Idea Review (အကောင်းဆုံး Startups ၁၀ ခု)
ReadWriteWeb က ၂၀၁၀ ခုနှစ်အတွက် ထိပ်တန်း Startups ဆယ်ခုကို ရွေးချယ် တင်ပြခဲ့ပါတယ်။ ကျွန်တော် ကတော့ အဲဒီ အကောင်းဆုံး Startups ဆယ်ခုကို Idea Review ပြန်လုပ်ကြည့်ချင်ပါတယ်။ ကျွန်တော်တို့ Myanmar Tutorials အတွက် Startups Idea ကဏ္ဍ အတွက်ပထမဦးဆုံး Idea Review ပါ။
Instagram ဆိုတာ iPhone Application တစ်ခုဖြစ်ပြီး iPhone နဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို တည်းဖြတ်တဲ့အဆင့် ဆယ်ခုခန့် ပြုလုပ်နိုင်ပြီး Social Network (လူမှုကွန်ယက်)တွေမှာ ပြန်ပြီး ဝေမျှလို့ရပါတယ်။ Free App တစ်ခုဖြစ်ပါတယ်။ အိုင်ဒီယာအနေနဲ့ ဆိုရင် အရမ်း ထူးခြားတာ မျိုးတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး အိုင်ဒီယာတွေကို Desktop မှာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။
Instagram ရဲ့ အဓိကအားသာချက်ကတော့ iPhone မှာ ကင်မရာပါလာတယ် ဆိုတာနဲ့ ဦးဦးဖျားဖျား စတင်နိုင်ခဲ့ပြီး၊ Photo Edition ပိုင်းဆိုင်ရာ အတွေ့အကြုံရှိစရာ မလိုပဲ လူတိုင်းသုံးနိုင်အောင် သုံးရလွယ်အောင် စီစဉ်ဖန်တီးပေးထား နိုင်တာပါ။
အဓိက အိုင်ဒီယာ
- iPhone Camera ကိုသုံးပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေကို လွယ်လွယ်ကူကူ တည်းဖြတ်နိုင်ရန်၊ လူမှုကွန်ယက် များတွင် ပြန်လည် ဝေမျှနိုင်ရန်
အားသာချက်များ
- သူများထက်ဦးခြင်း
- ရိုးရှင်းလွယ်ကူပြီး iPhone User များကို ဆွဲဆောင်နိုင်ခြင်း
- Social Network(လူမှုကွန်ယက်)များနှင့် ချိတ်ဆက်ထားနို်င်ခြင်း
- အခမဲ့အသုံးပြုနိုင်ခြင်း
Quora
Quora ဆိုတာက Q & A Site တစ်ခုဖြစ်ပြီး အရင်က Facebook ရဲ့ CTO (Chief Technical Officer) တစ်ဦးဖြစ်တဲ့ Adam D’Angelo တည်ထောင်ထားတာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဆက်သွယ်ရေးနဲ့ အသိပညာ ဝေမျှရေး Tool တစ်ခုအနေနဲ့ နည်းပညာ လောကမှာ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်နေပါပြီ။ Quora ကို ၂၀၁၀ ဇန်နဝါရီမှာ Private Beta အနေနဲ့ စတင်ခဲ့ပြီး ဇွန်လမှာ လူတိုင်း သုံးနိုင်အောင် ဖွင့်ပေးခဲ့ပါတယ်။
Quora ဆိုတာ အရင် နာမည်ကြီးရှိပြီးသား Q&A Site တွေဖြစ်တဲ့ Yahoo Answer, StackOverflow အစရှိတဲ့ Q&A တွေရဲ့ နောက်မှာ ပေါ်လာခဲ့ပေမယ့် လူတိုင်း ခဏအတွင်း အသုံးများဆုံး အနေအထားကို ရောက်လာခဲ့ရခြင်း အကြောင်း အရင်းကတော့ Wikipedia စတိုင် လူတိုင်း တည်းဖြတ်နိုင်တဲ့ အမေး အဖြေပုံစံကို စတင်နိုင်ခဲ့တာရယ်၊ Facebook စတိုင် Community ပုံစံကို အသုံးချနိုင်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။
အဓိက အိုင်ဒီယာ
- လူမှုကွန်ယက်ပုံစံကို အသုံးချပြီး Wiki စတိုင် Q&A အဖြစ် မေးခွန်းများနှင့် အဖြေများကို တည်းဖြတ်နိုင်ရန်
အားသာချက်များ
- သူများထက်ဦးခြင်း
- မေးခွန်းနှင့် အဖြေများကို တည်းဖြတ်နိုင်ခြင်း
- လူမှုကွန်ယက်ပုံစံ အသုံးပြုနိုင်ခြင်း
- နည်းပညာလောက အရေးပါတဲ့ လူများကို ဆွဲဆောင်ထားနိုင်ခြင်း
Flipboard ကတော့ Web Content တွေအပေါ်မှာ သုံးစွဲတဲ့ ပုံစံကို အကြီးအကျယ် ပြောင်းလဲ နိုင်စွမ်းရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ iPad ပေါ်လာတဲ့ နောက်ပိုင်းမှာ eBook ဖတ်တဲ့ စနစ်တစ်ခု ပါဝင်လာခဲ့ပါတယ်။ Touch Screen ကို သုံးပြီး တကယ့် စာရွက်တစ်ရွက်ကို လှန်လိုက်သလို ဖတ်ရှုနိုင်တာကို သတိထား မိကြပါလိမ့်မယ်။ အဲဒီလို ဖတ်ရှုနိုင်တဲ့ ပုံစံကို အသုံးချပြီး Web စာမျက်နှာတွေကို ဖတ်ရှုနိုင်အောင် ဖန်တီး ပေးထားပါတယ်။
Flipboard မှာ RSS, Twitter, Facebook စတာတွေက တစ်ဆင့် တကယ့်ကို လှပတဲ့ Touch Screen UI သုံး စာဖတ်တဲ့ ပုံစံကို iPad ပေါ်မှာ ဖန်တီပေးထားပါတယ်။ အရင်လို Web Page ဆိုရင် Scrolling လုပ်ဖတ်ရတယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲ နိုင်စွမ်းရှိခဲ့ပြီး Web App UI မျိုးဆက်တစ်ခုကို စတင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Best Startups မှာလည်း ရွေးချယ်ခံရသလို Top Semantic မှာလည်း ရွေးချယ် ခံရပါတယ်။
အဓိက အိုင်ဒီယာ
- Web Page များကို Touch Screen UI ကို အသုံးချပြီး စာအုပ်ဖတ်သကဲ့သို့ ဖတ်ရှုနိုင်ရန်
အားသာချက်များ
- သူများထက်ဦးခြင်း
- တော်လှန်ပြောင်းလဲနိုင်စွမ်းရှိခြင်း (အသစ်တီထွင်နိုင်ခြင်း)
- အသုံးပြုရလွယ်ကူခြင်း
- စာအုပ်ဖတ်ရသကဲ့သို့ အရသာမျိုးပေးစွမ်းနိုင်ခြင်း
Chatroulette
Laptop တွေမှာ Desktop တွေမှာ Web Cam တွေ ပါတတ်ပါတယ်။ Web Cam ဆိုတာ မရှိမဖြစ်၊ မပါမဖြစ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Web Cam လို့ဆိုလိုက်တာနဲ့ လူတိုင်း Private (သီးသန့်) အဆက်အသွယ်ပြုစရာ အဖြစ်သာ ရှုမြင်ကြပါတယ်။ Web Cam ကိုဖွင့် တွေ့ကရာလူနဲ့ Video Chat မယ်ဆိုတာ တွေးရခက်ကြီးပါ။ Chatroulette က ကိုယ့်ရဲ့ Web Cam ကို အသုံးချမယ်၊ ပြီးရင် တစ်ခြား ကိုယ်မသိတဲ့ လူတစ်ယောက်ကို Random (ကြံုရာကျပန်း) ရွေးချယ် ပေးမယ်၊ ရွေးချယ်ပေးတဲ့သူနဲ့ ပြောမယ်၊ စကားပြောလို့ အဆင်မပြေဘူးလား၊ Next လုပ်လိုက်ရုံပါပဲ။
လောကကြီးမှာ အဲဒီလို ကိုယ်နဲ့ မသိတဲ့သူတွေနဲ့လည်း လူတွေ စကားပြောလို ကြပါလားဆိုတာ Chatroulette က သက်သေပြသွားပါတယ်။ Online Video Chat ဆိုတာ ခုခေတ်မှာ ဘာမှထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် ကိုယ်နဲ့ မသိတဲ့သူတွေနဲ့ Random Video Chat ဆိုတာတော့ တော်တော့်ကို ထူးခြားတဲ့ အိုင်ဒီယာပါ။ ဒါပေမယ့် Chatroulette ကို အသုံးပြုတဲ့ ၈၉ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ အမေရိကန်တွေက အများဆုံးလို့ သိရပြီး ၄၇ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ၁၃ ရာခိုင်နှုန်းကတော့ နှာဘူးတွေလို့ ဆိုပါတယ်။ (ဟီးဟီး) Chatroulette ပတ်သက်ပြီး ရယ်စရာကောင်းတဲ့ Video တွေ အများကြီး ထွက်ပေါ်လာပါတယ်။ သုံးစွဲသူပေါင်း သန်းချီပြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာ့ ယဉ်ကျေးမှုနဲ့တော့ တော်တော်လေးကို ဖီလာကန့်လန့် ဖြစ်နေတဲ့ အနေအထားပါ။ အဲဒီလို ကြံုရာကျပန်းဆိုတဲ့ အိုင်ဒီယာကို ပုံတူကူးချတဲ့ ဆိုက်တွေလည်း အများကြီး ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
အဓိက အိုင်ဒီယာ
- Random Video Chat (ကြံုရာကျပန်း Video Chat)
အားသာချက်များ
- သူများထက်ဦးခြင်း
- ကြံုရာကျပန်း ရွေးချယ်နိုင်ခြင်း
- အဆင်မပြေပါက အလွယ်တကူ ပြောင်းလဲနိုင်ခြင်း
- အိုင်ဒီယာဆန်းသစ်ခြင်း
Rapportive
အီးမေးလ်တစ်ခုကို ဖွင့်လိုက်မယ်၊ အဲဒီလို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်တည်း အီးမေးလ်ပို့တဲ့သူ ဓာတ်ပုံ၊ သူ့ရဲ့ LinkedIn Profile၊ သူ့ရဲ့ Twitter စတာတွေကို မြင်ရချင်တယ် ဆိုတာမျိုး စိတ်ထဲမှာ ဖြစ်ဖူးပါသလား။ ကျွန်တော်ကတော့ ဖြစ်ဖူးတယ်လို့ ဆိုရပါမယ်။ ခုခေတ်လို Social Media ခေတ်မှာ email တစ်ခုတည်းနဲ့ ဘယ်လိုမှ မပြည့်စုံတော့ပါဘူး။
အဲဒီအပြင် အီးမေးလ်ဆိုတာ ဟိုယခင်က ဘယ်လိုနာမည်နဲ့ ဖွင့်ဖွင့်၊ ဆက်သွယ်လို့ရဖို့က အဓိက သဘော သက်ရောက် ခဲ့ပေမယ့်၊ ခုချိန်မှာတော့ အီးမေးလ်ဆိုတာလဲ Identity ဖြစ်လို့လာပါပြီ။ အဲဒီလို Identity ဖြစ်လာတဲ့ အီးမေးလ်တွေကို Rapportive က အားဖြည့်ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအပြင် Rapportive က ကျွန်တော်တို့တွေ မျက်စိနောက် စရာလို့ မြင်တဲ့ ကြော်ငြာတွေကိုပါ ဖယ်ထုတ်ပေးပါသေးတယ်။ Free ရတာပဲဆိုတော့ စမ်းကြည့်ကြပေါ့ဗျာ။
အဓိက အိုင်ဒီယာ
- Gmail တွင် မေးလ်ပို့သူ၏ လူမှုကွန်ယက်ဆိုင်ရာ အချက်အလက်များ ပြသပေးနိုင်ရန်
အားသာချက်များ
- သူများထက်ဦးခြင်း
- Gmail အစရှိသော အီးမေးလ် အသုံးပြုပုံစံများကို ပြောင်းလဲစေနိုင်ခြင်း
- လူမှုကွန်ယက်များနှင့် ချိတ်ဆက်နိုင်ခြင်း
- အီးမေးလ်နှင့် လူမှုကွန်ယက်ကို ပေါင်းစပ်နိုင်ခြင်း
ဆက်ပါဦးမယ် ..
Facebook comments:





အဲသလို startup တွေက ဘယ်လို ဝင်ငွေရအောင် လုပ်သလဲ ဆိုတာလည်း ဖော်ပြပေးပါဦး။ စိတ်ဝင်စားလို့ပါ. . .
ကျေးဇူးတင်ပါတယ်။
ကျွန်တော် လေ့လာမိသမျှ ခု Startups တွေအားလုံးမှာ Crowd Sourcing လုပ်တုန်းပဲ ရှိသေးတယ်ဗျ။ ဒါပေမယ့် လူပေါင်း ဘယ်လောက် သုံးနေတယ်ဆိုတာနဲ့တင် သူတို့ရဲ့ တန်ဖိုးတွေ တက်နေတယ်ဗျ၊ အဲဒီကနေ တစ်ဆင့် Private Company ကနေ Public ပြောင်းလို့ရနိုင်တယ်ဗျ၊ နောက် Google လို Giant တွေက Acquire (ဝယ်ယူ သိမ်းပိုက်) နိုင်တယ်ဗျ။ နောက် လူတွေအရမ်းများလာရင် ကြော်ငြာကဏ္ဍကို ပေါင်းထည့်လို့ရနိုင်တယ်။ ခုချိန်မှာတော့ Private Startups တွေ စန်းပွင့်တဲ့ အချိန်ဆိုတော့ Angel Invester တွေ Venture Capitalist တွေကိုလည်း ဆွဲဆောင်နိုင်တယ်၊
ပြီးခဲ့တဲ့ နှစ်က Groupon လို Startup က ခုချိန်မှာ Google က ဒေါ်လာ ၆ သန်းပေးပြီး ကမ်းလှမ်းတာကို ပယ်ချနိုင်တဲ့ အခြေအနေတွေ ရောက်လာခဲ့ရင် သူတို့ ဘယ်ကို ဦးတည်နေတယ် ဆိုတာ သိနိုင်မယ် ထင်ပါတယ်။
ကျွန်တော် တွေ့သမျှ သူတို့အားလုံး Google လိုမျိုး အရင်ပေး၊ နောက်မှ ထပ်တိုးတန်ဖိုးနဲ့ ပိုက်ဆံယူဆိုတဲ့ လမ်းကိုပဲ သွားနေကြပါတယ်။
ကျေးဇူးတင်ပါတယ် . . .
ဘယ်လို Startup လုပ်ရင် ကောင်းမလဲ မသိဘူး ဟီး
စဉ်းစားကြည့်တာပါ. . .