ကျွန်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်
ကျွန်တော် အခုတစ်လော တပည့်များနှင့် ဆွေးနွေးဖြစ်သည့် အကြောင်းအရာများတွင် အမြဲတမ်းပါဝင်သည့် အကြောင်းအရာ တစ်ခုကတော့ ပူးပေါင်းဆောင်ရွက်နိုင်သည့် စိတ်ဓာတ်ဆိုသည့် အပိုင်း ဖြစ်သည်။ ကျွန်တော်တို့အတွက် တကယ့်ကို အဓိကကျသော အကြီးအမားဆုံး အခက်အခဲတစ်ခုမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမည်နည်း ဆိုသည့်အချက် ဖြစ်နေသည်။ ကျွန်တော်တို့ နည်းပညာတွေ မရှိဘူးလား။ ရှိပါသည်။ မရှိလျှင်လဲ ရှိအောင်လုပ်လို့ ရသော အရာဖြစ်နေသည်။ အိုင်ဒီယာများ မရှိဘူးလား။ ဒီအပိုင်းမှာ တော့ ကျွန်တော်တို့ အားနည်းနေသေးသည်။ Business Model များအကြောင်း Advanced အတန်းမှာသင်တော့ ကျောင်းသားတွေကို မေးဖြစ်သည်။ လူတိုင်းသုံးနိုင်သော နည်းပညာဆိုင်ရာ Product တစ်ခုအတွက် Business Model တစ်ခု ချကြရအောင်ဆိုတော့ တစ်ယောက်တစ်လေက လွဲလို့ ကျန်သူများ မပြောနိုင်ကြ။ သို့သော်လဲ အစဖော်ပေးလိုက်သည်နှင့် စဉ်းစားဝေဖန်နိုင်စွမ်း၊ Brainstorm လုပ်နိုင်စွမ်းတွေ ထွက်လာသည်။ ဒီတော့ အိုင်ဒီယာဆိုသည့် ကိစ္စအတွက် ကျွန်တော်တို့ နည်းနည်းတော့ စိတ်အေးရမည် ထင်သည်။ သို့သော် ထိုကဲ့သို့သော အိုင်ဒီယာများကို အစုအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ပြီး အကောင်အထည်ဖော်ကြမည် ဆိုလျှင် အတော်လေးကို အဖြေရှာရခက်သော ပုစ္စာတစ်ခု ဖြစ်လာသည်။
ဒီတော့ ကျွန်တော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ
ဒီနေရာမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းနိဿရများ မျိုးစုံရှိနေသည်။ အကောင်းဆုံး စာအုပ်များလဲ ရှိသည်။ သို့သော် တကယ်တန်း ပူးပေါင်းဆောင်ရွက်ရာတွင် နည်းနိဿရများ ဆုံးမဩဝါဒများဖြင့် မလုံလောက်တော့။ နည်းပေးလမ်းပြများဖြင့် မလုံလောက်တော့။ သူတို့ကိုယ်တိုင် ကွဲဖူးကြသူများ၊ ယခုအချိန်အထိ ဘယ်လိုပူးပေါင်းဆောင်ရွက်မည်ကို မသိသေးသူများက ပေးသော အကြံဉာဏ်များသည် တကယ်အလုပ်ဖြစ်ရန် မလွယ်သော အခြေအနေများ ဖြစ်နေတတ်သည်။ ကျွန်တော်ကိုယ်တိုင် ဘယ်လို ပူးပေါင်းဆောင်ရွက်ရမည် ဆိုသည်ကို ယခုအချိန်အထိ မသိသေး။ ကျွမ်းကျင်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ထက် ဦးဆောင်ပြီး အဖွဲ့လိုက်သွားနိုင်သည့် ပုံစံကိုသာ ချဉ်းကပ်မိနေသည်။ ဒီတော့ သူများတွေ ပူးပေါင်းဆောင်ရွက်နေကြသော ပုံစံများကို အဓိကထား လေ့လာဖြစ်သည်။ အရင်တစ်ခါကတည်းက ကျွန်တော် ရေးဖူးပါသည်။ တကယ်တန်း ပူးပေါင်းဆောင်ရွက်နိုင်သော စိတ်ဓာတ်များသည် စာဖတ်ရုံ၊ စကားဝိုင်းဖွဲ့ရုံဖြင့် မလုံလောက်ပါ။ တကယ့်ကို ရေဆန်အတူကူးကြဖို့ လိုသည်။ အဲဒီလို ရေဆန်ကို အတူကူးဖူးရုံသာမက ရေစုန်ကိုလဲအတူ မျောဖူးဖို့ လိုသည်။ ကျွန်တော် စဉ်းစားမိသမျှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်စွမ်းသော နည်းလမ်းများကို ဖော်ပြရမည် ဆိုလျှင်
ပူးပေါင်းဆောင်ရွက်နိုင်မှုစိတ်ဓာတ်ကို ကျောင်းတွင်း Activity များနှင့်မြှင့်တင်ခြင်း
ဒီနည်းကတော့ နိုင်ငံတိုင်းသုံးနေသော နည်းဖြစ်သည်။ တက္ကသီလာများ၊ ကောလိပ်များသည် သီးသန့် ပညာရေးကို ပေးရုံသာမက ဝါဿနာတူရာလူများကို စုပေးသော နေရာလဲဖြစ်သင့်သည်။ ဘောလုံးဝါဿနာပါသူ ဘောလုံးအသင်း၊ စာပေဝါဿနာပါသူ စာပေအသင်း စသည်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရန် ဖန်တီးပေးလေ့ရှိသည်။ အဆိုပါ အသင်းအဖွဲ့များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရင်း ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးကြသည်။ တကယ်တန်း အပြင်လောကတွင် ဝါသနာတူရာ စုမိဖို့ အင်မတန်ခက်သော အနေအထားတွင် ရှိနေသည်။ ကျောင်းသားဘဝမှာသာ ထိုကဲ့သို့သော သူများကို ရှာဖွေနိုင်ဖို့ လွယ်ကူနိုင်သည်။
အပြင်လောကတွင် ဝါသနာတူ လမ်းကြောင်းတူသူများကို ရှာဖွေရ အင်မတန်ခက်သော အနေအထားတွင် ရှိနေသည်။ တွေ့သည်ဆိုဦး ယုံရခက်သော အနေအထား။ ပူးပေါင်းဆောင်ရွက်နိုင်မှုကို အလွယ်တကူ တည်ဆောက်နိုင်စွမ်း ချို့တဲ့နေတတ်သည်။
Dream Project များ ပူးပေါင်းရေးဆွဲခြင်း
ကျွန်တော်တို့ နည်းပညာနယ်ပယ်တွင် အလွန်အားသာသော အားသာချက်များရှိနေသည်။ Dream Project များ ရေးဆွဲလုပ်ဆောင်နိုင်ခွင့် ရှိနေခြင်းပင် ဖြစ်သည်။ Dream Project ဆိုသည်များ သူတစ်ပါးလာအပ်သော အလုပ်မဟုတ်၊ အဖွဲ့တစ်ခုအတွက် တစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့အလိုက် ရလာသော အိုင်ဒီယာများကို အကောင်အထည် ဖော်ကြည့်ခြင်း ဖြစ်သည်။ ငွေကြေးအကျိုး အမြတ်ကို မမျှော် အစုလိုက်လုပ်တတ်သော အလေ့အကျင့်ကိုသာ ပြုစုပျိုးထောင် လိုရင်းဖြစ်သည်။ သို့သော် ထို Dream Project များမှတစ်ဆင့် တကယ့်ကို ဈေးကွက်တင်နိုင်သော ထုတ်ကုန်များဖြစ်နိုင်စွမ်းလဲ ရှိနေသေးသည်။ တကယ်တန်း နည်းပညာ နယ်ပယ်တွင် တစ်ခုခု ဖန်တီး Community Contribute လုပ်ပေးမည်ဆိုလျှင် ကွပ်လပ်ပေါင်းစုံ ရှိနေသည်။
အဖွဲ့လိုက်လုပ်နိုင်စွမ်းကို မြှင့်တင်သည့် အနေဖြင့် Dream Project များကို ပူးပေါင်းဆောင်ရွက်ကြရင်း ပူးပေါင်းဆောင်ရွက်နိုင်မှု စိတ်ဓာတ်ကို မြှင့်တင်နိုင်သည်။ သို့သော် ထိုကဲ့သို့ လေထဲတိုက်အိမ်ဆောက်သည့် ကိစ္စများတွင် တကယ် အဟုတ်ကြီးလုပ်ဖို့ လိုသည်။ တကယ်အဟုတ် အချိန်အကန့်အသတ် အတိအကျ၊ တကယ်ပိုက်ဆံရနေသော အလုပ်ကဲ့သို့ လုပ်ကြဖို့ လိုသည်။ ထိုကဲ့သို့ သဘောမထားပဲ ကောက်ရိုးမီးကဲ့သို့ စိတ်ပါသည့်အချိန်ထလုပ်လိုက် ဟိုလူကလာလိုက်၊ ဒီလူကမလာလိုက် လုပ်နေလျှင် တကယ်တန်း အစုအဖွဲ့လိုက် လုပ်ဆောင်နိုင်စွမ်းကို ဖော်ဆောင်နိုင်မည် မဟုတ်။ အဖွဲ့အလိုက် လုပ်နိုင်စွမ်း ဆိုသည့်နေရာတွင် အဖွဲ့အစည်းအလိုက် လုပ်ကိုင်ဆောင်ရွက်တတ်သော အလေ့အကျင့်များကိုပါ မောင်းနှင်ရသော သဘောရှိသည်။ အဖွဲ့အလိုက် တာဝန်ခွဲဝေထမ်းဆောင်တတ်မှု၊ အနစ်နာခံနိုင်စွမ်း၊ တာဝန်ယူနိုင်စွမ်းများကိုပါ တစ်ခါတည်း မြှင့်တင်ရလေ့ရှိသည့်အတွက် တကယ် အဟုတ်ကြီး ပိုက်ဆံရနေသော အဖွဲ့တစ်ခုအဖြစ် အဟုတ်ကြီး လုပ်ကြဖို့လိုသည်။
တပည့်တစ်ယောက်က မေးဖူးသည် ထိုကဲ့သို့ အဟုတ်ကြီး လုပ်ရသော အချိန်ကာလမည်မျှယူလျှင် အဖွဲ့အလိုက်ဆောင်ရွက်နိုင်စွမ်း အတွက် စိတ်ချရတဲ့ အခြေအနေ ရောက်မည်လဲဟု မေးဖူးသည်။ ကျွန်တော် ဖြေလိုသောအဖြေမှာ အချိန်ကာလတစ်ခုအထိလဲ ကြာသွားနိုင်သည်။ Dream Project တစ်ခု၊ နှစ်ခုတည်းနဲ့လဲ ရနိုင်သည်။ သို့မဟုတ်ပါက အများကြီး လုပ်ပြီးမှလဲ ရနိုင်သည်။ အဓိက သိနိုင်သည့် အချက်၊ တိုင်းတာနိုင်သည့်အချက်သည် အဖွဲ့အတွင်းရှိသူများအားလုံးတွင် ခိုင်မာသော ယုံကြည်ချက်တစ်ခု ကိန်းအောင်းလာသော အချိန်သည် တကယ့်အလုပ်များ စလုပ်နိုင်သော အချိန်ဖြစ်ပြီဟု ဆိုနိုင်သည်။ ထိုယုံကြည်ချက်မျိုး ရလာပြီဆိုလျှင် အဖွဲ့အတွင်းမှာပင် ငါတို့လုပ်ရင် ဖြစ်ပြီဟူသော ခိုင်မာသော စိတ်ဓာတ်များ ကိန်းအောင်လာမည်။ ထိုခိုင်မာသော စိတ်ဓာတ်သည် ဘဝင်မြင့်သောစိတ်ဓာတ် မဖြစ်သင့်၊ နွားခြေရာခွက်တွင်းက စိတ်ဓာတ်များ မဖြစ်သင့်၊ တကယ့်ကိုမှန်ကန်သော စိတ်ဓာတ်များ၊ မိမိတို့အဖွဲ့အတွင်းမှာပင် သံသယတစွန်းတစမရှိ အကြားအလပ်မရှိ စိတ်ဓာတ်၊ ယုံကြည်ချက်များ ဖြစ်နေဖို့တော့ ဂရုစိုက်ဖို့ လိုပေသည်။
ငွေရေးကြေးရေးခပ်ဝေးဝေးထား၍ ပူးပေါင်းဆောင်ရွက်ခြင်း
ကျွန်တော်တို့ အစုအဖွဲ့များတွင် ကွဲနိုင်သော အခြေအနေသည် ရေဆန်ကို ဆန်တက်ရင်းလဲ ကွဲနိုင်သလို ရေစုန်ကိုရောက်မှလဲ ကွဲနိုင်သည်။ ရေဆန်ခရီးတွင် တကယ့်ကို အနစ်နာခံ ဆောင်ရွက်ခဲ့ကြပြီး အင်မတန် စည်းလုံးညီညွတ်ခဲ့ကြသော်လဲ တကယ်တန်း ဝင်ငွေရလာသည့်အချိန်၊ အလုပ်ဖြစ်လာသည့် အချိန်တွင် အလွယ်တကူ ကွဲတတ်ကြပြန်သည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းများကို လေ့လာကြည့်မည်ဆိုလျှင် ငွေကြေးနှင့် ပတ်သက်သော စီမံခန့်ခွဲမှုများ မရှိခြင်း၊ ငွေကြေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုများ အသင့်မဖြစ်သေးခြင်း စသည်တို့နှင့် သက်ဆိုင်သည်။
တကယ်တန်းတွင် ထိုဝင်ငွေများရလာသော အချိန်သည် အောင်မြင်သည့် အချိန်ဟု မဆိုနိုင်သော တကယ်ဝင်လာသော ဝင်ငွေများသည် ခွဲဝေနိုင်သည့် အနေအထားတွင် မရှိသေးကြောင်း သိထားဖို့လိုသည်။ အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်ရန် အထောက်အပံ့ကောင်းများ အဖြစ်သာ ရှိနေသေးသည်။ အဖွဲ့အစည်း ချဲ့ထွင်နိုင်ရန် အဆင့်ပင် မရောက်သေး၊ မရှိသေးသည်ကို သတိပြုဖို့လိုသည်။
အဖွဲ့အတွင်းတွင် ငွေကြေးဆိုင်ရာ ကိစ္စများအတွက် ဘယ်လိုမှ သဘောမထားပဲ အရင်အတိုင်း နဂိုအတိုင်း ဆက်လက်ရှေ့ဆက်ဆောင်ရွက်နေဖို့ လိုသည်။ မိမိတို့ ရောက်နေသည့် အဆင့်သည် အဖွဲ့အစည်း ဆက်လက် ရှင်သန်ရန် ကြိုးစားနေရဆဲဖြစ်ကြောင်း သိထားဖို့ လိုသည်။ သို့သော် ထိုကဲ့သို့ ဝင်ငွေများ ရလာသော အချိန်သည် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများကို စတင်ကိုင်တွယ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ငွေကြေးစီမံခန့်ခွဲမှုဆိုသည်မှာ ငွေရှိမှသာ ကိုင်ရတွယ်ရ စီမံခန့်ခွဲရသည့် နေရာတွင် အသက်ဝင်နိုင်သည်။ အစောပိုင်းက အမေ့အိမ်ကပ်စား၊ ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲ အနစ်နာခံနေရသော အချိန်တွင် ငွေကြေးကို စီမံခန့်ခွဲမည်ဆိုပါက ကုန်နေသော ပမာဏများကိုသာ မှတ်ရသားရမည် ဖြစ်သည့်အတွက် စိတ်ဆင်းရဲမှုသာ အဖတ်တင်နိုင်သည်။ အမှန်တကယ် ငွေဝင်လာသည့် အချိန်မှသာ စီမံခန့်ခွဲမှုအစီအစဉ်များကို စတင်သင့်သည်ဟု ကျွန်တော် ထင်သည်။ သို့သော် ထိုဝင်ငွေများသည် သုံးဖို့မဟုတ် အဖွဲ့အတွင်းရှိ လူများအားလုံး ရှိမြဲတိုင်းလုပ်မြဲတိုင်း အမေ့အိမ်ကပ်စားရုံသာ၊ ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲယုံသာဟု မှတ်သားထားသင့်သည်။ ဝင်ငွေရလာသောအခါ တစ်ပါတည်း ရလာတတ်သည့် Motivation အပေါ်မှာသာ အဓိကထား အသုံးချ ဆက်လက်လုပ်ကိုင်သွားသင့်သည်။ ငွေရေးကြေးရေးကို ခပ်ဝေးဝေးထားခြင်းဖြင့် အဖွဲ့အစည်းကွဲမည့်ဘေးမှ ရှောင်နိုင်မည်ဟု ကျွန်တော် ထင်သည်။
ချဉ်ပေါင်ပင်လဲစိုက် ကျွန်းပင်လဲစိုက် ပူးပေါင်းဆောင်ရွက်ခြင်း
ဒါကတော့ ကျွန်တော် အလွန်လေးစားရသော ဆရာကြီး ဦးမြကြိုင် နည်းပေးလမ်းပြသော စကားလုံး ဖြစ်သည်။ ချဉ်ပေါင်ပင်ကဲ့သို့ ရေတိုပင်များ စိုက်ဖို့ လိုသလို၊ ကျွန်းပင်ကဲ့သလို ရေရှည်ပင်များလဲ စိုက်ဖို့လိုသည်ဆိုသည့် အချက်ဖြစ်သည်။ အဖွဲ့လိုက်လုပ်ကိုင်ဆောင်ရွက်ရာတွင် ရေတိုပင်များ စိုက်ခြင်းဖြင့် ရေတိုဝင်ငွေများ ရနိုင်ပြီး အဖွဲ့အစည်း လည်ပတ်နိုင်စွမ်းကို အထောက်အပံ့ပေးနိုင်သည်။ ရေတိုပင်များကို မပင်မပန်းစိုက်နေရင်း ရေရှည်ပင်များကိုလဲ တစ်ခါတည်း ပြုစုပျိုးထောင်ထားမှသာ ရေရှည်ပင်များ အလုပ်ဖြစ်လာသည့်အခါ ရှေ့ဆက်နိုင်မည်ဖြစ်သည်။
ဒီနေရာတွင် တစ်ချက် သတိထားဖို့ လိုအပ်သည်မှာ ရေတိုပင်များဖြစ်သည့် ချဉ်ပေါင်ပင်စိုက်ရင်းဖြင့် ရေရှည်ပင်အတွက် စိုက်ဖို့မေ့သွားတတ်သည့် အချက်ဖြစ်သည်။ ရေတိုပင်သည် အချိန်ကာလ တိုသည့်အတွက် ငွေဖြစ်လွယ်သည်။ ရေရှည်ပင်က ထိုသို့မဟုတ် အချိန်အတိုင်းအတာ ကာလတစ်ခုအထိ ပေးမှသာ စီးပွားဖြစ်နိုင်သော အခြေအနေတွင် ရှိသည်။ ထို့ပြင် ရေတိုသဘောက သေချာသည့် သဘောပိုများပြီး ရေရှည်ပင်က မသေချာသည့် သဘောဆောင်သည်။ အဖွဲ့များသည် ရေတိုပင်များနောက် လိုက်ရင်း လိုက်ရင်း ရေရှည်အတွက်ကို မေ့သွားလေ့ရှိသည်။ မိမိတို့သွားရမည့် Vision, Mission များကို မျက်ချေမပျက်မှသာ ရေတိုပင်နောက် လိုက်သည့် ဘေးမှကင်းဝေးနိုင်မည်ဖြစ်သည်။ ရေတိုပင်များသည် အဖွဲ့အစည်းအတွက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို ရေရှည်ပင်များလောက် အထောက်အပံ့ မပေးနိုင်ကြောင်းလဲ သိထားဖို့ လိုသည်။
ဒီအပိုင်းကတော့ အရင်နှစ်ကတည်းက ကျွန်တော်စခဲ့တဲ့ Team Building ဆိုတဲ့ကဏ္ဍအတွက် ရည်ရွယ်ပြီး ရေးသားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ Team Building နဲ့ ပတ်သက်ပြီး ရေးသားလိုသူများကိုလဲ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
Facebook comments:




Business Model စဉ်းစားတဲ့နေရာမှာ အများစုက ထွက်မလာကြတာမဟုတ်ပါဘူး။ ကျွန်တော်မြင်တာကတော့ ကိုယ်စဉ်းစားမိတဲ့ဟာကို တခြားသူတွေလက်ခံကြပါ့မလား? ဘယ်လိုပြောကြမလဲလို့ဆိုတာ တွေဝေပြီး မပြောဖြစ်ကြတာလို့ပဲမြင်တယ်။
အဲဒီလို ဆိုရင်လဲ ပြောသာပြောဗျာ …
မပြောဖြစ်တာပြသနာပဲဗျ။ကိုယ့်အမြင်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာစဉ်းစားမိရင်နည်းနည်းကျွတ်တယ်..ပေါ့ဗျာ။ငယ်ငယ်ကတည်းကကြိမ်လုံးစာမိခံထားရတဲ့ကျောင်းသားတစ်ယောက်လိုပဲဗျ။မောင်သစ်ဆင်းရဲ့မင်းတုန်းမင်းနဲ့ငါးခြောက်ပြားဇာတ်လမ်းဖတ်ရလိုက်မှလန့်နိုးချင်သလိုလိုဖြစ်လာတယ်။သို့သော်ခုထိမပြောရဲသေးဘူးဗျ။ထင်သလောက်သဘောထားမပြည့်နိုင်တဲ့လူတွေအခုအထိအများကြီးရှိတုန်းဗျာ။
ကောင်းတယ် ဆရာရေ… ကျွန်တော် ခုတလောတော့ ဆောင်းပါးတွေဖတ်ပြီး အားတက်ပြီးရင်းတက်ပဲ။ ဆရာတို့ဆောင်းပါးတွေ တကယ်အားဖြစ်စေတယ်ဗျာ..။ ကျေးဇူး