သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခု စတော့မှာလား (၄)

ခု ဒီပို့စ်က လေးခုမြောက် ပို့စ်ပါ။ ဖတ်ရသက်သာအောင် ဆိုပြီး ပိုင်းပိုင်းပြီး ရေးထားပေးမယ့် နောက်ဆုံးမှာ PDF နဲ့ ပြန်စုပေးပါ့မယ်။ အခုမှ စဖတ်မယ့် သူတွေအတွက် အရင်ပို့စ်တွေကို ပြန်ညွှန်းလိုက်ပါတယ်။

ခုအပိုင်းကိုလည်း ကြိုတင်ဖြည့်ဆည်း သင့်သည်များ ဆိုတဲ့အပိုင်းကိုပဲ ဆက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြားဖြတ်အနေနဲ့ ကျွန်တော် ရေးတာတွေဟာ Escape from reality များ ဖြစ်နေမလားဆိုပြီး ပြန်လည် သုံးသပ်မိပါတယ်။ ဒီအပိုင်းကို ပြန်လှန်သုံးသပ်ချက် အနေနဲ့ပဲ ရေးသွားချင်ပါတယ်။

ဟိုးရက်ပိုင်းတွေက ကျွန်တော့်အနေနဲ့ မြန်မာပြည်စီးပွားရေး ရုတ်တရက် မြင့်တက်ခဲ့သော်ဆိုတဲ့ အတွေးမျိုး တွေးဖူးပါတယ်။ အဲဒီလို အတွေးမျိုး ကလည်း အကြောင်းမဲ့ တွေးမိတာ မဟုတ်ပါဘူး။ တကယ့်ကို ဖြစ်နိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရလို့ပါ။ အရင်ကဆိုရင် နိုင်ငံတစ်နိုင်ငံ စီးပွားရေး တိုးတက်စေဖို့ Key Maker က တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ အမေရိကန်နဲ့ ပလဲနာမသင့်လား ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော် အဲဒီလိုပြောတော့ အရမ်းကို ချုံ့လွန်းရာ ကြမသွားဘူးလားလို့ စောဒက တက်ကြပါလိမ့်မယ်။ တကယ့် လက်တွေ့မှာ လေ့လာကြည့်ပါ။ ဂျပန် ဘာကြောင့် တိုးတက် လာသလဲ။ တောင်ကိုရီးယားကော ဘာကြောင့် တိုးတက်လာသလဲ။ ဗီယက်နမ် အနေနဲ့ရော ဘာကြောင့် တိုးတက်လာ ပါသလဲ။ အဓိက အကြောင်း အရင်းက အစားကြီးတဲ့ အမေရိကန် လူဝကြီးကို ကုန်ပစ္စည်းတွေ ရောင်းခွင့် ရှိနေလို့ပါပဲ။ အမေရိကန်နဲ့ ကုန်သွယ်မှု ပမာဏက အဓိက အကြဆုံး အခန်းကဏ္ဍမှာ ပါနေပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီ စံနှုန်းဆိုတဲ့ ပေတံနဲ့ လာမပြောပါနဲ့။ ဒီမိုကရေစီ စံနှုန်း မမှီသေးတဲ့ နိုင်ငံတွေ တစ်ပုံကြီး အမေရိကန်နဲ့ ရောင်းဝယ်ဖောက်ကား နေကြပါတယ်။ တကယ်တော့ နိုင်ငံရေး ဇာတ်ခုံကြီး ကိုယ်တိုင်က ဒီမိုကရေစီ နိုင်ငံရေး စံနှုန်းပေါ်မှာ လည်ပတ် နေတာမဟုတ်ပဲ အမျိုးသားအကျိုးစီးပွား အပေါ် အခြေခံတဲ့ နိုင်ငံရေး၊ ပထဝီနိုင်ငံရေး၊ ဟင်နရီကစ်ဆင်းဂျားတို့ ဆီက အမွေခံလာတဲ့ Realism နိုင်ငံရေး ပဲ ရှိပါတယ်။

ဒါပေမယ့် ခုချိန်မှာ အမေရိကန် တစ်ခုတည်း Key Maker၊ အမေရိကန် တစ်နိုင်ငံတည်း Magic Wand (မှော် တုတ်တံ) ကို ကိုင်ထားတယ် ဆိုတာ လုံးဝမဟုတ်တော့ ပါဘူး။ ရဲရဲကြီး ပြောရဲပါတယ်။ သူကိုယ်တိုင် မြီရှင်နိုင်ငံတွေ (ဥပမာ – တရုပ်လို နိုင်ငံကို) သွားဖြဲပြီး ဆက်ဆံနေရတာ၊ တစ်ဖက် ကလည်း ငါတို့ ဘာလုပ် လိုက်မှာနော်၊ ညာလုပ်လိုက်မှာနော် ဆိုပြီး ခြိမ်းခြောက်တာ ခံနေရတာ အားလုံး အသိပါပဲ။ ဒီတော့ Key Maker တွေ နေရာမှာ Magic Wand မဟုတ်တောင်မှ လက်တွေ့ကြကြ ချဉ်းကပ် နိုင်စွမ်းတွေ ရှိလာပါပြီ။ ဒီတော့ Key Maker အသစ်တွေလည်း ပေါ်လာ နေပါတယ်။

ဒါပေမယ့် ပြောစရာ တစ်ခုတော့ ရှိပါတယ်။ Key Maker တွေ ဖက်က ကြည့်မယ် ဆိုရင်တော့ အနောက်က အရှေ့ကို ရွေ့လာတယ် ဆိုပေမယ့် တစ်ခြား မျက်နှာစာတွေမှာ ရှိနေတဲ့ အုပ်ချုပ်ရေး၊ စီပွားရေး စီမံခန့်ခွဲမှု စတိုင်၊ Innovative Thinking စတာတွေကိုတော့ အရှေ့ကနေ အနောက်ကို ရွေ့သွား ကြပါတယ်။ တကယ့်ကို Innovative ဖြစ်တဲ့ ပညာရေး စနစ်၊ စီးပွားရေး စီမံခန့်ခွဲမှု စတိုင်တွေ အားလုံးက အနောက်ဖက်မှာ အားကြီးကြီးနဲ့ ရှိနေခဲ့တော့ မိရိုးဖလာ အုပ်ချုပ်ရေး ပုံစံ၊ သမာရိုးကျ စီးပွားရေး စတိုင်တွေ နေရာမှာ အနောက်တိုင်း စတိုင် အနောက်တိုင်း မူတွေကို အစားထိုး လာကြပါတယ်။ အစောပိုင်းကာလတွေမှာ အသားကျမှု သိပ်မရှိသေးတဲ့ အနေအထားတွေ ရှိခဲ့ပေမယ့် ခုချိန်မှာ အတန်အသင့် အသားကျလာတဲ့ အပြင် အလုပ်ဖြစ်၊ စီးပွားဖြစ်တဲ့ အခြေအနေတွေ ရောက်လာကြတာ အားလုံး အသိပါပဲ။

ဒီတော့ ကျွန်တော်က မြန်မာပြည် စီးပွားရေး ရုတ်တရက် တိုးတက်နိုင်တယ်လို့ တွေးမိတာလဲ။ အဲဒီ အချက် နှစ်ချက်အပေါ်မှာ အခြေခံပြီးတော့ တွေးမိတာပါ။ ပထမ အချက်က KeyMaker တွေ တစ်ယောက်တည်း မဟုတ်တော့ဘူး ဆိုတဲ့အချက်ရယ်။ နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အပြောင်းအလဲတွေကို တွေ့လာ မြင်လာရတဲ့ အခြေအနေတွေ အပေါ်မှာ အခြေခံပြီး တွေးမိတာပါ။ ပေးတာယူ၊ ကျွေးတာစား စောဒက မတက်တဲ့ဆိုတဲ့ အခြေအနေကနေ Deal လုပ်လို့ရတဲ့ အခြေအနေတွေ မြင်လာနေရပါတယ်။ အရင်ထက်လည်း ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေ တွေ့လာနေရပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ မိရိုးဖလာ အုပ်ချုပ်ရေးပုံစံကနေ ခွဲထွက်လာတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ပါ အနောက်ဖက်ကို ရွေ့လာတယ်ပေါ့။

ဒီနှစ်ချက်ကြောင့် ကျွန်တော်က မြန်မာစီးပွားရေး ရုတ်တရက် တိုးတက်နိုင်တယ်လို့ တွေးမိတော့ မင်းတွေးတာ မပြည့်စုံပါဘူးကွာ။ အတွေး သက်သက်ပါလို့ ပြောရင်လည်း ဖြစ်ပါတယ်။ ကျွန်တော် စိတ်ကူးယဉ်ခွင့် ရှိပါတယ်။ ကျွန်တော်အနေနဲ့ မြန်မာ့စီးပွားရေး ရုတ်တရက် မြင့်တက်ခဲ့သော် ဆိုပြီး စိတ်ကူးယဉ်တယ်လို့ပဲ ထားလိုက်လို့ရပါတယ်။

ကဲ ကျွန်တော် စိတ်ကူး ဆက်ယဉ်မယ်ဗျာ။ မြန်မာပြည်စီးပွားရေး ရုတ်တရက် မြင့်တက်ခဲ့သော် ဘာတွေ ဖြစ်လာမလဲ။ သေချာတာ တစ်ခုကတော့ နွားတွေကို ခြံထဲက လွတ်လိုက်သလိုပါပဲ။ အားအကြီးဆုံး နွားတွေက ထိပ်ဆုံးက ပြေးထွက်ကြမှာပါပဲ။ ပိုက်ဆံ အချမ်းသာဆုံး လုပ်ငန်းအကြီးဆုံး လုပ်ငန်းတွေ ထိပ်ဆုံးက ထွက်လာကြမှာပါပဲ။ အဲဒီလို လုပ်ငန်းအကြီးကြီးတွေ ထိပ်ဆုံးက ထွက်လာတယ်ဆိုတာ ကောင်းတဲ့ သဘောမှာ ရှိပါတယ်။ ဘာကြောင့် ကောင်းတာလဲ အလုပ်အကိုင်အခွင့် အလမ်းတွေ ပွင့်လာပါမယ်။ အဲဒါကြောင့် ကောင်းတယ် ပြောတာပါ။ နောက် နိုင်ငံခြားက Key Maker တွေ ဝင်လာပါလိမ့်မယ်။ ဒါလည်း ကောင်းတာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာပါတယ်။ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်စွမ်း ရှိရင်တော့ လက်ဝါးကြီး အုပ်တာတွေ လျော့လာမယ်။ နောက်ထပ် စီးပွားရေး လုပ်ငန်းတွေ အလျိုလျို ပေါ်လာနိုင်ပါတယ်။ ဒါလည်း မင်္ဂလာပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းပွင့်တာပေါ့။

ဒါပေမယ့် စီးပွားရေး တိုးတက်မှုကို လက်ဆင့် ကမ်းပေးမယ့် Middle Class Businesses တွေ ဖက်ကို ကြည့်လိုက်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အင်အားချိနဲ့ နေပါပြီ။ တကယ့်ကို အင်အားမရှိတော့ပါဘူး။ Free Competitive Market မှာ အမှန်တကယ်လိုလာလို့ ပညာရှင်တွေ လိုချင်တယ် ဆိုရင်တောင် ပြည်တွင်းက ဆွဲထုတ်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့ လွယ်လွယ်ဖြစ်နိုင်တဲ့ နိုင်ငံခြားက လူတွေ ငှားရပါတော့မယ်။ အဲဒီလို ငှားရင် ဘာတွေ ဖြစ်လာနိုင်မလဲ။ စီးပွားရေးဆိုတာ အနိမ့်အမြင့် အတက်အကျ သံသရာကြီးပါ။ ဒီလို နိုင်ငံခြားက လူတွေဆိုတာ သာပေါင်းတွေလို့ ဆိုရမှာ ပါပဲ။ သာနေလို့ လာနေတာပါ။ မသာတာနဲ့ ဘာမှ လှည့် မကြည့်ပဲ တစ်ချိုးတည်း လစ်တော့မှာပါ။ အဲဒီအချိန်မှာ ကွပ်လပ်ကြီးတွေ ကျန်ခဲ့ပြီး စီးပွားရေးကျတာ မဟုတ်ပဲ စီးပွားပျက်ကပ် ဆိုက်တတ်ပါတယ်။ ဒါလည်း ရှေ့က ဆရာ့ဆရာကြီးများ အတွေ့အကြုံတွေ ရှိပါတယ်။ ဘောလုံးအသင်း တွေကိုပဲ ကြည့်ပါ။ နိုင်ငံခြားဘောလုံးသမားတွေ ခေါ်ကန်တယ်ဆိုတာ အသင်းအောင် နိုင်ရေးအတွက် အဓိကကျတယ် ဆိုပေမယ့် ရေရှည် အောင်နိုင်ရေးအတွက် ဆိုရင်တော့ ပြည်တွင်း ကစားသမားတွေက အရေးပါတယ် ဆိုတာ သိသာပါတယ်။ ဒီလိုပါပဲ Middle Class Businesses ဆိုတာ အဲဒီလို ပြည်တွင်း ကစားသမားတွေပါပဲ။

အဲဒီလို Middle Class Businesses တွေချိနဲ့သွားရခြင်း အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေ မပြောတော့ပါဘူး။ ဘယ်လို ပြန်ကောင်းလာအောင် လုပ်ကြမလဲ။ ကျွန်တော်တို့တုန်းကလို သူငယ်ချင်းတွေ စုလုပ်ကြမယ် ဆိုတဲ့ အတွေးမျိုးတွေ ပြန်ထည့်ပေးရပါမယ်။ အဲဒီလိုပဲ Entrepreneurship Thinking Style တွေ မိတ်ဆက်ပေးဖို့ လိုပါတယ်။ အရိုးစွဲနေတဲ့ အတွေးအမြင်တွေအစား တကယ့်ကို အလုပ်ဖြစ်နိုင်တဲ့ အတွေးတွေ မိတ်ဆက်ပေးဖို့ လိုပါတယ်။ အဲဒီလို ရည်ရွယ်ချက်တွေကြောင့် “သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခု စတော့မှာလား” ဆိုတဲ့ ပို့စ်တွေ ရေးနေရတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် ပညာရှင် မဟုတ်ပါဘူး။ ကျွန်တော် သိသလောက် မြင်သလောက် ရေးနေတာပါ။ အမှားတွေ ပါနိုင်ပါတယ်။ လိုအပ်ချက်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် Middle Class Businesses တွေ ဖွံ့ဖြိုးလာစေချင်တာတော့ ကျွန်တော့် ဆန္ဒအမှန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ရေးနေတာတွေ Escape from reality ဖြစ်နေပြီလား။ အမှန်တော့ နည်းနည်း ဖြစ်နေပါတယ်လို့ပဲ ဝန်ခံရမှာပါပဲ။

ဆက်ပါဦးမယ် …

Facebook comments:

7 Responses

  1. jspresso says:

    စီးပွားရေးလုပ်ငန်းတွေ မှာ အစ်ကိုပြောသလို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်သာ ရှိခဲ့မယ်ဆိုရင်တော့ သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခု စလုပ်ရင် မဖြစ်နိုင်စရာ မအောင်မြင်နိုင်စရာလဲ မရှိပါဘူး။ အဓိက ကတော့ အစ်ကိုပြောသလိုပါပဲ လွတ်လပ်စွာ ယှဉ်ပြိုင် လုပ်ကိုင်ခွင့်ပါပဲ။ လုပ်ငန်းတွေ အောင်မြင်လာတာနဲ့ အမျှ လုပ်အားလိုအပ်ချက်လဲ များလာမှာမို့ အလုပ်အကိုင်အခွင့်အလမ်းတွေလဲ များလာနိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတာနဲ့ အမျှ အလုပ်ရှာဖွေ ဖော်ထုတ်မှုမှာ လဲ ပြိုင်ဆိုင်မှုတွေနဲ ့အရည်အသွေး ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာပါပဲ။ ဒီတော့ အရည်အချင်းရှိတဲ့ လုပ်သားတွေ၊ ပညာရှင်တွေ အများကြီးထပ်ထွက်လာနိုင်တာပေါ့။ ပြည်တွင်းစွမ်းအားနဲ့ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်လာတာနဲ့ အမျှ ဖက်ပေါင်းစုံက လဲ တိုးတက်ဖို့ မြန်ဆန်လာနိုင်တာပေါ့။ နိုင်ငံတကာရောက် မြန်မာပညာရှင်တွေကလဲ အဲအချိန်ဆို တစ်ချို့ တစ်ဝက်ပြန်လာကြလောက်ရောပေါ့။ အဲဒီတော့ အစ်ကိုပြောသလို ကျွန်တော်လဲ အစ်ကိုပြောသလို စိတ်ကူးယဉ်ကြည့်တယ်ပဲထားပါတော့ စီးပွားရေးလုပ်ငန်းကို ယှဉ်ပြိုင်လုပ်ကိုင်နိုင်ခွင့် နဲ့ အစုဖွဲ့ အလုပ်လုပ်ကိုင် မှုက တိုးတက်မှု အတွက် အလားအလာကောင်းတွေဖြစ်တယ်ဆိုတာ တွေးမိတော့တယ် ဒီ post လေးအတွက် ကျေးဇူးတင်ပါတယ် အစ်ကို။

  2. ခေတ်လူ says:

    လေးခုလုံး ဖတ်ပြီးပါပြီ။ စာရေးသူရဲ့ တင်ပြလိုတဲ့ အကြောင်းအရာများကိုလည်း ခြုံငုံး နာလည်မိပါတယ်။
    ဒါပေမယ့် တတိယပိုင်းကနေစပြီး အကြောင်းအရာဟာ ခေါင်းစဉ်နဲ့ နဲနဲ လွဲလာသလို ခံစားမိလာပါတယ်။
    အများနဲ့ တွဲလုပ်တဲ့ အကြောင်းထက်၊ စီးပွားရေး လုပ်ပုံလုပ်နည်းပိုင်းကို ပိုရောက်လာတာကို သတိထားမိပါတယ်။
    ခေါင်းစဉ်အသစ်နဲ့ အကျယ်ချဲ့ ပြီး ဆက်ရေးပေးပါလားခင်ဗျာ။

    • Thiha says:

      ဟုတ်တယ်ဗျ … ကျွန်တော့်အနေနဲ့ Positive Point of View ကနေ ချဉ်းကပ်ရင်း ကပ်ရင်း မွန်းကျပ်လာလို့ လက်ကို ထိန်းရင်းထိန်းရင် ခေါင်းစဉ်နဲ့ လွဲလွဲလာတာပဲ။ Escape from reality ဆိုတာကြီး ရင်ထဲမှာ ခံစားလာရတော့ ဘယ်လိုမှ ရှေ့ဆက်ရေးလို့ မရတော့တာလည်း ပါတယ်ဗျ။ ဒါပေမယ့် ကျွန်တော့် အမြင်အရ အမှတ်စဉ် (၃) အထိ မလွဲသေးဘူးလို့ ထင်ပါတယ်။ အများနဲ့ တွဲလုပ်တဲ့နေရာမှာ Organization ပုံစံကိုလည်း သိရမှာ ဖြစ်သလို Pilot Test ဆိုတာလည်း လုပ်သင့်တဲ့ အချက်ထဲမှာ ပါပါတယ်။ ကျွန်တော် လွဲသွားတာကတော့ အမှတ်စဉ် (၄)မှာပါ။ အဲဒါလည်း Escape from reality ကြောင့်ပါပဲ။ ဒီလို တော့ပစ်မျိုးဆိုတာ ရေးရတာ အင်မတန် မွန်းကျပ်ပါတယ်။ ကိုယ်တိုင်လုပ်နေရသူတွေ ဆိုတော့ ပိုဆိုးပါတယ် ခင်ဗျ။ ကိုယ်တွေအနေနဲ့က တိုးတက်ဖို့ထက် ဘယ်လို Survive လုပ်မလဲဆိုတာကို နှစ်ပေါင်းမြောက်များစွာ ရုန်းကန်လာရတော့ မောနေပြီဗျ။ ရှေ့ဆက်ပြီး ဘယ်လို အင်အားနဲ့ သွားရမှန်းတောင် မသိလောက် အောင်ပါပဲဗျာ …

  3. m0rRis says:

    အင်းဗျ ကျွန်တော်ဆယ်တန်းတုံးဘောဂဗေဒမှာသင်ဖူးတယ်ဗျ တကယ်တမ်း free trade လုပ်မယ်ဆိုရင် အားသာချက်ခြောက်ချက် အားနည်းချက်ခြောက်ချက်လားမသိဘူးရှိတယ်ဗျ
    အသေးစိတ်တော့မမှတ်မိတော့ဘူးဗျ အားနည်းချက်ခြောက်ချက်မှာလည်းတစ်ချက်ပဲမှတ်မိတော့တယ် နိုင်ငံခြားကလုပ်ငန်းတွေကလက်ဝါးကြီးအုပ်သွားတာတာ ကတစ်ချက်ပါပါတယ် ဒါဟာလည်းစားသုံးသူတွေအပြစ်မဟုတ်ပါဘူး သူတို ့အနေနဲ ့လည်း ဈေးနှုန်းအသက်သာဆုံးနဲ ့ အမြင့်မားဆုံးသော အရည်အသွေးကိုလိုချင်မှာပဲ တကယ်တမ်း မဆင်မခြင် free trade လုပ်ရင်တော့ (ပြောမယ့်သာပြောတာပါ အဲလိုတော့ဖြစ်မယ်မထင်) ရေကာတာကျိုးကျသွားသလို နိုင်ငံခြားက လုပ်ငန်းတွေက လက်ဝါကြီးအုပ်သွားမှာပါ
    အကိုပြောသလို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိရင်တောင်ပေါ့ဗျာ သေချာတာကတော့ စစချင်းမှာ နိုင်ငံခြားကလုပ်ငန်းတွေကို ဘယ်လိုမှယှဉ်နိုင်မှာတော့မဟုတ်သေးဘူးဗျ သက်ဆိုင်ရာရဲ ့ကူညီမှုတွေ ထောက်ပံကြေးတွေ အပြင် နိုင်ငံခြားကလုပ်ငန်းတွေကိုလည် အခွန်လိုဟာမျိုးနဲ ့ ပြန်ခံထားဖို ့လည်းလိုသေးတယ်ထင်တယ်ဗျ ကျွန်တော်သိသလောက်ဆွေးနွေးတာပါဗျာ အမှားပါရင်ခွင့်လွတ်ပါ

    • Thiha says:

      ခုလို ဝင်ရောက်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ …

  4. Thiha says:

    ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ဆီမှာ Free Competitive Market ပြည်တွင်းမှာတောင် မရှိသေးပါဘူး။ နည်းပညာ နယ်ပယ်မှာ Corporation ကြီးတွေ ပြည်ပ မထွက်ကြတော့ ပြည်တွင်းမှာပဲ နေရာတိုင်းမှာ ခြေကုတ်ယူထားကြတယ်။ ဒီတော့ နောက်က ဝင်မယ့်သူတွေအတွက် နေရာမရှိဘူးဗျ။ ပြည်ပအထိ ဒါရိုက်သွားဖို့ကလည်း မဖြစ်နိုင် ပြည်တွင်းမှာလည်း နေရာမရှိ၊ အဲဒီလိုဖြစ်နေတယ်ခင်ဗျ …

  5. Ye` says:

    i want the pdf version :) when will u upload, sir?

Leave a comment


*