Interview with Ko Ei Maung(Durosoft)

ဒီတစ်ခါ Startup Interview အတွက် အင်တာဗျူးဖြစ်တဲ့ သူကတော့ ကိုအိမောင်ပဲ ဖြစ်ပါတယ်။ Startup Interview ကဏ္ဍအတွက် ရွေးချယ် ဖြစ်ရခြင်း အကြောင်းအရင်းကတော့ ကိုအိမောင်ရဲ့ Durosoft နဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိနေတာကြောင့်ပါ။ ဒါပေမယ့် တကယ်တန်း ကိုအိမောင်ကို အင်တာဗျူးတဲ့အခါမှာ Durosoft အပြင် နည်းပညာနဲ့ ပတ်သက်ပြီး တစ်ခြားသိစရာတွေကလည်း အများကြီး ရှိနေခဲ့ပါတယ်။ ဒါကြောင့် Myanmar Tutorials ရဲ့ ပုံမှန်တင်ဆက်နေကြ အင်တာဗျူးကဏ္ဍနဲ့ Startup Interview ကဏ္ဍ နှစ်ခုလုံး အကြုံးဝင်တဲ့ အင်တာဗျူးတစ်ခုကို စီစဉ် တင်ဆက် လိုက်ရပါတယ်။

durosoft.net

မင်္ဂလာပါ ကိုအိမောင်ရေ … ခုလို အင်တာဗျူးခွင့်ရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

မင်္ဂလာပါခင်ဗျာ

ပထမဦးဆုံး Myanmar Tutorials ရဲ့ အောင်မြင်မှုအတွက် ၀မ်းသာဂုဏ်ယူကြောင်းပြောလိုပါတယ်။ အခုချိန်မှာ Myanmar Tutorials ဟာ နည်းပညာကို လေ့လာနေတဲ့ လူငယ်တွေအတွက် အရေးပါတဲ့ Resource တစ်ခုဖြစ်နေတာကို မြင်နေရ၊ ကြားနေရပါတယ်။ “ဘယ် Web Site တွေကနေ အဓိကလေ့လာဖြစ်လဲ” လို့မေးကြည့်ရင် Myanmar Tutorials လို့ဖြေကြတာကို တွေ့နေရပါတယ်။ ကျွန်တော်ကိုတောင်မှ “အဲ့ဒီ Site လေးကောင်းတယ်၊ လေ့လာကြည့်ပါလား” လို့ ပြန်ညွှန်းနေတဲ့သူတွေ ရှိပါတယ်။ အခုလို အားလုံးအတွက် အကျိုးများတဲ့ Tutorial Site တစ်ခုကို အောင်မြင်အောင် ၀ုိင်းဝန်း အကောင်အထည် ဖော်နေသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

Myanmar Tutorials က အခုလို အင်တာဗျူးတဲ့အတွက်လဲ ၀မ်းသာဂုဏ်ယူမိပါတယ်။

ထုံးစံအတိုင်း Myanmar Tutorials နဲ့ မိတ်ဆက်ပေးပါဦးခင်ဗျ။ နည်းပညာသမားတစ်ယောက်ရဲ့ ကောက်ကြောင်းလေးကို ပရိသတ်တွေ ပုံဖော် ကြည့်လို့ရအောင် အကျဉ်းချုပ် ပြောပြပေးပါ။

ပထမဦးဆုံး “အိမောင်” ဆိုတာ ကျွန်တော့် နာမည်အရင်း ဖြစ်ကြောင်း အရင်ပြောချင်ပါတယ်။

ကျွန်တော့်နာမည်ပြောလိုက်ရင် အနည်းနဲ့အများ အံ့သြသွားတက်ကြလို့ပါ။ နာမည်အရင်းလို့ မထင်ကြဘူးလေ။ အင်တာနက်ခေတ်မှာ Nick Name တွေက ခေတ်စားတော့ တစ်ချို့ကလည်း ကိုယ့်ကိုယ်ကို Nick Name ပေးထားတယ်လို့ ထင်ကြတယ်။ အမှန်တော့ အမေပေးထားတဲ့ နာမည် အရင်းပါ။

မကွေးတိုင်း၊ သရက်မြို့ အ.ထ.က(၁) ကနေ (၂၀၀၀) ပြည့်နှစ်မှာ အထက်တန်း အောင်ပါတယ်။ (၂၀၀၁) ကစပြီး ရန်ကုန်ကို ကျောင်းတက်ဖို့ တက်လာခဲ့ပါတယ်။ မော်တော်စက်တွေ နားလည်တဲ့ အဘိုးနဲ့ ကားစက်တွေပြင်တဲ့ ဦးလေးတွေကို အားကျပြီး စက်မှုအင်ဂျင်နီယာ ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် G.T.I တက်ဖို့ အမှတ်မမှီသလို မှီရင်လည်း အိမ်က ထားမပေးနိုင်ပါဘူး။ ဒါကြောင့် ဦးလေးတစ်ယောက်ရဲ့ ကားဝပ်ရှော့မှာ ကပ်နေရင်း စက်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကားအင်ဂျင်ဆေးတဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကျောင်းကိုလဲ အဝေးသင်ပဲ တက်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်ဝါသနာပါတဲ့ ဘာသာရပ်ဖြစ်တဲ့ ဥပဒေမေဂျာ ယူဖြစ်ပါတယ်။

အဝေသင်တက်ဖို့ စောင့်နေစဉ် (၂၀၀၁) နှစ်ကုန်ပိုင်းလောက်မှာ ဒဂုံတက္ကသိုလ် HRD Department က ကွန်ပြူတာ သင်တန်းတွေ ဖွင့်နေကြောင်း ကြော်ငြာကို သတင်းစာမှာ တွေ့မိလိုက်ပါတယ်။ ကနေ့ခေတ်မှာ ကွန်ပြူတာလေး လောက်တော့ တက်ထားသင့်တယ် ဆိုပြီး (သင်တန်းကြေးလည်း စျေးမကြီးတာနဲ့) Basic သွားတက်ဖြစ်ပါတယ်။ အမှန်တော့ နောက်အဆင့်တွေ ထပ်တက်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် သင်တန်းသား (၆၀) ကျော်ထဲက (၂၀) လောက်ပဲ နောက်တစ်ဆင့် တက်ခွင့်ရတဲ့အတွက် အခွင့်အရေးရတုန်း တက်လိုက်မယ်ဆိုပြီး နောက်အဆင့် (Level 1) ဆက်တက် ဖြစ်သွားပါတယ်။ Level 1 မှာ Microsoft Access နဲ့ Database Project တစ်ခု တင်ရပါတယ်။ အဲ့ဒီ Project ကိုလုပ်ရင်း Application တွေ တည်ဆောက်ရတာကို သဘောကျလာပြီး Programming ကို စိတ်ဝင်စား လာခဲ့ပါတယ်။ စက်မှုအင်ဂျင်နီယာ မဖြစ်ချင်တော့ပါဘူး၊ ကွန်ပျူတာ ပရိုဂရမ်မာပဲ ဖြစ်ချင်ပါတော့တယ်။ ၀ပ်ရှော့က ကားတွေ၊ အင်ဂျင်တွေကို ပစ်ထားပြီး ကျောင်းမှာပဲ မိုးလင်း မိုးချုပ်နေပြီး စတင် လေ့လာဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Programming ကိုလေ့လာခဲ့တာ အခုဆိုရင် (၈) နှစ်ကျော် ရှိသွားပြီဖြစ်ပါတယ်။

ဒီပလိုမာရပြီးတဲ့နောက်မှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး Network ဂိမ်းဆိုင်တစ်ဆိုင် ဖွင့်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်လဲ ဒုတိယနှစ်နဲ့ ဆက်မတက် ဖြစ်တော့ပါဘူး (၄ နှစ်ကျော်နားပြီး အခုတော့ ပြန်တက် ဖြစ်နေပါတယ်။ တတိယနှစ် ဖြေထားပါတယ်)။

အဲ့ဒီအချိန်က ကိုယ်ဝါသနာပါတဲ့ Software ရေးတဲ့အလုပ်နဲ့ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဂိမ်းဆိုင်ကို အခြေတည်ပြီး အဲ့ဒီကဝင်ငွေနဲ့ ရပ်တည်မယ်၊ နောက်မှ Software လုပ်ငန်းလေးတစ်ခုကို တစ်ဖြည်းဖြည်း တည်ထောင် သွားမယ်လို့ စိတ်ကူးခဲ့ပါတယ်။ Software Development ကို ရူးသွပ်တဲ့ လူငယ်တစ်စုရဲ့ စိတ်ကူးယဉ်ဆန်ဆန် စိတ်ကူးဖြစ်ပါတယ်။ အဲ့ဒီဆိုင်ဖွင့်ဖို့အတွက် သိပ်မပြေလည်လှတဲ့ အဒေါ် တစ်ယောက်ဆီက စကားကြီး စကားကျယ်တွေပြောပြီး ငွေချေးခဲ့တာ ဖြစ်ပါတယ်။ လူကြီးတွေ အကြံပေးရင် မကြိုက်တဲ့၊ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတဲ့ (၁၈) နှစ်အရွယ် လူငယ်လေးတွေရဲ့ စီပွားရေးက တစ်နှစ်အကြာမှာ အကြောင်းအမျိုးမျိုးနဲ့ ခွက်ခွက်လန်အောင် ရှုံးပြီး ဖြုတ်လိုက် ရပါတယ်။ ကျွန်တော့်အဖို့ အကြီးမားဆုံး ဆုံးရှံုးမှုတစ်ခု ဖြစ်ပါတယ်။ ဦးလေးကို ခြေစုံကန်၊ သူများဆီက ငွေချေးပြီး ဖောင်ဖျက် လုပ်ခဲ့တဲ့ လုပ်ငန်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အဲ့ဒီ ဆုံးရှံုးမှုကို လက်မခံနိုင်ပါဘူး။ ငွေကြေးထက်စာရင် ကြီးကြီးကျယ်ကျယ်တွေ ပြောပြီး မဖြစ်လာတဲ့အတွက် ရှက်တဲ့ စိတ်က ပိုပါတယ်။ အဲ့ဒီအချိန်ကစပြီး “ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို မဖြစ်ဖြစ်အောင် လုပ်ပြမယ်” ဆိုတဲ့ စိတ်အစွဲအလမ်းက ၀င်နေခဲ့တာပါ။ စိတ်ပဲရှိပါတယ်၊ လူကတော့ နေစရာတောင် မရှိတော့ပါဘူး။ နယ်ပြန်ဖို့ကလည်း မိဘနဲ့ ဆွေမျိုးတွေကို မျက်နှာ မပြရဲသလို၊ ဒီတိုင်းလည်း အရှံုးမပေး လိုက်ချင်ပါဘူး။ သူငယ်ချင်း တစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ရဲ့ဂိမ်းဆိုင်မှာ ကပ်နေခွင့် ရခဲ့လို့သာ ဘဝမပျက်တာပါ။ ၂၀၀၃/၂၀၀၄ ပတ်ဝန်ကျင်လောက်က ဖြစ်ပါတယ်။

အဲ့ဒီလိုနဲ့ ၂၀၀၅ လောက်မှာ သူငယ်ချင်းတစ်ယောက် ထူထောင်ထားတဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုမှာ In-House Programmer အဖြစ် ဝင်လုပ်ဖြစ်ပါတယ်။ အမှန်တော့ သူငယ်ချင်းက နေစရာနဲ့ လစာပေးပြီး ကြည့်ရှုတဲ့ သဘောပါ။ သူ့လုပ်ငန်းအတွက် Application တစ်ချို့ ရေးပေး ဖြစ်ပါတယ်။ အင်တာနက်ကလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပြီဆိုတော့ အင်တာနက်ကို အခြေခံတဲ့ စိတ်ကူးအိုင်ဒီယာတွေ ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Domain Name တွေယူ၊ မတက်တတက်နဲ့ Web Site တွေရေးပြီး Web Development ကို စလုပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မကြာပါဘူး ၂၀၀၆ လောက်မှာ သူငယ်ချင်းက (အိမ်ကလွှတ်လို့) နိုင်ငံခြားကို ကျောင်းသွားတက်ရတဲ့အတွက် အဲ့ဒီ အလုပ်တွေအကုန် ရပ်သွားခဲ့ပြန်ပါတယ်။ နေစရာမရှိတဲ့ဘဝ ပြန်ရောက်ပါတယ်။ ဒါပေမယ့် ပထမတစ်ကြိမ် လောက်တော့ ရုပ်ပျက်ဆင်းပျက် မဖြစ်တော့ပါဘူး။

ဒီလိုပဲ ရုန်းကန်ရင်းနဲ့ တစ်ကိုယ်တော် Programmer အဖြစ် အချိန်အတော်ကြာ ရပ်တည်ဖြစ်ခဲ့ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ထင်ရာ လုပ်နေတာပါ။ လက်တွေ့နယ်မှာ သူများတွေ ဘယ်လိုလုပ်နေလည်း မသိပါဘူး။ သိချင်လာပါတယ်။ ခဏဖြစ်ဖြစ် Software ကုမ္ပဏီတစ်ခုခုမှာ ၀င်လုပ် ကြည့်ဦးမယ် စိတ်ကူးမိပါတယ်။ အလုပ်တစ်ခုက လူခေါ်တယ် ကြားတာနဲ့ သွားလျှောက်ဖြစ်ပါတယ်။ အင်တာဗျူးအတွက် Sample ရေးခိုင်းတာကို (၂) ရက်ကြာအောင် ရေးယူခဲ့ရပါတယ်။ ခဏဖြစ်ဖြစ် ဝင်လုပ်မယ်ဆိုတဲ့ အဲ့ဒီအလုပ်မှာ (၂)နှစ်ကျော် (၃) နှစ်နီးပါး လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အခုလုပ်နေတဲ့ Web Development နဲ့ပက်သက်တဲ့ Knowledge တွေ Experience တွေက အဲ့ဒီမှာ လုပ်ရင်းနဲ့ ရလာတာဖြစ်ပါတယ်။ Web Development နဲ့ပက်သက်ရင် ကျွန်တော့်အတွက် သင်ဆရာရယ်လို့ မရှိပေမယ့် အဲ့ဒီလုပ်ငန်းက ဒီနေ့ ကျွန်တော်ဖြစ်လာအောင် လမ်းညွှန်မှုတွေပေးပြီး ပျိုးထောင်ပေးခဲ့တဲ့ လုပ်ငန်းပါ။

၂၀၀၉ နှစ် နှစ်ကုန်ပိုင်းမှာ Durosoft ဆိုတဲ့ Web Development Team လေးတစ်ခုကို ကိုယ်ပိုင် လုပ်ငန်းတစ်ခု အနေနဲ့ စတင် တည်ထောင် ဖြစ်ပါတယ်။ အခုဆိုရင် တစ်နှစ် ကျော်လာပါပြီ။ ပုံမှန်တိုးတက်မှုတွေနဲ့ ဆက်လက် ချီတက်နေဆဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တော့ ဘယ်လို အကြောင်းကြောင့်မှ အရှုံးမခံတော့ပါဘူး။

ကျွန်တော်ကိုယ်တိုင် အခုမှ အစပဲ ရှိပါသေးတယ်။ အောင်မြင်နေပြီလို့ မထင်သေးပါဘူး။ အောင်မြင်မှုလမ်းစပေါ်ကို ရောက်နေပြီ လို့တော့ ယူဆပါတယ်။ လက်ရှိမှာ ကျွန်တော်တုန်းကလိုပဲ ရုန်းကန်ပြီး ပညာသင်နေရတဲ့ ညီ ညီမတွေ ရှိရင် အားတက်စေချင်လို့ ဒါတွေ ပြောပြတာ ဖြစ်ပါတယ်။

ကိုအိမောင်အခု စလုပ်နေတဲ့ Durosoft အကြောင်းနဲ့ စဖြစ်ခဲ့ပုံလေး သိချင်ပါတယ်။

၂၀၀၉ ခုနှစ်အစောပိုင်းမှာ Freelancing နဲ့ပက်သက်ပြီး စိတ်ဝင်စား လာပါတယ်။ Myanmar IT Pro မှာ ပါ၀င်ရင်းနဲ့ အသိမိတ်ဆွေတစ်ချို့ ရလာပါတယ်။ ဒါပေမယ့် အိမ်မှာ အင်တာနက်မရှိလို့ အချိန်ပြည့် အလုပ် မလုပ်နိုင်တာရယ်၊ နိုင်ငံခြားကနေ ကိုယ့်အလုပ်အတွက် Payment လုပ်လို့မရတာ စတဲ့ အခက်အခဲတွေက ရှိနေပါတယ်။ Myanmar IT Pro ကနေသိတဲ့ အသိမိတ်ဆွေတွေ ဆီကပဲ Project တစ်ချို့ အပ်လာတာတွေ ရှိလာပါတယ်။ (၀န်ထမ်း ဖြစ်နေသေးလို့) အချိန်အားရတဲ့ အချိန်မှာပဲ လုပ်နိုင်တဲ့အတွက် သိပ်အဆင်မပြေပါဘူး။ အလုပ် အခွင့်အရေးတွေ ရှိနေပေမယ့် မယူနိုင်သေးဘူးဆိုတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါနဲ့ပဲ အရင်က လက်တွဲခဲ့ဖူးတဲ့ မိတ်ဆွေတစ်ချို့နဲ့ ချိတ်ဆက်ပြီး အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့မယ်။ ပြီးတော့ ကိုယ့်အိမ်ကနေကိုယ် အလုပ်လုပ်ကြမယ်လို့ စီစဉ်ဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ကနေ အလုပ် လုပ်တယ်ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး ဆိုတာကို တွေ့လာပါတယ်။ အလုပ်နေရာတစ်ခု သတ်မှတ်ပြီး အလုပ်နဲ့ တူအောင် သေချာလုပ်မှ ထိရောက် အောင်မြင်မယ် ဆိုတာကို မြင်လာပါတယ်။

အဲဒီအချိန်မှာ ကိုယ်ပိုင် Web Site လေးတစ်ချို့ အပျော်တမ်း လုပ်ထားတာလေးတွေလည်း ရှိပါတယ်။ အဲ့ဒီ Web Site တွေမှာ Google Ad-Sense ကြော်ငြာလေးတွေ ထည့်ကြည့်တော့ လစဉ် ၀င်ငွေလေးတွေ ရနေတာကိုလည်း တွေ့လာပါတယ်။ ကိုယ်ကသာ လူသုံးများတဲ့ Web Site တွေ ဖန်တီးနိုင်ရင် ဝင်ငွေ ရအောင်ဖန်တီးဖို့က မခက်ဖူးဆိုတာကို မြင်လာပါတယ်။ ဒီလို ပုံမှန်ဝင်ငွေ ရရှိနိုင်မယ့် နည်းလမ်းလေးတွေ ရှိလာတော့ Software Group လေးတစ်ခုကို စနစ်တစ်ကျ ထူထောင်ပြီး လုပ်ချင်လာပါတယ်။ ဒါပေမယ့် လက်ရှိအလုပ်က အစစအရာရာ အဆင် ပြေနေတာရယ်၊ စလုပ်ဖို့အတွက် ငွေကြေးအင်အား မတောင့် သေးတာရယ်ကြောင့် မလုပ်ဖြစ်သေးပါဘူး။ အရင် အတွေ့အကြံု တစ်ချို့ကလည်း ရှိထားတော့ ဒီတစ်ခေါက်မှာ သေချာ ပြင်ဆင်ပြီးတော့ပဲ လုပ်ချင်တယ်။ မစဖြစ်သေးပေမယ့် Durosoft ဆိုတဲ့နာမည်နဲ့ Domain Name ကတော့ ကြိုယူ ထားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ကုမ္ပဏီတစ်ခုရဲ့ Project တစ်ခုအတွက် အချိန်ပိုင်း Project Manager အဖြစ် လုပ်ပေး ဖြစ်သွားပါတယ်။ Project အတွက် လိုအပ်တဲ့ Programmer တွေကို အားလုံး အသစ် ခေါ်ရမှာပါ။ Programmer တွေ ခေါ်ကြည့်တဲ့ အခါမှာ အသင့် သုံးနိုင်တဲ့သူရဖို့ ခက်တယ်ဆိုတာကို တွေ့လာပါတယ်။ ဒါနဲ့ပဲ သင့်တော်မယ် ထင်တဲ့သူတွေကို ရွေးပြီး ကိုယ်လိုချင်တဲ့ Skill တွေရှိလာအောင် အချိန်တစ်ခုယူပြီး ပျိုးထောင် ယူခဲ့ရပါတယ်။ အစီအစဉ်အရဆိုရင် ကျွန်တော်က Project ကာလပြည့်ရင် နားမယ်။ Development Team ကတော့ အဲ့ဒီ Project ကို Continues Integration အနေနဲ့ ဆက်လုပ်သွားမယ်လို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးနဲ့ အဲ့ဒီ Team က ပျက်သွားပါတယ်။

ကျွန်တော့်အနေနဲ့ ကိုယ်တိုင် သင်တန်းပေးပြီး သင်ထားတာ မဟုတ်ပေမယ့် ထိုက်သင့်တဲ့ Skill နဲ့ Teamwork လေးရအောင် ပျိုးထောင် လာရတာ ဆိုတော့၊ အဲ့ဒီ Team ဒီလိုသာ ပျက်သွားမယ်ဆိုရင် နှမျောမိတယ်။ ဒါမျိုး ပြန်စုစည်းဖို့က မလွယ်ဘူးလေ။ အချိန် ၃/၄ လလည်း လက်တွဲ လုပ်ထားကြတော့ ထိုက်သင့်တဲ့ Teamwork လေးကလည်း ရနေကြပြီ။ အမှန်တစ်ကယ် လုပ်နိုင်တယ်သူက ရှားနေတဲ့ အချိန်မှာ နောက်ထပ် ထပ်ပြီး ပျိုးထောင်ဖို့ကလည်း လွယ်တာမဟုတ်ဘူး။ ဒါနဲ့ပဲ နဂိုက အေးအေးဆေးဆေးမှ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အလုပ်ကို အဲ့ဒီ Team လေးနဲ့အတူ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားတယ်။

ပြည်ပ အဆက်အသွယ်တွေဆီက ကျွန်တော်တို့ကို Outsource ပေးတဲ့ အလုပ်တစ်ချို့ကို လုပ်တယ်။ ပြည်တွင်း Project တွေကို နဂိုကတည်းက သိပ်စိတ်မဝင်စားဘူး။ ပြည်တွင်း စျေးကွက်မှာက Corporate Software စျေးကွက်ကိုပဲ ပြံုတိုးနေပြီး စျေးကွက်သစ်ချဲ့ထွင်ကြတာ သိပ်မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့က လက်တစ်လောမှာ စျေးကွက်သစ် ကိုယ်တိုင် မချဲ့ထွင်နိုင်သေးသလို အားလုံး ပြံုတိုးနေတဲ့ Corporate Software စျေးကွက်ကိုလည်း သူများတွေနဲ့ ပြိုင်ပြီး လုမနေချင်ဘူး။ အမှန်တော့ “ဂွင်” တွေ “အထာ” တွေ “လမ်ကြောင်း” တွေ မသိတော့ ပြိုင်ပြီး လုနိုင်တဲ့ အင်အားလည်း မရှိပါဘူး။

နောက်တော့ ပြည်တွင်း ကုမ္ပဏီတစ်ချို့ကပါ တစ်ချို့ Project တွေ Outsource ပေးလာတယ်။

အမှန်တော့ Outsource အတွက် ပြည်ပ အဆက်အသွယ် ရှာတဲ့အခါ Reputation က စကားပြောတယ်။ ကျွန်တော်တို့လုပ်ခဲ့ဖူးတဲ့ Project အများစုက လုပ်ငန်းသဘာဝအရ NDA တွေ ထိုးထားရလို့ ကျွန်တော်တို့ လုပ်ထားတာပါလို့ ဖော်ပြလို့မရတဲ့ အလုပ်တွေ များတယ်။ အလုပ်သစ်တွေ အတွက် Propose လုပ်တဲ့အခါ ဘယ် Project တွေ လုပ်ဖူးပါတယ်လို့ Resume ထဲမှာ သေသေချာချာ ဖော်ပြနိုင်မှာ အဆင်ပြေမှာ။ ဒါကိုမြင်လို့ Durosoft ရဲ့ အရည်အချင်းကို ဖော်ပြနိုင်မယ့် Web Application တစ်ချို့ကို တည်ဆောက် ထားပါတယ်။ ဘာ အကျိုးအမြတ်အတွက်မှ မဟုတ်ဖူး။ Reputation အတွက်ပဲ။ ဒါပေမယ့်လည်း လက်တွေ့အလုပ်လုပ်လိုက်တော့ Flow တစ်ခု “မိ” သွားတဲ့အခါမှာ အဆက်အသွယ်က သူ့ဟာနဲ့သူ အဆင်ပြေ သွားတာပါပဲ။

အခု လောလောဆယ်တော့ Durosoft အနေနဲ့ ကိုယ်ပိုင် အိုင်ဒီယာတွေ ခဏ ဘေးပုံထားပြီး Outsource အလုပ်တွေပဲ အဓိကထား လုပ်နေရ ပါတယ်။

ကျွန်တော် ကိုထူးမြင့်နောင်ကို အင်တာဗျူးခဲ့တုန်းက သူပြောသွားတာ တစ်ခုရှိပါတယ်။ ကျွန်တော်တို့တွေ Corporate Market တွေဖက် အာရုံကျနေတာ လျော့ပြီး Consumer Market ဖက်ကို အာရုံစိုက်သင့်ကြောင်း အကြံပြုသွားပါတယ်။ Durosoft အနေနဲ့ကော ဘယ်လို Market မျိုးကို အဓိက ပစ်မှတ်ထား ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။ Consumer Market ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေ အနေနဲ့ နည်းပညာပိုင်းမှာ အထူးသဖြင့် Software, Web, Apps စတာတွေမှာ အားနည်းနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအတွက်ကော Durosoft အနေနဲ့ ဘယ်လို ပြင်ဆင်ထားပါသလဲ။

ဒီနေရာမှာ ကိုထူးမြင့်နောင်အမြင်ကို ကျွန်တော် ထောက်ခံပါတယ်။ အမှန်တော့ ကျွန်တော့်အနေနဲ့ စျေးကွက် သဘောတရားတွေကို နားမလည် သလို ဝေဖန် သုံးသပ်တာမျိုးလည်း မလုပ်တက်ပါဘူး။ ကျွန်တော်နားလည်သလိုပြောချင်ပါတယ်။

အားလုံးက လမ်းရိုးအတိုင်းပဲ သွားနေကြတယ်လို့ ထင်ပါတယ်။ Software ကြီးကြီးရေးမယ်၊ လုပ်ငန်းကြီးကြီးကို ရောင်းစားမယ်၊ ငွေ ကြီးကြီး ရမယ်ဆိုတဲ့ ပုံစံနဲ့ပဲ သွားနေကြပါတယ်။ တစ်ခြား Business Model တွေကို မသုံးကြပါဘူး။ တစ်လောက Magazine တစ်ခုထဲမှာ အသင်း တစ်သင်းရဲ့ နေရာကြီးကြီး ယူထားတဲ့ ပုဂ္ဂိုလ်က “Open Source ကို ဘယ်လိုမြင်လဲ” ဆိုတဲ့ မေးခွန်းကို “Open Source ဆိုတာက၊ ကျွန်တော်တို့ဆီမှာ အားလုံး Open Source ချည်းပဲလေ၊ အကုန် အလကားရနေတာပဲ” လို့ပြောတာကို အံ့သြဖွယ် တွေ့လိုက်ရပါတယ်။ လုပ်ငန်းရှင်ကြီး တစ်ယောက်က ဒီလိုပြောတာတော့ အတော် အံ့သြမိတယ်။ လုပ်နေကြ လမ်းရိုးကလွဲရင် တစ်ခြား Model တွေကို နားမလည်ဘူးလို့ ယူဆရမလို ဖြစ်နေတယ်။

နောက်ပြီး ဒီမှာက သူများလုပ်သလို လိုက်လုပ်တဲ့ အကျင့်ကရှိပါတယ်။ ရှေ့က သူများက ဒီလိုအောင်မြင်နေရင် နောက်က အဲ့ဒီလမ်းကြောင်းကိုပဲ လိုက်ချင်ပါတယ်။ ကျွန်တော်တို့ ကွန်ပြူတာ စလေ့လာစ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက ACE, MIT, KMD, MCC စတဲ့ Software Company ကြီးတွေ ရှိနေပြီး အောင်မြင်နေကြပါတယ်။ ဒီဖက်ခေတ်မှာ အဲဒီလို Software နဲ့ အောင်မြင်နေတယ်လို့ ပြောလို့ရတဲ့ လုပ်ငန်းသစ် မရှိသလောက် နည်းသွားပါတယ်။ ရှေ့က လုပ်ငန်းတွေက Corporate Software တွေနဲ့ အောင်မြင်နေတော့ နောက်က လိုက်လုပ်တဲ့ သူတွေကလည်း အဲဒီဖက်ကိုပဲ ပြံုတိုးကြပါတယ်။ ဒီနေရာလေး တစ်ခုကို ပြံုတိုးနေတော့ နောက်လူတွေ အောင်မြင်ဖို့ ခက်သွားတယ်လို့ မြင်ပါတယ်။

ပြည်တွင်းမှာက စျေးကွက်မရှိဘူး၊ စျေးကွက်မရှိဘူး အော်ကြပါတယ်။ စျေးကွက်အသစ် ချဲ့ထွင်ဖို့ မစဉ်းစားကြပါဘူး။ နည်းပညာ မဖွံ့ဖြိုးသေးလို့ လူတွေက မသုံးနိုင်ကြသေးလို့လဲ ပြောကြပါတယ်။ အမှန်တော့ ဖွံ့ဖြိုးပြီးနေရင် ကိုယ့်အတွက် နေရာတောင် ကျန်မှာ မဟုတ်ပါဘူး။ အဲဒီ မဖွံ့ဖြိုးသေးတဲ့ စျေးကွက်မှာ စျေးကွက်နဲ့ အံဝင်အောင် လုပ်နိုင်ရင်၊ ဖွံ့ဖြိုးအောင် ချဲ့ထွင်နိုင်ရင် အောင်မြင်မယ်လို့ ယူဆမိပါတယ်။

Durosoft အနေနဲ့ ကတော့ စတင်စ လုပ်ငန်းတစ်ခု ဖြစ်လို့ လက်တလောမှာ လုပ်ငန်း လည်ပတ်ဖို့အတွက် အဓိက ဖြစ်နေတဲ့ Outsource Project တွေကို အဓိကထား လုပ်နေရပါတယ်။ ရေရှည်အတွက် ရည်ရွယ်ပြီး Develop လုပ်နေတဲ့ Web Application တစ်ချို့လည်းရှိပါတယ်။ ဒါပေမယ့် ဘယ်လို Application တွေလည်း ဆိုတာ အခု မပြောချင် သေးပါဘူး။ Free Service တွေတော့ များပါတယ်။ အတိုင်းအတာ တစ်ခုထိ အသင့် ဖြစ်ပြီဆိုမှပဲ အားလုံးကို အသိပေးချင်ပါတယ်။

ကျွန်တော်တို့ဆီမှာ ပီပြင်ပြီး အများအတွက် အသုံးတည့်တဲ့ Web Application ဆိုတာ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီလို မရှိသေး တာကိုပဲ အခွင့်အရေး တစ်ရပ်လို့ ယူဆထားပါတယ်။

Durosoft ရဲ့ Main Theme ကို ပြောပြပေးပါ။ ဘယ်လို Vision တွေ ချမှတ်ထားတယ်၊ ဘယ်လို ဝန်ဆောင်မှုတွေ ပေးမယ်၊ ဘယ်လို ပုံစံမျိုးနဲ့ ဝန်ဆောင်မှုတွေ ပေးမယ် စသည်ဖြင့် ပြည့်ပြည့်စုံစုံလေး ပြောပြပေးပါ။

Durosoft ရဲ့ လက်ရှိ Main Theme က Outsource ပါ။ Durosoft ဆိုတာဟာ အရည်အချင်းရှိပြီး အလုပ်တစ်ခုကို အမှန်တစ်ကယ် ပြီးမြောက် အောင်မြင်အောင် လုပ်နိုင်စွမ်းရှိတဲ့ Professional Programmer တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို Human Resource လို့ပဲ မြင်ပါတယ်။ ဒီ Human Resource ကို လိုအပ်တဲ့ မည်သူမဆို အသုံးချလို့ ရပါတယ်။

ကျွန်တော်တို့ကို Outsource ပေးနေတဲ့ သူတွေထဲမှာ Software Company တွေ ပါ ပါတယ်။ Web နဲ့ ပက်သက်တဲ့ ကဏ္ဍတွေကို ကျွန်တော်တို့ လုပ်တာက ပိုမြန်ပြီး ရလဒ် ပိုကောင်းမယ်ထင်လို့ Outsource ပေးကြတာပါ။ Technical Challenge တွေကို ကျွန်တော်တို့ကို ဖြေရှင်း ခိုင်းလိုက်တော့ Company က အခြား ကိစ္စရပ်တွေမှာ ပိုပြီး အာရုံစိုက်နိုင် သွားတာပေါ့။

တစ်ချို့ကျတော့လည်း ကိုယ့်မှာ စိတ်ကူး အိုင်ဒီယာ ကောင်းကောင်း ရှိတယ်။ အဲ့ဒီစိတ်ကူးကို အကောင်အထည် ဖော်ဖို့က နည်းပညာ အခက်အခဲတွေ ရှိနေတယ်။ Software Company တစ်ခုဆီ သွားပြီးတော့ ကိုယ့် အိုင်ဒီယာကို ချပြတာမျိုးလည်း မလုပ်ချင်ဘူး။ ငွေကုန် ကြေးကျလည်း များနိုင်တယ်။ ဖြစ်နိုင်ရင် ကိုယ်တိုင် လုပ်ချင်တယ်။ အဲ့ဒီလို လူတွေက သူတို့ရဲ့ စိတ်ကူးအိုင်ဒီယာကို အကောင်အထည် ဖော်ပေးဖို့ နည်းပညာနဲ့ ပက်သက်တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ကို Outsource ပေးပါတယ်။ ဒီနေရာမှာတော့ Outsource ပေးတယ် ဆိုတာထက် လက်တွဲ လုပ်တယ်လို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။

ကျွန်တော်တို့မှာ Outsource လုပ်ငန်းနဲ့ပက်သက်ပြီး Price Estimate လုပ်တဲ့ မူဝါဒလေး တစ်ခု ရှိပါတယ်။ ကျွန်တော်တို့မှာ Project ကြီးရင် တစ်မျိုး၊ Project သေးရင်တစ်မျိုး စျေနှုန်း သတ်မှတ်တာမျိုး မရှိပါဘူး။ Project အတွက် သုံးရမယ့် လူအင်အားနဲ့ ကြာမယ့် အချိန်ကိုပဲ တွက်ချက်ပြီး Estimate လုပ်ပါတယ်။ Project ကြီးရင် အချိန်ကြာမယ်၊ လူများများ သုံးရမယ်။ Project သေးရင် မြန်မယ်၊ လူနည်းနည်းနဲ့ ပြီးပါမယ်။

ဥပမာ – Project တစ်ခုကို Programmer (၂) ယောက်နဲ့ (၂) လ လုပ်ရမယ် ဆိုရင်၊ တစ်ယောက်ကို တစ်လ (၂) သိန်း၊ (၂) ယောက်ဆိုတော့ (၄) သိန်း၊ (၂) လဆိုတော့ (၈) သိန်းပေါ့။ ဘယ်လို Project အမျိုးအစားပဲ ဖြစ်ဖြစ် Programmer (၂) ယောက်လုပ်ပြီး (၂) လ နဲ့ပြီးမယ်ဆိုရင် (၈)သိန်း ကျမှာပါပဲ။ ဘယ်သူအပ်အပ် အတူတူပါပဲ။ နိုင်ငံခြားက အပ်လည်း ဒီတိုင်းပဲတွက်ပါတယ်။ ပြည်တွင်းကအပ်လဲ ဒီတိုင်းပဲ တွက်ပါတယ်။

ဒီလိုနည်းလမ်းနဲ့ Charge လုပ်ရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။

အဓိကအချက်က Software Project တွေမှာ ဖြစ်နေကြ ပြဿနာတွေကို ဒီနည်းနဲ့ ဖြေရှင်းထားတာပါ။ Software Project တွေမှာ တွေ့နေကြ ပြဿနာတွေက ဘယ်လို ပြဿနာတွေလဲ သိချင်ရင် ဒီပုံလေးကို တစ်ချက် ကြည့်လိုက်ပါ။

http://www.projectcartoon.com/cartoon/2

အဓိကကတော့ Requirement ပြဿနာပါ။ Customer က နည်းပညာ နားမလည်ပါဘူး။ နည်းပညာ နားမလည်ပေမယ့် သူ့လုပ်ငန်းအကြောင်း သူ နားလည်ပါတယ်။ Programmer က နည်းပညာ နားလည်ပေမယ့် Customer လောက် လုပ်ငန်းအကြောင်း နားမလည်ပါဘူး။ Customer က သူလိုချင်တဲ့ ပုံစံပြောပြတယ်။ Programmer က ဒါကို သူနားလည်တဲ့ပုံစံနဲ့ အဆင်ပြေအောင် လုပ်ပေးတယ်။ ရလဒ်ကို တွေ့တော့မှ Customer က ဒီလို မဟုတ်ဖူး ဟိုလို လိုချင်တာဆိုရင် Programmer နဲ့က အဆင်မပြေ တော့ပါဘူး။ “ခင်ဗျားနဲ့သဘောတူထားတာက ဒီလို၊ အခုမှ ဟိုလို လိုချင်တယ် ဆိုတော့ ပြောင်းမပေးနိုင်ဘူး၊ ထပ်လုပ်ရမယ် ဆိုရင် ငွေထပ်ပေးရမယ်” ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတော့ မျက်နှာတွေ ပျက်ကြရတယ်။ ဒါက Software Project တိုင်းမှာ တွေ့နေရတဲ့ ပြဿနာပါ။

ကျွန်တော်တို့သွားနေတဲ့ Model က Agile Model ပါ။ Project တစ်ခုလုံးကို Customer က စိတ်ကြိုက် ပုံဖော်ခွင့်ပေးတဲ့ ပုံစံပါ။ ဒီကနေ၊ ဒီအထိကို၊ ဒီလိုလုပ်ရင်၊ ဒီလောက်ကြာမယ် ဆိုပြီး တစ်ပိုင်းဖြတ်၊ လုပ်ပေး လိုက်တယ်။ ပြီးတဲ့အခါ Customer ကကြည့်မယ်။ အိုကေရင် နောက်တစ်ဆင့် ဆက်သွားမယ်။ နောက်တစ်ဆင့်မှာ ဒါတွေကို၊ ဒီလိုလုပ်ပြီး၊ ဒီလောက်ကြာမယ်ဆိုပြီး နောက်တစ်ပိုင်းဖြတ် လုပ်ပေးတယ်။ နောက်တစ်ပိုင်း ပြီးတဲ့အခါ Customer က ထပ်ကြည့်မယ်။ သူလိုချင်တာရှိရင် ထပ်ဖြည့်မယ်။ ဒီလိုမျိုး Milestone တစ်ခုချင်းစီကို အခြေခံပြီး သွားတဲ့အခါ နောက်ဆုံးကျတော့ Customer က သူလိုချင်တဲ့ Product ကိုရတယ်။ သူလိုချင်တဲ့ Product ကို သူကိုယ်တိုင် ပုံသွင်းတဲ့သဘောပါ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လုပ်အားတန်ဖိုးကိုပဲ Charge လုပ်လိုက်တဲ့ သဘောပါ။

နောက်တစ်ချက်က ပြည်ပနဲ့ ဆက်ဆံပြီး အလုပ်လုပ်တဲ့အခါမှာ သူတို့က ဒီနည်းလမ်းကို ပိုကြိုက်ကြလို့ပါ။

Dorusoft ကို ကျွန်တော် လေ့လာကြည့်တဲ့ နေရာမှာ ကဏ္ဍစုံစုံလင်လင် ထည့်သွင်းထားတာ တွေ့ရပါတယ်။ အဲဒီအထဲမှာ Outsourcing ဆိုတဲ့ ကဏ္ဍကို ကျွန်တော် သတိထားမိပါတယ်။ အဲဒီ Outsourcing အတွက် အမှန်တကယ် အသင့်ဖြစ်ပြီလား၊ အဲဒီလို Outsource Market အတွက် ဘယ်လိုအတွေ့အကြံုတွေ ရှိနေပြီလဲခင်ဗျ။ Outsource ဆိုတာ ကျွန်တော့်အထင် Durosoft ရဲ့ Main Theme ထဲမှာ ပါတယ်လို့ ကျွန်တော် သဘောရပါတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေးပေးပါဦးခင်ဗျ။

Outsource လုပ်ဖို့ အသင့် ဖြစ်မဖြစ် ဆိုတာက ကိုယ့်မှာ Human Resource အလုံအလောက် ရှိမရှိဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့မှာက Human Resource ရှိတယ်။ ပြီးတော့ အဲ့ဒီ Resource ကို အဆက်ပြတ် မသွားအောင်လည်း ဆက်တိုက် လေ့ကျင့် မွေးထုတ် ပေးနေတယ်။ Web နဲ့ ပက်သက်ပြီး ကျွမ်းကျင်တဲ့ Resource ပဲ ရှိတဲ့အတွက် Web နဲ့ ပက်သက်တာတွေပဲ Outsource လုပ်လို့ရတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (အိန္ဒိယလို) Outsource ကို အဓိက လုပ်ငန်းကြီး တစ်ခုအနေနဲ့ လုပ်ကြတော့မယ် ဆိုရင်ရော၊ လုပ်ငန်းကျွမ်းကျင်တဲ့ Human Resource က ဘယ်အပိုင်းမှာ ရှိနေသလဲ မေးစရာ ရှိလာပါတယ်။ ကွန်ပျူတာ ကျွမ်းကျင်သူတွေ ပေါသလား။ အင်္ဂလိပ်စာ ကျွမ်းကျင်သူတွေ ပေါသလား။ ဘယ်နယ်ပယ်မှာ ကျွမ်းကျင်သူတွေ ပေါသလဲ စမ်းစစ်ဖို့ လိုလာပါတယ်။

Outsource လုပ်ငန်း လုပ်ဖို့ အသင့်ဖြစ်မဖြစ် ဆိုတာ ဒီအချက်က အဓိက အကျဆုံးပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကွန်ပျူတာ နည်းပညာနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေကို Outsource လုပ်နိုင်ဖို့အတွက် ကွန်ပြူတာ ကျွမ်းကျင်သူ Human Resource အလုံအလောက် ရှိပါတယ်လို့ ပြောလာရင်တော့ ဟာသတစ်ခုလို ဖြစ်နေပါလိမ့်မယ်။ နိုင်ငံတကာက တောင်းဆိုတဲ့ အရည်အသွေးကို လုပ်ပေးနိုင်တဲ့ Human Resource လုံလောက်အောင် မရှိပါဘူး။ ကိုယ့်လူတွေက ဘယ်အပိုင်းမှာ နိုင်ငံတစ်ကာ တောင်းဆိုတဲ့ အရည်အသွေးကို ပေးနိုင်မှာလည်း စဉ်းစားပြီး အဲ့ဒီ အပိုင်းကိုပဲ လုပ်မယ် ဆိုရင်တော့ ရမယ်လို့ထင်ပါတယ်။

Outsource ဆိုတာ နည်းပညာ ကို Median အနေနဲ့ အသုံးချပြီးလုပ်ရတဲ့ လုပ်ငန်း ဖြစ်နေတော့ အခြား Infrastructure နဲ့ပက်သက်တဲ့ ကိစ္စတွေ ကလည်း ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပါပဲ။ ဥပမာ – အင်တာနက်နဲ့ နိုင်ငံတကာ ဘဏ်။ ဒါပေမယ့် မယုံမရှိပါနဲ့၊ အဲ့ဒါတွေက ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ Human Resource မရှိရင်သာ ဘယ်လို နည်းလမ်းနဲ့မှ ရှေ့ဆက်သွားလို့ မရတာပါ။

Outsource လို့ ပြောတဲ့ နေရာမှာ အခုနောက်ပိုင်း ကျွန်တော်တို့ရဲ့ Client တွေရော၊ ကျွန်တော်တို့ ကိုယ်တိုင်ပါ ပိုကြိုက်တဲ့ ပုံသဏ္ဍာန် တစ်ခုရှိပါတယ်။ Offshore လို့ ပြောရမယ် ထင်ပါတယ်။ အလုပ်ကို Outsource ပေးတာမဟုတ်ပဲ၊ လူငှားတာပါ။ Programmer တွေကို (၃) လ (သို့မဟုတ်) (၄) လ (သို့မဟုတ်) ကာလရှည် စာချုပ်ပြီး ငှားပေးတာပါ။ Client အတွက် လုပ်ပေးရမယ့် အလုပ်တွေကို Programmer က ဒီကနေ လုပ်ပေးရပါတယ်။ ဘယ် Project ရယ်လို့ မဟုတ်ပါဘူး။ သဘောတူထားတဲ့ အလုပ်တွေထဲက ခိုင်းသမျှအကုန် လုပ်ပေးရပါတယ်။

တစ်ကယ်သာ ကိုယ့်ဖက်က စျေးကွက်က လိုသလောက် ငှားပေးနိုင်ရင် အများကြီး အလုပ်ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့်မှာတောင် မလုံလောက်လို့ အများကြီး ငှားမပေးနိုင်ပါဘူး။ အခွင့်အလမ်း ရှိပေမယ့် အဲ့ဒီအခွင့်အလမ်းကို အပြည့်အဝ ရအောင် မယူနိုင်ဖြစ်နေပါတယ်။

ကျွန်တော် ဆိုလိုတာက အလုပ်ပေးမယ့်သူနဲ့ အလုပ်တွေက တစ်ပုံကြီး ရှိပါတယ်။ ကျွန်တော်တို့မှာသာ Human Resource က မလုံလောက်တာပါ။ အမှန်တော့ ဒီကိစ္စနဲ့ပက်သက်ပြီး ပြောမယ်ဆိုရင် ဒီထက်မက ပြောစရာတွေ ရှိပါသေးတယ်။

ခုနောက်ပိုင်း Web Technology နဲ့ ပတ်သက်ပြီး နည်းပညာ အရွေ့တွေ အများကြီး တွေ့နေရပါတယ်၊ HTML5 ရဲ့ အရွေ့ကတော့ တကယ့်ကို အပြင်းထန်ဆုံး အရွေ့လို့ ဆိုနိုင်မယ် ထင်ပါတယ်၊ အဲဒီအပြင် Google Chrome ရဲ့ Web App အရွေ့ပုံစံတွေလည်း အများကြီး တွေ့နေရပါတယ်။ အဲဒီအတွက် HTML5 အပေါ် အမြင်ကို ဆွေးနွေးပေးပါဦး။ အဲဒီအပြင် Web Apps တွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပေးပါဦးခင်ဗျ။

ဒီအကြောင်းကလည်း ပြောရမယ်ဆို အများကြီးပါပဲ။ HTML5 အကြောင်းကိုပဲ လေ့လာဆဲ ညီ ညီမတွေအတွက် အကြမ်းဖျဉ်း ဆွေးနွေး ပေးပါမယ်။ ဒီနေ့ အဓိက နည်းပညာ ဖြစ်နေတဲ့ Web ဆိုတာ မူလအစက Document တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် Link လုပ်ထားတဲ့ နည်းပညာ တစ်ခုမျှသာ ဖြစ်ပါတယ်။ လက်ရှိ အတွင်ကျယ်ဆုံး အသုံးပြုနေတဲ့ HTML4.01 နဲ့ XHTML1.1 အထိ Document အတွက်ပဲ ဦးတည်ထားပြီး Application အတွက် ထည့်သွင်း စဉ်းစားထားခြင်း မရှိပါဘူး။ လိုအပ်တဲ့ စံသတ်မှတ်ချက် တွေကို W3C က သတ်မှတ် ပေးပါတယ်။ Document တွေ တည်ဆောင်ဖို့အတွက် HTML, XHTML နဲ့ CSS၊ Document တွေ Transfer လုပ်ဖို့အတွက် HTTP စသဖြင့် နည်းပညာ စံတွေကို သတ်မှတ် ပေးပါတယ်။

အဲဒီ နည်းပညာစံတွေကို သတ်မှတ်တဲ့ အခါမှာ W3C က Web Developer တွေ၊ Web Browser ထုပ်လုပ်သူတွေရဲ့ တီထွင်မှုတွေကိုပါ စဉ်ဆက်မပြတ် အသိအမှတ်ပြု ထည့်သွင်း ပေးခဲ့ပါတယ်။ HTML 4.01 မှာ Layout အတွက် Tab တွေမပါတော့ Developer တွေက <div> Tag တွေကို သင့်တော်တဲ့ id တွေပေးပြီး Layout လုပ်ကြပါတယ် (ဥပမာ – <div id=”header”>)။ ဒီအမူအကျင့်ဟာ Web Developer အားလုံး လိုလိုက အသုံးပြု နေကြတော့ W3C က ဒီလို သုံးစရာ မလိုတော့အောင် HTML5 မှာ <header> ဆိုတဲ့ Tag ကို ထည့်သွင်း ပေးခဲ့ပါတယ်။ Web Browser တွေက W3C သတ်မှတ်ချက်မှာ မပါပေမယ့် Rounder Corner အတွက် CSS Property border-radius ဆိုတာ မျိုးတွေကို တီထွင် ထည့်သွင်း လာကြပါတယ်။ Web Browser အားလုံး လိုလိုမှာ အဲ့ဒီ property က လက်ခံ အသုံးပြုနေတော့ W3C က CSS3 မှာ လက်ခံ ထည့်သွင်း ပေးလိုက်ပါတယ်။

တစ်ကယ်တော့ HTML5 ဆိုတာ မူလကရှိနေတဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက် User တွေ၊ Developer တွေ နဲ့ Browser တွေ အသုံးပြုနေတဲ့ (မသိမသာ ကွဲပြား ခြားနားပေမယ့် တူညီနေတဲ့) အမူအကျင့်တွေကို အားလုံး တစ်ညီတစ်ညာတည်း တူညီအောင် အသုံးပြုနိုင်ဖို့ အသိအမှတ်ပြု လက်ခံ ဖြည့်စွက်ထားတဲ့ နည်းပညာ စံတစ်ခုပါပဲ။

အရင်က Form တွေကို Validate လုပ်ဖို့အတွက် Javascript တွေ သုံးရတယ်။ HTML5 မှာ validate attribute တွေပါလာလို့ Javascript သုံစရာ မလိုတော့ဘူး။ အရင်က Drag & Drop လို Interaction မျိုးရဖို့ Javascript တွေနဲ့ ကိုယ်တိုင် အစအဆုံး ဖန်တီး ယူရတယ်။ HTML5 မှာ API တွေပါလာတော့ အများကြီး လွယ်သွားတယ်။ အရင်က Layout အတွက် Tag တွေမပါတော့ <div> တွေ သုံးရတယ်။ HTML5 မှာ Layout Tag တွေ ပါလာတယ်။ အရင်က Video/Audio အတွက် Flash လို Plugin တွေ သုံးရတယ်။ HTML5 မှာ Video တစ်ခါတည်း ပါလာတယ်။ အရင်က 2D Drawing နဲ့ Animation တွေကို Flash လို့ Plugin တွေနဲ့ သုံးရတယ်။ HTML5 မှာ Canves ဆိုပြီး ပါလာလို့ Plugin တွေကို မှီခိုစရာ မလိုတော့ဘူး။ အရင်က Interactive Application တွေရဖို့ Ajax နဲ့ Javascript သက်သက်ကို မှီခိုရတယ်။ HTML5 မှာ Socket API တွေ ပါလာလို့ ပိုပြီး အဆင်ပြေသွားတယ်။ အရင်က Storage အတွက် သိပ်အဆင်မပြေတဲ့ Cookie တွေကို သုံးခဲ့ကြရတယ်။ အခုတော့ LocalStorage API တွေ ပါလာလို့ အများကြီး အဆင်ပြေ သွားတယ်။

Web Application တွေ တည်ဆောက်ဖို့ အတွက် အရင်က Third-Party နည်းပညာပေါင်း များစွာကို မှီခိုပြီး အဆင်ပြေအောင် လုပ်ခဲ့ ကြရပေမယ့်၊ HTML5 မှာ အဲ့ဒီ နည်းပညာတွေကို ပေါင်းစည်း ပေးထားတဲ့အတွက် Web Developer တွေအတွက် အများကြီး အဆင်ပြေသွားပါပြီ။

အခု ကျွန်တော် ပြောခဲ့တာတွေကို ခြံုကြည့်ရင် HTML5 ကို W3C က သတ်မှတ်ထားတာ ဖြစ်ပေမယ့် အဲ့ဒီနည်းပညာဟာ အားလုံးက ၀ိုင်းဝန်း တီထွင်ထားတဲ့ နည်းပညာတစ်ခု ဖြစ်တယ်ဆိုတာကို သတိထားမိမှာပါ။

ဒီနေရာမှာတော့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။ နောင်အကြောင်း တိုက်ဆိုင်ရင်တော့ ဒီထက်အကျယ် ဆွေးနွေးပါဦးမယ်။

ဒီမေးခွန်းကတော့ Myanmar Tutorials ပရိသတ်တစ်ဦးက ကိုအိမောင်ကို မေးစေချင်လို့ မေးတဲ့ မေးခွန်းပါ။ ကိုအိမောင် အနေနဲ့ Web Technology နဲ့ ပတ်သက်ပြီး ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာ ပြောပြပေးပါတဲ့။

ကျွန်တော် ကွန်ပျူတာ ပညာကို လေ့လာစကနေ အခုချိန်ထိ ဖြတ်သန်းခဲ့တဲ့ အဆင့်တွေကို အကြမ်းဖျဉ်း ပြောပြပါမယ်။ ပထမဦးဆုံး ဒဂုံတက္ကသိုလ်မှာ ဒီပလိုမာတန်း တစ်တန်း တက်ပါတယ်။ Programming Language အနေနဲ့ C/C++ နဲ့ Visual Basic တို့ကို လေ့လာခဲ့ ရပါတယ်။ နောက်တော့ KMD မှာ Java Programming သင်တန်း တက်ဖြစ် လိုက်ပါသေးတယ်။ တက်ခဲ့တဲ့ သင်တန်း၊ ကျောင်း အနေနဲ့ ဒါ အကုန်ပါပဲ။

ဒီပလိုမာရပြီးတော့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဂိမ်းဆိုင်တစ်ခု ဖွင့်ဖြစ်ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းခင်တဲ့ သူငယ်ချင်းတွေနဲ့ ဂိမ်း လာဆော့ရင်း ခင်တဲ့ သူငယ်ချင်းတွေ ထဲမှာ IDCS နဲ့ IAD တက်နေတဲ့ သူတွေ တစ်ပုံကြီး ပါပါတယ်။ သူတို့ရဲ့ Visual Basic နဲ့ Java Project တွေကို အကူအညီ တောင်းလို့ ရေးပေးပါတယ်။ အဲ့ဒီ သူငယ်ချင်းတွေက တဆင့် သတင်းကြားပြီး နောက်ထပ် Project အပ်တွေလူတွေ တိုးလာပါတယ်။ အဲ့ဒီအချိန်ဟာ ကျွန်တော့်ရဲ့ Programming Experience ကို ပထမဦးဆုံး ယူဖြစ်တဲ့ အချိန်တွေပါပဲ။

သင်တန်းဆင်းစ ကိုယ့်ကိုယ်ကို ယုံကြည်မှု သိပ်မရှိပေမယ့်၊ အဲ့ဒီလို Project တွေ အများကြီး လုပ်ပြီးတဲ့ နောက်မှာ ကိုယ့်ကိုယ်ကို အတော်အတန် ယုံကြည့်မှု ရှိလာပါတယ်။ နောက်တော့ ဂိမ်းဆိုင်တွေမှာ သုံးဖို့ CafeZee တို့ HandyCafe တို့လို TimeTracking Application တစ်ခု စရေးဖြစ်ပါတယ်။ ကိုယ့်ဆိုင်မှာ အရင်သုံးပါတယ်။ သိပ်တော့ အဆင်မပြေ လှပေမယ့် နောက်ထပ် နှစ်ဆိုင်လောက်ကို (မုန့်ဖိုးလောက်နဲ့) ရောင်းပေး လိုက်ပါတယ်။ သူတို့လည်း နောက်တော့ မသုံးဖြစ်ကြပါဘူး။ မအောင်မြင်ပေမယ့် ပထမဦးဆုံး Real World Application တစ်ခုပါ။

နောက်တော့ သူငယ်ချင်း တစ်ယောက် ကုမ္ပဏီအတွက် Stock System တစ်ခု ရေးပေး ဖြစ်ပြန်ပါတယ်။ တစ်ခြား ဆက်စပ် Application သေးသေးလေး တွေလည်း ရေးပေး ဖြစ်ပါတယ်။ အမှန်တော့ အဲ့ဒါတွေလည်း တစ်ခုမှ အောင်အောင်မြင်မြင် မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့် အတွ့အကြံုတွေပါပဲ။

GSM ဖုန်းတွေကို ကွန်ပြူတာကနေ SMS ပို့တဲ့ Application တစ်ခုလည်း လုပ်ဖြစ်ပါသေးတယ်။

အဲ့ဒီနောက်ပိုင်းမှာ Desktop Application အနေနဲ့ ဆက်မလုပ် ဖြစ်တော့ပါဘူး။ starmyanmar.com ဆိုပြီး Static Website တစ်ခုကို Dreamweaver နဲ့ စလုပ်ဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် စာဖတ်ပြီး လျှောက်လုပ်တာပါ။

၂၀၀၆ လောက်ကစပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ပါတယ်။ PHP / MySql ကို စပြီး လေ့လာခဲ့ပါတယ်။ ရှေ့ပိုင်းမှာ Programming တွေ့အကြံု အထိုက်အလျှောက် ရှိထားတော့ သိပ်ခက်ခက်ခဲခဲကြီး မလေ့လာလိုက်ရပါဘူး။ အဲ့ဒီအချိန်ကစပြီး Web Development ကိုပဲ တစ်စိုက်မတ်မတ် လုပ်ဖြစ် ပါတော့တယ်။

Web နဲ့ပက်သက်တဲ့ နည်းပညာတွေကို ဘယ်မှာမှ မသင်ခဲ့ဖူးပါဘူး။ အင်တာနက် ကနေပဲ လေ့လာတာပါ။ ဒါပေမယ့် အရင်ကတည်းက ထိုက်သင့်တဲ့ Programming အတွေ့အကြံုရှိခဲ့လို့ ပိုအဆင်ပြေတယ် ဆိုတဲ့ အချက်ကိုတော့ သတိပြု စေချင်ပါတယ်။ စာတွေ အများကြီး ဖတ်ဖြစ်ပါတယ်။ အများစုကိုတော့ ကိုယ်တိုင် လေ့လာပါတယ်။ ဒါပေမယ့် ကိုယ့်အနားမှာ ကိုယ့်ထက်တော်ပြီး အတွေ့အကြံု များတဲ့သူတွေရှိတော့ တစ်ခုခုဆို မေးလို့ ရနေတာက အခွင့်အရေး တစ်ခုပါပဲ။ လေ့လာရတာ ပိုမြန်သွားတာပေါ့။ အလုပ် အတွေ့အကြံုတွေလည်း အများကြီး ရလာပါတယ်။ အဲ့ဒီ အချိန်ကာလ (၃)နှစ် လောက်က၊ ရှေ့ပိုင်း (၄)နှစ်လောက်ထက် အများကြီး ပညာပိုရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ “အင်တာနက်ကို ပညာရှာဖို့အတွက် ထိထိ ရောက်ရောက် ဘယ်လို အသုံးချရမလဲ” ဆိုတာကို နားလည်သွားလို့ပါ။ နားလည်တဲ့ အတိုင်းလည်း အသုံးချခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ လေ့လာဆဲ ညီ၊ ညီမတွေကို ကျွန်တော် ပြောနေကြ သုံးချက် ရှိပါတယ်။

  1. နံပါတ် တစ်က အင်တာနက်ကို ထိထိရောက်ရောက် အသုံးချဖို့ အမြဲပြောဖြစ်ပါတယ်။
  2. နောက်တစ်ခုက အလုပ် တစ်ခုခုမှာ ၀င်လုပ်မယ်ဆိုရင် ကိုယ့်ကို စဉ်ဆက်မပြတ် လေ့လာဖို့ အခွင့်အရေးပေးတဲ့ အလုပ်မျိုးကို ဦးစားပေးရွေးဖို့ အမြဲ ပြောဖြစ် ပါတယ်။
  3. နောက်တစ်ချက်ကတော့ သိချင်တာရှိရင် အနားမှာ မေးစရာ လူတစ်ယောက် ရှိနေတာဟာ နည်းတဲ့ အခွင့်အရေး မဟုတ်ဖူး ဆိုတာကိုလည်း ခဏခဏ ပြောဖြစ်ပါတယ်။

တစ်ယောက်တည်း လှုပ်ရှားခဲ့တဲ့ အချိန်တွေထက်၊ အသိုင်းအဝိုင်း တစ်ခုအတွင်းမှာ လှုပ်ရှားခဲ့တဲ့ အချိန်မှာ ပညာပိုရတာကို ကျွန်တော် ကိုယ်တိုင် တွေ့ကြံု ခဲ့ရလို့ပါ။

ခုမှ စပြီး နည်းပညာလောကကို ဝင်မယ့် ညီငယ်၊ ညီမငယ်များအတွက် ဘယ်လို လေ့လာသင့်တယ်၊ ဘာတွေ လိုက်နာသင့်တယ်၊ ဘယ် လမ်းကြောင်းတွေ ရွေးချယ်လို့ ရတယ် စသည်ဖြင့် အကြံဉာဏ်လေးတွေ ပေးပါဦးခင်ဗျ။

တစ်ခြား နယ်ပယ်တွေအကြောင်း သိပ်မသိတော့ ဘယ်လမ်းကြောင်း ရွေးသင့်လဲ ဆိုတာတော့ အကြံမပေးတက်ဘူး။ ကိုယ်အမှန်တစ်ကယ် ၀ါသနာပါတဲ့ လမ်းကြောင်းကို ရွေးလို့ပဲ ပြောရမယ် ထင်ပါတယ်။

Web Development ကို စိတ်ဝင်စားလို့ လေ့လာမယ် ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေက ပြည်တွင်းမှာရော ပြည်ပမှာရော တစ်ပုံကြီး ရှိပါတယ်။ အမှန်တစ်ကယ် တက်ကျွမ်းဖို့ပဲ လိုတာပါ။ အမှန်တစ်ကယ် တက်ကျွမ်းထားတဲ့ လူတစ်ယောက်အတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုတာ ပေါပါတယ်။ တစ်ခြား နယ်ပယ်တွေမှာလဲ ဒီသဘောပဲလို့ ထင်ပါတယ်။

အမှန်တစ်ကယ် တက်ကျွမ်းတဲ့ Web Developer တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ? အပေါ်မှာ ပြောထားခဲ့တဲ့ ကျွန်တော့် အတွေ့အကြံုတွေထဲကလဲ သင့်တော်တဲ့ အပိုင်းကို နမူနာယူနိုင်ပါတယ်။ သွားရမယ့် အဆင့် တစ်ချို့ကိုတော့ အကြံပေးနိုင်ပါတယ်။

Web Development ဆိုတာ အမှန်တော့ Programming တစ်မျိုးပဲ ဆိုတော့၊ Programming အခြေခံ ကောင်းကောင်း လိုပါတယ်။ Programming အခြေခံ ကောင်းကောင်း ရှိပြီဆိုရင် Web Standard တွေနဲ့ Web Technology တွေအကြောင်း သိအောင် လေ့လာရပါမယ်။ ဒါတွေကို အလွယ်ဆုံး လေ့လာနည်းကတော့ သင်တန်း တက်တာပဲပေါ့။ ကိုယ့်ကို Programming အခြေခံ ကောင်းကောင်း ပေးနိုင်မယ့် သင်တန်းကို အရင် ရွေးတက်ပါ။ Popular ဖြစ်တဲ့ Language ကို ရွေးသင်စရာ မလိုပါဘူး။ Programming ဆိုတာကို နားလည် သွားဖို့က အဓိကပါ။ ပြီးရင်တော့ Web Technology အကြောင်း ကောင်းကောင်း ပြောပြနိုင်မယ့် သင်တန်း တစ်ခုလောက် ထပ်တက်ပေါ့။ ဒါပေမယ့် သင်တန်းတွေ တက်ရုံနဲ့တော့ တစ်ကယ် တက်ဦးမှာ မဟုတ်ပါဘူး။ လက်တွေ့  အတွေ့အကြံုက လိုပါသေးတယ်။

လက်တွေ့ အတွေ့အကြံုရဖို့ အလွယ်ဆုံးနည်းက လွပ်လပ်စွာ လေ့လာခွင့်ပေးတဲ့ အလုပ်တစ်ခုကို (လစာ ဘာညာ လုံးဝမကြည့်ပဲ) ၀င်လုပ်ပြီးတော့ ရှာနိုင်ပါတယ်။ ကိုယ်တိုင်လည်း ဆက်လေ့လာနိုင်သလို အလုပ် အတွေ့အကြံုလည်း ရလာနိုင်ပါတယ်။ အတွေ့အကြံုရှိပြီးသား သူတွေနဲ့ အတူ တွဲလုပ်ခွင့်လည်း ရနိုင်ပါတယ်။

ဒီမှာက ဘာမှဖြင့် မတက်သေးဘူး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်တာတွေက တစ်ပုံကြီးပါ။ တစ်လောက Myanmar IT Pro မှာ အလုပ်သင် အနေနဲ့ ၀င်လျှောက်မလို့ လစာ ဘယ်လောက် တောင်းသင့်လဲလို့ မေးထားတာ တွေ့မိတယ်။ ကျွန်တော့် သဘောအရဆိုရင် တစ်ပြားမှ မရလည်း လုပ်သင့်တယ်လို့ ဖြေချင်တယ်။ ဒီအဆင့်မှာ ကိုယ့်အတွက် ပညာရဖို့က အရေးအကြီးဆုံးလေ။ အဲ့ဒီအလုပ်ကသာ ကိုယ့်အတွက် တစ်ကယ် ပညာရမယ်ဆို တစ်ကယ်ပဲ တစ်ပြားမှမရလဲ လုပ်သင့်တယ်။ အဲ့ဒီက ရတဲ့ပညာက ကိုယ့်တစ်သက်စာ ပဲလေ။ အဲ့ဒါကို လစာ တစ်သိန်းကျော် တောင်းဖို့ အကြံပေးတဲ့ သူတွေကရှိတော့ အဲ့ဒီစိတ်တွေနဲ့ ဆိုရင်တော့ ဘာပညာမှ တက်လာမှာ မဟုတ်ပါဘူး။ ကိုယ်အမှန်တစ်ကယ် တက်ကျွမ်း နေရင်တော့ ကိုယ့်ပညာနဲ့ ထိုက်သင့်တဲ့ လုပ်ခလစာကို တောင်းဆိုရမှာ ပေါ့လေ။ ကိုယ့်ကိုယ်ကို ပညာရဖို့အတွက် လေ့လာနေဆဲလို့ ယူဆရင်တော့ ဒါမျိုးကို ဂရုစိုက်ဖို့လိုတယ်။ ပညာလည်း သင်ပေးတယ်၊ လစာလည်း အများကြီး ပေးတယ်ဆိုတဲ့ အလုပ်ရှိရင် ကျွန်တော်ကို ပြောပါ။ လက်ရှိ အလုပ်ကို ဖြုတ်ပြီး သွားလုပ်ချင်လို့။

နောက်ဆုံးတစ်ခု အကြံပေးချင်တာက အင်တာနက်ကို ထိထိရောက်ရောက် အသုံးချပါလို့ ပြောချင်ပါတယ်။ အင်တာနက်ဟာ အကောင်းဆုံး Learning Resource ကြီးပါပဲ။

ကျေးဇူးတင်ပါတယ်။

ခုလို ပြည့်ပြည့်စုံစုံ ဖြေပေးသွားတဲ့ ကိုအိမောင်ကို ကျွန်တော်ကရော Myanmar Tutorials ကပါ။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ၊ ကျွန်တော်တို့အတွက် အင်မတန် အဖိုးတန်တဲ့ အင်တာဗျူးတစ်ခုကို တင်ဆက်လိုက်နိုင်တဲ့အတွက် Myanmar Tutorials ရဲ့ ပရိသတ်တွေလည်း ကျေနပ်မယ်လို့ ထင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သီဟ

(Myanmar Tutorials)

Facebook comments:

10 Responses

  1. luyo says:

    ကိုအိမောင်ရော ကိုသီဟကိုရော ကျေးဇူးတင်ပါတယ်
    it လောကထဲ ခြေချ မယ့် ညီ ညီမတွေအတွက်အရမ်းကို
    အကျိုးပြုမယ့် interview လေးပါခင်ဗျာ

  2. smart says:

    အရမ်းကိုကောင်းတဲ့ အင်တာဗျူးလေးပါ.. တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်…

  3. wayne says:

    Novasteps မှာ သုံးနစ်ကျော်လေးနစ် အလုပ်လုပ်ခဲ့တာ မတွေ့ဘူးဗျ
    ထဲ့သင့်ပါတယ် ။ ကိုရာဗီက အများကြီးသင်ပေ:ခဲ့တာလေ ၊ ဒီအခြေအနေ ရောက်တာဟာ သူကြောင့်အများကြီးပါတယ်ဆိုတာ မမေ့သင့်ပါဘူး ။

    • Ei Maung says:

      @Wayne,

      I value that moment more than you can imagine. But, I will never state person name on public without permission. If you read closely my answers, you can found statements like this more than one time.

      >> ကျွန်တော် အခုလုပ်နေတဲ့ Web Development နဲ့ပက်သက်တဲ့ Knowledge တွေ Experience
      >> တွေက အဲ့ဒီမှာ လုပ်ရင်းနဲ့ ရလာတာဖြစ်ပါတယ်။ Web Development နဲ့ပက်သက်ရင် ကျွန်တော့်အတွက်
      >> သင်ဆရာရယ်လို့ မရှိပေမယ့် အဲ့ဒီလုပ်ငန်းက ဒီနေ့ ကျွန်တော်ဖြစ်လာအောင် လမ်းညွှန်မှုတွေပေးပြီး ပျိုးထောင်ပေးခဲ့တဲ့ လုပ်ငန်းပါ။

      Thanks.

  4. မောင်မိုက် says:

    အရမ်းသဘောကျတယ် …

  5. အရမ်းကောင်းတဲ့ Interview လေးပါပဲ

  6. waiyan says:

    တော်တော် အတုယူအားကျစရာကောင်းတဲ့ အင်တာဗျုးပါ။
    ကျေးဇူးတင်ပါတယ်။

  7. everlearner says:

    Congratulation! Ko Ei Maung,

    I really appreciate your hard working. Go ahead bro.
    Also thank you for expressing your “Technical Journey & Life” openly.
    Young bros and sis can imagine what they can do and how to do after reading your valuable experiences, fall downs and never give up mental spirits.

    Thanks Ko Thiha for this interview, also.
    You are very clever in asking the main points.
    I can learn a lot of questioning methods from your interviews. :)

  8. [...] အကောင်းဆုံး ဥပမာ ပြရမယ်ဆိုရင်တော့ ကိုအိမောင် ရဲ့ အင်တာဗျူးကို ဖတ်ကြည့်ပါ။ [...]

  9. Jia_Li says:

    Wow ..really great interview.
    I got so many knowledge from this interview.
    Thanks a lot Ko Ei Maung & Ko Thiha. I really appreciate that.

Leave a comment


*