သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခု စတော့မှာလား
သူငယ်ချင်းတွေ စုပြီး လုပ်ငန်းတစ်ခု စတယ်ဆိုတာ တကယ်တော့ လုပ်ရိုး လုပ်စဉ်ပါ။ နိုင်ငံတကာမှာလည်း Entrepreneurship တွေရဲ့ အစဟာ အဲဒီလို သူငယ်ချင်းတွေ စုပြီး စကြတာပါပဲ။ တစ်ယောက် နှစ်ယောက် ကနေ စပြီး တကယ့် Corporation ကြီးတွေအထိ ဖြစ်သွားတာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒါမျိုးတွေ စဉ်းစား စိတ်ကူးမိကြမှာ ဖြစ်သလို လုပ်နေကြတဲ့ သူတွေလည်း မနည်းပါဘူး။ နိုင်ငံ တစ်နိုင်ငံ ကြီးပွားတိုးတက် ဖို့ဆိုတာ အဲဒီလို Middle Class Business တွေ ဖွံ့ဖြိုးလာဖို့ လိုပါတယ်။ Corporation ကြီးတွေ အနေနဲ့ နိုင်ငံတကာအထိ ထိုးဖောက်ကြပြီး ပြည်တွင်း ဈေးကွက်ကိုတော့ Entrepreneur တွေအတွက် ဟပေးဖို့ လိုသလို၊ Policy Maker တွေ အနေနဲ့လည်း Entrepreneur တွေအတွက် ရေခံမြေခံ ကောင်းတွေ ဖြစ်လာအောင်၊ Monopoly တွေ မဖြစ်အောင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ Middle Class Business တွေအတွက် Infrastructure တွေ တည်ဆောက် ပေးဖို့ လိုပါတယ်။ ဘဏ်ချေးငွေ စနစ်၊ စစ်မှန်တဲ့ လွပ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတဲ့ ဈေးကွက် စီးပွားရေး စနစ် စတာတွေကို တည်ဆောက်ပေးဖို့ လိုပါတယ်။ ကြိုးနီစနစ်တွေကိုလည်း ဖယ်ရှားပေးဖို့ လိုသလို၊ လူမှန်နေရာမှန် ဖြစ်အောင်လည်း စီစဉ်ပေးထားဖို့ လိုပါတယ်။ ဒါပေမယ့် ဒါတွေက Policy Maker တွေရဲ့ အပိုင်းပါ။ရေတစ်ခွက်မှာ ရေမရှိတဲ့ အပိုင်းကို မကြည့်ပဲ၊ ရေရှိတဲ့ အပိုင်းကိုပဲ ကြည့်ပြီး စလိုက်ရအောင်။

ကျွန်တော်တို့ အနေနဲ့ သူငယ်ချင်းတွေနဲ့ စုပြီး စီးပွားရေး တစ်ခုကို စတော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲ။ သူများနိုင်ငံတွေမှာတော့ ဈေးကွက် အတိုင်ပင်ခံတွေ၊ စီးပွားရေး အတိုင်ပင်ခံတွေ၊ ရင်းနှီးမြှတ်နှံမှုဆိုင်ရာ အတိုင်ပင်ခံတွေနဲ့ သွားတွေ့လိုက်ပြီး ဘဏ်ချေးငွေတင်ပြီး အတိုင်းအတာ တစ်ခုအထိ သေချာမှ လုပ်ငန်းစလို့ ရပါတယ်။ လုပ်ငန်းတစ်ခုကို လွယ်လွယ်နဲ့ စလို့ မရအောင် (တကယ့်ကို စနစ်ကျတဲ့ အစီအစဉ် မရှိရင် စလို့ မရအောင်) စီစဉ်ထားတတ်ကြသလို၊ တကယ့်ကို စနစ်တကျလည်း စီစဉ်ထားပြီး လုပ်ငန်းလည်း အောင်မြင်နိုင်သူ များကိုတော့ လွယ်လွယ်ကူကူနဲ့ စလို့ရအောင် စီစဉ်ပေးထားတတ်ကြပါတယ်။ ဒါက သူတို့တွေရဲ့ သဘောပါ။ ကျွန်တော်တို့မှာတော့ ဘယ်သူမှ တိုင်ပင်လို့ မရပါဘူး။ ဈေးကွက်ဆိုင်ရာ အချက်အလက် တွေကိုလည်း တိတိကျကျ ရနိုင်ဖို့ မလွယ်ပါဘူး။ ဒီတော့ သူများတွေအနေနဲ့ Risk Taking ပိုင်းမှာ 50% လောက် ယူရတယ်ထား၊ ကျွန်တော်တို့မှာတော့ Risk Taking ကို အနည်းဆုံး 80% လောက် ယူကြရပါတယ်။ ဒီတော့ Risk Taking (အရဲစွန့်ရတဲ့ ပမာဏ) နဲ့ စလိုက်ရအောင်
အရဲစွန့်ရတဲ့ ပမာဏကို ခန့်မှန်းသုံးသပ်ခြင်း (Risk Taking)
Risking Taking ဆိုတဲ့နေရာမှာ Management ဘာသာရပ်တစ်ခုကို ဆွေးနွေးမှာမဟုတ်တဲ့အကြောင်း ကြိုတင် ဝန်ခံပါရစေ။ အဲဒီလို Management ဘာသာရပ်ဆန်ဆန် ထက် ကိုယ်ကိုတိုင် စဉ်းစားကြည့်တဲ့ ပုံစံမျိုးနဲ့ သွားမှာ ဖြစ်ပါတယ်။ ကဲဒီတော့ သူငယ်ချင်းတွေစုပြီး လုပ်ငန်း စလိုက်ရအောင်။ အရင်ဆုံး အရင်းအနှီးကိစ္စတွေ၊ လုပ်ငန်း စီစဉ်တဲ့ကိစ္စတွေ၊ မိဘတွေနဲ့ တိုင်ပင်တဲ့ ကိစ္စတွေ ခဏထားပါဦး။ အရင်ဆုံး Risk Taking ပိုင်းကို လေ့လာကြည့်ရအောင်။
လုပ်ငန်းတစ်ခုကို သူငယ်ချင်းတွေ စမယ်လို့ စိတ်ကူးပြီး လူကြီးတွေ တစ်ယောက်ပြီး တစ်ယောက် တိုင်ပင်ကြည့်ပါ။ သူတို့ ပေးမယ့် အကြံကတော့ မလုပ်သင့်ဘူးဆိုတဲ့ အကြံပဲ ဖြစ်ဖို့များပါတယ်။ ဘာကြောင့် လူကြီးတွေက အဲဒီလို အကြံဉာဏ်ပေးရသလဲ ဆိုရင် Risk Taking များနေလို့ပါပဲ။ Risk Taking နည်းလေ၊ လုပ်ငန်းအောင်မြင်မှု ရာခိုင်နှုန်းများလေ ဆိုတဲ့ အချိုးကလည်း ရှိနေတော့ ပိုဆိုးပါတယ်။ ဘယ်အရာမဆို မသေချာရင် ခြင်တောင် မရိုက်နဲ့ ဆိုတဲ့ လူကြီးကို သွားတိုင်ပင်ရင်တော့ သေချာပေါက် ပစ်ပစ်နှစ်နှစ် ဝေဖန်ခံရမှာပါ။ ဒါပေမယ့် တစ်ခု ပြောစရာရှိပါတယ်။ သူငယ်ချင်းတွေနဲ့ စုပြီး လုပ်မယ့် လုပ်ငန်းက Entrepreneurship ပါ။ စွန့်စားရဲ လုပ်ရဲကိုင်ရဲ တီထွင်ရဲ လမ်းသစ်ဖောက်ရဲ သူတွေပါတဲ့။ ဒီတော့ Risk Taking များများနဲ့ စရမှာပါပဲ။
ဒါပေမယ့် Risk Taking ဆိုတဲ့နေရာမှာ ကိုယ်ဖက်က ကြိုတင်ဖြည့်စည်းလို့ ရရဲ့သားနဲ့ Risk Taking ထဲ ထည့်ထားရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီတော့ ကြိုတင်ဖြည့်စည်းထားသင့်တဲ့ အပိုင်းတွေကို အရင်ဆွေးနွေးရအောင်။ ဒါမှ Risk Taking ထဲ မပါပဲ ဝန်ထုတ် ဝန်ပိုး အတန်သင့် လျော့သွားအောင်ပါ။
ကြိတင်ဖြည့်စည်းထားသင့်သည်များ
Dependent မဖြစ်ပဲ Interdependent ဖြစ်အောင် တည်ဆောက်ခြင်း
ဒီခေါင်းစဉ်ကို ရှင်းပြဖို့အတွက် အရင်ဆုံး Dependent ဖြစ်ခြင်း၊ Interdependent ဖြစ်ခြင်း ဆိုတဲ့ စကားနှစ်လုံးကို အရင်ရှင်းပြချင်ပါတယ်။ Dependent ဖြစ်တယ်ဆိုတာ မှီခိုနေတာကို ပြောတာပါ။ သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေရတာမျိုး မဖြစ်သင့်ပါဘူး။ ဒေါက်တွေက တစ်ခုခုနဲ့ တစ်ခု သီးခြားစီထောင်ပြီး စားပွဲတစ်ခု ဖြစ်သင့်တဲ့နေရာမှာ တစ်ခုကို တစ်ခု မှီနေမယ်ဆိုရင် စားပွဲဖြစ်မလာ သလိုမျိုး ဥပမာ ပေးရမယ်ထင်ပါတယ်။

Interdependent ဆိုတာ Dependent ဖြစ်နေသူခြင်း စုလို့ မရပါဘူး။ Independent ဖြစ်သူခြင်းမှ စုလို့ ရတဲ့သဘောရှိပါတယ်။ Dependent ကို အပြန်အလှန် မှီခိုမှု၊ Independent ကို လွပ်လပ်မှု၊ Interdependent ကို အပြန်အလှန် အကျိုးပြုနိုင်မှုလို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မှီခိုနေတဲ့ အဖွဲ့တစ်ခုကို ပုံဖော်ကြည့်ရအောင်၊ Web Team တစ်ခုကို သူငယ်ချင်းတွေ စုပြီး လုပ်ကြမယ်ဆိုပါတော့။ Web Team တစ်ခုမှာ ဆိုရင် သူ့နေရာနဲ့သူ ကျွမ်းကျင်နေရမယ့် အပိုင်းတွေ ရှိပါတယ်။ Web Graphic ပိုင်းကို ကျွမ်းကျင်သူ၊ Web Programming ပိုင်းကျွမ်းကျင်သူ၊ Web Hosting ပိုင်း ကျွမ်းကျင်သူ၊ Web Marketing ပိုင်း ကျွမ်းကျင်သူ စသဖြင့် စုမိကြရာမှာ ဖြစ်ပေမယ့် တစ်ယောက်တည်းကပဲ ဒိုင်ခံကျွမ်းကျင် နေတာမျိုးဆိုရင် အဲဒီတစ်ယောက်တည်းကို အားလုံးက မှီခိုနေတဲ့ ပုံစံ ဖြစ်လာပါတယ်။

အဲဒီလို ဖြစ်တဲ့အခါ တစ်ယောက်တည်းကပဲ ဒိုင်ခံပြီး အလုပ်တွေကို လုပ်ရပါတော့တယ်။ Design လည်း သူပဲ၊ ကျန်တဲ့သူတွေက ဝိုင်းကြည့်၊ Programming လည်းသူပဲ၊ ကျန်တဲ့သူက ဘေးကယက်ခတ် ဆိုသလို ဖြစ်လာပါတယ်။ အဲဒီတော့ အဖွဲ့အစည်အလိုက် စွမ်းဆောင်ရည်မျိုး ဖြစ်မလာတော့ပဲ တစ်ကောင်တည်း ဆွဲနေတဲ့ လှည်းကို တစ်ခြားသူတွေက တက်စီးနေသလို ဖြစ်လာပါတယ်။ ဒီတော့ အဲဒီ ကျွမ်းကျင်သူ အနေနဲ့လည်း စွမ်းဆောင်ရည်တွေ ကျလာပါတော့တယ်။ အဖွဲ့တစ်ခု စပြီဆိုကတည်းက တစ်ယောက်တည်းက မှီနေတာပဲ ကျန်တဲ့သူတွေက လွတ်လပ်တယ် ဆိုပြီး မလွတ်လိုက် သင့်ပါဘူး။ အဲဒီလို တစ်ယောက်တည်း မှီနေတာကိုက နောင် တစ်ချိန်မှာ ပြောစရာ ပြဿနာ ဖြစ်စရာ ဖြစ်လာပြီး ကွဲကြတဲ့အထိ အဆိုးဆုံး အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။

ဒီတော့ Interdependent ဆိုတဲ့ အပြန်အလှန် အကျိုးပြုတဲ့ ပုံစံကို သွားဖို့ အရင်ဆုံး independent ဖြစ်အောင် အရင်လုပ်ကြဖို့ လိုပါတယ်။ ဘယ်လိုလုပ်ကြမလဲ။ လုပ်ငန်းတစ်ခုချင်းစီ အပိုင်းလိုက် ခွဲခြားပြီး လွတ်လပ်အောင် သင်ယူကြဖို့ပါ။ ကိုယ်က Web Graphic ပိုင်းကို တာဝန်ယူမယ်၊ ဝါသနာပါတယ်ဆိုရင် တစ်ခြားသူကို မှီခိုစရာ မလိုအောင် အထိ သင်ထားဖို့ တတ်ထားဖို့လိုပါတယ်။ ကိုယ်က Web Programming ပိုင်းဆိုရင်လည် အတူတူပါပဲ။ အမှီအခိုကင်းအောင် သင်ထားဖို့ လိုပါတယ်။ ဒီလိုအမှီအခိုကင်းအောင် သင်ထားပြီးပြီ၊ စုမိကြပြီ ဆိုရင်တောင် စနစ်တကျ ပေါင်းစပ်တတ်ဖို့ မလွယ်သေးပါဘူး။ ဒါတွေကို နောက်လာမယ့် အပိုင်းတွေမှာ ဆက်ဆွေးနွေးသွားပါ့မယ်။ မှီခိုတယ်ဆိုတဲ့ နေရာမှာ ငွေရေး ကြေးရေးက အစ မှီခိုနေရင် မကောင်းပါဘူး။ အချိုးကျကျ ညီညီမျှမျှ စတာအကောင်းဆုံးပါပဲ။ အဲဒီလိုမှ မတတ်နိုင်လို့ ငွေရေးကြေးရေးကို မှီခိုရပြီ ဆိုရင်လည်း ငွေရေးကြေးရေးကို လုပ်ငန်းသဘောအရပဲ ထိတွေ့နိုင်အောင် စနစ်တကျ စီစဉ်ထားဖို့လိုပါတယ်။ ဒါကိုလည်း ငွေကြေးစီမံခန့်ခွဲမှု အပိုင်းမှာ ဆက်ဆွေးနွေးသွားပါ့မယ်။ ဒီတော့ ပထမဦးဆုံး အချက်အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မှီခိုပြီး လုပ်ငန်းမစပါနဲ့။ တစ်ယောက်ခြင်းစီ လွပ်လပ်မှု ရှိပြီး အပြန်အလှန် အကျိုးပြုတဲ့ ပုံစံနဲ့သာ လုပ်ငန်းစနိုင်ဖို့ ပြင်ဆင်ပါလို့ ဆိုချင်ပါတယ်။
အချင်းချင်း ယုံကြည်စိတ်ချမှု Trust ကို မြှင့်တင်ခြင်း
သူငယ်ချင်းတွေ စုပြီး အလုပ်လုပ်မယ်ဆိုရင် အဖွဲ့တစ်ခုကို ဖွဲ့တော့မယ်ဆိုရင် ယုံကြည်မှု (Trust) ဆိုတာ အရေးအကြီးဆုံးပါပဲ။ လုပ်ငန်းတစ်ခုကို မစခင်ကတည်းက Trust ကို တည်ဆောက်ဖို့ လိုအပ်သလို၊ လုပ်ငန်းလုပ်နေရင်းလည်း Trust ကို မြင့်သထက်မြင့်အောင် တည်ဆောက် နေဖို့ လိုအပ်ပါတယ်။ Trust ဆိုတဲ့ နေရာမှာလည်း မျက်ကန်း ယုံကြည်မှုနဲ့ အစစ်အမှန် ယုံကြည်မှုဆိုပြီး နှစ်မျိုး ကွဲပြားတတ်တဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ်။ မျက်ကန်းယုံကြည်မှုဆိုတာ တကယ်တော့ dependent ဖြစ်ခြင်း တစ်မျိုးပါပဲ။

Trust (ယုံကြည်မှု) ဆိုတာကို ဘယ်လိုတည်ဆောက်မလဲ။ Trust ဆိုတာ အပြင်ကလာတာလို့ လူတွေက ထင်တတ်ကြပါတယ်။ တကယ်တော့ Trust ဆိုတာ အတွင်းက လာတာပါ။ ကိုယ်ကိုယ်တိုင်က Trust Center ဖြစ်အောင် တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် Trust Center ဖြစ်အောင် တည်ဆောက်တယ် ဆိုတဲ့နေရာမှာ ပြောစရာတွေက အများကြီး ရှိလာပါပြီ။ ပထမဦးဆုံး အလုပ်အပိုင်းမှာ Interdependent ဖြစ်လာ လေလေ ယုံကြည်မှု တက်လာလေလေပါပဲ။ Trust ကတော့ အလုပ်တစ်ခုတည်းနဲ့ တင်မလုံလောက်ပါဘူး။ တစ်ခြား ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ အတ္တပရ မျှတစွာ တွေးတောတတ်မှု၊ EQ မြင့်မှု စတာတွေ အများကြီး လိုပါသေးတယ်။
ဒီနေရာမှာ EQ ဆိုလို့ EQ အကြောင်း အစဖော်လိုပါတယ်။ EQ ဆိုတာ Emotional Quotient ကို အတိုကောက် ခေါ်တာပါ။ IQ ဘယ်လောက် မြင့်မြင့် EQ မမြင့်ရင် အဖွဲ့အစည်း အလိုက် ဆောင်ရွက်နိုင်မှု မရှိဘူးလို့ အဆိုရှိပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခု တည်ဆောက်တဲ့ နေရာမှာ EQ မြင့်ဖို့ဆိုတာ အရေးကြီးတဲ့ အပိုင်းတစ်ခု အနေနဲ့ ပါပါတယ်။ ဒါတွေကို နောက် အပိုင်းတွေမှာ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ (အကြွေးတွေများ နေပြီ
) Trust Center အားကို ချဲ့နိုင်လေ Influencing Power လည်း တက်လေလို့ အဆိုရှိပါတယ်။ တစ်ခါက လူရွှင်တော်ကြီး တစ်ယောက် ပြောတာ မှတ်သား ဖူးပါတယ်။ လောကကြီးမှာ မယုံကြည်ရဆုံး စကားတစ်ခွန်း ရှိပါတယ်တဲ့ အဲဒါကတော့ ယုံကြည်မှု ဆိုတဲ့ စကားပါပဲတဲ့။ ဒီတော့ ယုံကြည်မှုကို တည်ဆောက်ဖို့ ဘယ်လောက် ခက်တယ်ဆိုတာ သတိထား မိပါလိမ့်မယ်။

အဲဒီလို ယုံကြည်မှုကို တစ်ခြားနိုင်ငံတွေမှာ ဘယ်လို တည်ဆောက်ပေးလဲဆိုတာ လေ့လာကြည့်ရင် Activities တွေကနေ တစ်ဆင့် တည်ဆောက် ပေးတတ်ကြပါတယ်။ တေးဂီတ ဝါသနာပါသူတွေက တေးဂီတ၊ အားကစား ဝါသနာပါသူက အားကစား စသည်ဖြင့် ကျောင်းတွင်း Activities တွေနေ တစ်ဆင့် ယုံကြည်မှုတွေ တည်ဆောက်ပေးပါတယ်။ အချင်းချင်း ရန်တွေ ဖြစ်ကြ၊ ပြီးတော့ ပြန်ညှိလိုက်ကြ၊ ဒီလိုမျိုး တစ်စ တစ်စ လုပ်ရင်း Trust တွေ မြင့်တက်လာတတ်ပါတယ်။ ကျွန်တော်တို့ဆီမှတော့ အဲဒီလို Activities တွေမှာ အားအင်မတန် နည်းတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ သူငယ်ချင်းတွေနဲ့ စုပြီး လုပ်ငန်းစမယ်ဆိုရင် အချိန်ကြာကြာသွားရပြီး ခက်ခက်ခဲခဲသွားရတဲ့ ခရီးမျိုးတွေ အနည်းဆုံး နှစ်ခါ သုံးခါလောက် စုပြီး ထွက်သင့်ပါတယ်။ ဥပမာ – တောင်တက်ရတဲ့ ခရီးလိုမျိုးပေါ့။ အဲဒီလို ခရီးတွေ ထွက်ရင် တစ်ယောက်နဲ့ တစ်ယောက် ကူညီတတ်တဲ့စိတ် တစ်ယောက်နဲ့ တစ်ယောက် နားလည်တတ်တဲ့စိတ်၊ ယုံကြည်မှု စတာတွေ ဖြစ်ပေါ်လာစေပါတယ်။
ဆက်ပါဦးမယ် …
Facebook comments:



ကျေးဇူးတင်ပါတယ်. ခုလိုမျိုးပြောပြပေးတာကို
နောင်လည်းဒီထက်ပိုပြီးပြည့်ပြည့် စုံစုံနဲ ့ဆက်ရှင်းပြပေးပါဦး
အများကြီးလည်းဗပာုသုတရပါတယ်
Good Article, please carry on as we are waiting to read more.
ကောင်းတယ်ဗျာ… (အများကြီးပြောရင် ပေါ့သွားမှာစိုးလို့ တစ်ခွန်းတည်း ပြောလိုက်တာ…
)
ဂွတ်တယ်ဗျ အကြွေးလေးတွေတော့ မြန်မြန်ချေနိုင်ရင် ပိုကောင်းမယ်
လောလောဆယ် အကြွေးနည်းနည်းတော့ ကြေသွားပြီဗျ …
http://www.myanmartutorials.com/team-building/skill/start-a-business-with-your-friends-2/
ကို ဆက်ဖတ်လို့ ရပြီလေ …
နောက်ထပ် Trust တက်လာဖို့ဆိုရင် ပြောရင်ပြောတဲ့အတိုင်း လုပ်ပေးတာကနေလည်း တက်လာနိုင်ပါတယ်။
ဥပမာ။ ။ Web Development Team တစ်ခုမှာဆိုရင်ပေါ့။ နည်းနည်းဦးဆောင်နိုင်တဲ့သူတစ်ယောက်က Training ကာလမှာ Assignment လေးတွေပေးပြီး ကျန်တဲ့သူတွေကိုလုပ်ခိုင်းတယ်။ (သူလည်းလုပ်ရင်းနဲ့ပေါ့) ဘယ်နေ့ ဘယ်အချိန်ထပ်ရမယ် ဆိုပြီးသတ်မှတ်ပေးလိုက်တယ်။
ဒါပေမယ့် သူကိုယ်တိုင်က အဲဒီ့အချိန်အတွင်းမှာ အပြီးသတ်မတင်နိုင်ဘူး။ အဲဒါဆိုရင် သူ့အပေါ်မှာ အခြားသူတွေအနေနဲ့ Trust ကျသွားပါတယ်။
နောက်တစ်ခု အခြားသူတွေ (Team Member) တွေထဲမှာလည်း တစ်ယောက်လောက်ကဘဲ ချွန်ပြီးတော့ အဲအချိန်အတွင်းပေးနိုင်တယ်။ ကျန်တဲ့ Member တွေက နောက်ကျတယ်။ မတင်နိုင်ဘူး။ အဲဒါမျိုးတွေရှိရင်လည်း Trust ကျသွားတတ်ပါတယ်။
အဲဒီ့တော့ Team Leader အနေနဲ့လည်း ပြောတဲ့အတိုင်းလုပ်ပေးရမှာ ဖြစ်သလို ၊ Team Member တွေအနေနဲ့ကလည်း လုပ်ပေးကြရမှာဖြစ်ပါတယ်။
နို့မို့ဆိုရင် တကယ့် Project ကြီးတွေလာတဲ့အခါ ၊ “Training ကာလတုန်းကလည်း သူ့ဆီကဘာမှထွက်မလာပါဘူးကွာ ၊ ခုလည်း ငါဘဲလုပ်ရမှာပါ။ မလုပ်ချင်တော့ပါဘူး” ဆိုတာမျိုးတွေဖြစ်ပြီး ၊ risk ကြီးလာနိုင်ပါတယ်။
ဆက်ရေးချင်သေးတယ်။ အချိန်မရလို့.. ဒီလောက်ဘဲ..
ခုလို ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ … အချိန်ရရင် ဆက်ဆွေးနွေးပေးပါဦးဗျ …
[...] [...]
[...] [...]
[...] [...]