ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ အဆင့် (၅)ဆင့်
ခေါင်းဆောင်းတွေဟာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပြီး အဲဒီဆုံးဖြတ်ကို ပြီးမြောက် အောင်မြင်အောင် စွမ်းဆောင် ကြိုးစားကြတယ်။ ရှုံးနိမ့်သူတွေကတော့ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို ဟိုရွေ့ဒီရွေ့လုပ်ပြီး ရှုပ်ထွေးအောင် လုပ်တတ်ကြတယ်။ တာဝန်ယူမှု ကင်းမဲ့ နေတတ် ကြတယ်။ အောင်မြင်တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ဖို့ အဓိက သော့ချက်ကျတဲ့ စွမ်းဆောင်ရည်ကတော့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း စွမ်းဆောင်ရည် (Decision Making Skill) ပါပဲ။
လူအတော်များများဟာ ဆုံးဖြတ်ချဖို့ အင်မတန် ကြောက်ရွံ့ တတ်ကြပါတယ်။ ဆုံးဖြတ်ချက် တစ်ခု ချရတော့မယ် ဆိုရင် ဘယ်လိုရှောင်ရမလဲ ဆိုတဲ့အချက်တွေ ရှာကြံပြီး လုပ်နေတတ်ကြပါတယ်။ လိုအပ်တာထက် ပိုတဲ့ သတင်းတွေ ရှာနေမယ်။ တိုင်ပင်စရာ မလိုတဲ့သူတွေနဲ့ တိုင်ပင်မယ်။ ဆုံးဖြတ်ချဖို့ ကိစ္စကိုတော့ ရွံ့ကြောက်ကြီး ကြောက်ပြီး မစဉ်းစားရဲကြပါဘူး။ ဘယ်သူတွေက ကိုယ်ဆုံးဖြတ်ချက် ချလိုက်တဲ့အခါမှာ ဆန့်ကျင်ကြမလဲ၊ ဆုံးဖြတ်ချက် ချလိုက်တဲ့အခါမှာ လိုအပ်လာမယ့် အရင်းအမြစ်တွေက လုံလောက်ပါ့မလား၊ အဆင်ပြေပါ့မလား၊ အဆင်ပြေ ပါ့မလားနဲ့ စိုးရိမ်ပူပန် နေတတ်ကြပြီး ဘယ်တော့မှ ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားကို ရောက်မလာပဲ တိုင်ပတ်နေ တတ်ကြပါတယ်။ အဲဒီအပြင် ဆုံးဖြတ်ကို ချဖို့ မစဉ်းစားပဲ ပြဿနာတွေ သူ့ဘာသာ ရှင်းသွားလိမ့်မယ်။ အချိန်တန်တော့လည်း နွားပိန်ကန်မှာပေါ့ စသည်ဖြင့် ကံတရားကို ပုံချတတ်ကြ ပါသေးတယ်။
ခေါင်းဆောင်ကောင်းတွေဆိုတာ ဖြစ်ကိုဖြစ်ရမယ့် အချိန်သတ်မှတ်ချက် တစ်ခုအတွင်းမှာ ဖြစ်နိုင်သမျှ သတင်းအချက်တွေ စုဆောင်းပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း ဆိုးဆိုး မြန်မြန်ဆုံးဖြတ်၊ မြန်မြန် တာဝန်ယူတတ် ကြပါတယ်။ အကောင်းတွေဖြစ်လာရင် ငါလုပ်တာလို့ ကျွေးကျော်ပြီး မကောင်းတာတွေ ဖြစ်လာရင် ခေါင်းရှောင်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ သူတို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ အကောင်းအဆိုး အကြောင်း အကျိုးအားလုံးကို တစ်သမတ်တည်းသော စိတ်ထားနဲ့ ခေါင်းမရှောင်ပဲ တာဝန်ယူတတ် ကြပါတယ်။
တကယ့်အောင်မြင်တဲ့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချတာလည်း ချတာ တစ်ပိုင်း အကောင်အထည် ဖော်ဖို့လည်း လိုတယ်၊ အကောင်အထည်ဖော် တယ်ဆိုတာ အင်မတန်အရေးကြီးတယ် ဆိုတာ ကောင်းကောင်း သိကြပါတယ်။ အလုပ်မဖြစ်တဲ့ ဆုံးဖြတ်ချက်ဟာ အလကားပဲလို့ သိထားကြပါတယ်။ နေ့ရွေ့ ညရွေ့ လုပ်နေတယ် ဆိုတာတွေဟာ ကိုယ့်ကို သတ်မယ့် အရာတွေလို့ ကောင်းကောင်း သိကြပါတယ်။ သူတို့တွေက တကယ့် အစစ်အမှန် မဟုတ်တဲ့ စိတ်ကူးယဉ်ပြီး ပုံဖော်ထားတဲ့ ဘဝထဲမှာ နေသူတွေ မဟုတ်ပဲ သူတို့ ဆုံးဖြတ်ချက်တွေကို အမှန်တကယ် အကောင်အထည် ဖော်နေတဲ့ တကယ့် အစစ်အမှန် လမ်းကြောင်းပေါ်မှာပဲ နေတတ်ကြသလို သူတို့ ဆုံးဖြတ်ချက်တွေဟာ အချိန်နဲ့အမျှ ဒီထက်ကောင်းအောင် ပြုပြင်နေဖို့ လိုတယ်၊ ဆုံးဖြတ်ချက်တွေဆိုတာ မသေချာတဲ့ သဘောရှိတယ် ဆိုတာ သိထားကြပါတယ်။
လောကကြီးမှာ ဘယ်သူမှ အရာအားလုံးကို ပြီးပြည့်စုံအောင် တွက်ဆလို့ မရနိုင်ပါဘူး။ ဘယ်သူမှလည်း ဖြစ်နိုင်ချေ အခွင့်အလမ်းတွေကို အတိအကျ မသိနိုင်ကြပါဘူး။ အဲဒီလိုပဲ ဘယ်သူမှ ရှုံးနိမ့်မှုတွေ ဖြစ်မလာအောင် လုံးလုံး မကာကွယ်နိုင်ကြပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တွေ အနေနဲ့ ရှုံးနိမ့်မှုတွေ ဆိုတာ သူတို့ရဲ့ ပန်းတိုင်းမဟုတ်ဘူးလို့ သိထားကြပါတယ်။ ရှုံးနိမ့်မှုတွေဆိုတာ အခွင့်အလမ်းတွေအတွက် သင်ယူခြင်းလို့ သတ်မှတ် ထားတတ်ကြပါတယ်။
ဆုံးဖြတ်ချက်ချမှတ်ရာမှာ အဓိကကျတဲ့ ကိုယ့်ကို ဝိုင်းနေတဲ့ အနှောက်အယှက် ရန်သူတွေဟာ “ကိုယ့်ဆုံးဖြတ်ချက်က မှားသွားလိမ့်မလား” ဆိုတဲ့ အချက်ပေါ်မှာထက် “အခြေအနေနဲ့ အချိန်အခါ၊ ရရှိတဲ့ အချက်အလက်တွေကို မူတည်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ရဲ့လား” ဆိုတဲ့ အပေါ်မှာ သက်ရောက်မှု ပိုများပါတယ်။ ပြောရရင် ဆုံးဖြတ်ချက်ချပြီး မှားသွားတာထက် ဆုံးဖြတ်ချက်မချနိုင်အောင် ပိုပြီး နှောက်ယှက် ဖျက်စီး တတ်ကြပါတယ်။ တကယ့်ကို အင်ပြည့် အားပြည့် ခေါင်းဆောင်တွေဆိုတာ သူတို့ အားနည်းတဲ့ ဆုံးဖြတ်ချက်တွေကို အားကောင်းတဲ့ ဆုံးဖြတ်ချက်နဲ့ အမြန်အစားထိုး နိုင်သလို ဆုံးဖြတ်ချက်တွေ တစ်ခုပြီး တစ်ခုချရင်း ထူးချွန်သထက် ထူးချွန်လာတတ် ကြပါတယ်။
ဒါပေမယ့် ရှုံးနိမ့်သူတွေကတော့ အမြဲတမ်း ရှုပ်ထွေးပွေလီနေတတ်ပြီး အခွင့်အလမ်းတွေ မှန်သမျှ ဆုံးရှုံး နေတတ်ကြပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်တယ် ဆိုရင်တောင် မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ အနေအထားတွေ ရည်ရွယ်ချက်မဲ့ စိတ်ဝင်စားမှုမဲ့ လှုပ်ရှားမှုမဲ့ မြန်ဆန်မှုမဲ စတာတွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။
ဆုံးဖြတ်ချက်ချခြင်းနဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်း ဆိုရာတွေနဲ့ ပတ်သက်ပြီး ထပ်ဖြည့်ပြောရမယ် ဆိုရင် Decision Maker ကောင်းတွေဟာ ဆုံးဖြတ်ချက်တဲ့ လုပ်ငန်းစဉ်ကို မှန်ကန်တဲ့ နည်းဗျူဟာ အချို့ အပေါ်မှာ မူတည်ပြီး အခြေခံထားပြီး လုပ်ဆောင်ကြတယ် ဆိုတဲ့ အချက်ပါပဲ။ အဲဒီ နည်းဗျူဟာတွေ အကုန်လုံးကို ပေါင်းစပ်လိုက်မယ် ဆိုရင် အကောင်းဆုံး မေးခွန်း သုံးခုထွက်လာပါတယ်။
မေးခွန်း အမှတ် (၁) ဘယ်ဟာက သေတွင်းလဲ
ငွေရေးကြေးရေးအစ ရှိတဲ့ ရင်းနှီးမြှတ်နှံမှုတွေ ပါလာပြီ၊ ဖြစ်နိုင်ချေကလည်း ၅၀/၅၀ ဆိုတာမျိုးဆိုရင် “အဲဒီ ဆုံးဖြတ်ချက်ကို ပယ်လိုက်၊ နောက်တစ်ခု ထပ်ရှာ” ဆိုတာ လုပ်ကို လုပ်ရပါလိမ့်မယ်။ ခေါင်းဆောင် တစ်ယောက်ရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုကတော့ အဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်ရခြင်းပါ။ စွန့်စားမှုတွေထဲမှာ ကိုယ့်အဖွဲ့အစည်းကို အလောင်းအစားပြု ချကျွေးပြီး ဆုံးဖြတ်တယ်ဆိုတာ ပညာရှိတွေရဲ့ အလုပ်တော့ မဟုတ်ပါဘူး။
မေးခွန်း အမှတ် (၂) အသုံးစရိတ်/အကျိုးအမြတ် အချိုးက ဘယ်လိုလဲ
ဘယ်ဆုံးဖြတ်ချက်မဆို ကုန်ကျစရိတ် (ငွေကြေး၊ ရင်းနှီးမြှတ်နှံမှု အစရှိတဲ့ အရင်းအမြစ်တွေ) နဲ့ အကျိုးအမြတ် (အရင်းအမြစ်တွေ တိုးတက်ရာ ကြီးပွားကြောင်း) ကို အလဲအထပ်ပြုပြီး ဆုံးဖြတ်ရတာပါပဲ။ စမတ်ကျတဲ့ ခေါင်းဆောင်းတွေဟာ ကုန်ကျစရိတ် / အကျိုးအမြတ် အချိုး (cost/benefit ratio) ပေါ် အခြေတည်ပြီး အကျိုးအမြတ်နဲ့ တိုးတက်မှုကို ဖော်ဆောင် မြှင့်တင်ကြပါတယ်။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေရဲ့ လက္ခဏာတွေကို လေ့လာ ကြည့်မယ်ဆိုရင် ကုန်ကျစရိတ် နည်းနည်း/အကျိုးအမြတ်များများ (Low Cost / High Benefit) ဆိုတဲ့ အချိုးတွေ ပါဝင် နေတတ်ပါတယ်။ အားနည်းတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်မယ်ဆိုရင် ကုန်ကျစရိတ်များများ / အကျိုးအမြတ် နည်းနည်း (High Cost / Low Benefit ဆိုတဲ့ အချိုးတွေ ဖြစ်နေတတ်ပါတယ်။ အကျိုးအမြတ် များများဆိုတဲ့ နေရာမှာလည်း ငွေရေးကြေးရေး အကျိုးအမြတ်တွေ တင်မကပဲ အခွင့်အလမ်းကောင်းတွေလဲ ဖြစ်နိုင်ပါတယ်။
မေးခွန်း အမှတ် (၃) ခုဆုံးဖြတ်ချက်ကို ချမှတ်ရာမှာ ဘယ်သူတွေ ပါဝင်ဖို့ လိုမလဲ
ခေါင်းဆောင်ကောင်းတွေ အနေနဲ့ ဆုံးဖြတ်ချက်တွေ ချတယ်ဆိုတာ တာဝန်ရှိတယ်၊ စီမံခန့်ခွဲဖို့ လိုတယ်ဆိုတာတွေ ထက်ပိုတယ် ဆိုတာ သိထားကြပါတယ်။ တစ်ဗွေတည်း ကြိတ်လို့ ရတာတွေ မဟုတ်ဘူးဆိုတာ သိထားကြပါတယ်။ ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုတာ တိုးတက်ခြင်း အတွက် အဓိကကျတဲ့ ကိရိယာ ဖြစ်တာနဲ့ အညီ ပါဝင်သင့်တဲ့သူတွေ ပါဝင်လာအောင် ဆွဲဆောင် စည်းရုံးဖို့ လိုသလို ဘယ်သူတွေ ပါဝင်ဆုံး ဖြတ်သင့်တယ် ဆိုတာလည်း သိဖို့ လိုပါတယ်။ အရေးပါတဲ့ ရင်းနှီးမြှတ်နှံသူတွေ အခြား အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေကိုပါ ပါဝင်လာအောင် စည်းရုံးဖို့ လိုသလို အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာအောင်လည်း ဦးဆောင်နိုင်ရပါမယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်ကြမှလည်း ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရမှာ မှန်ကန်တဲ့ အလျှင်နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ထိရောက်တဲ့ စွမ်းဆောင်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။
ဆက်ပါဦးမယ် ….
Facebook comments:









