IT Pros များအတွက် မရှိမဖြစ် စွမ်းဆောင်ရည် (၁၀) ချက်

IT Pro တစ်ယောက်ရဲ့ ဘဝဆိုသည်မှာ စိန်ခေါ်မှုများနှင့် အမြဲတမ်း ယှဉ်ပြိုင် ရင်ဆိုင်နေရသော ဘဝဖြစ်သည်။ အခက်အခဲများ ကြုံလာတိုင်း မိမိအတွက် စိန်ခေါ်မှု၊ မိမိ အရည်အသွေး မြှင့်တင်ရာဟု သဘောထားကာ မဆုတ်မနစ် ရင်ဆိုင် အနိုင်ယူမှသာ အောင်မြင်သော အိုင်တီသမား တစ်ယောက်အဖြစ် ရေရှည် ရပ်တည်နိုင်မည် ဖြစ်သည်။ အိုင်တီနယ်ပယ်တွင် ဟိုနေရာစပ်စပ်၊ ဒီနေရာ စပ်စပ် အကုန် လေ့လာနေလျှင် တစ်ခုမှ ထွင်းဖောက် မြင်နိုင်စွမ်း ရှိလာမည် မဟုတ်ပေ။ ထို့အတူ နေရာတကာ အကုန်သိ အကုန်တတ်ဆိုသော အခြေအနေသည်လည်း မဖြစ်နိုင်ချေ။ သို့သော် နည်းပညာကို လေ့လာရာတွင် တစ်ခြား သမာရိုးကျ ပညာရပ်များကဲ့သို့ Linear သဘော ချဉ်းကပ်မည် ဆိုလျှင်၊ သမာရိုးကျ နည်လမ်းများနှင့် လေ့လာ လိုက်စားမည်ဆိုလျှင်လည်း မဖြစ်နိုင်ပေ။ အလွန်လျှင်မြန်သော အရှိန်ဖြစ် ပြောင်လဲနေသော သဘောရှိသည့် အစုလိုက်၊ အဖွဲ့လိုက် အဆက်အစပ်ရှိရှိ ချိတ်ဆက် ပြောင်းလဲတတ်သော သဘောရှိသည့် နည်းပညာလောကတွင် အဆက်အစပ်ရှိရှိ ပတ်သက်ရာအားလုံးလို့ နာလည်သိကျွမ်းပြီး တစ်ခုခုမှာ ချွန်အောင် လုပ်ဖို့လိုသည်။ Web Developer တစ်ယောက် ဖြစ်လိုသူ အနေဖြင့် Web Design, Server, Hosting စသည်ဖြင့် ဆက်စပ်နေသည့် အရာအားလုံးကို သိနားလည်ပြီး Web Developer ဆိုသည့် ပင်မစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဆိုလိုသည်။ နည်းပညာ သမားတစ်ယောက် အနေဖြည့် တစ်နေရာရာတွင် ပြတ်မကျန်ခဲ့စေရန် အဓိကကျသော အချက်တစ်ခုမှာ အလိုက်သင့်ပြောင်းလဲ သင်ယူနိုင်စွမ်းဟူသော စွမ်းဆောင်ရည်ကို အမြဲမြှင့်တင်ထားရန်ပင် ဖြစ်ပေသည်။ အောက်ပါ အချက်အလက်များသည် အိုင်တီ ပရိုများအတွက် မရှိမဖြစ် အရေးပါသော စွမ်းဆောင်ရည်များ ဖြစ်လေသည်။

(၁) လက်ရှိနှင့် နောင် ဖြစ်လာလတ္တံ့သော နည်းပညာများအပေါ် မျက်ခြေမပြတ်ခြင်း

အိုင်တီ ပရိုတစ်ယောက် အနေဖြင့် အခြေခံအကျဆုံး စွမ်းဆောင်ရည်မှာ အမှန်တကယ် ထမင်းစားနေရသော နည်းပညာ ဆိုင်ရာများတွင် နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့ဖြစ်သည်ဟု ယေဘူယျအားဖြင့် ယူဆနိုင်သည်။ တစ်တကယ်တော့ အဆိုပါ စွမ်းဆောင်ရည် လိုအပ်ချက်သည် Maslow’s Herarchy of Needs အရ အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်သည့် အစာအဟာရ၊ ရေစသည်တို့ကို လိုအပ်သည့် ပုံစံနှင့် ဆင်တူလေသည်။  မိမိအတွက် မရှိမဖြစ် လိုအပ်ချက်၊ နည်းပညာသမားအဖြစ် အသက်မွေး ဝမ်းကြောင်း ပြုနိုင်စေရန် အရိုးရှင်းဆုံး သဘောတရား တစ်ခု ဖြစ်လေသည်။ သို့သော် အဘပေးသည့် ဆေးနည်း တစ်လက် တစ်သက်လုံး သုံးပေတော့ ဟူသည့် ဆန်းသစ်မှု မရှိသော တစ်သက်လုံး တစ်ပုံစံတည်း ရှေ့ဆက်သွားလို့ရသည့် ပညာရပ် မဟုတ်သည်ကို သတိပြုဖို့ လိုပါသည်။ အချိန်နှင့် ပြောင်းလဲနေတတ်သည့် အတွက် ကိုယ်ကိုယ်တိုင်ပါ အလိုက်သင့် လိုက်ပါ ပြောင်းလဲ သင်ယူနိုင်စွမ်း ရှိနေရမှာ ဖြစ်သည်။ မိမိ အသက်မွေး ဝမ်းကြောင်းပြုနေရသည့် အိုင်တီနည်းပညာနှင့် ပတ်သက်သော အပြောင်းအလဲများကို မျက်ခြေမပြတ်စေရန် စာများဖတ်ခြင်း၊ သတင်းများ ဖတ်ခြင်း၊ ထပ်တိုးလာသော နည်းပညာများကို သင်ယူခြင်း၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးခြင်း စသည်တို့ ပြုနေဖို့ လိုသည်။ မိမိ အသက်မွေးမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက် မှန်သမျှ ပြည့်စုံသထက် ပြည့်စုံအောင် စုဆောင်းပြီး အချိန်နှင့်အမျှ လေ့လာသင်ယူပြီး အလိုက်သင့် လိုက်ပါ ပြောင်းလဲနိုင်ရမည် ဖြစ်သည်။

ကိုယ့်အနေနဲ့ သင်တန်းများကို တက်ကောင်း တက်ဖို့ လိုမည်ဖြစ်သည်။ သို့သော် သင်တန်းတက်ခြင်းသည် ကိုယ့် နာမည်နောက်တွင် အမြီးရှည်ရှည် တပ်နိုင်ရန်အတွက် မဟုတ်သည်ကို သတိပြုဖို့ လိုမည်။ သင်တန်းတက်ခြင်း၏ အဓိက ရည်ရွယ်ချက်သည် သင်ယူခြင်းဆိုင်ရာ အတွေ့အကြံုများကို ချဲ့ထွင်ဖို့ အကျိုးရှိရှိ အသုံးချနိုင်ဖို့ ဖြစ်သင့်သည်။ ကစားပွဲ တစ်ခုတွင် အနိုင်ရနိုင်ဖို့ ဆိုသည်မှာ ဘောလုံးကို အမိအရ ရိုက်နိုင်ဖို့ လိုသလို နောက်ထပ် ဘောလုံး ဘယ်နေရာက လာနိုင်သည်ကိုပါ ခန့်မှန်းနိုင်ဖို့ လိုလေသည်။ အိုင်တီနှင့် ပတ်သက်သော နယ်ပယ်တွင် စနစ်များ၏ သက်တမ်းသည် ၁၈ လသာခံကြောင်း သမိုင်းဆိုင်ရာ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် မိမိ ပြုလုပ်ဖန်တီးလိုက်သော ထုတ်ကုန် အနေဖြင့် ၁၈ လကြာတိုင်း အဆင့်တင်ဖို့ လိုအပ်သည့် သဘော သက်ရောက်နေသလို မိမိ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုအပ်သည့် အချိန်ကာလကိုလည်း ခန့်မှန်းနိုင်ပါလိမ့်မယ်။ အိုင်တီ ပရိုအတွက် ကိုယ်၏ ပင်မ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်နှင့် ပတ်သက်လျှင် အချိန်နှင့် အမျှ ပြောင်းလဲနေသာ အပြောင်းအလဲများကို သိဖို့ လိုက်ပါသင်ယူနိုင်ဖို့ ဆိုသည့်အချက်သည် အခြေခံအကျဆုံး လိုအပ်ချက် တစ်ခုဟု ဆိုနိုင်ပေသည်။

(၂) အိုင်တီ နည်းပညာနှင့်ဆိုင်သော သီအိုရီများ၊ တည်ဆောက်ပုံများကို ဒီဇိုင်းချခြင်း စသည်တို့၌ ကျွမ်းကျင် လိမ္မာခြင်း

အိုင်တီနှင့် ပတ်သက်သော စနစ် အစိတ်အပိုင်းများကို တည်ဆောက်ရာတွင် တစ်ဦးခြင်း တစ်ယောက်ခြင်းစီ သဘောအရ အလွန်ပြည့်စုံ ကောင်းမွန်အောင် တည်ဆောက်နိုင်ကြသည်။ သို့သော် အဆိုပါ တစ်ဦးခြင်း တစ်ယောက်ခြင်းစီ အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ထားသော စနစ်များကို စနစ်ကြီး တစ်ခုအတွင်း တပ်ဆင်သည့်အခါ ဘယ်လိုမှ အချိတ်မိမိ တပ်ဆင်နိုင်သော အခြေအနေမရှိ ဆိုသော အနေအထားမျိုး တွေ့ကြုံရတတ်သည်။ Collaborated System (ပူးပေါင်း လုပ်ဆောင် အကောင်အထည်ဖော်ရသော စနစ်) ဖြစ်နေတတ်သော အိုင်တီနည်းပညာတွင် တစ်ဦးခြင်း တစ်ယောက်ခြင်းစီ ဘယ်လောက် ကောင်းကောင်း မပေါင်းနိုင်လျှင် အောင်မြင်သော အိုင်တီသမား မဖြစ်သေးဟု ဆိုနိုင်ပေသည်။ ကိုယ့်အနေနှင့် တစ်ခုလုံး သဘောဆောင်သော တာဝန်ကို ယူထားရသည် ဖြစ်စေ၊ အစိတ်အပိုင်း သဘောဆောင်သော တာဝန်ကို ယူထားရသည်ဖြစ်စေ စနစ်တည်ဆောက်ပုံ သဘောတရားများတွင် အားလုံး အဆင်ပြေပြေ ချိတ်ဆက်နိုင်အောင် တည်ဆောက်ဖို့ လိုပေသည်။ ထို့ကဲ့သို့ တည်ဆောက်နိုင်ရန် သီအိုရီများ၊ နည်းပညာဆိုရာ တည်ဆောက်ပုံများကို လေ့လာတတ်မြောက်ထားဖို့ လိုပေသည်။

အိုင်တီ နည်းပညာဆိုင်ရာ ဒီဇိုင်းချခြင်း ဆိုသည့်အပိုင်းတွင် Program များရေးသားရတွင် လိုက်နာရမည့် နည်းပညာဆိုင်ရာ တည်ဆောက်ပုံများ၊ စနစ်တခုလုံးနှင့် ပတ်သက်သည့် တည်ဆောက်ပုံ သဘောတရားများ စသည်ဖြင့် အမျိုးအစား စုံလင်စွာ ရှိနိုင်ပေသည်။ Program ရေးသူအနေဖြင့် အားလုံး အချိုးအစား ညီညီ အဆင်ပြေပြေ ပေါင်းစပ်နိုင်ရန် Object Oriented သဘောတရား စသည်တို့ကို လေ့လာဖို့ လိုသလို စနစ်တစ်ခုလုံး သဘောတွင် စနစ်ကို ခွဲခြမ်း စိတ်ဖြာခြင်းဆိုင်ရာ နည်းပညာများကို လေ့လာဖို့ လိုသည်။ အဆိုပါ နည်းပညာဆိုရင် ဒီဇိုင်းချခြင်း ဆိုသည်တို့မှာ အစိတ်အပိုင်းများကို စနစ်တကျ ပေါင်းစပ်နိုင်ရန် စီစဉ်ပေးထားသော နည်းပညာများ ဖြစ်သည်။ အဆိုပါ နည်းပညာများကို စဉ်းစားရာတွင်လည်းကောင်း၊ ရေးဆွဲရာတွင်လည်းကောင်း အရိုးရှင်းဖြစ်ဖို့လည်း လိုပေသည်။ ရှုပ်ထွေးသေား နည်းပညာများ၏ သဘောတွင် ပေါင်းစပ်ရန် ခက်ခဲခြင်း ဆိုသည့် သဘောသည်လည်း တစ်ခါတည်း တွဲပါနေတတ်သည်။ ကုမ္ပဏီ တစ်ခုခြင်းစီအလိုက် သီးသန့်သဘော ဆောင်သည့် နည်းပညာ တည်ဆောက်ပုံများ ရှိနေသည့်အခါ မိမိအနေဖြင့် အသုံးချနိုင်ဖို့ လေ့လာဖို့ လိုသည်။

လက်တွေ့ သဘောတွင်လည်း အိုင်တီ ပရိုများသည် လက်တွေ့သဘောဆောင်သော Program ရေးသားခြင်းများတွင်သာ အာရုံကျတတ်ပြီး Software Design ချခြင်း၊ စနစ် ဒီဇိုင်းချခြင်း စသည့်အလုပ်တို့တွင် အာရုံမကျတတ်ချေ။ ထိုအခါ မိမိ ရေးဆွဲထားသည့် အကောင်းဆုံး Program များကို အခြားသူများ၏ Program များနှင့် ချိတ်ဆက်သည့်အခါ ဘယ်လိုမှ ချိတ်ဆက်မရတော့။ ထို့ပြင် Reusability ဟု ခေါ်နိုင်သည့် ပြန်လည် အသုံးပြုနိုင်ခြင်း ဆိုသည့် အချက်သည်လည်း Software Design များ၊ စနစ် ဒီဇိုင်းများ ချသည့်အခါ သေသေချာချာ ချထားသည့် အပေါ်တွင် မူတည်နေတတ်သည်။ စနစ်မချထားသော Program များအနေဖြင့် ပြန်လည် အသုံးပြုနိုင်စွမ်း မဲ့နေတတ်ပြီး Project တစ်ခုစတိုင်း အစက ပြန်ပြန် လုပ်နေရသော အနေအထား ဖြစ်နေတတ်သည်။ Reusability ဆိုသည့် အချက်သည် ငွေကြေးကုန်ကျမှု၊ အချိန်ကြာမြင့်မှု စသည့် အချက်များကို လျော့ချနိုင်သည့်အတွက် အိုင်တီနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများတွင် များစွာ အထောက်အကူ ပြုလေသည်။ ထို့ကြောင့် အိုင်တီပရိုများ အနေဖြင့် သီအိုရီများ၊ စနစ် ဒီဇိုင်းတည်ဆောက်ပုံများကို လေ့လာတတ်မြောက်ဖို့ မရှိမဖြစ် လိုအပ်လှပေသည်။

(၃) အခြား စနစ်များနှင့် ပေါင်းစပ်နားလည် အသုံးချနိုင်ခြင်း

အိုင်တီ နည်းပညာသည် ရည်ရွယ်ချက်မျိုးစုံ ရှိနိုင်ပေသည်။ တစ်ကိုယ်ရည်သုံး စာရင်းဇယားမှသည် အဖွဲ့အစည်း အကြီးကြီးများအထိ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံ အသုံးချနေသည့် ပညာရပ် တစ်ခု ဖြစ်လေသည်။ မည်သည့် စီးပွားရေး ပုံစံနှင့်မဆို တွဲဆက် အသုံးပြုနိုင်သလို အိုင်တီနှင့် ဆက်စပ်ပတ်သက်မှု မရှိသောအရာ မရှိဟု ဆိုနိုင်လောက်အောင် ကျယ်ပြန့်လွန်းသော ပညာရပ်တစ်ခု ဖြစ်သည်။ သို့သော် အိုင်တီကို ဘယ်နေရာမှာ သုံးသုံး၊ အဓိကအကျဆုံး စွမ်းဆောင်ပေးရသည်မှာ အလိုအလျှောက် ဖြေရှင်ပေးနိုင်ခြင်း ဆိုသည် Automating Process ပင် ဖြစ်လေသည်။ ဥပမာ ဆိုရသော် ကုန်ပစ္စည်းမှာခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ စျေးကွက်သို့ ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ကုန်ကြမ်းပစ္စည်းမှသည် ကုန်ချော ထွက်သည်အထိ ဆောင်ရွက်ခြင်း စသည် လုပ်ငန်းများတွင် မိရိုးဖလာ Paper Work များကို အိုင်တီ နည်းပညာ စနစ်ဖြင့် အစားထိုးပြီး အလိုအလျှောက် ဆောင်ရွက်ပေးနိုင်ရန် ဖြစ်လေသည်။ တကယ်တန်း အိုင်တီ၏ သဘောသည် တစ်ကမ္ဘာလုံး လွမ်းခြုံ ချိတ်ဆက်နိုင်သော အင်တာနက် နည်းပညာများ ပေါ်လာသောအခါ ပိုမိုရှုပ်ထွေးသော သဘော ဆောင်လာပြီး စနစ်မျိုးစုံ ပေါင်းဆုံ ချိတ်ဆက်ရာ နေရာကြီး ဖြစ်လာတော့သည်။ မိမိအနေဖြင့် အိုင်တီနှင့် စနစ် အထိုင်တစ်ခုအပေါ်တွင် အသေထိုင်ပြီး အခြား စနစ်များကိုလည်း သိအောင် လေ့လာနိုင်ပါမှသာ အဆင်ပြေ နိုင်ပေလိမ့်မယ်။ ကုန်ပစ္စည်းစာရင်း မှတ်သားသော ကွန်ပျူတာ စနစ်တစ်ခု တည်ဆောက်နိုင်ရန် ကုန်ပစ္စည်း စာရင်းဆိုင်ရာ စနစ်ကို မလေ့လာမဖြစ် လေ့လာရပေတော့မည်။ ထိုမှသာ အဆိုပါစနစ်နှင့် အိုင်တီစနစ် သဟဇာတ ဖြစ်စွာ ပေါင်းစပ်နိုင် ပေလိမ့်မည်။ ထို့သို့ပေါင်းစပ်ရာတွင်လည်း Interoperability ဟု ဆိုသည့် လုပ်ငန်းများ အဆင်ပြေပြေ ချိတ်ဆက် လည်ပတ်နိုင်ရေး ဆိုသည့် အချက်ကိုလည်း သတိပြုဖို့ လိုပေသည်။

(၄) စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ချဉ်းကပ်ပုံများ၊ အဖွဲ့အစည်း၊ ပေါ်လစီနှင့် အစဉ်အလာတို့ကို နားလည်ခြင်း

အကယ်၍ အိုင်တီပရိုတစ်ယောက် အနေဖြင့် Corporate များအတွက် လုပ်ကိုင် ဆောင်ရွက်ပေးရသည့်အခါ၊ ပူးပေါင်း ဆောင်ရွက်ရသည့်အခါ ပထမဦးဆုံး ကြုံတွေ့ရလေ့ရှိသော အခက်အခဲမှာ သပွတ်အူကဲ့သို့ ရှုပ်ထွေးသော စနစ်များကို ချဉ်းကပ်ရခြင်း ဖြစ်လေသည်။ နှင်းပွင့်များသည် တစ်ပွင့်နှင့် တစ်ပွင့် မတူသကဲ့သို့ ကော်ပိုရိတ်များ၏ စနစ်များသည်လည်း တစ်ခုနဲ့တစ်ခု ထပ်တူကြသည် မရှိချေ။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းကြီးများကို မောင်းနှင်နေသော ပင်မ ကလပ်စည်းများကို လေ့လာရာတွင် လွယ်လွယ်ကူကူနဲ့ နားလည်နိုင်ဖို့ မလွယ် ဖြစ်ရလေ့ရှိသည်။ ထို့ ပြင် Organization Culture ဟု ခေါ်သည့် အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများသည်လဲ နယ်မြေများခွဲခြား သတ်မှတ်ထားတတ်သည့် အတွက် ကော်ပိုရိတ်တစ်ခု အတွင်းမှာပင် ဟိုနေရာမှာ တစ်မျိုး၊ ဒီနေရာမှာ တစ်မျိုး ဖြစ်နေတတ်သည်။ နယ်မြေ ဒေသအလိုက်သာ မက၊ Department တစ်ခုချင်းစီမှာပါ မတူညီသော လုပ်ထုံးလုပ်နည်းများကို တွေ့ကြုံရမည် ဖြစ်သည်။

ထိုကဲ့သို့ ရှုပ်ထွေးနက်နဲလွန်းသည့် စနစ်များကို လေ့လာသည့်အခါ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ချဉ်းကပ်ပုံများ၊ အဖွဲ့အစည်း၊ ပေါ်လစီနှင့် အစဉ်အလာကို နားလည်နိုင်စွမ်းရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ ကိုယ်သိသည့် အစိတ်အပိုင်းလေးကိုသာ ကွက်ပြီး Software Design စသည်တို့ကို တည်ဆောက်လိုက်သည့်အခါ Department Level တွင် အဆင်ပြေနိုင်သော်လည်း Division Level တွင် အဆင်ပြေချင်မှ ပြေပေလိမ့်မည်။ တကယ်တော့ Corporate Culture ဆိုသည်မှာ အင်မတန် ရှုပ်ထွေးနက်နဲသည် ဆိုသော်လည်း ရှင်းမရအောင် ရှုပ်နေသည့် အရှုပ်ထုပ် သက်သက်မဟုတ်၊ စနစ်တစ်ခုသာ ဖြစ်သည်။ အလွန်စနစ်ကျစွာ ဖွဲ့စည်းထားသော Complex System ကြီးသာဖြစ်သည်။ လေ့လာနိုင်စွမ်း ရှိဖို့သာလိုသည်။ မသိစရာ အကြောင်းမရှိ၊ စနစ်ကို လေ့လာတတ်သူအတွက် စနစ်ကို သိသူအတွက် လေ့လာလို့ မရကောင်းသော အရာမဟုတ်ချေ။ တကယ်တော့ ကော်ပိုရိတ်တစ်ခုကို ကောင်းကောင်း ချဉ်းကပ်နိုင်ပြီ၊ ကောင်းမွန်သော စနစ်တစ်ခု ရေးဆွဲနိုင်ပြီဆိုလျှင် နောက်ထပ် Complex System တွေ တစ်ခုပြီးတစ်ခု ကိုင်တွယ်လို့ ရပြီဟု ဆိုနိုင်ပေသည်။ သို့သော် တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို တူမည်တော့ မဟုတ်ပေ။ အဓိက စကားပြောမည့် အချက်မှာ မိမိအနေဖြင့် စီးပွားရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ချဉ်းကပ်ပုံများ၊ အဖွဲ့အစည်း (ဖွဲ့စည်းပုံ)၊ ပေါ်လစီနှင့် အစဉ်အလာတို့ကို နားလည်ခြင်းပင် ဖြစ်သည်။

(၅) Project များ စီမံခန့်ခွဲနိုင်ခြင်း၊ Project များ စီမံကိန်းရေးဆွဲနိုင်ခြင်း၊ ဦးစားပေးအဆင့် စီနိုင်ခြင်း၊ အလုပ်ကို စီမံခန့်ခွဲနိုင်ခြင်း

အိုင်တီ Business ဆိုသည်မှာ တစ်ဦးတစ်ယောက်ချင်းစီ လှုပ်ရှားသည် ဖြစ်စေ၊ အစုအဖွဲ့လိုက် လှုပ်ရှားသည် ဖြစ်စေ Project-oriented Approach (Project အခြေပြု ချဉ်းကပ်နည်း) ဖြင့်သာ ချဉ်းကပ်လှုပ်ရှားကြရလေ့ရှိသည်။ အဖွဲ့ဖွဲ့သည့် အခါတွင်လည်း Project ကို အခြေပြု ထားသည့် Project Organization ပုံစံဖြင့်သာ လုပ်ကိုင်ဆောင်ရွက် ကြရပေသည်။ ထို့ကြောင့် အိုင်တီပရို တစ်ယောက် အနေဖြင့် Project များ စီမံခန့်ခွဲခြင်း (Project Management)၊ Project များ စီမံကိန်းရေးဆွဲခြင်း (Project Planning)၊ ဦးစားပေးအလိုက် စီစဉ်ခြင်း (Prioritizing) နှင့် အလုပ်ကို စီမံခန့်ခွဲနိုင်ခြင်း (Administering Work) စသည်တို့ မတတ်မဖြစ် တတ်မြောက်ထားဖို့ လိုအပ်ပေသည်။ သို့သော် ထိုကဲ့သို့သော ပညာရပ်များသည် စာဖတ်ရုံ၊ လေ့လာရုံဖြင့် မလုံလောက်သော သဘောရှိပြီး လက်တွေ့နယ်ပယ်တွင် ကျင်လည်မှသာ Project များကို လက်တွေ့ လုပ်ကြည့်မှသာ ပြီးပြည့်စုံစွာ တတ်မြောက်နိုင်ပေသည်။

ထို့ပြင် Project Management ဆိုသည်နှင့် Manager များနှင့်သာ သက်ဆိုင်သည်ဟု ထင်တတ်ကြလေသည်။ Project Plan ဆိုသည်မှာ ငါတို့နှင့် မဆိုင်ဟု သဘောထားတတ်ကြသည်။ တကယ်တော့ ထို့ကဲ့သို့သော ကိစ္စများတွင် အခြား Management ပုံစံများနှင့် နှိုင်းယှဉ်ပြီး စဉ်းစားနေခြင်းကြောင့် မဆိုင်ဟု ယူဆနေကြခြင်း ဖြစ်သည်။ ထိုသူများ အနေဖြင့် Project Organization Structure ကို လေ့လာကြည့်မည် ဆိုလျှင် Project Management, Project Planning၊ Prioritizing နှင့် Administering Work စသည့် အစိတ်အပိုင်းများတွင် မိမိပါဝင် ပတ်သက်မှု အနေအထားကို တွေ့နိုင်ပေသည်။ Project Organization ပုံစံများသည် ထက်အောက် သဘောသိပ်မဆန်ပဲ ဘေးတိုက်သဘော ဆန်သည်။ ဘေးတိုက်သဘော ဆန်သည်ကို Flat ဖြစ်သည်ဟုလည်း ဆိုတတ်ကြသည်။ ထက်အောက် သဘောဆန်သော အဖွဲ့အစည်းများတွက် Management ဆိုင်ရာ လုပ်ငန်းဆောင်တာများသည် ထိပ်ပိုင်းတွေ အများဆုံး ဖြစ်ပြီး အောက်ပိုင်းရောက်လာသည် နှင့်အမျှ လျော့နည်း သွားတတ်သည်။ ဟိုးအောက်ဆုံးပိုင်း ဆိုလျှင် Management နှင့် ပတ်သက်လာလျှင် ခေါင်းထဲပင် ထည့်စရာ မလိုတော့။

သို့သော Project Organization များတွင် ဘေးတိုက်သဘော ပိုဆန်သည်ဟု ဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် Management ကိစ္စများသည် လူတိုင်းနှင့် သက်ဆိုင်နေသည့်သဘော ဆောင်သည်။ တစ်ဦးတည်း တစ်ယောက်တည်းပေါ်တွင် မူတည်မောင်းနှင်သည်ထက် အားလုံးအပေါ်တွင် မူတည်ထားပြီး အစိတ်အပိုင်းအလိုက် စီမံခန့်ခွဲမှုများ လုပ်နိုင်မှသာ အဆင်ပြေပြေနှင့် လည်ပတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် အိုင်တီသမားနှင့် Project ခွဲခြားမရသလို၊ အိုင်တီသမားနှင့် Project Management, အိုင်တီသမားနှင့် Project Planning, အိုင်တီသမားနှင့် Prioritizing, အိုင်တီသမားနှင့် Administering Work ဆိုသည်များမှာ ခွဲခြား၍ မရနိုင်ကောင်းသော အရားများဖြစ်ပေသည်။

ဆက်ပါဦးမည်

Facebook comments:

9 Responses

  1. kalay says:

    Thank you Ko Thiha

  2. မိုဟာမက် သိန်း says:

    ကျေးဇူးပါဘဲ။ လာဖတ်တိုင်း ဒီလိုကျေးဇူးတင်ကြောင်း မရေးသော်လည်း
    တကယ့်ကို တန်ဖိုးထားပါတယ်။

    လေးစားစွာဖြင့်၊

    ယူနီကုဒ် ပြောင်း ပြီးကတည်း RSS မှာ အသစ်ပါလာတိုင်း လာဖတ်နေသူ။

    • Thiha says:

      ခုလို လာဖတ်တဲ့အတွက်လည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်ခင်ဗျာ

  3. Zawmin says:

    ဟုတ်တယ်ဗျာ…နည်းပညာသမား ဖြစ်ရတာမလွယ်ဘူးဗျ… ကိုယ်က အခု လောလောဆယ် ထွက်နေတဲ့ အကြောင်းအရာ အသစ်ကို လေ့လာနေတုန်းမှာ အဲ့ဒါထက်သစ်တာက ထပ်ထပ် ပေါ်ပေါ်လာပြန်တယ်…။
    ဘယ်လိုမှလည်း လိုက်လို့ မမီဘူး…။
    အခုလည်းဘာထူးလဲ… Microsoft Exam တွေထဲမှာ 3.5 ကိုလေ့လာလို့ ပြီးတုန်းပဲရှိသေးတယ်… နောက်ထပ် 4.0 က ထပ်ထွက်လာပြန်တော့ ကိုယ်ဖြေထားတဲ့ဟာက ဒိတ်အောက်သွားပြန်တယ်…။ ဒါကြောင့် ထပ်ဖြေ ထပ်ကုန်ဘဲ… အဲ့ဒီလိုဖြစ်နေတယ်… မလွယ်ပါဘူးဗျာ…။
    IT နည်းပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုဖို့ ဆိုတာ တော်တော်လေး ခက်ခဲမယ်လို့ ထင်တယ်…။

    • Thiha says:

      ရေးစီးကြောင်းထဲ ရောက်ဖို့လိုတယ်လို့ ထင်ပါတယ်ခင်ဗျ၊ ရေစီးကြောင်းထဲ ရောက်တယ်ဆိုတဲ့ နေရာမှာလည်း လက်တွေ့နယ်ပယ်မှာရော၊ သီအိုရီပိုင်းရော၊ လေ့လာမှုမှာပါ အားလုံး ရေစီးကြောင်းထဲ ရောက်သွားဖို့ လိုမယ်ထင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ခုမှ စာစစဖတ်မယ့် သူအတွက် စာအုပ်တွေ အများကြီး ရှိနေပေမယ့် တကယ်တန်း ဖတ်နေကြလူအတွက်က တစ်လနေလို့ တစ်အုပ်ဆိုလို ထွက်တာပါ။ အဲဒီတော့ အသစ်ထွက်တဲ့အခါ ဘာတွေ ပိုကောင်းလာသလဲ၊ ဘာတွေ ပိုလွယ်လာသလဲ၊ ကိုယ့်အနေနဲ့ ဘာတွေ ပြောင်းလဲဖို့လိုသလဲ၊ ဘာတွေ ထပ်လေ့လာဖို့ လိုသလဲ စသည်ဖြင့် လေ့လာလိုက်တာနဲ့ ပြည့်စုံသွားမယ် ထင်ပါတယ်။

  4. Zawmin says:

    ဟုတ်တာတော့ ဟုတ်တယ်ဗျ… အသစ်ထွက်တယ် ဆိုတာက User တွေကိုအသုံးပြုရတာ ပိုအဆင်ပြေ လွယ်ကူအောင် လုပ်ပေးထားတယ် ဆိုတာကိုမမေ့ဖို့ တော့လိုတယ်ဗျ…။
    ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Program တွေရေးရင် VB 5 , 6 တွေနဲ့ ရေးနေကြတုန်းဘဲ…။
    Version တွေ အဆင့်မြှင့်တင်နိုင်ရင်တော့ ပိုကောင်းလာမယ်လို ့မျှော်လင့်ပါတယ်….။

  5. ZAWZAW
    THANKS ko thiha,you told us about what we really need to know.Thanks to you.And Have a long live…………

  6. Jia_Li (DragonVirus) says:

    really great post … look forward to next post …

Leave a comment


*