ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ အဆင့် (၅)ဆင့် အပိုင်း(၂)
ပထမပိုင်းမှာတော့ Good Decision Maker နဲ့ Loser ကို နှိုင်းယှဉ်ပြီး ရေးခဲ့ပြီးပါပြီ။ ဒီအပိုင်းမှာတော့ Leader တွေအနေနဲ့ ဆုံးဖြတ်ချက်ချရတဲ့ အဆင့် (၅) ဆင့်အကြောင်းကို ဆက်ရေးပါ့မယ်။ ဒါတွေအားလုံးဟာ Leader တွေ အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းမှာ ဘယ်သူတွေ ပါသင့်တယ်၊ ဘယ်သူတွေ မပါသင့်ဘူး စသည်ဖြင့် ရွေးချယ်တဲ့ အပိုင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။
အဆင့် (၁) ခေါင်းဆောင်က ဆုံးဖြတ်ချက်ကို တသီးပုဂ္ဂလချမှတ်တယ်
ဒီလို ခေါင်းဆောင်အနေနဲ့ တစ်ဦးတည်းကြိတ်ပြီး ချမှတ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် အမြန်ချမှတ်ဖို့ လိုတဲ့ အရမ်း အရေးကြီးတဲ့ ကိစ္စတွေမှာ တွေ့ရတတ်ပါတယ်။ အဲဒါကိုတော့ ကျွန်တော် မော်စီတုန်းအကြောင်း ရိုက်ထားတဲ့ ကားမှာ တွေ့ရတဲ့ နမူနာတွေပဲ ပြောချင်ပါတယ်။ တစ်ချို့ကိစ္စတွေမှာဆိုရင် မော်စီတုန်းက ဘယ်တော့မှ စပြောလေ့မရှိပါဘူး။ ချူအင်လိုင်းက စပြောတာ များပါတယ်။ ဒါပေမယ့် အရေးတစ်ကြီး ချမှတ်ဖို့ လိုတဲ့ ကိစ္စတွေဆိုရင်တော့ တစ်ခါတည်း ညွှန်ကြားချက် တန်းထုတ် တတ်ပါတယ်။ ဒီလို ဆုံးဖြတ်တယ်၊ ဒီလူ ဒီလူတွေနဲ့ အကောင်အထည်ဖော်ပါ။ အဲဒီလိုမျိုး ဆုံးဖြတ်ချက် ချရတာမျိုးပါ။ အဲဒီလိုမျိုး ဆုံးဖြတ်ချက် ဆိုရင် နောက်လိုက်တွေ အနေနဲ့လည်း အရေးအရမ်းကြီးတယ်၊ စောတက တက်စရာမလိုဘူး။ ဒီအတိုင်းလိုက်လုပ်၊ ခေါင်းဆောင်က ပြည့်စုံအောင် စဉ်းစားပြီးပြီလို့ သိလိုက်ကြပါတယ်။
အဆင့် (၂) ခေါင်းဆောင်က အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ အဆိုပြုချက်တွေကို ပေါင်းစပ်ပြီး ဆုံးဖြတ်ချက် ချမှတ်တယ်
ဒီအဆင့်မှာတော့ ခေါင်းဆောင်အနေနဲ့ တစ်ဗွေတည်း မကြိတ်တော့ပါဘူး။ တကယ့်အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ အဖွဲ့အစည်းမှာ ဆိုရင်လည်း အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချတာမျိုးပေါ့။ သူတို့ရဲ့ အဆိုပြုချက်တွေကို လက်ခံတယ်၊ အပြန်အလှန် ဆွေးနွေးတယ်၊ ပြီးမှ ခေါင်းဆောင်က အချက်အလက်တွေ အားလုံးအပေါ်မှာ အခြေခံပြီး အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်တယ်ပေါ့။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ဆုံးဖြတ်ချက်အပေါ်မှာ နားလည်နိုင်စွမ်း၊ ဆောင်ရွက်ပုံ အဆင့်ဆင့် စတာတွေကို မြှင့်တင်နိုင်ပါ သေးတယ်။ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေက တကယ့်ကို အရေးပါတဲ့ သတင်းအချက်တွေကို ခေါင်းဆောင်ကို မပေးဘူး၊ အချင်းချင်းလည်း မဆွေးနွေးကြဘူး၊ ခေါင်းငြိမ့်၊ လှည့်ပြန်ဆိုရင်တော့ အလကားပဲပေါ့။ ဒါဆို ခေါင်းဆောင်း တစ်ယောက်တည်း ဆုံးဖြတ်ချက်ချတာနဲ့ ထူးမခြားနား ဖြစ်သွားပါလိမ့်မယ်။
ဒီလို ဆုံးဖြတ်ချက် ချတာနဲ့ ပတ်သက်ပြီး ကျွန်တော်ကြည့်ထားတဲ့ မော်စီတုန်းရဲ့ အထုပ္ပတ္တိကားထဲက ဥပမာကိုပဲ ပေးရပါလိမ့်မယ်။ ကျန်တဲ့ ခေါင်းဆောင်းပိုင်းတွေ ဖြစ်တဲ့ ချူအင်လိုင်းတို့က ပြောကြဆိုကြ ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ ခေါင်းဆောင်ကြီး မော်စီတုန်းကတော့ ဆေးလိပ်လေး ဖွာပြီး ထိုင်ကြည့်နေပါတယ်။ လိုနေတဲ့ ဟာနေတဲ့ အကွက်တွေ သူ ဖြစ်စေချင်တာတွေကို တစ်ချက်တစ်ချက် ထပြောပါတယ်။ နောက်ဆုံးကျမှ ဒါဆိုရင် ငါတို့ ဒီလိုလုပ်ကြတာပေါ့။ ဘာပြောစရာရှိသေးလဲ၊ ပြောစရာရှိသေးတဲ့ သူတွေရဲ့ ပြောစကားကိုလည်း နားထောင် ညှိနှိုင်းနဲ့ ဆုံးဖြတ်တစ်ခု ချမှတ်တတ်ပါတယ်။
အဆင့် (၃) ခေါင်းဆောင်က ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီး အများသဘောတူညီမှု ရအောင် ဆောင်ရွက်တယ်
ဒီလို အခြေအနေမျိုးကတော့ ခေါင်းဆောင်အနေနဲ့ ဆုံးဖြတ်ချက်က ချပြီးသား။ ဒါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်ကို အများသဘောတူဖို့ ကလည်း လိုသေးတယ်။ အားလုံးရဲ့ ထောက်ခံမှုကို ရမှသာ သူ့ဆုံးဖြတ်ချက်က အလုပ်ဖြစ်မယ့် အခြေအနေမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင် အနေနဲ့ ဆုံးဖြတ်ချက် မချခင်ကတည်းက အများညီနိုင်တဲ့ ဆုံးဖြတ်ချက်ကို ရရှိနိုင်ဖို့ အကြံပေးတွေနဲ့ တိုင်ပင်မယ်၊ အရင်းအမြစ်တွေကို လေ့လာမယ်စသည်ဖြင့် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို စဉ်းစားပြီးသာ ဖြစ်နေပါလိမ့်မယ်။
တကယ်တန်းဆုံး ဖြတ်တဲ့အခါမှာလည်း လူအများရဲ့ အမြင်များကို လက်ခံစဉ်းစားခြင်း ကိုယ့်ဖက်ပါလာအောင် စည်းရုံးသိမ်းသွင်းခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထောက်ခံမှုကို ရယူခြင်း ဦးတည်ချက်တစ်ခုကို ရောက်အောင် စည်ရုံးသိမ်းသွင်းခြင်း စသည်ဖြင့် နည်းလမ်းပေါင်းစုံ သုံးပြီး ကိုယ့်ဆုံးဖြတ်ချက် အတည်ဖြစ်လာအောင် ဆောင်ရွက်ရပါတယ်။ ပါလီမန်တစ်ခုမှာ သမ္မတ အဆိုတင်သွင်းတဲ့ ပုံစံမျိုးနဲ့ တူမယ်လို့ ယူဆပါတယ်။ အဲဒီလို ဆုံးဖြတ်ချက် ချတဲ့ Process တွေမှာ အဓိကအကျဆုံး မရှိမဖြစ်လိုအပ်တဲ့ အချက်တွေကတော့ ဘက်လိုက်မှုမရှိခြင်း၊ သမာသမတ်ကျခြင်း၊ ဦးတည်ချက်တစ်ခု အတွက်ဆောင်ရွက်ကြခြင်း စတဲ့ လောကပါလ တရားတွေပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ငါဒါလုပ်ချင်တယ်၊ အားလုံးထောက်ခံ ကြဆိုတဲ့ ပုံစံနဲ့ ဘာမှ မခြားတော့ပဲ အဆင့် (၁) ပုံစံကို ပြန်ရောက်သွား ပါလိမ့်မယ်။
အဆင့် (၄) ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို လွဲပြောင်ပေးတယ်
ဒါကတော့ တစ်ချို့ သူ့ အပိုင်းအလိုက် တာဝန်ယူ ဆုံးဖြတ်သင့်တဲ့ ခေါင်းဆောင်တွေကို ဆုံးဖြတ်ချက်ချခြင်း ဆိုင်ရာ တာဝန်တွေကို လွဲပြောင်း ပေးတာ ပါပဲ။ အခွင့်အာဏာ၊ တာဝန် စတာတွေကို သေသေချာချာ ခွဲပြီးထားတဲ့ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင် အနေနဲ့ နေရာတကာ ပါဝင် ဆုံးဖြတ်ချက် ချနေမယ်ဆိုရင် တကယ့် မဟာဗျူဟာကျတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လစ်ဟာသွားနိုင်ပါတယ်။ ဒါကြောင့် ခေါင်းဆောင် အနေနဲ့ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ဆုံးဖြတ်ချနိုင်ဖို့ အခွင့်အလမ်းတွေ ပေးရမှာ ဖြစ်သလို ဆုံးဖြတ်ချက် ချတတ်လာအောင် ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။
ဒီနေရာမှာလည်း မော်စီတုန်းကိုပဲ ဥပမာပေးရပါမယ်။ တစ်ချို့ ဆွေးနွေးပွဲတွေမှာ မော်စီတုန်း အနေနဲ့ ဘာမှကို ဝင်မပြောတာ တွေ့ရပါတယ်။ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေဆိုပြီး ရှောင်ပေးတတ်ပါတယ်။ ဒီနေရာမှာတော့ မင်းဘာသာ စဉ်းစားပြီး လုပ်တော့ ဆိုပြီး ချူအင်လိုင်းကို လွဲပေးတတ်ပါတယ်။ ဒီနေရာမှာလည်း အားနည်းချက် ရှိနိုင်တာက တာဝန်လွဲအပ်ခြင်း ခံရတဲ့ ခေါင်းဆောင် အနေနဲ့ သွားရမယ့် လမ်းပေါ် အခြေခံပြီး ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်ဖို့ လိုပါသေးတယ်။ ငါဒီလိုလေး ဆုံးဖြတ်လိုက်ရင် ခေါင်ချုပ်က ကြိုက်ပါ့မလား ဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
အဆင့် (၅) အများညီ သဘောတရားကို ထုတ်ဖော်ပြီး ဆုံးဖြတ်ချက်ချတယ်
ဒါကတော့ လွတ်တော်တွေ ပါလီမန်တွေမှာ ဆုံးဖြတ်တဲ့ ပုံစံမျိုးတွေ ဖြစ်မယ် ထင်ပါတယ်။ အခဲခဲ အရှုပ်ထွေးဆုံး Process လည်း ဖြစ်ပါတယ်။ အရင်းအမြစ် အားလုံးက အဆိုပြုချက်တွေ အယူအဆတွေ အားလုံးကို လက်ခံ ဆွေးနွေးကြသလို ပရမ်းပတာ မဖြစ်အောင်လည်း ထိန်းသိမ်းနိုင်ဖို့ လိုလာပါတယ်။ ခေါင်းဆောင်ကိုယ်တိုင်က ဦးဆောင်ဆွေးနွေးသူ မဟုတ်တော့ပဲ ပါဝင်ဆွေးနွေးသူသာ ဖြစ်လာပါတယ်။ အများအားဖြင့် Voting System ကို သုံးတတ်ကြပါတယ်။ ခေါင်းဆောင်အနေနဲ့က သူအဆိုပြုချင်တဲ့ဖက်က ဝင်ဆွေးနွေး၊ နောက်ဆုံး အဖြေတစ်ခု ထွက်လာတဲ့အခါ သူ့ ဆုံးဖြတ်ချက်နဲ့ တူချင်မှ တူပါလိမ့်မယ်။
နောက်ဆုံး အများညီတဲ့ သဘောတူတဲ့ ဆုံးဖြတ်ချက် တစ်ခု ရဖို့ဆိုတာ တော်တော့်ကို မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ အများနဲ့ ဆောင်ရွက် ဆုံးဖြတ်တတ်တဲ့ အလေ့အကျင့်တွေ အများကြီး ရှိဖို့ လိုသလို၊ ပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ ရင့်ကျက်မှုအဆင့်အတန်း မြင့်ဖို့လည်း လိုလာပါတယ်။ ရင့်ကျက်မှု အားနည်းတဲ့ အဖွဲ့အစည်းတွေ စုမိပြီး ဆုံးဖြတ်ချက် ချမယ်ဆိုရင် Decision ထက် Chaos ဖက် ဦးတည် သွားတတ်ပါတယ်။ Voting System သမာသမတ်ကျဖို့ Voting Board အနေနဲ့ သီးခြားဆောင်ရွက်နိုင်မှု စတဲ့ အချက်တွေ အများကြီး လိုအပ်လာပါတယ်။ တကယ့်ကို အချိန်ယူ တည်ဆောက်ရမယ့် အဆင့်အမြင့်ဆုံး Decision Making Process ကြီး ဖြစ်ပါတယ်။
အချုပ်ဆိုရသော်
တကယ်တော့ ခေါင်းဆောင်မှု၊ ဆုံးဖြတ်ချက် ချခြင်း၊ အခွင့်အာဏာ၊ တာဝန်ဝတ္တရား ဆိုတာတွေဟာ နေရာတကာမှာ မျှမျှတတစဉ်းစားဖို့ လိုပါတယ်။ တစ်ဖက်စောင်းနင်း ဖြစ်သွားတာနဲ့ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ မမျှတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာတော့တာပါပဲ။ တကယ့်ကောင်းမွန်တဲ့ စမတ်ကျတဲ့ Leader တွေကတော့ အရာအားလုံးကို မျှတအောင် ချိန်ညှိပြီး အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်သူတွေ ဖြစ်ကြောင်း သူတို့ ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်များကိုလည်း အကောင်အထည်ပေါ်လာအော် မောင်းနှင်နိုင်စွမ်း ရှိသူများ ဖြစ်ကြောင်း တင်ပြလိုက်ရ ပေသည်။
(J.T. Taylet, M.A. ရေးသားသော Five Level of Decision Making ကို သင့်တော်သလို ပြန်လည်ရေးသား ထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။)
Facebook comments:





