မေ့လျော့နေကြတဲ့ အခြေခံ စီးပွားရေး အချက်အလက်များ

ကျွန်တော်က မမြင်မိတာလည်း ဖြစ်နိုင်ပါတယ် ကျွန်တော် လက်လှမ်းမီသလောက် ပတ်ဝန်းကျင်မှာ ဗမာ လူမျိုးတွေဟာ စီးပွားရေး အလုပ် လုပ်ကြတယ် ဆိုပေမယ့် လိုအပ်တဲ့ အခြေခံ စီပွားရေး Concept လေးတွေ လွတ်နေတယ်လို့ မြင်တယ်။ ဘာပဲ လုပ်လုပ် အခြေခံပိုင်ဖို့က ပထမမို့ စီးပွားရေး လုပ်ငန်း အတော်များများ ရေရှည် မခံနိုင်တာ လဲကျသွားရင် ရိုက်ခတ်မှု တစ်ခုကို ခံလိုက်ရရင် နလန်ပြန်မထူ နိုင်တာလို့ ကျွန်တော် ယူဆမိတယ်။ အဲဒီအတွက် လူအများ ရင်းနှီးသွားစေဖို့ စီးပွားရေး လုပ်ငန်းရဲ့ အခြေခံ Concept တွေကို စာရင်းကိုင် ရှုထောင့်ဖက် ကနေ ပြောပြ ကြည့်ချင်ပါတယ်။

Depreciation

ပထမ ပြဿနာက စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့ လက်ထဲ ရသမျှပိုက်ဆံ အကုန်လုံးကို သူတို့ရတဲ့ အမြတ်လို့ မြင်တတ် ကြတာပါပဲ။ နည်းနည်း နားလည်အောင် ပြန်ရှင်း ရမယ်ဆိုရင် လုပ်ငန်းရှင် အတော်များများက စီးပွားရေး လုပ်ငန်းက ရလာတဲ့ ၀င်ငွေထဲက ကုန်ကြမ်းဖိုး ပေးမယ် လခပေးမယ် ပြီးရင် သူတို့ အမြတ်လို့ ချည်းပဲ မြင်နေတတ်တာပါ။ တကယ်က အဲဒါ အမြတ် မဟုတ်သေးပါဘူး။ သူတကယ် မမြတ်သေးပါဘူး။ ကျွန်တော်တို့ စာရင်းမှာ တန်ဖိုးလျော့ (Depreciation) ဆိုတဲ့ ကုန်ကျစရိတ် ထားပါတယ်။ သူ့ရဲ့ သဘောသဘာဝက ဘယ်လိုလည်း ဆိုတော့ လုပ်ငန်းရဲ့ အဓိက တန်ဖိုးကြီး တာရှည်ခံ ပစည်းတွေကို အဲဒီ ပစ္စည်းရဲ့ သက်တမ်း အပေါ်လိုက်ပြီး တန်ဖိုးကို လျော့ပြီး တွက်လိုက်တာပါ။

ဥပမာဆိုရင်-

သူ့ရဲ့ ဝယ်စျေး တန်ဖိုးက ၁၀၀၀၀

ပစ္စည်း သက်တမ်းက ၅ နှစ်ဆို

တနှစ်ကို သူ့ရဲ့ တန်ဖိုးလျော့ ကုန်ကျစရိတ်က ၁၀၀၀၀/၅=၂၀၀၀ ကျပါတယ်။

ပိုက်ဆံမထွက်တဲ့ ကုန်ကျစရိတ်ပါ။

Retained Earning

နောက်တခုက Retained Earnings လို့ခေါ်တဲ့ ထိန်းသိမ်း အမြတ်ပါ။ သူ့ကိုတော့ လုပ်ငန်း အသေးစားတွေထက် ကုမ္ပဏီ လုပ်ငန်းကြီး တွေမှာ ပိုချန်ထားလေ့ ရှိပါတယ်။ အမြတ် ၁၀၀၀ ရတယ်ဆို ရတဲ့ အမြတ်ထဲက တပိုင်းတစကို နောက်ထပ် ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့ သပ်သပ် ခွဲချန်ကြပါတယ်။ တကယ်ရလာတဲ့ ငွေ အမြတ်ထဲက ကျွန်တော်အထက်ကပြောတဲ့ တန်ဖိုးလျော့ ကုန်ကျစရိတ်နဲ့ ထိန်းသိမ်းအမြတ်ကို ချန်ပြီးမှ ကျန်တဲ့ငွေကို အမြတ်အဖြစ် ပိုင်ရှင်တွေ ရှယ်ယာရှင်တွေက ထုတ်ယူ ပိုင်ခွင့်ရှိပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း မေးခွန်းတွေ မေးဘူးပါတယ် ဘာလို့ နှုတ်ထားရတာလဲ ဒီ ကုန်ကျစရိတ် တွေကို။ အဖြေက ရိုးရှင်းပါတယ် လက်ထဲက ဘောပင်လေး တစ်ချောင်း မကောင်းတော့ရင် ပစ်လိုက်ရတာ အရမ်းလွယ်ပါတယ်။ အဲ ကွန်ပျူတာ တလုံး မကောင်းတော့ရင်တော့ အဲသလောက် အခြေအနေက မလွယ်တော့ပါဘူး။ ဒီထက်ပိုပြီး တန်ဖိုးကြီးတဲ့ အိမ်၊ ကား၊ တန်ဖိုးကြီး စက်ပစည်းတွေ ဆိုရင်တော့ တခါတခါ အစားထိုးဖို့ ၀ယ်ဖို့ ပိုစဉ်းစား လာရမှာပါ။ တန်ဖိုးလျော့ စရိတ်ရယ်ဆိုပြီး အမြတ်ထဲက ကုန်ကျစရိတ် တစ်ခုကို နှုတ်ခဲ့ရတဲ့ ရည်ရွယ်ချက်က အဲဒီမှာ အဖြေ ထွက်လာတာပါပဲ။ မမြင်နိုင်တဲ့ ဘေးအန္တရာယ်တွေကို ကျွန်တော်တို့ မပြောနိုင်ပေမယ့် မြင်နိုင်တဲ့ တွက်ချက်လို့ရတဲ့ သက်တမ်း တစ်ခုအတွက်တော့ ကာကွယ် လာနိုင်မှာပါ။ ဥပမာဆိုရင် အပေါ်က ပေးခဲ့တဲ့ Calculation ကိုပဲ ပြန်သွား လိုက်ရအောင်။

ကျွန်တော်တို့က ပစ္စည်းတခုရဲ့ တန်ဖိုးကို ၁၀၀၀၀ သက်တမ်း ၅နှစ်နဲ့ တန်ဖိုးလျော့ ကုန်ကျစရိတ် တစ်ခုအနေနဲ့ တနှစ်ကို ၂၀၀၀ အမြတ်ထဲက ဖယ်ထုတ် ခဲ့ကြပါတယ်။ ကိုယ့်ခန့် မှန်းချက်အတိုင်း သက်တမ်း ၅ နှစ်အတွင်း အဲဒီ ပစ္စည်း ပျက်စီးသွားခဲ့ရင် အမြတ်ထဲက ၁နှစ် ၂၀၀၀ စီ ဖဲ့ထုတ်ခဲ့တဲ့ ငွေ ၁၀၀၀၀ က နောက် စက်တလုံး ၀ယ်ယူဖို့ အသင့် ဖြစ်နေပါပြီ။ ငွေကြေး ဖောင်းပွတာကလည်း ထည့်စဉ်းစားသင့်တဲ့ တစ်ချက်ဖြစ်ပေမယ့် အရင်း တန်ဖိုးတခုကို ဖဲ့ထား နိုင်ခဲ့တာကိုက အတော် လုပ်ငန်းအပေါ် သက်သာရာ ရစေပါတယ်။

စဉ်းစားကြည့်ပါ အဲဒီလိုသာ ဖယ်မထားခဲ့ဘူး ဆိုရင် ဒီစက်က ပျက်စီးသွားမယ့် အချိန်မှာ လုပ်ငန်းရဲ့ လက်ထဲမှာ ငွေပိုရှိနေမှာ မဟုတ်ပါဘူး အမြတ် အနေနဲ့ ခွဲဝေပေးလိုက်လို့ ပိုင်ရှင်တွေ ရှယ်ယာရှင်တွေ သုံးတဲ့အထဲ ပါသွားလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မဝယ်မဖြစ်မို့ ပြန်ဝယ်ရတော့မယ် ဆိုတော့ ဘဏ်က ငွေချေးချင်ချေး၊ ပိုင်ရှင်က ငွေထည့်ရင်ထည့် ချေးရင်ချေး တခုခု လုပ်ရပါတော့မယ်။ အဲဒါဆိုရင် လုပ်ငန်းက အကြွေးဆိုတဲ့ ၀န်တခု ထပ်ပိ သွားပါတယ်။ စက်ကတခုတည်း မဟုတ်ဘဲ များများစားစား သာရှိခဲ့ရင် ဒီလုပ်ငန်းက အကြွေး သံသရာထဲက လုံးချာလည် လိုက်ရင်း နာလန်ကို ပြန်ထူနိုင်တော့မှာ မဟုတ်ပါဘူး။

Opportunity Cost

နောက်တခုက Opportunity Cost အခွင့်အလမ်း ဆိုင်ရာ ကုန်ကျစရိတ်။ အတော် များများက ဒီစရိတ်ကို တွက်ရကောင်းမှန်း မသိကြပါဘူး နောက် တွက်ကျ ရင်လည်း တွက်ပုံတွက်နည်း လွဲနေကြတယ်လို့ ထင်တယ်။ Opportunity Cost ဆိုတာ ဘာလည်း ကျွန်တော်တို့ ကြည့်လိုက်ရအောင်။

ကျွန်တော့် မိဘတွေက ပုံနှိပ်စက် လုပ်ငန်း လုပ်ကြတဲ့ သူတွေ ဆိုတော့ ဥပမာကို ပုံနှိပ်စက် လုပ်ငန်းလေးတခုနဲ့ ပေးကြည့်ချင်တယ်။

ကျွန်တော့်မှာ စက်ကတစ်လုံးပဲ ရှိတယ် တစ်နေ့ကို စာရွက် ၁၀၀၀၀ ကျအောင် ရိုက်နိုင်တယ် ဆိုပါစို့။

တပြိုင်တည်းမှာပဲ အလုပ်၂ခု လက်ခံရတယ်။ ၂ ခု လုံးကလည်း မနက်ဖြန် အပြီး အပ်ရမယ်။

ရွက်ရေ ၉၀၀၀ တခု ၈၀၀၀ တခု။

ရွက်ရေ ၉၀၀၀ ရိုက်ရမယ့် အလုပ် (၁)လို့ ခေါ်ရအောင်

သူက ကုန်ကြမ်းစရိတ် ၅၀၀၀၊ အလုပ်သမားစရိတ်က တနေ့ကို ၅၀၀ လက်ခံထားတာက ရ၅၀၀ နဲ့။ အဲဒီတော့ အမြတ်က ၂၀၀၀။

ရွက်ရေ ၈၀၀၀ရိုက်ရမယ့် အလုပ် (၂)လို့ ခေါ်ရအောင်

သူက ကုန်ကြမ်းစရိတ် ၃၂၀၀၊ အလုပ်သမားစရိတ်က တနေ့ကို ၅၀၀ လက်ခံထားတာ ၄၅၀၀ နဲ့။ အမြတ်က ၈၀၀။

ယေဘုယျ အတိုင်း အမြတ်ပိုရတဲ့ အလုပ် (၁)ကို ရွေးရင်တောင် တကယ့်အမြတ်က ၂၀၀၀ ဖြစ်မလာတော့ပါဘူး ဘာလို့လည်းဆိုတော့ သူ့မှာ လက်လွတ် လိုက်ရတဲ့ အခွင့်အလမ်းဆိုင်ရာ ကုန်ကျစရိတ်က ၈၀၀ ရှိလာလို့ပါ။ ဒီအလုပ်ကိုသာ လက်ခံ နိုင်ခဲ့ရင် ၈၀၀ ရမှာကို။ အကယ်လို့ ကိုယ့်မှာသာ Subcon ပေးစရာ ရှိလာရင် ကိုယ့်အတွက် အမြတ်ကျန် ဦးမယ်ဆိုရင် ကိုယ်မရွေးချယ်ခဲ့တဲ့ အလုပ်ကို လက်ခံပြီး Subcon ပေးဖို့ စဉ်းစားရမှာပါ။

Sunk Cost

နောက်တခုကတော့ Sunk Cost လို့ခေါ်တဲ့ ကုန်ကျပြီးသား ကုန်ကျစရိတ်ပါ။ ဒီဆောင်းပါးအတွက် နောက်ဆုံးတခုပါ။ (မဟုတ်ရင် Technical Term တွေချည်းပဲ အရမ်းပြောနေလို့ ငြီးငွေ့သွားကြဦးမယ်)။ လူအတော်များများ တွက်ချက်ရာမှာ ကျန်ခဲ့တဲ့ စရိတ်တမျိုးပါ။ ဘယ်လို မျိုးလဲ ဆိုတော့ အလုပ်သမား စရိတ်လို fix ဖြစ်နေတဲ့ စရိတ်တွေ။ အလုပ်သမားလခက သူ့မှာ အလုပ်ရှိရှိ မရှိရှိ ပေးနေရမယ့် စရိတ်တွေပါ။ အဲဒီ စရိတ်တွေကို တကယ့် အလုပ်လက်ခံဖို့ အမြတ်ငွေ ထည့်တွက်တဲ့ အခါမှာ မသုံးတော့ပါဘူး။ ထည့်မတွက်တော့ပါဘူး။

ဥပမာ နဲ့ ရှင်းရင် ပိုလွယ်မယ် ထင်တယ်။ ပြောကြည့် လိုက်ရအောင်။

ကဲ ဒီတခါ Aircon Installation လုပ်တဲ့ ကုမဏီ တခုအနေနဲ့ ပြောကြည့်မယ်။

သူ့မှာ အလုပ်သမား ၅ ယောက်ရှိတယ်။

သူတို့ အားလုံးပေါင်း တလကို လခ ၆၀၀၀ ပေးထားတယ်။

ခုလထဲ အဆောက်အဦ တစ်ခုမှာ အဲကွန်းဆင်ဖို့ သူတို့ ကုမ္ပဏီကို လာငှားတယ်။

တပ်ရမယ့် အဲကွန်း စုစုပေါင်းရဲ့ တန်ဖိုးက ရ၆၀၀ တခြား အထွေထွေ စရိတ်က ၃၀၀

အလုပ် လာအပ်ကတည်းက သူတို့ ပြောသွားတယ် စုစုပေါင်း ၁၂၀၀၀ ပဲပေးနိုင်မယ်တဲ့။

ယေဘုယျ လူ့သဘာဝအရ တွက်လိုက်တယ်။

ရမှာက ၁၂၀၀၀

အဲကွန်းဖိုး ရ၆၀၀

အထွေထွေစရိတ် ၃၀၀

အလုပ်သမားလခ ၆၀၀၀ = အရှုံး ၁၉၀၀ တော်ပြီ မလုပ်တော့ဘူး။

အဲဒီလို တွက်မိပါလိမ့်မယ် တကယ့် စီးပွားရေး အယူအဆအရတော့ ဘယ်လိုတွက်လည်း ဆိုတော့

ရမှာက ၁၂၀၀၀

အဲကွန်းဖိုး ရ၆၀၀

အထွေထွေစရိတ် ၃၀၀ = အမြတ် ၄၁၀၀

အဲဒီတွက်နည်း ၂ခုကြားက ကွာခြားချက်က ဘာလဲဆိုတော့ အလုပ်သမားစရိတ်ကို ထည့်တွက် မတွက်ပါ။ အလုပ်သမားလခက အလုပ်ရှိလည်း ပေးရမယ် အလုပ်မရှိလည်း ပေးရမယ့် ကုန်ကျပြီးသား ကုန်ကျစရိတ် Sunk Cost ပါ။ အလုပ် လက်ခံတဲ့ နေရာမှာ သူ့ကို ထည့်မစဉ်းစားရပါဘူး။ အားလုံးခြုံရင် အမြတ်ရချင်မှရမယ် ဒါပေမယ့် အလုပ်လက်ခံတဲ့ နေရာမှာတော့ အဲဒီ Sunk Cost ကို ချန်ခဲ့ရပါတယ်။

ကျွန်တော် သတိထားမိသလောက် လူအတော် များများဟာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အလုပ်တွေ လုပ်နေကြတယ် ဆိုပေမယ့် အခြေခံ Concept လေးတွေ လွတ်နေပါတယ်။ ကျွန်တော် ငွေကြေးရဲ့ လည်ပတ်စီးဆင်းပုံနဲ့ အခြား Concept လေးတွေကိုတော့ နောက်မှပဲ ဆက်ရေးပါတော့မယ်။

ခုတော့ ဒီလောက်နဲ့ပဲ နားလိုက်ရအောင် …

(ဒီအက်ဆေးကို လူအတော် များများ လျော့နေတတ်တဲ့ စီးပွားရေး အခြေခံ အချက်အလက်တွေကို စီးပွားရေး လုပ်မယ့် သူငယ်ချင်းတွေ ဂရုပြုမိဖို့ ထည့်စဉ်းစား မိဖို့ ရည်ရွယ်ချက်နဲ့ ရေးဖို့ ကြိုးစားလိုက်တာပါ။ ကျွန်တော့်ရဲ့ အတွေးအမြင်တွေ အယူအဆတွေ ကလည်း အားနည်းတာတွေ မှားနေတာတွေ ရှိရင် ရှိနေပါလိမ့်မယ်။ ရှိရင် ဆွေးနွေးနိုင်ပါတယ် ထောက်ပြနိုင်ပါတယ် ကျွန်တော်က လေ့လာဆဲ ပညာသင် တစ်ယောက်မို့ အားလုံးရဲ့ ဆွေးနွေးမှုတွေကို ဖိတ်ခေါ်ပါတယ်။)

Facebook comments:

12 Responses

  1. Goo Goo says:

    ကျေးဇူးပဲဗျာ.. အဲဒီ စာရင်းကိုင် အပိုင်းတွေ သိချင်နေတာ.. လူတိုင်း အတွက်လဲ သေချာပေါက် အကျိုးရှိမှာပါဗျာ.. :)

  2. saturngod says:

    ရမှာက ၁၂၀၀၀
    အဲကွန်းဖိုး ၇၆၀၀
    အထွေထွေစရိတ် ၃၀ဝ = အမြတ် ၄၁၀၀

    Why not add hour rate ? I think, we should add men power charges. not like salary. 6000/30 = 200. So, 1 day have 8 hour work. 1 hour took 25 kyats. If this process need working, 4 hours. How many workers ? If we assume 3 workers, it should charges 300 kyats. It should be

    ရမှာက ၁၂၀၀၀
    အဲကွန်းဖိုး ၇၆၀၀
    အထွေထွေစရိန် ၃၀၀
    ဝန်ထမ်း ၃ ယောက် ၄ နာရီ စရိတ် ၃၀၀

    အမြတ် ၃၈၀၀

    that is for my side of view.

    • Neou says:

      ကို စေတန်ဂေါ့ ရှင်းတာ မှန်ပါတယ် ကျွန်တော်က ကျွန်တော့်ရဲ့ assume ယူဆချက်ကို စာထဲမှာ ထည့်ရေးဖို့ ကျန်ခဲ့တာပါ။ အဲဒီအတွက် ဆောရီး။ ယူဆချက်အရ ဒီ ပရောဂျက်က ၁လကြာအောင် လုပ်ရမယ်လို့ ယူဆထားတာပါ။ နောက် အလုပ်သမား အကုန်လုံးကို သုံးရမယ်လို့ ယူဆထားလိုက်တာပါ။

      ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့ ယူဆချက်ကို စာထဲမှာ ထည့်ရေးဖို့ လစ်ဟာသွားတယ်။

      အဲဒါ ကျွန်တော့် အားနည်းချက်ပါ……

    • waipyo says:

      ကျနော် သိသလောက် ပါဝင်ဆွေးနွေးပါရစေ။ Sunk cost နဲ့ ပတ်သက်နေလို့ ဒီမှာပဲ ရေးလိုက်ပါ့မယ်။ ကျနော် ကျောင်းတုန်းက accounting ၂ ဘာသာ သင်ခဲ့ဖူးပါတယ်။ အခု ပြောမှာကလည်း ကျနော်မှတ်သားမိသလောက် သာဖြစ်တဲ့အတွက် မှားနေတယ်ထင်ရင် ပြင်ပေးနိုင်ပါတယ်။

      Sunk cost ဆိုတာ ရှင်းရှင်းပြောရရင် မြုပ်သွားတဲ့ငွေပေါ့ဗျာ။ ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ စရိတ်တစ်ခု အနေနဲ့ ကုန်ကျခဲ့ပြီး နောက်ပိုင်း ငွေပြန်ပေါ်လို့ မရတဲ့ ကုန်ကျစရိတ်ကို ခေါ်ပါတယ်။ ဥပမာ ပေးရရင် အဆောက်အဦး (building)၊ စက်ပစ္စည်း (equipment) စတာတွေဟာ sunk cost တွေ ဖြစ်ပါတယ်။ ဒီစရိတ်တွေကို decision making မှာ ထည့်မတွက်ရပါဘူး။

      ကိုနေဦးပေးထားတဲ့ ဥပမာကို ပြန်ကောက်ရရင် အဲကွန်းပြင်ဖို့ company မှာ ဝယ်ထားတဲ့ စက်ပစ္စည်း (equipment) နဲ့ ကား စတာတွေဟာ sunk cost ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို ဝယ်တဲ့အချိန်တုန်းက ကုန်ကျစရိတ် မှတ်ပြီးသားပါ။ အချိန်ပြည့်သုံးသုံး မသုံးသုံး ကုန်ကျစရိတ်က ဒီလောက်ပါပဲ။ အဲဒီတော့ ဒီစရိတ်တွေကို decision making မှာထည့်မတွက်ရပါဘူး။

      ဘာကြောင့်လဲဆိုရင် accounting မှာက ကုန်ကျစရိတ် cash ထွက်သွားပြီဆိုတာနဲ့ စာရင်းမှတ်ရပါတယ်။ ပြီးရင် accounting period အရ account ကိုပိတ်ရပါတယ်။ accounting period က လစဉ်ဖြစ်နိုင်သလို (၃) လတစ်ခါ ၊ (၆)လ တစ်ခါ နဲ့ တစ်နှစ်တစ်ခါ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်နှစ်တစ်ခါ account ညှိတဲ့ဟာကို ဗမာလိုဆိုရင်တော့ နှစ်ချုပ်ရှင်းတမ်း ခေါ်မလားပဲ။ အဲဒီတော့ account ပိတ်တဲ့ အခါကျရင် ဝင်ငွေ၊ ထွက်ငွေ၊ အရှုံး၊ အမြတ် စတာတွေရှိလာပါလိမ့်မယ်။ building ၊ equipment စတာတွေ အတွက် သုံးလိုက်ရတဲ့ cash ဟာ ဝယ်လိုက်တဲ့ accounting period နဲ့သာ သက်ဆိုင်ပါတယ်။ အဲဒီ cash ဟာထွက်သွားပြီ။ နောင်ဘယ်တော့မှ account ထဲပြန်ဝင်လာတော့မှာ မဟုတ်တဲ့အတွက် sunk cost အဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် decision making မှာ sunk cost ကိုထည့်မစဉ်းစားရတာ ဖြစ်ပါတယ်။

      ကျနော်လေ့လာမိသလောက်က salary ဟာ sunk cost မဟုတ်ပါဘူး။ ကိုနေဦးရဲ့ ဥပမာထဲက salary က လစဉ်ပေးရမှာ ဖြစ်တဲ့အတွက် fixed cost အနေနဲ့ထားရပါမယ်။ ကိုစေတန်ရဲ့ ဥပမာထဲက wage က အချိန်နဲ့အမျှ ဒါမှမဟုတ် အလုပ်တစ်ခုချင်းစီ အပေါ် မူတည်ပြီး ပေးတာဖြစ်တဲ့ အတွက် variable cost အဖြစ် သတ်မှတ် ရပါမယ်။ ဒါပေမယ့် အဲဒီ cost (၂) ခုစလုံးဟာ sunk cost concept နဲ့ မသက်ဆိုင်ဘူးလို့ ကျနော်ယူဆပါတယ်။

      အဲကွန်းဥပမာကို ပြန်ကြည့်မယ်ဗျာ။ company က decision making လုပ်တဲ့အထဲမှာ equipment တန်ဖိုး car တန်ဖိုး တွေကို တစိတ်တပိုင်းပဲဖြစ်ဖြစ် နည်းနည်းလေးပဲဖြစ်ဖြစ် ထည့်တွက်နေမယ်ဆိုရင် အရှုံးသာ ထွက်နေဖို့ များလိမ့်မယ်။ မဟုတ်ရင်လည်း အမြတ်နည်းနေမယ်။ အဲဒါတွေ ဖယ်လိုက်မယ်ဆိုရင်တော့ ဒီလိုဖြစ်သွားမယ်။

      ရမှာက ၁၂၀၀၀
      အဲကွန်းဖိုး ၇၆၀၀
      အထွေထွေစရိတ် ၃၀ဝ = အမြတ် ၄၁၀၀

      ဖတ်ခဲ့ မှတ်ခဲ့သမျှ နားလည်သလောက် ဆွေးနွေးထားတာ ဖြစ်ပါတယ်။ မမှန်ဘူးထင်ရင် ပြင်ပေးနိုင်ပါတယ် ခင်ဗျ။

      • Neou says:

        အင်း ကိုဝေဖြိုးပြောတဲ့ စကားကို ကျွန်တော် ပြန်ကောက်ပြီး ပြောပြပါ့မယ်။ Equipment, Building တွေ ဝယ်တဲ့ အခါ သူတို့ရဲ့ စရိတ်ကိုကြည့်ပြီး အဲဒါတွေကို ကျွန်တော်တို့က ပုံသေပစ္စည်း Fixed Asset အဖြစ် classify လုပ်ပါတယ်။ သူတို့က Sunk Cost မဟုတ်ပါဘူး။ Fixed Asset ဆိုတာ ဘာလဲလို့ ဆိုရင် ကား၊ အဆောက်အဦ၊ မြေ၊ တန်ဖိုးကြီး ရေရှည်ခံ စက်ပစ္စည်းတို့လို လုပ်ငန်းရဲ့ တနေ့တာ တာဝန်တွေမှာ တိုက်ရိုက် ပတ်သက်ခြင်းမရှိတော့တဲ့ ပိုင်ဆိုင်မှုတွေကို ဆိုလိုတာပါ။ အဲဒါက Sunk Cost မဟုတ်ပါဘူး။ နောက်ထပ် ကိုဝေဖြိုးသိချင်ရင် ရှိသေးတာ တခု လွဲမှားတတ်တာ တခုက Preliminary Cost ပါ။ Preliminary Cost ဆိုတာ ဘာတွေကို ဆိုလိုတာလည်း ဆိုရင် ကုမ္ပဏီ တခုထောင်မယ်ဆိုရင် အဲဒီကုမ္ပဏီ တခုမဖြစ်ခင် လုပ်ရတဲ့ စာရွက်စာတမ်းစရိတ် ရှေ့နေစရိတ် အစရှိတဲ့ ကုမ္ပဏီ မပေါ်ပေါက်သေးခင် Personal ပေးထားလိုက်ရတဲ့ စရိတ်တွေကို ဆိုလိုတာပါ။

        Sunk Cost ဆိုတာ ပြန်ရှင်းပြပါ့မယ်။ ကျွန်တော်တို့ဟာ အလုပ်တခု လက်ခံခါနီးမှာ ငွေဘယ်လောက်နဲ့ ဒီအလုပ်ကို လက်ခံမလည်း ဆိုတာ တွက်ကြပါတယ်။ အဲဒီအခါ အလုပ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စရိတ်တွေကို အရင် စဉ်းစားပြီး အမြတ်တွက်ကြပါတယ် (တကယ်ကတော့ တွက်ပုံတွက်နည်းတွေ အမျိုးမျိုး ရှိပေမယ့် ဒီလောက်ပဲ ပြောပါရစေ)။ ကိုယ့်ရဲ့ဈေးကို ကိုယ် Set လုပ်လို့ ရရင် ပြဿနာ မဟုတ်ပေမယ့် Tender ခေါ်တဲ့ နေရာမျိုးမှာကျ သူတို့ရဲ့ Set ကို follow လိုက်ရပါတယ်။ အဲဒီအခါ တွက်ပုံတွက်နည်း ကိုယ်လိုချင်သလောက် အမြတ် မဟုတ်တော့ပဲ ရနိုင်သလောက် အမြတ် ဖြစ်လာတာပါ။ အလုပ်သမား စရိတ်ကို ကိုဝေဖြိုးပြောသလို Fixed Cost လို့ ထားလို့ရပါတယ်။ ဒါပေမယ့် ထားရမယ့် နေရာတော့ ကွာပါတယ်။ အဲဒါက ကိုဝေဖြိုးလည်း သိနေမယ်ဆို Absorption Costing နဲ့ Variable Costing တို့မှာ သုံးတဲ့ နည်းပါ။ ဒါက ကိုယ်ကိုယ်တိုင် ဈေးကို သတ်မှတ်ရတဲ့ နေရာမှာ သုံးတဲ့နည်းပေါ့။

        Sunk Cost ကိုတော့ ဘာကြောင့်ခေါ်သလဲဆိုတော့ အကို့မှာ အလုပ်သမား ၂ယောက်ရှိနေတယ်ဆိုရင် အကို့မှာ အလုပ် ရှိရှိမရှိရှိ သူတို့ကို အခြေခံလစာတော့ ပေးနေရမှာပါ။ အကို သူတို့ကို အလုပ်ဘယ်လောက်ခိုင်းတယ် အလုပ်မရှိလို့ ထိုင်နေရတယ်ဆိုတာက ( Overtime မရှိဘူးလို့ ယူဆပေးပါ) အကို အလုပ်တခု လက်ခံလို့ အလုပ်ရဲ့ အမြတ်ငွေကို တွက်တဲ့ နေရာမှာ အသုံးမဝင်တော့ပါဘူး။

        အဲ နောက်တနည်း လွယ်အောင် ပြောကြည့်ရင် စလုံးမှာ SingTelက သူ့ရဲ့ Broadband ကိုယူရင် Macbook တလုံး ပေးပါတယ်။ Macbook ပါလာတဲ့ အတွက် သူ့ကို ပေးရမှာက တလကို ၉၅ဒေါ်လာပါ(အကြမ်းဖျင်းပါ) စာချုပ်က ၂ နှစ်စာချုပ်။ အဲဒါကို ယေဘုယျတွက်မယ်ဆို ၉၅ x ၂၄ = ၂၂၈ဝ ကျတယ်။ အပြင်ပေါက်ဈေး ၁၅၀ဝ (ခု ၁၅၀ဝ လောက်နဲ့ တူပါတယ်) ဆိုရင် အပို ၇၈ဝ ပေးရတယ်လို့ တွက်မိပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ယူဆချက်မှာ အဲဒီလူက အင်တာနက်လိုင်းလိုလို့ လိုင်းတလိုင်းလျှောက်ဖို့ စဉ်းစားနေတဲ့သူလို့ ယူဆကြည့်ရအောင်။ သူက MacBook ရရ မရရ Singtel က အင်တာနက် လိုင်းကို ယူကိုယူမှာပါပဲ။ ကဲ အဲဒီတော့ ပုံမှန် Macbook မပါဘဲ SingTel ရဲ့ အင်တာနက်လိုင်းကြေးက ၄၆.၉ဝဒေါ်လာ ( ၄ရ လို့ပဲ ပြောရအောင်) ရှိပါတယ်။

        ကဲဒါဆို သူ Macbook ကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ Macbook ကိုယူသည်ဖြစ်စေ မယူသည်ဖြစ်စေ SingTel က အင်တာနက် တလိုင်းမှ လိုချင်ရင် တလကို ၄ရဒေါ်လာ ပေးရမှာပါ။ Sunk Cost ဆိုတာ အဲဒါပါ။ အဲဒီတော့ ကျွန်တော်တို့က ဘယ်လောက် အပိုပေးလိုက်ရလည်းပဲ စဉ်းစားမှာပါ။ ၉၅-၄ရ x ၂၄ =၁၁၅၂ အပြင်မှာ Macbook တလုံးကို ဝယ်ရင် ၁၅၀ဝ ပေးရမယ် ဆိုပေမယ့် ဒီမှာတော့ အပို ၁၁၅၂ဒေါ်လာပဲ ပေးရတော့မှာပါ။ Sunk Cost ဆိုတာ အဲဒါပါ………

        (ကျွန်တော်ကိုယ်တိုင်လည်း သင်ယူဆဲ လူတယောက်ဖြစ်တာမို့ အမှားတွေ ပါနိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ အမှားနည်းအောင် ကြိုးစားရှင်းပြထားပါတယ်။ အခုလို ထောက်ပြဆွေးနွေးပေးတဲ့ ကိုထိန်လင်းရွှေနဲ့ ကိုဝေဖြိုးတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပြီး ရှင်းပြသွားမှာပါ။)

        • Neou says:

          ကျွန်တော်ခုမှ ကိုဝေဖြိုးပြောတဲ့ အချက်ကို ပြန်ကြည့်မိတယ် ဟုတ်တယ် Sunk Cost နဲ့ ပတ်သက်လို့ Definition တွေက ကွဲနေတယ်။ တချို့က Fixed Cost လို့ဆိုတယ် တချို့က ရိုးရိုး ကုန်ကျစရိတ် ဒါပေမယ့် ဒီလုပ်ငန်းအပေါ်မှာ အကျိုးသက်ရောက်မှု မရှိတဲ့ စရိတ်၊ ပြန်မရနိုင်မယ့် ပေးကိုပေးရတော့မယ့် စရိတ်အနေနဲ့ ပြောတယ်။

          အဲဒါဆို ကျွန်တော် ဒီနေရာမှာ ကျွန်တော့်ရဲ့ ရှင်းလင်းချက်ကို Sunk Cost အစား Irrevelant Cost လို့ ခေါ်လိုက်မယ် အဲဒါဆို ပိုရှင်းလွယ်တယ် Investopedia ရဲ့ ဟောဒီက Definition ကို ကိုးကားပြီးတော့ပေါ့.
          As with relevant costs, irrelevant costs may be irrelevant for some situations but relevant for others. Examples of irrelevant costs are fixed overheads, notional costs, sunk costs and book values.
          (Investopedia)

          • Thiha says:

            ဆွေးနွေးတာတွေ ဖတ်ရတာ မင်္ဂလာ ရှိလိုက်တာဗျာ

          • waipyo says:

            ကျနော်လည်း ကျောင်းတုန်းက သင်ခဲ့ဖူးသလောက် ပါဝင်ဆွေးနွေးတာပါ။ ကျနော် ရှင်းထားတဲ့ sunk cost အကြောင်းက အခြေခံလောက်ပါပဲ။ ကိုနေဦးရဲ့ ဥပမာကို ကိုစေတန်က အမြင်တစ်မျိုးနဲ့ နားလည်နေလို့ ကူပြီးဝင်ရှင်းပေးချင်တဲ့ သဘောပါ။ accounting အပြင်ကလူတွေ နားလည်ဖို့ ရည်ရွယ်ပါတယ်။

            တကယ်ဆိုရင် accounting က အင်မတန်ကျယ်ပြန့်ပါတယ်။ မှတ်ပုံမှတ်နည်းတွေ စာရင်းထုတ်ပုံတွေကလည်း အမျိုးမျိုးပါပဲ။ ကိုနေဦးလို အပြင်လူ နားလည်အောင် ရေးပေးဖေါ်ရတာနဲ့တင် ကျေးဇူးတင်စရာ ကောင်းနေပါပြီ။ နောက်များ အဆင်ပြေတဲ့အခါ ကျရင်လည်း ကျနော် ဝင်ပြီး ဆွေးနွေးပါဦးမယ်။

            ကျေးဇူးတင်ပါတယ်။

          • Neou says:

            ဟုတ်ကဲ့ပါ ကိုဝေဖြိုးရေ အကို ကူပြီး ရှင်းပေးတာကိုလည်း ကျေးဇူးတင်ပါတယ် အခုလို အကိုတို့က ပါဝင်ဆွေးနွေးပေးတာကိုပဲ ကျွန်တော်က အရမ်းကျေးဇူးတင်ပါတယ်….

            ဟုတ်ပါတယ် အကို စီးပွားရေး Subject က One Way သွားတာ နည်းပါတယ် ဟိုလိုလည်းဟုတ် ဒီလိုလည်းဟုတ်နဲ့ အငြင်းပွားဖွယ်ရာတွေက ပိုလို့ များပါတယ်…….

            နောက်လည်း ကြုံရင် ကြုံသလို ဝင်ရောက်ဆွေးနွေးပေးပါအုံး အကိုရေ ကျေးဇူးအရမ်းတင်ပါတယ်……..

  3. myanmartutorials ကို နာမည်ပြောင်းသင့်ပြီ…။ myanarprofessional ဆိုပြီး…။ :)

    • Yangonese says:

      ဟုတ်ပဗျာ တစ်နေ့တစ်ခြား လူငယ်တွေ Professional လိုင်းဘက်ကူးပြောင်းနိုင်အောင် ပံ့ပိုးပေးနေတာ အားရစရာကြီးပါ။ အရမ်းကို ကောင်းမွန်ပါတယ်။ ဒီလိုဆိုဒ်မျိုးတွေ အများကြီး အများကြီးရှိလာရင် အကောင်းဆုံးပါပဲ။

Leave a comment


*