စျေးနှုန်း သတ်မှတ်ခြင်းနှင့် စျေးနှုန်းစစ် (Pricing & Price War)

ထူးဆန်းထွေလာ ကိစ္စတခုတော့ မဟုတ်ပါဘူး။ ဘာလို့တုန်းဆိုတော့ စျေးနှုန်း ဘယ်လို သတ်မှတ်မယ်၊ နောက် Price War စျေး အပြိုင်အဆိုင် ချကြတယ်ဆိုတာ စာဖတ်သူအားလုံးနဲ့ ရင်းနှီးပြီး တွေ့ဖူးကြုံဖူးပြီး ဖြစ်ရပ်တွေပါ။

လုပ်ရိုးလုပ်စဉ် ကြံုတွေ့နေကြ ဖြစ်ရပ်မျိုုး ဖြစ်ပေမယ့် တကယ်စျေးနှုန်းတစ်ခုကို သတ်မှတ်ကြတော့မယ်ဆိုတဲ့ အခါမှာတော့ သင့်တော်ရာ စျေးနှုန်းကို သတ်မှတ်ဖို့ အခက်အခဲတစ်ခု ဖြစ်နေတတ်ပါတယ်။ အဲဒီတော့ ကျွန်တော် စျေးနှုန်း သတ်မှတ်ရာမှာ ထည့်စဉ်းစားတတ်တဲ့ အချက်ကလေးတွေနဲ့ အသေးစား လုပ်ငန်းတွေအတွက် Pricing နဲ့ Price War ရဲ့အရေးပါပုံကို နည်းနည်း ပြောကြည့်ချင်တယ်။

ပထမဆုံး သိထားဖို့က စျေးနှုန်း သတ်မှတ်မယ့် ရည်ရွယ်ချက်က ဘာလဲ။ ရေရှည်ရေတို ဘယ်အချိန်မှာ အမြတ်များများရဖို့ ရည်ရွယ်သလဲ အစရှိတဲ့ တွေးမျှော်ချက်တွေပေါ်မှာ မူတည်ပြီး Pricing Objective တွေ ထားတတ်ကြပါတယ်။ ကုန်ကျစရိတ်ကို အခြေခံပြီး အမြတ် ဘယ်လောက် တင်မယ်ဆိုတဲ့ တွက်နည်းကို သုံးမလား။ ဥပမာအားဖြင့် ကိုယ်ရောင်းမယ့် ပစ္စည်းရဲ့ ကုန်ကျစရိတ်က ၁၀၀ကျပ်ဆိုရင် ကိုယ်က အမြတ်ဘယ်လောက် ရာခိုင်နှုန်း ယူမလဲ။ အသားတင် ၁၀ရာနှုန်းဆို ကိုယ်က ၁၁၀နဲ့ရောင်းမယ်ပေါ့။ အရေအတွက် ဘယ်လောက် ယူရင် ဘယ်လောက် စျေးလျှော့ပေးမှာလဲ။ အင်တာနက်ဆိုင်တွေမှာ ဆိုရင် လုပ်တတ်ပါတယ်။ ပုံမှန်က တစ်နာရီ ၃၀၀ ဒါပေမယ့် ၁၀နာရီ ၀ယ်ထားရင်တော့ ၂၅၀၀ အစရှိသဖြင့်ပေါ့။

နောက်ကိုယ့်ရဲ့ ပြိုင်ဘက်တွေက ဘယ်လောက်စျေးနဲ့ ၀န်ဆောင်မှု ပေးနေလဲ။ ရောင်းနေလဲ။ တစ်နည်းအားဖြင့် ပြောရရင် စျေးကွက်ထဲမှာ ရှိနေတဲ့ စျေးပေါ့။ သူများက ၁၅၀ဆို သူ့ရောင်းကုန်၊ ဝန်ဆောင်မှုက ကိုယ်နဲ့ သိပ်မကွာဘူး တန်းတူပဲဆို ၁၅၀ထက် ပိုလို့ မရပါဘူး။ သူ့စျေးနှုန်းနဲ့ မတိမ်းမယိမ်း ပဲ ဖြစ်မှ ရမှာပေါ့။ နောက်တခု ကျွန်တော် ပြောပြချင်တာက Price Skimming နဲ့ Penetration Pricing ဆိုတဲ့ နည်းလမ်း၂ခု။

Price Skimming

Price Skimming ဆိုတာ ဘာလဲဆိုတော့ တစ်ချို့ လုပ်ငန်းတွေက သူတို့ရဲ့ ရောင်းကုန်ကို စျေးကွက်ထဲ စစချင်းမှာ ပုံမှန်စျေးကွက်က တောင်းဆိုတဲ့စျေးထက်ပိုပြီး စျေးနှုန်း တင်လိုက်တယ်။ နောက်တော့မှ ဖြည်းဖြည်းခြင်း စျေးကို လျှော့လျှော့ ချပေးတယ်။ ဘာလို့ အဲဒီလို လုပ်ရတာလဲဆိုတော့ တစ်ချက်က စျေးများများနဲ့ ရောင်းတဲ့အတွက် ဒီကုန်ကို မရောင်းခင် ကုန်ကျထားရတဲ့ ကုန်ကျစရိတ်တွေကို မြန်မြန်ကျေတယ်။ အရင်းကြေတယ်။ ကုန်ထားသမျှ ပြန်ရတယ်ဆိုမှ စျေးကွက်ထဲမှာ သူများတွေနဲ့ ယှဉ်ပြိုင်ဖို့ စျေးကို ပြန်ချလိုက်တော့ အရင်းတော့ ပြန်ရမှဖြစ်မယ်ဆိုတဲ့ ဖိအား မရှိတော့ဘူး။ အရင်းက ကျေနေနှင့်ပြီလေ။ နောက်တစ်ချက်က လူတွေရဲ့ စိတ်ဝင်စားမှုကို ယူလိုက်တာ။ လူဆိုတာက ကိုယ်ကိုယ်တိုင်ပဲ ကြည့်ကြည့်ပေါ့။ မဝယ်ရင်သာ နေမယ် ဒီ Brand အကြောင်းကို မသိချင်နေမယ် ဘာနဲ့ စပြီးတိုင်းတာလိုက်လဲဆိုတော့ သူ့ရဲ့စျေးနဲ့ တိုင်းတာလိုက်တယ်။ စျေးက ကြီးတယ်နော် ကောင်းမယ် ထင်တယ်။ အဲသည့်ကမှ နောက် စျေးချပေးလိုက်တော့လည်း “ဟာဒီတံဆိပ် အရင်ကဆို ဒီစျေးနဲ့ မရဘူး။ ခုမှ သက်သာလာတာ ၀ယ်ထားမှ” ဆိုတဲ့ အတွေးမျိုး ရလာတတ်တာမို့ တနည်းအားဖြင့် လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင် ယူတယ်လို့ ဆိုလို့ရပါတယ်။

Penetration Pricing

နောက်တခု Penetration Pricing ကတော့ သူနဲ့ ပြောင်းပြန်ပါပဲ။ ကိုယ့် ရောင်းကုန်ကို စျေးကွက်ထဲကို တင်တင်ခြင်းမှာ စျေးကို ပိုပြီး ချထားလိုက်တယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့် ရောင်းကုန်အတွက် စားသုံးသူအသစ်ကို ဆွဲဆောင်ဖို့ပါ။ စျေးနည်းမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လူတွေက စျေးနှုန်းကြောင့် ဝယ်သုံးဖြစ်မယ်လို့ အကြမ်းဖျင်း ယူဆနိုင်ကြတာကို။ ဒီနည်းအတွက် ကောင်းတာက စျေးကွက်ထဲကို မြန်မြန် ထိုးဖောက် နိုင်မယ်။ Market Share စျေးကွက်ထဲမှာ ကိုယ့်ရဲ့ နေရာလေး တစ်ခု မြန်မြန်ရမယ်။ စျေးက နည်းနေတယ်ဆိုတော့ ရောင်းစျေးနဲ့ ကာမိအောင် ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချ စိစစ်ခဲ့တဲ့အတွက် ရေရှည်မှာလည်း စိစစ်တဲ့ အကျင့် ရလာမယ်။ နောက် ကုန်အဝယ် အရောင်းနှုန်းက ပိုသွက်လာမယ်။ ဒီနှစ်နည်းလုံးက ပတ်ဝန်းကျင် ကိုယ်ရောင်းမယ့် စျေးကွက်ရဲ့ အနေအထားပေါ်မှာ မူတည်လို့ အမျိုးမျိုး အသုံးဝင်ကြပါတယ်။ ယေဘုယျပြောရရင် Price Skimming က လူကုံထံ၊ တစ်နည်းအားဖြင့် ပြည့်စုံတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ပိုအလုပ်ဖြစ်ပြီး Penetration Pricing ကတော့ စျေးနှုန်းပေါ်မှာ ၀ယ်လိုအား ပြောင်းလဲမှုများတဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးတော့ အလုပ်ဖြစ်ပါတယ်။

Psychology Pricing

နောက်လူ အတော်များများ တွေ့ဖူးကြမယ် ထင်ပါတယ်။ စျေးနှုန်းက၂၉၉၉ ကျပ်တို့ ၃၅၀၁ ကျပ်တို့လို စျေးနှုန်းက ဟိုမတင် ဒီမကျ ကိန်းဂဏန်းမျိုးပေါ့။ အဲဒါကိုတော့ Psychology Pricing လို့ခေါ်တယ်။ လူ့ရဲ့စိတ်က ဥပမာပေါ့ ၂၉၉၀ဆိုတာ ၃၀၀၀ပြည့်ဖို့ ၁၀ပဲကွာတာ ဆိုပေမယ့် စိတ်ရဲ့ခံစားမှုက မတူပါဘူး။ ပြားတွေ ဆင့်တွေသုံးရတဲ့ နိုင်ငံတွေမှာ ဆိုရင် စျေးနှုန်းကို $1999 အဲဒီလိုမျိုး ရေးထား တတ်ကြပါတယ်။ ၁၉.၉၉ က တကယ်တော့ ၂၀လို့ ဆိုလည်း မထူးလှပေမယ့် ရုတ်တရက် ကြည့်လိုက်ရင် လူက နောက်က ၉၉ဆင့်ကို မမြင်ဘဲ ၁၉ကိုပဲ မြင်ပြီး စျေး သက်သာတယ်လို့ စိတ်အထင် ရောက်တတ်ပါတယ်။

ဒါတွေက စျေးနှုန်းသတ်မှတ်ရာမှာ ထည့် စဉ်းစားတတ်ကြတဲ့ နည်းလမ်း၊ အယူအဆ အများကြီးထဲက အသုံးများတဲ့ တစ်ချို့ပါ။ အသေးစား လုပ်ငန်းတွေ အတွက်မှာတော့ စျေးနှုန်း သတ်မှတ်ချက် မှားယွင်းမှုက လုပ်ငန်းတစ်ခုလုံးကို ပြိုပျက် သွားစေတတ်ပါတယ်။ လုပ်ငန်း အမြတ် ရရှိနေဖို့နဲ့ ရေရှည် တည်မြဲဖို့ အတွက် အသေးစား လုပ်ငန်းရှင်တွေက ကိုယ့် ရောင်းကုန်ရဲ့ စျေးနှုန်းအပေါ် စဉ်ဆက်မပြတ် အကဲခတ် စောင့်ကြည့် နေသင့်ပါတယ်။

Price War

ယေဘုယျအားဖြင့်တော့ လူအတော်များများက စျေးပြိုင်ကြပြီ ဆိုရင် စျေးကွက်ထဲမှာ စျေးအနည်းဆုံးနဲ့ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု တစ်ခုကို ရောင်းနိုင်ပြီဆိုရင် အောင်မြင်မယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တမ်းတော့ ဒီယူဆချက်က အပြည့်အဝ မှန်ကန်တယ်လို့ ယူဆလို့ မရပါဘူး။ ကျွန်တော် အင်တာနက် ကဖေးကိုပဲ ဥပမာတခုအနေနဲ့ ဆက်ထားပြီး ရှင်းပြကြည့်ပါမယ်။

စျေးအနည်းဆုံး ဖြစ်တိုင်း ကိုယ်ကတော့ အကောင်းဆုံး အနေအထား တစ်ခုကို ဆုပ်ကိုင်ထားနိုင်ပြီလို့ အသေးစား လုပ်ငန်းတွေက မယူဆနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့်ထက် ပိုက်ဆံများများရှိတဲ့ အင်အားကြီးတဲ့ ပြိုင်ဖက်တစ်ယောက်က စျေးနှုန်း သက်သက်နဲ့ပဲ ကိုယ့်ကို အလဲထိုး သွားနိုင်လို့ပါပဲ။ အင်တာနက် ကဖေးဆိုင်လေးတွေ တစ်လမ်းထဲမှာပဲ ၃၊ ၄ ဆိုင်ရှိနေမယ်ပေါ့။ သူက တစ်နာရီ ၃၀၀နဲ့ဆိုတော့ ကိုယ်က၂၅၀ လုပ်လိုက်တယ်။ ခက်တာက သူက ကိုယ့်ထက် ပိုက်ဆံ နောက်ခံအင်အား တောင့်တယ်။ ကိုယ်က၂၅၀ဆိုတော့ သူကလည်း မခက်ဘူးပေါ့ ၂၅၀ လိုက်လုပ်တယ်။ အဲဒီတော့ ကိုယ့်စိတ်မှာ ထင်တယ်၊ အင်း စျေးပိုချမှ ကိုယ့် ကဖေးကို လူပိုလာမှာ အဲသည်တော့ ၂၀၀ ချမှ။ ကိစ္စမရှိဘူး သူကလည်း ၂၀၀ လိုက်လာတော့ သူကတော့ ငွေကြေး နောက်ခံ တောင့်တဲ့သူမို့ မခက်ပေမယ့် ကိုယ့်အတွက် ပြဿနာက စပြီလေ။ အရင်က တစ်နာရီ ၃၀၀ ကနေ ခု ၂၀၀ ဆိုတော့ တစ်ရက် စက် (၁)လုံး (၁၀)နာရီဆိုရင်ကို ၁၀၀၀ ကွာသွားပြီ။ တစ်လ ရက် ၃၀ ဆို ၃ သောင်း။ စက် ၁၀ လုံးသာရှိရင် ၃ သိန်း။ ကိုယ့်ဖက်က စျေးပြိုင်ချလိုက်တာ ၃ သိန်း နစ်နာသွားပြီ။ ကိုယ်က ငွေများများ မတတ်နိုင်တဲ့ သူဆိုတော့ အဲဒီ ၃ သိန်းကို ဘယ်လို ပြန်ရမလဲ။ ဘယ်မှာ လာအားနည်းမလဲ ဆိုတော့ အလုပ်သမားတွေ လျော့မယ်။ ကွန်ပျူတာတွေ ပျက်ရင် စျေးပေါတာတွေ ၀ယ်သုံးမယ်။ ထိုင်ခုံတွေ ပျက်ရင် ချက်ချင်းလဲရမယ့်အစား လုံးဝ သုံးမရတော့မှ လဲမယ်။ အဲဒီတော့ ကိုယ့်ဆီ လာတဲ့သူတွေက မကျေနပ်ချင်တော့ဘူး။ ကွန်ပျူတာက နှေးနှေး၊ ကီးဘုတ်က မကောင်း၊ ထိုင်ခုံကယိုင်နဲ့နဲ့။ နောက်တော့ လူကပါးသွားတယ်။ ပါးသွားတော့ ဝင်ငွေထပ်လျော့၊ ထပ်လျော့တော့ ဖြည့်ဆည်းမှု ထပ်အားနည်းနဲ့ နောက်ဆုံး လုပ်ငန်းလေးပါ ပြုတ်သွားပါလေရော။

အဲဒီ ဥပမာအရပဲ လုပ်ငန်းသေးတွေဟာ စျေးနှုန်းတခုထဲ ပြိုင်ဖို့ ကြိုးစားရင်တော့ ကုန်ကျစရိတ်ကို မခံနိုင်တော့တာနဲ့တင်ပဲ လုပ်ငန်း တစ်ခုလုံး ပြုတ်ရမယ့် အရေးနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီတော့ စျေးပြိုင်မှု သက်သက်ကို ကာကွယ်ဖို့ ဘာတွေ စဉ်းစားရမလဲဆိုတော့

ပြိုင်ဘက်ကိုသုံးသပ်ရမယ်

ကိုယ့်ပြိုင်ဘက်ရဲ့ စျေးတစ်ခုတည်းတင် ကြည့်လို့ မဖြစ်ပါဘူး။ သူတို့ တကယ် ရောင်းနေတဲ့ ပေးနေတဲ့ package တခုလုံးကို ခြုံငုံကြည့်ရမယ်။ နောက်သူတို့က တစ်ခြား အပို ဘာဝန်ဆောင်မှုတွေ ပေးနေသေးသလဲ။ ဥပမာပေါ့။ အင်တာနက်ကဖေးဆိုရင် အအေးရမယ်။ စားစရာ snacks တွေကို ဘယ်မှ သွားစရာမလိုဘဲ ဆိုင်ထဲမှာပဲ ရတယ် ဆိုတာမျိုးပေါ့။

စျေးနှုန်းရဲ့အကျိုးသက်ရောက်မှု

ကိုယ့် ရောင်းကုန် ဝန်ဆောင်မှုရဲ့ ဝယ်လိုအားက စျေးနှုန်းပေါ်မှာ အပြောင်းအလဲ မြန်သလား။ စျေးနှုန်း သက်သက် အပေါ်မှာ ဝယ်လိုအား မကွာဘူး ဆိုရင်တော့ စျေးကို ခပ်မြင့်မြင့် ထားလို့ရတယ်။ ဒီအခြေအနေမျိုးကလည်း ပြိုင်ဖက် နည်းခြင်း၊ စားသုံးသူရဲ့ အရည်အသွေး လက်ခံနိုင်မှု အစရှိတဲ့ အချက်တွေပေါ်မှာ တည်နေပါတယ်။

စျေးနှုန်းပြိုင်ဆိုင်မှုဆိုတာ မလွှဲမရှောင်သာ ကြံုတွေ့ရမယ့် ဖြစ်ရပ်တွေပါ။ ဒါပေမယ့် သူစျေးချတိုင်း ကိုယ်စျေးလိုက်ချမှ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ဖက်က စျေးမချပဲ ဘယ်လို ကာကွယ်မလဲလို့လည်း နည်းလမ်းတွေကို စဉ်းစား ကြည့်သင့်ပါတယ်။ Price War ဟာ ဘယ်သူ့ကိုမှ ကောင်းကျိုး မပေးတဲ့အပြင် တစ်ခါတရံ ကိုယ်စလိုက်တဲ့ ဇာတ်လမ်းက ကိုယ့်လည်ပင်းကို ကိုယ်စွပ်တဲ့ ကြိုးကွင်း ဖြစ်နေတတ်ပါတယ်။

နေဦး

Facebook comments:

7 Responses

  1. astk says:

    Nice article. I also want to know about price setting ideas for software projects and products.

    Thanks

  2. Thiha says:

    ဟုတ်တယ်ဗျို့ ကျွန်တော်လည်း ခုမှ အဲဒါတွေ သိရတော့တယ် ကျေးဇူးပါ ကိုနေဦးရေ …

  3. ံHein Thu says:

    အရမ်းကောင်း တဲ့ Article တစ်ခုပါ။ကျေးဇူပါဗျာ။

  4. dr. chaw su says:

    thanks for article. nice one.

  5. everlearner says:

    Thanks bro,

    Nice write up.
    Your business related articles are always nice to read and can provide a lot of useful business information. Thanks for sharing.

  6. Neou says:

    အားပေးကြတာ ကျေးဇူးပါပဲဗျာ
    နောက်လည်း တတ်နိုင်သလောက် ကျွန်တော် ဉာဏ်မီနားလည်သလောက် တန်ဖိုးရှိတာတွေကို မျှဝေပေးဖို့ ကြိုးစားပါ့မယ်

  7. [...] ဒီအကြောင်းကို Myanmar Tutorial မှာ Pricing & Price War မှာ သေချာ [...]

Leave a comment


*