကျင်က နိုင်ငံခြား ကျောင်းသွားတက်ဖို့ တွန်းအား ပေးတဲ့အခါ၊ အလုပ်ထွက် လုပ်ခိုင်းတဲ့ အခါမျိုးတွေမှာ သူက ကိုယ့် လုပ်ငန်းဖက်က မားမားမတ်မတ် ရပ်တည်မှာ ဖြစ်ပါတယ်။ Member တယောက် နိုင်ငံခြား ကျောင်းသွားတက်လို့ ကွဲသွားတဲ့ music band တွေ အများကြီး တွေ့ဖူးပါတယ်။ ဒါမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကိုယ် မအောင်မြင်သေးတဲ့ အချိန်မှာ ကိုယ်နဲ့လိုက် ၀ဋ်ခံဖို့က အပြော လွယ်သလောက် တကယ်လက်တွေ့မှာ ရှားပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်း vision မှာ ကိုယ့် partner ရဲ့ယုံကြည်ချက် ခိုင်မာဖို့က အရေး အကြီးဆုံး ဖြစ်ပါတယ်။

ယုံကြည်ချက် ခိုင်မာဖို့အပြင် ကိုယ်လိုဘဲ ပိုက်ဆံ မလိုဖို့ကလဲ လိုပါသေးတယ်။ ပိုက်ဆံလိုတဲ့အခါ ယုံကြည်ချက် ဘယ်လောက် ခိုင်မာခိုင်မာ အူမတောင့်မှ သီလဆောင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် partner ရွေးတဲ့အခါ ကိုယ်လို ပိုက်ဆံမလိုတဲ့ သူမျိုးကိုဘဲ ရွေးချယ်သင့်ပါတယ်။ တကယ်လို့ partner က ပိုက်ဆံ လိုခဲ့တယ်၊ ကိုယ့်မှာလဲ ရင်းနှီးဖို့ ပိုက်ဆံ အပိုရှိနေတယ် ဆိုရင် သူ့ကို share လဲပေးမယ်၊ လခသဘောမျိုးလဲ ပေးထားတာဟာ လုံးဝမှားတဲ့ အလုပ် ဖြစ်ပါတယ်။ ဒါက ကိုယ့်အတွက် အားကျိုး မာန်တက် ကြိုးစားပေးမဲ့ partner ကို မကြိုးစားတော့တဲ့ အလုပ်သမားအဖြစ် ပြောင်းပြစ်လိုက်တာ နဲ့အတူတူပါဘဲ။ ဒီနေရာမှာ ထူးဆန်းတာက လူဆိုတာ ပိုက်ဆံမရရင် အသေအကြေ ကြိုးစားတတ်ပေမဲ့၊ ပိုက်ဆံပေးလိုက်ရင် ကြိုးစားတာ လျှော့သွားပါတယ်။ ထူးဆန်းပေမဲ့ ဒါက တကယ့်အမှန်တရား ဖြစ်ပါတယ်။

နောင် တစ်ချက်ကတော့ ကိုယ့် partner တာဝန်ယူမဲ့ လုပ်ငန်းပိုင်းကို သူကိုယ်တိုင် ကျွမ်းကျင်ဖို့ လိုတဲ့အချက် ဖြစ်ပါတယ််။ ဒီသိပြီးသား အချက်ကို ထပ်ပြောရတာက အများစုက သူတော့ မတတ်သေးဘူး၊ ဒါပေမဲ့ လုပ်ရင်းနဲ့ လေ့လာမယ်လို့ တာဝန်ခံ တတ်ပါတယ်။ ဒါဆိုရင်တော့ သတိထားပါ။ သူ့ရဲ့ လေ့လာအားနဲ့ ဉာဏ်ရည် ဉာဏ်သွေးကို အူတွင်းကျ သိထားရင် ကိစ္စမရှိပေမဲ့၊ သူ တာဝန်ခံထားတဲ့အတိုင်း မီအောင် လိုက်မလုပ် နိုင်တဲ့အခါ လုပ်ငန်းမှာ ပြသနာတွေနဲ့ ရင်ဆိုင် ရပါလိမ့်မယ်။ အကောင်းဆုံးကတော့ လက်ငင်း ကျွမ်းကျင်စွာ လုပ်နိုင်တဲ့ သူကို ဦးစားပေး ခေါ်ပါ။ တကယ်လို့ မတွေ့နိုင်ရင် နောက်ပိုင်း သူလုပ်နိုင်လောက်တယ်ဆိုတာ သေသေချာချာ သိမှပဲ ခေါ်ပါ။ ဒီနေရာမှာ ခေါင်းဆောင်ကောင်းတွေရဲ့ လူကဲခတ်တတ်တဲ့ ပညာက စကား သိပ်ပြောပါတယ်။ တကယ်လို့ ကိုယ်ပိုင်လုပ်ငန်း Start-up လုပ်မယ်ဆို လူကဲခတ်တတ်တဲ့ အရည်အချင်းက မရှိမဖြစ်လိုမှာ ဖြစ်ပါတယ်။ ခုပြောတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ partner ကိုဘဲရှာပြီး partnership ဖွဲ့ပါ။ မရှိရင်တော့ လူတကာ လျှောက်ခေါ်မဲ့အစား တွေ့တဲ့အထိ စောင့်ရှာ သင့်ပါတယ်။

ဒီနေရာမှာ အများစု အထင်မှားနေတာ ကိုယ်ပိုင် စီးပွားရေးလုပ်ရင် ပိုပြီး ဝင်ငွေကောင်းမယ် ဆိုတာပါဘဲ။ တချို့ဆို ကိုယ်ပိုင် company ထောင်ရင် ချမ်းသာပြီလို့ တန်းတွက် တတ်ပါသေးတယ်။ တကယ်တော့ ဒါက လုံးဝ မဟုတ်ပါဘူး။ ကောင်းချင်လဲ ကောင်းမယ်၊ ကောင်းချင်မှလဲ ကောင်းမယ်။ ဒါကိုယ်ရဲ့ ရည်ရွယ်ချက်၊ ကိုယ်မျှော်မှန်းတဲ့ အတိုင်းအတာ ပေါ်မူတည်ပြီး ကိုယ့်ရဲ့လုပ်ငန်းက အမြတ်ဝင်ငွေ (gross revenues) က သူများဆီက လခထက် နည်းချင်လဲ နည်းနိုင်ပါတယ်။ များသောအားဖြင့် ၀င်ငွေ (အမြတ် + အရင်း) ကတော့ အလုပ်သမားတစ်ယောက် လခထက် များပါတယ်။ ဒါကိုပဲ အရင်း မနုတ်ရသေးတဲ့ Total Revenues ကိုကြည့်ပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်ရင် ပိုက်ဆံ ပိုရတယ်လို့ အမြင် မှားတတ်ကြတာပါ။ နောက် ကိုယ်ပိုင် လုပ်ငန်းမှာ ရှုံးနိုင်ချေ risk ပါ ထည့်ပေါင်းလိုက်ရင် ကိုယ့်ရဲ့ဝင်ငွေက သူများတွေရဲ့ လခထက် နည်းသွားတတ်ပါတယ်။ ဒီလိုပြောရတာ ကိုယ်ပိုင် လုပ်ငန်းဆိုတာ သိုက်တူးသလို ချမ်းသာဖို့ထင်ပြီး ကိုယ်ပိုင် လုပ်ငန်းကို ပိုက်ဆံတစ်ခုထဲ ကြည့်မိပြီး မလုပ်မိစေချင်လို့ပါ။

ဒါပေမဲ့ ကိုယ်ပိုင် လုပ်ငန်းမှာ အားသာချက်တွေလဲ ရှိနေပါသေးတယ်။ အဓိက ကတော့ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင် vision နဲ့လုပ်နေရတော့ မိမိ အောင်မြင်မှုပေါ်ကို ပိုပြီး စိတ်ကြေနပ်မှု ဖြစ်တာ ဖြစ်ပါတယ်။ နောက်ပြီး ကံဆိုတာ ကိုယ့်လက်ထဲမှာ ရှိနေတော့ ကိုယ့် boss အသုံးမကျလို့ လုပ်ငန်း မလည်ဘဲ ၀င်ငွေ မတိုးတာ၊ company bankrupt ဖြစ်သွားလို့ အလုပ်ပြုတ်တာတွေ မရှိတော့ပါဘူး။

နောက်တခုက ကိုယ်ပိုင်စီးပွားရေး လုပ်ရင် သူများဆီ သွားမလုပ်ပါနဲ့။ သူများဆီမှာ လုပ်ရင်လဲ ကိုယ်ပိုင် မထောင်ပါနဲ့။ သဘောတရားခြင်း သိပ်ကွာနေလို့ပါ။ လူဆိုတာ တခုက အဆင်မပြေရင် မျောက်လွဲကျော် ကိုင်းကူးသလို နောက်တစ်ကိုင်း ကူးချင်ကြပါတယ်။ Boss နဲ့ အဆင်မပြေလို့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တာ၊ Stress တွေမခံနိုင်လို့၊ ကိုယ်ပိုင် လုပ်ငန်းဆို ၀င်ငွေပိုကောင်းမယ်ထင်လို့ စတဲ့ဆင်ခြေတွေနဲ့ Entrepreneur လိုင်းဖက် ကူးလာမျိုးကို လုံးဝ မထောက်ခံသလို၊ ဒီဘက်ကူးခဲ့လဲ အဆင်ပြေမယ် မဟုတ်ပါ။

ကိုယ်ပိုင် လုပ်နေရင်း လက်ငင်း အဆင် မပြေတာလေးနဲ့လဲ သူများဆီ သွားလုပ်မယ်ဆိုပြီး အားလျှော့တာမျိူးလဲ မဖြစ်သင့်ပါဘူး။ အလုပ်လုပ်တဲ့အခါ ဘယ်အလုပ် လုပ်လုပ် ဝင်ငွေအပြင် experience လို့ခေါ်တဲ့ အတွေ့အကြုံလဲ ရပါတယ်။ တစ်ခြား လိုင်းပြောင်းလိုက်တဲ့အခါ ရှိသမျှ experience တွေကို လွတ်ပစ်လိုက် ရပါတော့တယ်။ ဒီအခါ အောင်မြင်ရမဲ ့အချိန်မှာ မအောင်မြင်တော့ဘဲ၊ မအောင်မြင်တော့ ကိုင်းထပ်ခုန်၊ ဒီလိုနဲ့ သံသရာလည်ပြီး ဘယ်တော့မှာ အောင်မြင်တော့မှာ မဟုတ်ပါဘူး။

ဆက်ပါဦးမယ် …

Facebook comments:

13 Responses

  1. Thiha says:

    ကိုမြင့်ကျော်သူရေးထားတာ တကယ့်ကို မြန်မာပြည်မှာ Startup လုပ်ရမယ့် နည်းအစစ်ပဲဗျ၊ ကျွန်တော်တုန်းကတော့ အိမ်ပေါ်က ဆင်းနေတာဆိုတော့ ဒုက္ခရောက် လိုက်တာဗျာ၊ ကပ်စားစရာမရှိ၊ မဖြစ်ဖြစ်အောင် ပိုက်ဆံရှာ၊ သမင်မွေးရင်း ကျားစားရင်းနဲ့ လုံးချာလည် လိုက်နေခဲ့တယ်၊ အရမ်းကို လက်တွေ့ဆန်ပြီး အရမ်းကို အဖိုးတန်တဲ့ ပို့စ်တစ်ခုပါ၊ အဲဒီအပြင် ကိုယ်ပိုင်အလုပ် လုပ်မယ်ဆို ကိုယ်ပိုင်အလုပ်တန်းလုပ်၊ သူများအလုပ်မယ်ဆို သူများအလုပ်လုပ်ဆိုတဲ့ စကားကို ကျွန်တော်လည်း အပြည့်အဝ ထောက်ခံတယ်ဗျ၊ ကျွန်တော်ကိုယ်တိုင် သူများအလုပ်ဆို နည်းနည်းလေးမှ မလုပ်ချင်တာ၊ နောက် ကိုယ်ပိုင်အလုပ်ဆိုတိုင်း သူဌေးလို့ ထင်တတ်တာ တကယ်ပဲဗျာ၊ အထူးသဖြင့် မိဘတွေ၊ ကိုယ်တွေက သန့်ရှင်းရေးလောက်တောင် လစာကျန်ချင်မှ ကျန်တာ၊ တစ်ခါတစ်လေ တစ်ပြားမှ မကျန်ဘူး၊ ကျွန်တော်လည်း ရေးမယ်ဆို အများကြီး ရေးရမယ့် သဘောရှိတယ်၊ ကိုမြင့်ကျော်သူ ဆက်ရေးမှာကို စောင့်ဖတ်နေပါတယ်ခင်ဗျ

  2. smart says:

    ကောင်းလိုက်တဲ့ ပိုစ့်ဗျာ မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတာတွေနဲ့ လိုက်လျောညီထွေ လုပ်နိုင်မှ startup တစ်ခု အောင်မြင်မှာပါ .. လိုအပ်ချက်တွေ အပေါ်ကို လိုက်နင်းပေးနိုင်မှ နာမည်ကျော်လာမှာပါ …သူများအလုပ်ထက် ကိုယ့်ဘဝ ကိုကိုယ်ပိုင်တဲ့ ကိုယ်ပိုင်အလုပ်ကမှ မြိန်ပါတယ်… ကျေးဇူးပါ.. စောင့်ဖတ်နေပါတယ်ခင်ဗျ

  3. myoaung says:

    တန်ဖိုး ရှိတဲ့စာဖတ်လိုက်ရလို့ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

  4. Thiha says:

    မိဘအိမ်မှာ ကပ်စားနေနိုင်တဲ့ အခြေအနေဆိုတာ ကျွန်တော့် အမြင်အရတော့ အခက်ဆုံးပဲလို့ ထင်ပါတယ်။ အဲဒီလို အခြေအနေမရှိရင် Startup လုပ်လို့ မရတော့ဘူးလား၊ တစ်ခြား Alternative မရှိနိုင်တော့ဘူးလား

  5. saturngod says:

    မိဘ အိမ်မှာ ကပ်စားဖို့ ဆိုတာ တော်တော်ခက်တယ်ဗျ။ ဒါပေမယ့် အဲဒါက အမှန်တရားပဲ။ မိဘ အနေနဲ့ နောက်က startup လုပ်နေတဲ့သူကို ကျားကန်ပေးထားမှပဲ startup က စနိုင်မှာ။ နောက်ပြီး မိဘကို ရှာကျွေးရမယ် ၊ မောင်နှမတွေ ကို ကျောင်းထားရမယ် စတဲ့ … မိသားစု တာဝန်တွေ ကိုယ့်အပေါ်ကျလာရင် startup ဆိုတာက တဖြည်းဖြည်း ဝေးသွားတယ်။ အဲဒီ အတွက် အခြား နည်းလမ်းတွေ နောက်ပိုင်း ဆောင်းပါးတွေမှာ ပါလာမယ်လို့ မျှော်လင့်နေတယ်ဗျာ။ မြန်မာနိုင်ငံမှာကလည်း ကျောင်းပြီးရင် အလုပ်လုပ်ပြီး မိဘကို ရှာကျွေးရမယ်ဆိုတဲ့ ရှေးရိုး အစဉ်အလာကလည်း ရှိခဲ့တော့ တခြား alternative အနေနဲ့ ဘယ်လို လုပ်လို့ရနိုင်မလဲ။ စောင့်ဖတ်နေမယ်ဗျာ။

  6. sHa92 says:

    “တကယ်လို့ partner က ပိုက်ဆံ လိုခဲ့တယ်၊ ကိုယ့်မှာလဲ ရင်းနှီးဖို့ ပိုက်ဆံ အပိုရှိနေတယ် ဆိုရင် သူ့ကို share လဲပေးမယ်၊ လခသဘောမျိုးလဲ ပေးထားတာဟာ လုံးဝမှားတဲ့ အလုပ် ဖြစ်ပါတယ်။”

    ကျေးဇူးပါခင်ဗျာ.
    ကျွန်တော်က အခု အဲဒီ့နည်းနဲ့ ကျွန်တော့် Partner ၂ ယောက်ကို ပေးဖို့ စိတ်ကူးထားတာ..
    မှားတော့မလို့ဗျ…

    ဒါပေမယ့်လည်း သိပ်တော့နားမလည်ဘူးခင်ဗျ… share လည်းပေး ၊ လခသဘောလည်း ပေးတာနဲ့ အလုပ်မလုပ်တော့ဘူးဆိုတာ.. (ဟီး.. မကြုံဖူးသေးလို့ထင်တယ်။)

    အကယ်လို့ Over All Profit ကို ၆ လ တစ်ခါစာလောက် share အနေနဲ့ လည်းပေးမယ် ၊ နောက်ပြီး Project တစ်ခုလုပ်တိုင်းမှာလည်း နှုန်းတစ်ခုခုနဲ့ သတ်မှတ်ပြီး ပေးမယ်ဆိုရင်ကောခင်ဗျ?

    • THIHA says:

      အဲဒီလို Partner ကို ပိုက်ဆံပေးလိုက်ရင် ဝန်ထမ်းပုံစံ ဖြစ်သွားတဲ့အပြင် အလုပ်ကို ရေသာခိုဖို့အထိပါ ဖြစ်သွားစေတယ်ဗျ၊ အဲဒီအပြင် သူတို့ရတာနည်းတယ်ဆိုပြီး ထင်လာပြန်ရောဗျ၊ အဲဒီတော့ မယုံသင်္ကာတွေ၊ လူယုံထည့်တာတွေ စသည်ဖြစ့် အများကြီး ဖြစ်လာရော၊ အဲဒီတော့ နောက်ဆုံး ကွဲကြလေသတည်းပဲဗျ၊ တကယ်တော့ Partner ဆိုတာလည်း ပိုင်ရှင်ပဲဗျ၊ မအောင်မြင်ခင်မှာ အနစ်နာခံရမှာ အတူတူပဲ၊ နောက်ဆုံး ဝန်ထမ်းခန့်နိုင်တဲ့အထိ ဝေစုခွဲလို့ တစ်ပြားမှ မကျန်တဲ့ ဒါဏ်ကို သူလည်း ခံရမှာပဲ၊ နောက် ပြဿနာ တစ်ခုက စာရင်းဇယား သေသေချာချာ မလုပ်ထားတာ အဲဒီကောင်လည်း နောင်တစ်ချိန်မှာ အကြီးအကျယ် ပြဿနာ ဖြစ်လာနိုင်စရာတွေပဲ၊ ကျွန်တော်လည်း ကိုမြင့်ကျော်သူတို့ အားကျလို့ ရေးဦးမယ်ဗျ၊ ကျွန်တော် အသုံးမကျတဲ့ အကြောင်းတွေပေါ့၊ ဟီးဟီး

      • sHa92 says:

        ဟုတ်… Partner ကို ပိုင်ရှင်လို့ဘဲ သတ်မှတ်ထားတယ်ဗျ။ အရင်ကတော့ ကျွန်တော်စဉ်းစားတာက အနစ်နာတူတူခံထားလို့ ကျေးဇူးလည်းတင် ၊ အားလည်းအားနာတာနဲ့ share အနေနဲ့အပြင် ၊ လစာအနေနဲ့ ပါပေးဖို့ စဉ်းစားမိတာပါ.

        အကယ်လို့ အပေါ်မှာ ကျွန်တော်မေးထားသလို အကယ်လို့ Over All Profit ကို ၆ လ တစ်ခါစာလောက် share အနေနဲ့ လည်းပေးမယ် ၊ နောက်ပြီး Project တစ်ခုလုပ်တိုင်းမှာလည်း နှုန်းတစ်ခုခုနဲ့ သတ်မှတ်ပြီး ပေးမယ်ဆိုရင်ကောခင်ဗျ?

        အခု စဉ်းစားမိတာတော့ အဲဒီ့နည်းက သူတို့ကို Motivate လုပ်ပေးနိုင်မလားလို့ပါ.
        လစာအနေနဲ့လည်း ပုံမှန်ကြီးမပေးနိုင်သေးတဲ့ အချိန်မှာ ၊ Project က ရတဲ့ ငွေကို Team အတွက်လည်း ရင်းနှီးမြုပ်နှံငွေ အဖြစ် တစ်ခုခု နှုတ်ပြီးတော့ ၊ အဲဒီ့မှာပါတဲ့သူတွေကိုလည်း နှုန်းတစ်ခုခုသတ်မှတ်ပြီး ပေးမလားလို့ဗျ…

        ကျွန်တော်လည်း ခုမှစလုပ်ဖို့ အရှိန်ယူနေပြီး ၊ အိမ်ကလည်း သိပ်အားမပေးတာဆိုတော့ အကြံတောင်းစရာက Online က အစ်ကိုတို့ဘဲရှိတယ်ဗျ။

        • THIHA says:

          တကယ့် Business Process တစ်ခုမှာ ၆လနဲ့ ပိုက်ဆံပေးလို့ရတယ်ဆိုတာ Project Based ပဲ ထင်တယ်ဗျ၊ ကျွန်တော်က Business Process ကို သေသေချာချာ မသိတော့ မပြောတတ်ဘူးဗျ၊ ကျွန်တော့်အတွေ့အကြုံအရတော့ အောင်မြင်နေတဲ့ စီးပွားရေး ဖြစ်ပါစေဦး ခြောက်လကတော့ မလုံလောက်ဘူးလို့ ထင်ပါတယ် …

  7. sHa92 says:

    ကျောင်းပြီးမှ စလုပ်တာထက် ၊ ကျောင်းတက်နေကတည်းက ကိုယ်နဲ့ ဝါသနာတူမယ့် Partner ကိုရှာထားပြီး ၊ နည်းနည်းစီလောက် စထားတာလည်း ပိုကောင်းမယ်လို့ မြင်မိပါတယ်။

    ဘာလို့ဆို ကျောင်းပြီးရင်က မိဘအိမ်မှာကပ်စားဖို့ ဆိုတဲ့ အခြေအနေနဲ့ နည်းနည်း အလှမ်းဝေးသွားပြီထင်တယ်။ ကျောင်းပြီးရင် မိဘကလည်း အလုပ်တစ်ခုတော့ ဝင်စေချင်တော့မှာဘဲ။ ကိုယ်ပိုင်အလုပ်လုပ်မယ်လို့ ပြောရင်လည်း လူကြီးဆိုတော့ စိတ်ပူပြီးတော့ တခြားမှာ အလုပ်အရင်လုပ်ခိုင်းမှာ သေချာတယ်။

    အဲဒီ့တော့ ကျောင်းမပြီးခင်ကတည်းက စလုပ်ထားရင် မိဘအိမ်မှာ ကပ်စားဖို့ဆိုတဲ့ အခြေအနေနဲ့လည်း အဆင်ပြေတယ်။ နောက်ပြီး လုပ်ငန်းက စထားတာဖြစ်လို့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံနဲ့ ရင်းနှီးသင့်သလောက် ရင်းနှီးပြီး ကျောင်းပြီးလို့ လုပ်ငန်းချဲ့ထွင်တာဖြစ်ဖြစ် ဆက်လုပ်တဲ့ အချိန်မှာ ပိုအဆင်ပြေပြေ လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

    ဒါပေမယ့် ကျောင်းမပြီးခင် လုပ်ငန်းလုပ်မယ့်သူကတော့ ၊ သူလုပ်မယ့် အလုပ်မှာ ကျွမ်းကျင်ပိုင်နိုင်မှုတော့ ရှိပြီးဖြစ်ရလိ့မ်မယ်။ မကျွမ်းကျင်သေးရင်တော့ စာ(ကျောင်းစာ + ပြင်ပဘာသာရပ်) ကိုတော့ အရင်လေ့လာလိုက်တာ ပိုသင့်တော်ပါတယ်။

    အဲဒီ့လို ကျောင်းမပြီးခင်လုပ်တဲ့အတွက် မကောင်းတဲ့ အချက် အနေနဲ့ကတော့ လူကြီးတွေ အတော်မျက်မုန်းကျိုးပါတယ်။ ကြီးကျယ်တဲ့ကောင် လို့ လည်း အပြောခံရသလို ၊ ကလေးက ကလေးလို မနေဘူးလည်း ပြောခံရနိုင်တယ်။ ဒီကြားထဲ ကျောင်းစာဘက်မှာပါ လစ်ဟင်းပြီး ၊ တစ်ခုခု မတော်တဆ ဖြစ်ရင် နားပူပေတော့ဘဲ…

    Start-up နဲ့ပတ်သက်ပြီး ခုလို ရေးပေးလာတဲ့ သူတွေရှိလာတော့ ကျွန်တော်တို့လို လူငယ်တွေအတွက် အတော်အဆင်ပြေလာပါတယ်။ English လိုလည်း ဖတ်လို့ရပေမယ့် ၊ ကိုမြင့်ကျော်သူ ပြောထားသလိုဘဲ ဒီမှာ လက်တွေ့ကျင့်သုံးလို့ မရတာတွေက အများသားပါ။ အစ်ကိုတို့လို ရှေ့က သွားပြီးသား သူတွေက လမ်းညွှန်ပေးတာရှိလာမှဘဲ ကျွန်တော်တို့အတွက် Apply လုပ်လို့ရတဲ့ အချက်တွေ ပိုပြီးများလာမှာပါ။ အစ်ကို့ရဲ့ အတွေ့အကြုံတွေထဲကမှ နောက်ထပ်ရေးပေးမယ့် Article များကိုလည်း စောင့်မျှော်နေပါတယ်။

  8. myintkt says:

    >> ဒါက ကိုယ့်အတွက် အားကျိုး မာန်တက် ကြိုးစားပေးမဲ့ partner ကို
    >> မကြိုးစားတော့တဲ့ အလုပ်သမားအဖြစ် ပြောင်းပြစ်လိုက်တာ နဲ့အတူတူပါဘဲ။

    ဆိုဒ်ကိုလိုဂျီအရ ဘုရင့်နောင် ဖောင်ဖျက်တဲ့ ပုံစံလို့ ပြောရမယ်ထင်တယ်။ လခမရတဲ့အခါ လုပ်ငန်းမအောင်မြင်ရင် ကိုယ့်အတွက် အရှုံးကြီးဘဲဆိုတော့၊ အထူးသဖြင့် လူငယ် start-up တွေမှာတော့ လုပ်ငန်းမအောင်မြင်ရင် “ခွေး”ဖြစ်မှာဆိုတော့ :) ဒီလိုအခြေအနေမှာ အသေအလဲ ကြိုးစားတတ်တယ်ဗျ။ လခရသွားတဲ့အခါ အနည်းဆုံးတော့ လခရမှာဘဲလို့ တွက်သွားပြီး အရင်လောက် မကြိုးစားတော့ဘူးဗျ။ ကျွန်တော်ထင်တာကို ပြောတာပါ။

Leave a comment


*