ငွေကျုံ့ခြင်းနဲ့ အကျိုးဆက်များ
ကျွန်တော် အရင်တခေါက်က ငွေဖောင်းပွခြင်းအကြောင်းကို ရေးဖူးတယ်။ လူတွေကလည်း ငွေဖောင်းပွမှု အကြောင်းကို စိတ်ဝင်စားကြတယ်။ ဒါပေမယ့် လူတွေ ငွေကျုံ့တဲ့ အခါ ဘယ်လို တုံ့ပြန်ရမယ် သူ့ရဲ့ အကျိုးဆက်ကို မသိတာက များနေတယ်လို့ ခံစားရတယ်။ နောက် ခုအချိန်အခါ များမှာကလည်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ တန်ဖိုးက တက်လာတယ်ကို အရင်က အစိမ်း ၁ဒေါ်လာကို ၁၀၀၀၊ ၁၂၀၀ က ခုဆို ၈၅၀ ၀န်းကျင်မှာ၊ စလုံး ၁ဒေါ်လာ ၈၅၀ ၀န်းကျင်က ခု ၆၅၀ ၀န်းကျင်မှာဖြစ်နေအောင်ကို မြန်မာကျပ်ငွေ တန်ဖိုးက မာနေတယ်။ လူတွေကလည်း စိတ်ဝင်စားတယ် ဘယ်လို လုပ်မလဲ ဘာဖြစ်လာမလဲ။ ကျွန်တော်လည်း သိချင်တယ် ဘာဖြစ်လာမလဲ ဒီစျေးသာ ရေရှည်ဆိုရင် စီးပွားရေး လုပ်ငန်းတွေ အပေါ် ဘယ်လို အကျိုး သက်ရောက်မလဲ။ ကျွန်တော် ဉာဏ်မီသလောက် လေ့လာဖူးသလောက်လေးနဲ့ ဒီအကြောင်းလေးကို ကျွန်တော် ဆွေးနွေးကြည့်ရအောင်…….
ပထမဆုံး ငွေကျုံ့ခြင်း (Deflation) ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်လေးကို ကြည့်ကြည့်ရအောင်
“In economics, deflation is a decrease in the general price level of goods and services.[1] Deflation occurs when the annual inflation rate falls below 0% (a negative inflation rate).”
ဒါ ကျွန်တော် wiki ထဲက ကူးလာတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပါ။ ငွေကျုံ့တယ်ဆိုတာ ကုန်ပစ္စည်းတွေ ၀န်ဆောင်မှုတွေရဲ့ ယေဘုယျ စျေးနှုန်းတွေ ကျလာတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့်ပြောရရင် ငွေကျုံ့တယ်ဆိုတာ ငွေဖောင်းပွတာရဲ့ ပြောင်းပြန် ငွေဖောင်းပွမှုနှုန်းက သုည ရာနှုန်းအောက်ကို ရောက်သွားတာ အနှုတ်ပြသွားတာကို ဆိုလိုတာပါ။
ဒါဆို ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်ကြည့်ရအောင် နိုင်ငံခြား ငွေလဲလှယ်နှုန်းတွေ ကျသွားတယ် ဆိုပေမယ့် ပြည်တွင်းက စျေးနှုန်းတွေ တန်ဖိုးကျလာပြီလား။ ကျွန်တော် အတိအကျ မသိပါဘူး အင်တာနက်က ဖတ်ရသလောက် စျေးနှုန်းတွေကိုပဲ သိရတဲ့သူ တယောက်အနေနဲ့တော့ ခု နှစ်ပိုင်းအတွင်းမှာ ကားစျေးကလွဲလို့ အခြေခံ စားကုန် သောက်ကုန်တွေက စျေးကျ မသွားပါဘူး နေမြဲ အတိုင်း တချို့ရှိသလို ထပ်တောင် တက်လာတာမျိုးတွေ ကြားနေရပါတယ်။ ဒါဆို ဒါဟာ ငွေကျုံ့တာလား။
ငွေကျုံ့ရခြင်းရဲ့ အကြောင်းတွေကို တချက် ပြန်ပြောကြည့်ချင်တယ်။ ယေဘုယျအားဖြင့် ငွေဘာကြောင့် ကျုံ့ရတယ်ပေါ့။ ပထမ ၀ယ်လိုအား ကျသွားတဲ့ဖြစ်ရပ်က စတယ်လို့ ဆိုရပါမယ်။ ကုန်ပစ္စည်းတွေကို ၀ယ်လိုအား ကျသွားတော့ အဲသည့် ကုန်ပစ္စည်းတွေက ဘာဖြစ်လာမလဲဆိုတော့ စျေးကျလာတယ် လိုချင်သူ ဝယ်လိုသူနည်းနေတာကို အဲသည့်တော့ ဘာလုပ်ပေးရမလဲဆိုတော့ စျေးချရောင်းရတယ်။ အဲဒီမှာ လူတွေက သိတယ် စျေးကျတော့မယ်ဆိုတာ သိတော့ မဝယ်ဘူး ထပ်ကျမှာ စောင့်တယ် အဲသည့်တော့ ထပ်ကျတယ်။ အဲဒီလို ၀ယ်လိုအားကျသွားတော့ ကုန်ထုတ်တွေ ရပ်သွားတယ်။ ကုန်ထုတ်လုပ်မှုတွေ ရပ်သွားတာနဲ့ အမျှ ရင်းနှီးမြှပ်နှံမှုတေကွ လည်း ကျလာတယ်။ နောက် စျေးတွေ ထပ်ကျတယ် အဲဒါကို ဘာလို့ခေါ်လည်းဆိုတော့ deflationary spiralလို့ခေါ်ပါတယ်။
နောက်တခုက ဘယ်အချိန်မှာ ပိုဖြစ်တတ်သလဲဆိုတော့ supply of money က ကျနေတဲ့အချိန်၊ supply of goods က တက်နေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ လူတွေလက်ထဲမှာ ငွေကနည်း ဒါပေမယ့် ရောင်းချင်တဲ့ ကုန်ရဲ့ ပမာဏက များတော့ စျေးကကျလာရာကနေ ငွေကျုံ့လာတာပါ။ ကျွန်တော်တို့တတွေက ငွေကျုံ့တယ်ဆိုတာနဲ့ ကောင်းရောချည်းပဲ ထင်တတ် မှတ်တတ်ကြပါတယ်။ ဒါပေမယ့် တကယ် စဉ်းစားကြည့်ရင် ဒါက ယေဘုယျအားဖြင့်တော့ အကောင်းထက် စီးပွားဆုတ်ယုတ်မှုတွေကို ပြနေတဲ့ အချက်ပါ။ ဘာလို့ supply of money နည်းသလဲ လူတွေ လက်ထဲမှာ ဘာကြောင့် ငွေနည်းနေရသလဲ။ ကောင်းတဲ့ဘက်က စဉ်းစားရင် လူတွေ ငွေအရမ်းစုကြလို့ ဖြစ်နိုင်သလို အဆိုးဖက်က တွေးရင် လူတွေဝင်ငွေနည်းလို့ မသုံးနိုင် မဝယ်နိုင်ဖြစ်သွားကြတာပါ။
ကျွန်တော်တို့နိုင်ငံက ဖြစ်ရပ်ကိုကော ခု ငွေကျုံ့တယ်လို့ ခေါ်မလား။ ဖြစ်လာနိုင်စရာ ရှိတယ်ဆိုပေမယ့် ခုအနေအထားကိုတော့ ငွေကျုံ့တယ်လို့ လက်မခံနိုင်သေးပါဘူး။ ငွေကျုံ့တယ်ဆိုတာ ပိုက်ဆံ တန်ဖိုးတခုက အရင်က ၀ယ်လို့ရတဲ့ ပမာဏထက် ပိုပြီး ၀ယ်နိုင်တာကို ဆိုလိုတာပါ။ ခု မြန်မာကျပ်ငွေက အစိမ်းပိုများများရပေမယ့် ကျန်တာတွေမှာတော့ ထူးမလာ သေးသလိုပါပဲ (ကျွန်တော်မသိလို့လည်း ဖြစ်နိုင်ပါတယ်)။
ငွေကျုံ့လာရင် ဘာတွေဖြစ်လာမလဲ။ တကယ်များ Deflation ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့တွေ သိထားရမယ့် အချက်ပါ။ Deflation ဖြစ်မယ် ကုန်တွေရဲ့ စျေးကျမယ် အထက်မှာ ပြောခဲ့တဲ့အတိုင်း လူတွေက စျေးကျတာ ထပ်စောင့်ရင်း ၀ယ်အားနည်းလာမယ့် အဲသည့်တော့ စျေးထပ်ကျလာမယ် ဆိုရင် စက်ရုံတွေ လုပ်ငန်းတွေက ယခင် ရနေကြ အမြတ်ကို ရအောင် ဒါမှမဟုတ် မရှုံးအောင် ရှာနိုင်ဖို့ကိုပဲ မနည်း ကြိုးစားရပါလိမ့်မယ်။ အဲသည့်အခါကျ ဘာလုပ်မလဲဆိုတော့ အလုပ်သမားတွေ ဖြုတ်မယ် ဖြုတ်တော့ လူတွေ အလုပ်လက်မဲ့
များလာမယ် အဲသည့်တော့ လူတွေရဲ့ပိုက်ဆံသုံးနိုင်အား တနည်းအားဖြင့် ကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအား ထပ်ကျလာမယ်။ ဒီလိုနဲ့ စီးပွားရေးက depression ဖြစ်လာနိုင်ပါတယ်။ အဲဒီလို depression ထဲက ရုန်းထွက်နိုင်အောင် အတိုးနှုန်း ပြင်ဆင်သတ်မှတ်တာတို့ အခြား လိုအပ်တာတွေကိုတော့ အစိုးရက လုပ်ဆောင်ပေးရပါတယ်။
ကျွန်တော်နားလည်ထားသလောက် တရိပ်ရိပ်နဲ့ မှန်မှန်ကြီး ငွေဖောင်းပွခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံက သူတွေမှာ ငွေကျုံ့သွားရင် ဘာလုပ်ရမလဲ ဆိုတဲ့ အတွေ့အကြုံ ရှိမယ် မထင်ပါဘူး။ လူအတော်များများက ဘာလုပ်လို့ လုပ်ရမယ်မှန်းသိမယ် မထင်ပါဘူး။ ကျွန်တော် နားလည် သလောက်လေး ဆွေးနွေးကြည့်မယ်။ ခုလို မြန်မာကျပ်ငွေက ခိုင်မာလာတာ ရေရှည်ဖြစ်လာမယ် ဆိုရင်တော့ ဒါက တကယ်ကို Deflation ကို ဦးတည် သွားနိုင်ပါတယ်။ ခု ဖြစ်တဲ့ ငွေစျေးကြောင့် အဓိက ထိခိုက်မယ့်သူတွေက ဘယ်သူတွေလည်းဆိုတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူ၊ နိုင်ငံခြားငွေနဲ့ ရတဲ့သူ တွေနဲ့ လုပ်ငန်းအားဖြင့်ဆို Export လုပ်ငန်းတွေပါ။
Export လုပ်ငန်းတွေထိခိုက်လာခြင်းက ပြည်တွင်းစျေးကို ရိုက်ခတ်လာမှာ အမှန်ပါပဲ။ ဘာလို့လည့်းဆိုတော့ အရင်က အစိမ်း ၁၀၀၀ စျေးမှာ နှမ်းတတင်း ကျပ် ၁၈၀၀၀ နဲ့ ၀ယ်ပြီး နိုင်ငံခြားကိုပို့လို့ တတင်းကို အစိမ်း ဒေါ်လာ ၂၀ နဲ့ ရောင်းမယ်ထားပါ ဥပမာပေါ့။ ကုန်ပို့သူက နိုင်ငံခြားမှာ ဖြစ်နေတဲ့ ပေါက်စျေးကို လှမ်းထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဝယ်လက်အတွက် source က ကိုယ်တခုထဲ မဟုတ်သလို တခြားနိုင်ငံတွေလည်း ရှိနေနိုင်တာကို။ အဲသည့်တော့ တွက်ကြည့်မယ် အရင်က နှမ်းတတင်း ၁၈၀၀၀ နဲ့ ၀ယ်မယ်။ အပြင်မှာ ဒေါ်လာ ၂၀ ပြန်ယူလာရင် ငွေ ၂၀၀၀၀ ကျပ်ရမယ်။ ကဲ ခု လို ၈၅၀ ဖြစ်သွားရင် ပြန်ယူလာတဲ့အခါ ဒေါ်လာ ၂၀က ကျပ် ၂၀၀၀၀ကျပ်ရမယ်။ ကဲခုလို ၈၅၀ ဖြစ်သွားရင် ပြန်ယူလာတဲ့အခါ ဒေါ်လာ ၂၀က ကျပ် ၂၀၀၀၀ မတန်တော့ဘူး။ ၁၇၀၀၀ ပဲ ကျန်တော့မယ်။ ကဲ ရှုံးနေပါပြီ ရှုံးနေရင် သူတို့ ဒီစျေးအတိုင်း ထပ်ဝယ် ထပ်ပို့မယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ ငွေစျေးကလည်း Out of Control နိုင်ငံခြားမှာ ပေါက်တဲ့ နှမ်းတတင်းရဲ့ စျေးကလည်း Out of Control ဆိုရင် သူတို့ လုပ်နိုင်တာ ဘာရှိမလဲ။ နှမ်းကို အရင်က ၁၈၀၀၀ ပေးဝယ်ရာကနေ စျေးလျှော့ဝယ်မယ်။ အဲဒီလိုနဲ့ ဆန်၊ ပဲ၊ နှမ်း အစ ရှိတဲ့ ကုန်တွေ စျေးကျလာရင်းကနေ ကျန်တဲ့ စျေးတွေပါ ရေရှည်မှာလိုက်လာပြီး တကယ့် Deflation ဖြစ်လာနိုင်ပါတယ်။
ကျွန်တော့်ထက် နားလည်တတ်ကျွမ်းတဲ့ ဘောဂဗေဒ ပညာရှင်တွေ ရှိမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော် လက်လှမ်းမီသလောက် အသိပညာနဲ့ ဆိုရင် Deflation ကို ဘယ်လို ရင်ဆိုင်မလဲ။ ဟုတ် ကျွန်တော်သာ လုပ်ငန်း လုပ်နေသူသာဆို လုပ်ငန်း လည်ပတ်မှု ရပ်မသွားဖို့ကို အဓိက ကြိုးစားမှာပါ။ Deflation ကြောင့် ကျွန်တော်တို့ ငွေကြေး ကိန်းဂဏန်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ၁သောင်းနဲ့ ၀ယ်ထားတဲ့ ပစ္စည်းတခုကို ၈ထောင်နဲ့ ရောင်းလိုက်ရတာတို့ ဖြစ်သွားနိုင်ပါတယ်။ ဒါ ကိန်းဂဏန်း ဆုံးရှုံးသွားတာပါ။ ဒါပေမယ့် ငွေကြေးရဲ့ ၀ယ်နိုင်စွမ်းအား(Purchasing Power)က လျော့မသွားပါဘူး။ နောက် တူညီတဲ့ ကုန်တခုကို ကိုယ်ရောင်းလိုက်ရတဲ့ စျေး ပတ်ဝန်းကျင်မှာ ပြန်ဝယ်နိုင်မှာကို။ ခု ကားတွေ စျေးကျသလိုပေါ့ အရင်က သိန်း၃၅၀ ပေးရတဲ့ ကား ခု ၁၅၀ ပဲ ကျန်တယ်။ ရှုံးသွားပါတယ် ကိန်းဂဏန်း ဒါပေမယ့် အဲသည့်ကားကို ရောင်းလိုက်လို့ ၁၅၀ ရရင် အဲသည့် ၁၅၀နဲ့ပဲ အရင်က သိန်း ၃၅၀ ၀န်းကျင်တန်ပါတယ်ဆိုတဲ့ ကားကို မဝယ်နိုင်ဘူးလား။ ၀ယ်နိုင်နေပြီလေ။
ငွေကြေး ကိန်းဂဏန်းအရ တစုံတရာ ရှုံးသွားခဲ့ရင်တောင် ကျွန်တော်တို့ panic ဖြစ်ပြီး ရပ်မသွားဖို့လိုပါတယ်။ ပြောင်းလဲသွားရင် ပြောင်းလဲသွားမှာက ကိုယ်တယောက်တည်း မဟုတ်ဘူး တစ်နိုင်ငံလုံး၊ ကိုယ့်လုပ်ငန်းသည် ရှုံးသွားသော်ငြားလည်း ပြောင်းလဲသွားတဲ့ ငွေကြေးတန်ဖိုးသစ်မှာ စီးမျောလိုက်သွားနိုင်ရမယ်။ Deflation ဖြစ်လာရင် ကုန်ကြမ်း တန်ဖိုးသာမက အလုပ်သမားလခ အပါအဝင် အခြား အထွေထွေ စရိတ်တွေလည်း ကျလာမှာပါ။ လိုအပ်တာက လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ပါပဲ။ အကယ်လို့များ ၀ယ်ထားတာတွေ ရှုံးတယ် မကျန်ဘူး မရောင်းဘူး ထပ်မဝယ်ဘူး။ ထိုင်နေမယ်ဆိုရင် ဘာဖြစ်လာမလဲ လုပ်ငန်းက ရပ်သွားဖို့ပဲ ရှိပါတယ်။
ကျွန်တော် Financial Management ကို လေ့လာပြီးနောက်ပိုင်းမှာ ယုံကြည်လာတာလေး ရှိတယ်။ လုပ်ငန်းတခုက အမြတ်မရလည်း ဘာမှ မဖြစ်ဘူး ၁ နှစ်တန်သည် ၂နှစ်တန်သည် ချေးငွေနဲ့ပဲဖြစ်ဖြစ် သူဌေးက ကျားကန်ထားလို့ပဲ ဖြစ်ဖြစ် ဆက်လှုပ်ရှားလို့ရတယ်။ အဲ Cash flow က အနှုတ်ပြပြီး ပိုက်ဆံ မရှိတော့ရင်တော့ အဲသည့် လုပ်ငန်း ဘယ်လောက်မြတ်မြတ် ချက်ချင်း ရပ်သွားမှာပါပဲ။
အဲသည့်တော့ ကျွန်တော်သာဆို ဘာပဲဖြစ်နေနေ Cash flow ရပ်မသွားအောင် လုပ်ငန်းလည်ပတ်မှု တန့်မသွားအောင် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ပြီး ဆက်သွားမယ်လို့ ယုံကြည်မိပါတယ်။
Facebook comments:




ခေါင်းစဉ်မှာ အောက်ကမြစ်(့) ကျန်ခဲ့တယ်ခင်ဗျ။
ပြင်လိုက်ပါပြီခင်ဗျ
OnLine ပြန်တက်လာတာ၀မ်းသာတယ်ဗျို့။
ကျနော်နဲနဲ ဆွေးနွေးချင်ပါတယ်။ အဲလိုမှ မလုပ်ရင် ကျပ်ငွေခိုင်မာလာပြီလို့ ထင်မှာ ဆိုးလို့ပါ။ တကယ်က ကျပ်ငွေခိုင်မာလာတာ မဟုတ်ပါဘူး။ ဒေါ်လာက ကျသွားတာပါ။ ကျနော်ရရှိတဲ့ သတင်းများအရ US$ 500-600 Billion လောက်ကို ရိုက်ထုတ်လိုက်တယ်လို့ ကြားမိပါတယ်။ ၅၀၀ ဘီလျံဆိုတာ ရန်ကုန်မြို့ကို Singapore လိုပြင်နိုင်မဲ့အပြင် ရန်ကုန်၊ မန္တလေး နဲ့ အဓိက မြို့ကြီးတွေကို TGV (ကမ္ဘာပေါ်တွင် ဘီးတပ်ရထားများတွင် အမြန်ဆုံး: တစ်နာရီ ၃၅၇မိုင်) (ပုံမှန်နှုန်း တစ်နာရီ မိုင်၂၀၀)ရထားလမ်းဖောက်လို့ ရပါတယ်။ ဒါမှ မဟုတ် Concord လေယာဉ်(ဆက်ထုတ်ခဲ့လျှင်)(ယခု သန်း၄၀၀-၅၀၀လောက်တန်ပါသည်) ကို အစင်း ၁၀၀၀ ဝယ်လို့ရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လေကြောင်းလိုင်း ထောင်လို့ ရပါတယ်။ ဘာလို့ အဲဒီလောက်တောင် ရိုက်ထုတ်လိုက်ရလဲ ဆိုတော့ တရုတ်က သူ့ ယွမ်ငွေတန်ဖိုးကို မမြင့်လို့ပါ။ အမေရိကန်က ယွမ်ငွေတန်ဖိုး မြင့်ပေးပါ၊ မြင့်ပေးပါနဲ့ ပြောနေတာကြာပါပြီ။ တရုတ်က ၁ ဒေါ်လာကို ၈ယွမ် နားမှာပဲ ထားထားပါတယ်။ ချတော့လဲ ဒသမ(.) လောက်ပဲ ချ၊ ပြီးတော့ ပြန်တင်တာပါပဲ။ အဲဒီတော့ တရုတ်က မတင်တော့ အမေရိကန်က ချရတော့တာပေါ့။
(မြေနီကုန်းရောက်လို့ ကျနော် ဆင်းပြီနော်)
ပြောမယ်ဆိုရင် ရယ်ဖို့တောင် ကောင်းပါတယ်။ ကလေးအကွက်နဲ့ တရုတ်ကို လုပ်လိုက်တာပါပဲ။ အဲဒီတော့ ဒေါ်လာက တစ်ကမ္ဘာလုံးမှာ ဘုံငွေအဖြစ်ထားထားတော့ သူနဲ့ ချိတ်ထားတာတွေပါ ကျကုန်ရော။ အခုတလောတင် ကျနော် ဘန်ကောက်သွားတော့ ရောက်တဲ့ နေ့မှာ ၃၂ ဘတ်ရှိပါတယ်။ ပြန်တဲ့ နေ့မှာ ၂၉ ဘတ်ပဲ ရှိပါတော့တယ်။ အဲဒီတော့ ထိုင်းကို လာလည်တဲ့သူတွေက (အရင်ကထက်)ငွေသိပ်မသုံးနိုင်တော့ဘူးပေါ့။ နောက်ဆက်တွဲ အနေနဲ့ ထိုင်း စျေးသည်တွေ ငွေမရွင်တော့ဘူးပေါ့။ ကျနော့် အမြင်အရ ငွေဖေါင်းပွမှုက ပြည်တွင်းထဲမှာ စပြီး၊ ပြည်တွင်းမှာပဲ ခံရပါတယ်။ ငွေကျုံ့မှုမှာတော့ ပြည်တွင်းကရော ပြည်ပကရော ဖြစ်နိုုင်ပေမဲ့ ပြည်ပကနေ ခံရတယ်လို့မြင်ပါတယ်။ အဲဒီတော့ ငွေကျုံ့တယ်ဆိုပြီး ကန်စွန်းရွက်စျေးတွေ၊ ပဲနီလေး စျေးတွေ၊ ပဲဆီစျေးတွေ၊ ဆန်စျေးတွေ ကျမယ်မထင်နဲ့။ အဲဒါနဲ့ ဘာမှ မဆိုင်ပါဘူး။ မြေသြဇာ စျေးကျလို့နဲ့ ပြည်ပက မဝယ်လို့(ဒီကလဲ အရှုံးခံပြီးမရောင်းပါဘူး) နဲနဲကျရင်သာ ကျမှာ၊ ဒေါ်လာစျေးလောက်ကျမယ်ထင်ပြီး ကျစျေးကျမှ ဝယ်မယ်ဆိုရင်တော့ ငတ်သေပါလိမ့်မယ်။ အခု ကိုယ့်ငွေတန်ဖိုးတက်လာတယ်(ဒေါ်လာကျသွားတယ်) ဆိုတာက တစ်ကမ္ဘာလုံးပါ။ မြန်မာနိုင်ငံ တစ်ခုတည်း ကွက်ပြီး တက်လာတယ်ဆိုမှ တစ်ကယ်ကို တက်တယ်လို့ ပြောရမှာပါ။ ဒါကလဲ နိုင်ငံရေး မူဝါဒနဲ့ စီးပွားရေး မူဝါဒတွေအပေါ်မှာ မူတည်နေပါတယ်။ စီးပွားရေးဆိုတာက နိုင်ငံရေးပေါ်မှာ မူတည်နေပေမဲ့ စီးပွားရေးကြောင့် နိုင်ငံရေးမှာပါ ပြဿနာတွေ တက်ဖူးတဲ့ သာဓကတွေရှိသလို နိုင်ငံရေးလောက်လဲ မှန်းဆရ မလွယ်ပါဘူး။ နောက်ပြီး ဒီနေ့ တရုတ်ယွမ်ငွေဟာ တစ်ဒေါ်လာကို ၆.၅ယွမ် လောက်ထိ(စျေး)ကျသွားပြီး၊ တရားဝင်မြန်မာငွေ(ကျပ်)တန်ဖိုးဟာ ၁ဒေါ်လာကို ၆.၄ကျပ်ရှိပါတယ်။
P.S
I posted with zawgyi font. I cant type with MM3 font right now. So sorry for that.
ကို TG ရဲ့ ဆွေးနွေးချက်လေးနဲ့ ပတ်သက်လို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်အတွက်လည်း လူတယောက်ရဲ့ အမြင်အသစ်တခုရမိလို့ ကျေနပ်မိပါတယ်။
ကျွန်တော်အထက်ပါဆောင်းပါးမှာ ငွေကျုံ့ခြင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောပြခဲ့သလို မြန်မာပြည်မှာ ဒေါ်လာစျေးကလွဲလို့ တခြားစျေးနှုန်းတွေ မကျတာကို ရှင်းပြခဲ့ပါတယ်။ တနည်းအားဖြင့် ကျွန်တော် ငွေကျုံ့သွားတယ်လို့ လက်မခံသေးတာကို ပြောပြချင်တာပါ။
ဒါပေမယ့် ရေရှည်ဖြစ်လာခဲ့ရင်တော့ ဒါဟာ ဦးတည်သွားနိုင်တဲ့ အနေကို ရှင်းပြခဲ့ပါတယ်။ အမေရိကန်က ဒေါ်လာတွေ အများအပြားရိုက်ထုတ်ခဲ့လို့ အမေရိကန်ဒေါ်လာတန်ဖိုးက နိုင်ငံတိုင်းနဲ့ ယှဉ်လို့ ကြသွားတာကို ကျွန်တော်လည်း သိပါတယ်။ ဒါနဲ့ အကို ပေးထားတဲ့ ဥပမာလေးနဲ့ ပဲ ပြန်ပြောကြည့်ရအောင်
လွန်ခဲ့တဲ့ ၂၀၁၀ခု ဇန်နဝါရီ ၁၀ မှာ ၁ဒေါ်လာကို ဘတ်ငွေ ၃၃.၆၃၅၀ ရနေပြီး ခု နောက်ဆုံး ၂၁ ဇန်နဝါရီ ၁၁ မှာ ၁ဒေါ်လာကို ဘတ်ငွေ ၃၀.၆၁၇၉ ရပါတယ်။
သူရဲ့ movement က ၉၁.၀၃% ပါ။
နောက် ကျပ်နဲ့ ဒေါ်လာစျေး ၂၀၁၀ ဇန်နဝါရီ ၁၀မှာ ၁ဒေါ်လာကို ၁၀၀၄-၁၀၀၇ ကျပ်ဖြစ်ပြီး
ခု နောက်ဆုံး ၂၁ ဇန်နဝါရီ ၁၁ ပါ ၁ ဒေါ်လာကို ၈၆၅-၈၇၀ စျေးပါ
သူရဲ့ movement က ၈၆.၁၆% ရှိပါတယ်။
ကဲ မြန်မာပြည်က မြန်မာကျပ်ငွေနဲ့ နေတဲ့သူ တယောက် ဘန်ကောက်သွားဖို့ ကျပ်ငွေကနေ ဒေါ်လာဝယ် ဘန်ကောက်ရောက်တော့ ဘတ်ပြန်လဲမယ့် သူအတွက် ကျွန်တော်တို့က မသုံးရဲစရာ မဝယ်ရဲစရာ ဘာများရှိသလဲ၊ အမေရိကန်ဒေါ်လာစားတွေ အမေရိကန်နိုင်ငံသားတွေအတွက်တော့ ပြဿနာဖြစ်ရင် ဖြစ်ပါ့မယ်။ ဒါပေမယ့် တခြားနိုင်ငံသားတွေအတွက် ဒါဟာ ပြဿနာတရပ်မဟုတ်ဘူးလို့ ပြောရမလားဘဲ။ နောက် ကျွန်တော်နဲ့ နီးစပ်တာပြောရရင် စလုံးဒေါ်လာနဲ့ ဘတ် ကြားစျေးက အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၈ ဇန်နဝါရီ ၂၀၁၀ မှာ ၂၃.၉၉၇၇ နဲ့ ခုလက်ရှိနောက်ဆုံးစျေးက ၂၃.၇၇၆၆ ပါ။
ကျွန်တော် ငွေကျုံ့တယ်လို့ မဆိုလိုခဲ့ပါဘူး။ ဒါပေမယ့် တခြားနိုင်ငံတွေထက်စာရင် ထူးထူးခြားခြား ရွေ့သွားတဲ့ မြန်မာကျပ်ငွေရဲ့ ပြောင်းလဲမှုကိုတော့ ဂရုပြုမိပါတယ်။ ဒေါ်လာစျေးကျရုံလေးနဲ့တော့ အကိုပြောတဲ့ ကန်စွန်းရွက်စျေး ကျမသွားသေးပါဘူး ဒါပေမယ့် ဒေါ်လာနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စျေးတွေကတော့ ပြောင်းလဲလာတာတွေ့ရပါလိမ့်မယ်။
အရင်းလည်း ထူးမလိုတဲ့ လောက်စာလုံးတွေ စျေးတက်တာ ကုန်ကြမ်းစျေးတက်လို့ထက် ရောင်းတဲ့သူ စားတဲ့ စားကုန်တွေ စျေးတက်လို့ ဆိုသလိုပေါ့ဗျာ။ စီးပွားရေးက မပတ်သက်ပေမယ့် ဆက်နွယ်ပါတယ်။
အကို ဆွေးနွေးတာလေးကို သဘောလည်း ကျမိပါတယ်။ ငွေကျုံ့တယ် ထင်မှာစိုးလို့ သတိပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငွေကျုံ့တယ်လို့ မယူဆသေးပေမယ့် ဖြစ်လာခဲ့ရင် ဘာလုပ်မလည်းဆိုတာကို ဆွေးနွေးပြခဲ့တာပါ။ Forex ကို လေ့လာနေသူအနေနဲ့ ကန်ဒေါ်လာစျေးတွေ ကမ္ဘာနဲ့ အဝှမ်း ပြန်တက်လာတာကို ဂရုစိုက်မိနေပါတယ် ကျွန်တော်တို့ မြန်မာတွေလည်း မြန်မာငွေတန်ဖိုး အရွေ့ကို ဂရုပြုပြီး ပြင်ဆင်မှုတွေလိုအပ်လာခဲ့ရင် လိုအပ်တဲ့အချိန်မှာ အဆင်ပြေပြေ လုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်ဗျာ…….
(အချိန်လည်း လင့်ပြီမို့ နားလိုက်ဦးမယ်ဗျာ မနက်ဖြန်ရုံးတက်ရဦးမယ်)
အမြင်ဖလှယ်ချင်းကို ၀မ်းမြောက်ဝမ်းသာဖြစ်မိတဲ့
နေဦး
နိုင်ငံတကာ အစိုးရတွေ ငွေရိုက်ထုတ် ဖြန့်ဝေ တဲ့အကြောင်းအရာတွေဆွေးနွေးပေးစေလိုပါတယ်။