Startup လား၊ တကယ်ကော အလုပ်ဖြစ်သလား အပိုင်း(၂)
![]() |
ကိုမြင့်ကျော်သူဆိုတာ Total Game Play ဆိုတဲ့ နိုင်ငံတကာအဆင့် Game Portal တစ်ခုကို တည်ထောင်ထားသူ ဖြစ်ပြီး မြန်မာပြည်ရဲ့ Game Developer လောကမှာ Pioneer လို့ ဆိုနိုင်သူ တစ်ဦး ဖြစ်ပါတယ်။ Total Game Play ဆိုတဲ့ Game Studio တစ်ခုကို တည်ထောင်ထားပြီး ကိုယ်ပိုင် ဂိမ်းများကို ရေးသားနေသူ တစ်ဦးဖြစ်ပါတယ်။
Website – www.totalgameplay.com |
ရေးသားသူ – ကိုမြင့်ကျော်သူ
Startup: လုပ်ဖို့ကြောက်နေသလား?
ပထမဆုံး start-up လုပ်မယ်လို့ စဉ်းစားလိုက်ရင် အတော်များများ ကြောက်ကြတာ customer မရမှာဘဲ ဖြစ်ပါတယ်။ ကိုယ်က product ဒါမှမဟုတ် service တစ်ခု လုပ်လိုက်တယ်၊ ဒါပေမဲ့ customer ရှာလို့ မရမှာကို ကြောက်တယ်။ ကြောက်တယ် ဆိုတာထက် customer ကိုဘယ်နားက ဘယ်လိုသွားရှာရမှန်း မသိတာ ဖြစ်ပါတယ်။ တချို့ဆို ဒီလို customer ဘယ်ကသွားရှာရမှန်း မသိတာနဲ့ကို start-up company ထောင်ဖို့ လက်တွန့်နေပါတယ်။ တကယ်တော့ သူက customer ဘယ်လိုရှာရမှန်း မသိတာဟာ လုပ်ငန်းရဲ့ လုပ်ပုံကိုင်ပုံ procedure ကို မသိတာသာ ဖြစ်ပါတယ်။
တကယ်တော့ ကိုယ်ကလဲ customer ရှာနေတာ ဖြစ်သလို၊ customer ကလဲ ကိုယ့်ကိုရှာနေပါတယ်။ လုပ်ငန်းတခုရဲ့ procedure ကိုသိရင် customer ဆိုတာသူ့အလိုလို ကိုယ့်ဆီ ရောက်လာပါလိမ့်မယ်။ လုပ်ငန်းတိုင်းဟာ သူ့လုပ်ပုံကိုင်ပုံ အဆင့်ဆင့်ရှိတယ်။ ဂိမ်းတခုထုတ်မယ် ဆိုပါစို့။ ကိုယ့်ဆီမှာ ဂိမ်း product တခုပြီးသွားတာနဲ့ လုပ်ငန်းက ပြီးမသွားသေးပါဘူး။ ပထမဆုံး publisher တွေကို ဆက်သွယ်ရမယ်၊ publisher ကတဆင့် QA ဆီရောက်ပါတယ်။ QA က product ကို စိတ်တိုင်းမကျရင် ကိုယ့်ကို ပြန်ပြင်ခိုင်းမယ်၊ ပြီးရင်တော့ marketing လက်ထဲ ရောက်မယ်။ Marketing ကနေ package ထုပ်ပြီး regional distributor လက်လီပေးမဲ့ သူတွေဆီကို ပို့ပါတယ်။ Distributor လက်လီသမားတွေက စတိုးဆိုင်လို၊ ဂိမ်းဆိုင် လိုဆိုင်တွေမှာ လိုက်တင်ပါတယ်။ ဒီကမှ ကိုယ့်ရဲ့ customer တွေဆီ ရောက်ပါတယ်။ ကိုယ့်ဂိမ်းကို customer မရမှာ၊ တနည်းအားဖြင့် customer တွေဆီဘယ်လို ပို့ရမှန်း မသိတာဟာ လုပ်ငန်းရဲ့ လုပ်နည်းလုပ်ဟန် procedure ကိုမသိလို့ ဖြစ်ပါတယ်။
ကဲဒါဆို procedure ကိုသိအောင် ဘယ်လိုလုပ်မလဲ။ ဒီလို လုပ်နည်းလုပ်ဟန်ဆိုတာ Google မှာရှာရင် တွေ့ဖို့မလွယ်သလို၊ Yahoo Answer လိုနေရာမျိူးမှာ မေးလို့ရတာမျိုးလဲ မဟုတ်ပါဘူး။ နေရာဒေသလိုက် လုပ်နည်းကိုင်နည်း တွေကလဲ ကွဲပါသေးတယ်။ ဒီအတွက် ကိုယ့် industry ထဲက လူတွေနဲ့ networking ချိတ်ဆက်ထားဖို့ လိုပြီ ဖြစ်ပါတယ် (Networking: ကွန်ရက်ဖြန့်ကျက် ချိတ်ဆက်ထားခြင်း)။ တကယ်တော့ ဒီ networking ဆိုတာ ကိုယ် company ထောင်မှစလုပ်ရမှာ မဟုတ်ဘဲ၊ မထောင်ခင်ကတည်းက လုပ်ထားရမှာ ဖြစ်ပါတယ်။ ကိုယ့်က ဘာလုပ်မှာလဲ၊ web development ဆို web လုပ်ငန်းထဲက လူတွေနဲ့ တတ်နိုင်သလောက် သိအောင် မိတ်ဖွဲ့ထားဖို့ လိုပါတယ်။ ဒါကိုဘဲ networking လုပ်တယ်လို့ ခေါ်ပါတယ်။ ကိုယ့်ဆီမှာ business card လေးထုတ်ထား၊ ပြီးရင် seminar တွေ workshop တွေတက်၊ ပြီးရင် ရသလောက် မိတ်ဆွေဖွဲ့ business card ချင်းဖလှယ်ထားပါ။ Seminar တွေမှာဆို speaker တွေနဲ့ မိတ်သွားဖွဲ့လို့ရသလို၊ ကိုယ့်ဘေးကလူနဲ့လဲ မိတ်ဖွဲ့ထားလို့ ရပါတယ်။ ကိုယ်က IT လုပ်ငန်းလုပ်မှာဆို ပိုလို့တောင် လွယ်ပါသေးတယ်။ IT မှာဆို သူနဲ့ပတ်သက်တဲ့ Online Community တွေမှာ မိတ်ဖွဲ့လို့ရလို့ ပိုတောင် လွယ်ပါသေးတယ်။ နိုင်ငံတကာမှာ ရှိတဲ့ LinkedIn.com လို site တွေမှာလဲ ကိုယ့်နိုင်ငံသားတွေ တော်တော်များများ ရှိပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင် expertise နဲ့လိုက်ရှာလိုက်ရင် ကိုယ့်နဲ့ သက်ဆိုင်တဲ့ industry ထဲကလူတွေ တွေ့နိုင်ပါတယ်။
ဒီလို networking ရပြီဆိုရင် လုပ်ငန်း procedure အကြောင်းတွေအပြင် လက်ငင်း လုပ်ငန်းလုပ်ကိုင် နေသူတွေသာ သိတဲ့ insider’s knowledge တွေအများကြီး သူတို့ကို အပူကပ်ပြီး မေးလို့ရသွားပြီ ဖြစ်ပါတယ်။ ဒီအတွက် အောင်မြင်နေတဲ့သူ အများစုကလဲ ပြောပြကြပါတယ်။ သူတို့ ပြောပြတဲ့ insider’s knowledge တွေက ကိုယ့်အတွက်တော့ ရွှေတွေဘဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုတည်ထောင်ဖို့ အရေးအကြီးဆုံး နံပါတ်တစ်က Networking လို့တောင် ပြောလို့ရပါတယ်။ ဒီလို networking လုပ်ဖို့က ကိုယ့်ထက် အသက်ကော၊ ဂုဏ်အရပါ ကြီးတဲ့သူတွေနဲ့ မိတ်ဖွဲ့ရမှာ ဆိုတော့ လူငယ် start-up တွေမှာ နဲနဲတော့ ရှိန်နေ၊ ကြောက်နေ တတ်ပါတယ်။ ဒီအတွက် ကိုယ်က အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ဖြစ်ချင်ရင် အစကတည်းက လူမှုဆက်ဆံရေး ပညာရပ်မှာ ထုူးချွန်အောင် ကြိုးစားထားရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ လူငယ်တွေထဲမှာ ဒီလိုကြောက်မနေဘဲ ကိုယ့်ဆီကို မိတ်လာဖွဲ့၊ သူတို့သိချင်တာလေးတွေ လာမေးတတ်တဲ့သူတွေ အများကြီး တွေ့ဖူးပါတယ်။ တကယ်လို့ ကိုယ်က မေးဖို့ ကြောက်နေရင် ကိုယ်ပဲကျန်ခဲ့မှာ ဖြစ်ပါတယ်။
Start-up လုပ်ဖြစ်ဖို့ ဒုတိယ ကြောက်ကြတာကတော့ လက်ငင်း ဝင်ငွေမရှိမှာရယ်၊ ၀င်ငွေဘယ်တော့ ဝင်မှာလဲဆိုတာရယ် ဖြစ်ပါတယ်။ ဒါကလဲ Start-up လုပ်မယ်ဆို ပထမဆုံးခံရမဲ့ ဒဏ်ဖြစ်ပြီး၊ ဒီအတွက် ကုရာနတ္တိ ဆေးမရှိမို့ ဒီဒဏ်ကို ခံနိုုင်ဖို့တော့ လိုပါတယ်။ ကျောင်းပြီးလို့ ကိုယ်က start-up ထောင်နေတဲ့အချိန်မှာ ကိုယ့်အတန်းဖော်တွေက လုပ်ငန်းထဲ ဝင်ကုန်ကြပြီ။ ဒီအတွက် ဘယ်သူ့မှာတော့ လခဘယ်လောက် ကောင်းနေပြီ၊ ဘယ်သူကတော့ Master ဘွဲ့တွေ၊ PhD တွေ ရကုန်ပြီဆိုတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာတော့ ဘာမှ မဖြစ်သေးသလို ရှိတဲ့ မုန့်ဖိုးလေးတောင် လုပ်ငန်းရင်းနှီးတဲ့ထဲ ပါသွားမှာဆိုတော့ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်တတ်ကြပါတယ်။
ဒါကြောင့် start-up ထောင်မယ်ဆို ကိုယ့်ရဲ့ ရည်ရွယ်ချက်ခိုင်ဖို့ သိပ်အရေးကြီးပါတယ်။ နောက်ပြီး စီးပွားရေးတခု ထောင်မယ်ဆို အများစု မှားတတ်ကြတာ company ကတစ်လကို ဘယ်လောက် ပြန်ဝင်မှာလဲဆိုပြီး တွက်တတ်ကြတာပါ။ ဒီလို လခစားတွက် တွက်တတ်ရင် အစကတည်းက company ထောင်ဖို့ မသင့်တော်ပါဘူး။ Company ဆိုတာ လခစားလို ၀င်ငွေ တစ်ခုတည်းကြည့်လို မရပါဘူး။ သူ့မှာ ပြန်ရင်းရတာတွေ ရှိတယ်၊ သူ့ဘာသာ တန်ဖိုး တက်လာတဲ့ assets တွေရှိတယ်၊ နောက်ပြီး တန်ဖိုးကျနေတဲ့ liability တွေရှိတာ သတိပြုပါ။ ဥပမာ၊ ရုံးခန်းဖွင့်ဖို့ တိုက်ခန်းတစ်ခု ၀ယ်လိုက်တယ် ဆိုပါဆို့။ အဲဒီ တိုက်ခန်းတန်ဖိုးက အချိန်ကြာလာတာ နဲ့အမျှ တက်နေမှာ ဖြစ်လို့ ဒါကိုယ့် company ရဲ့ asset တခုဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်က ရုံးအတွက် သုံးဖို့ computer ၀ယ်လိုက်တယ်၊ ၀ယ်လိုက်တယ်ဆိုရင်ဘဲ အဟောင်းဖြစ်သွားလို့ ပြန်ရောင်းမယ်ဆို စျေးလျှော့ ရောင်းရပြီ။ ပြီးရင် computer က မော်ဒယ် တဖြည်းဖြည်းနိမ့်ပြီး၊ စျေးကအမြဲကျနေမှာ ဖြစ်တဲ့အတွက် သူကတော့ liability ဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းတခုရဲ့ တန်ကြေးကတွက်ရခက်သလို asset နဲ့ liability တွေကို အစကတည်းက ပိုင်ပိုင်နိုင်နိုင်သိမှ တကယ်မြတ်တဲ့ လုပ်ငန်းတခု တည်ဆောက်လို့ ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် လုပ်ငန်းကတော့ ပိုက်ဆံဝင်နေပြီး၊ ပြန်ကုန်တဲ့ ငွေက ပိုများနေရင် company မှာ အရှုံးပြနေပါပြီ။ ဒီလို စာရင်းအင်းတွေ နိုင်ဖို့ company ထောင်မယ်လို့ စိတ်ကူးရှိရင် accounting ပညာရပ်ကို အစကတည်းက တက်ထားသင့်ပါတယ်။ ဒါကြောင့် သူများတွေ အင်္ဂလိပ်စာ၊ တရုပ်စာတို့၊ ဂရပ်ဖစ်တို့၊ ဘာညာသင်တန်းတွေတက် အချိန်ဖြုန်းနေချိန်မှာ ကိုယ်က accounting လောက်တက်ထားရင် နောက်ပိုင်းကျ အလွန်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒီအတွက် တချို့က business administration လို သင်တန်းတွေ တက်ပေမဲ့၊ ကျွန်တော့်အမြင်အရတော့ start-up တယောက်အတွက် စစချင်းမှာ business administration ပညာရပ်ထက်၊ ပိုပြီး technical ဆန်တဲ့ accounting ပညာရပ်က ပိုလိုမှာ ဖြစ်ပါတယ်။
Start-up တကယ်စလုပ်ပြီဆိုရင်…
တကယ်လို့ ကိုယ့်မှာ လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် လုပ်ငန်းစတင်လို့ ရပြီပေါ့။ ပြည့်စုံပြီဆိုတာက ကိုယ့်မှာ အလွန်ကောင်းမွန်တဲ့ vision ရယ်၊ ကိုယ့် vision ကိုတကယ် ယုံကြည်သက်ဝင်တဲ့ partner တွေရယ်၊ ခေါင်းဆောင်ကောင်း တစ်ယောက်ရယ်၊ ကိုယ့်ရဲ့ Industry ထဲကလူတွေနဲ့ networking ရယ် အားလုံး ပြည့်စုံနေဖို့ လိုပါတယ်။ Partner ဆိုရင်လဲ ကိုယ့်လုပ်ငန်းအတွက် လိုအပ်သလောက် ရှိရပါမယ်။ ဒါပေမဲ့ Start-up မို့ partner တယောက်ကို ၀န်ထမ်းတယောက်လို တွက်လို့တော့ မရဘဲ၊ partner တယောက်ကို ၀န်ထမ်းနှစ်ယောက် သုံးယောက်စာ လောက်တော့ တွက်ထားလို့ ရပါတယ်။ ကိုယ်အပါအဝင် partner သုံးယောက်ဆိုရင် လုပ်ငန်း တော်တော်များများကို ကောင်းကောင်းကြီး ထိန်းနိုင်ပါတယ်။
ကဲဒါဆို စလုပ်မယ်ဆိုရင် ပထမဆုံး လိုအပ်တာ ရုံးခန်းအတွက် တစ်နေရာ ဖြစ်ပါတယ်။ ဒီအတွက်တော့ ကိုယ့်အိမ်ရဲ့ ဂိုထောင်လို နေရာမျိုး၊ ဒါမှမဟုတ် အခန်းလွှတ်ရှိရင်လဲ အဲဒီနေရာမှာ ရုံးခန်းဖွင့်လို့ ဖြစ်ပါတယ်။ (Steve Jobs တို့တောင် Apple company ကိုပထမဆုံး ကားဂိုထောင်မှာ ဖွင့်တာဆိုတော့ ကားဂိုထောင်ရုံးခန်းကို အထင်သေးလို့ မရပါဘူး)။ ဘယ်မှာမှ မရှိရင်လဲ ကိုယ့်အိပ်ခန်းလို နေရာမှာ လုပ်လဲ ဖြစ်ပါတယ်။ တစ်ခု သတိထားရမှာက ရုံးခန်းရယ်လို့ သတ်မှတ်ပြီးရင် အဲဒါကို ရုံးအခန်းအတွက်ဘဲ သုံးပြီး တခြား ဘာအနှောက်အယှက်မှ မရှိဖို့ လိုပါတယ်။ ကားဂိုထောင်လို နေရာမှာ လုပ်ရင် ကားဖယ်ပေးဖို့ လိုပြီး၊ ကိုယ့်အိပ်ခန်းမှာလုပ်ရင် ကိုယ်ကအပြင်မှာ ထွက်အိပ်ရပါလိမ့်မယ်။ ကိုယ့်ရဲ့ပထမဆုံး company အတွက် ဒီလောက်တော့ အနစ်နာ ခံနိုင်ရပါမယ်။ ဒီနေရာမှာ ကိုယ့်မှာ ရုံးခန်းငှားဖို့ ပိုက်ဆံအလုံအလောက် ရှိနေရင်တောင် မငှားသင့် သေးပါဘူး။ ဘာလို့ဆို ပထမပိုင်းမှာ အသုံးစရိတ်ကို လျှော့နိုင်သမျှ လျှော့ချဖို့ လိုပါတယ်။ ဘာလို့ဆို နောက်ပိုင်း product launch ချရင် ပိုက်ဆံက ရှိရင်ရှိသလောက် သုံးရမှာ ဆိုတော့ ရှိနေတဲ့ budget ကို product launch အတွက်သာ သုံးခြင်းဖြင့် လုပ်ငန်း အောင်မြင်ဖို့ ပိုနီးစပ်နိုင်ပါတယ်။ နောက်ပြီး ရုံးခန်းငှားလိုက်ရင် ရုံးခန်းစရိတ်အပြင် တခြား မီတာခ ဘာညာစရိတ်တွေနဲ့ ငွေက တအိအိနဲ့ ကုန်လိုက်လာပါတယ်။ နောက်ပြီး start-up တွေအဖို့ လုပ်ငန်းတစ်ခု လုပ်ရာမှာ ကိုယ်မှန်းထားတာထက် ပြီးဖို့ ၂ ဆလောက် အချိန်က ကြာတတ်တာမို့၊ လုပ်ငန်းက အချိန်ဆွဲလာရင် ရုံးခန်းစရိတ် ထောင်းပါလိမ့်မယ်။
ပြီးရင် လိုအပ်တဲ့ furniture တွေ၊ computer တွေကိုတော့ ကိုယ်နဲ့ ကိုယ့် partner တွေဆီကဘဲ နဲနဲခြင်းယူပြီး လုပ်လိ်ု့ရပါတယ်။ ဒီနေရာမှာလဲ လုံးဝ မလိုအပ်ရင် ဝယ်ကို မဝယ်သင့်သေးပါဘူး။ Computer ဆိုလဲ လူတော်တော် များများဆီမှာ ရှိပါတယ်။ ဒီတော့လုပ်ငန်းလုပ်ဖို့ ကိုယ့်အိမ်က computer ဘဲကိုယ်ဆွဲသုံးရမှာ ဖြစ်ပါတယ်။ Video Editing လိုမျိူး computer high-spec လိုရင်တော့ တလုံးလောက်တော့ ၀ယ်ဖို့ လိုပါလိမ့်မယ်။ Programming ဆိုရင်တောင် ရှိတဲ့ computer လေးနဲ့ သည်းခံပြီး လုပ်ရပါမယ်။ ကျွန်တော်ဆိုရင်တောင် ကျွန်တော်တို့ company ရဲ့ ပထမဆုံး ဂိမ်းတွေကို Pentium III 500 MHz နဲ့ RAM 128 MB မှာဆွဲလာတာ ဖြစ်ပါတယ်။
ဒါဆိုရင် အလုပ်စလုပ်ဖို့ အဆင်သင့် ဖြစ်ပြီပေါ့။ ဒီနေရာမှာ သတိထားရမှာ ကိုယ့်ရဲ့အလုပ်က ကိုယ်ပိုင် အလုပ်ဖြစ်ပေမဲ့၊ လုပ်ချင်တဲ့အချိန် ထလုပ်၊ သွားစရာရှိရင် ထသွား လုပ်လို့ မရပါဘူး။ သူများ လုပ်ငန်းခွင်မှာ ၀င်သလို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်မှာဘဲ ထိုင်ပြီး လုပ်ရပါမယ်။ ဒီကြားထဲမှာ သူငယ်ချင်းအိမ် သွားစရာရှိလို့၊ ကိုယ့်အိမ်က မြို့ထဲသွားခိုင်းလို့၊ စတဲ့ လူမှုရေး ဗာဟီရတွေ လုံးဝ မလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းအပေါ် လေးစားမှုအပြည့် ရှိရပါမယ်။ သူငယ်ချင်းကဘဲ ခေါ်ခေါ်၊ ကိုယ့်အိမ်ကဘဲ ခိုင်းခိုင်း အလုပ်မအားဘူးဆိုပြီး ပြတ်ပြတ်သားသား ငြင်းပစ် ရပါမယ်။ နောက်ပြီး ဘယ်နေရာမှာလဲ ဖွင့်ဖွင့် ကိုယ်ရဲ့ရုံးခန်းက company ရဲ့ကိုယ်ပိုင် space ဖြစ်လို့ သူငယ်ချင်းတွေ လာရှုပ်တာလို လုပ်ငန်း မတွင်ကျယ်စေမဲ့ ဘယ်အရာကို မဆို လုံးဝလက်သင့်ခံ လို့မဖြစ်ပါဘူး။ ဒါက လုပ်ငန်းထဲမှာ လုပ်နေတဲ့ ကိုယ်ကော၊ ကိုယ့် partner တွေအတွက်ပါ ပြောတာပါ။ ကိုယ့် partner တွေလဲ သူ့အိမ်မှာသူနေလုပ်၊ ကိုယ်လဲ ကိုယ့်အိမ်မှာကို လုပ်လို့လဲ မရပါဘူး။ ခုနက လုပ်ငန်းလုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ လူတိုင်း လုပ်ငန်းစချိန် ၉ နာရီဆို ၉ နာရီ၊ ၈ နာရီဆို ၈ နာရီ အချိန်မှန်ရောက်ပြီး တကယ့် အလုပ်ခွင်တခုလို သေချာ အလုပ်လုပ်ဖို့ လိုပါတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို တကယ်ရောက်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် company ထောင်ခြင်းဟာ ကိုယ်ကြိုက်တဲ့ အချိန်မှာ holiday ယူဖို့ လုံးဝ မဟုတ်ဘူးဆိုတာ သတိရပါ။
Facebook comments:









Thanks
ကိုမြင့်ကျော်သူရေ ..
အရမ်းကောင်းပါတယ် ဗျာ ။ ပြောပြထားတဲ့ အရာတွေက တကယ် တန်ဖိုးဖြတ်မရနိုင်တဲ့ အရာတွေပါ ။ ကျေးဇူးတင်ပါတယ် အစ်ကို ။
ကိုမြင်ံကျော်သူ… ခင်ဗျားရဲ့ ဂိမ်းဆိုက် http://www.totalgameplay.com ကိုဝင်ကြည့်တာ Trojan တွေကို နေရာ ၂ခုမှာတွေ့တယ်… Trojan-Downloader.JS.Pegel.g တဲ့….
ခင်ဗျား ဂိမ်းဆိုက်ထဲက http://www.totalgameplay.com/js/lightbox.js နဲ့ http://www.totalgamepaly.com/js/prototype.js ဆိုတဲ့ နေရ ၂ ခုမှာ တွေ့တယ်…
ဒါတွေဟာ ခင်ဗျားကိုယ်တိုင်ထည့်ထားတာလား ၊ ဒါမှမဟုတ် သူများကဘဲ လာလုပ်တာလား …. ဘယ်လိုသဘောလဲ ….