အရင်းရှင်စနစ် ဆိုသည်မှာ
ကျွန်တော်တို့ လက်ရှိ ကမ္ဘာမှာ အများဆုံး ကျင့်သုံးနေတာ အရင်းရှင် စနစ်ပါပဲ။ အဲဒီ အရင်းရှင်စနစ်က ဘာလဲ ဘယ်တုန်းက စပေါ်ပေါက်လာတာလဲ၊ ဘယ်က စဖြစ်လာတာလဲ၊ ဘာကို အရင်းရှင်စနစ်လို့ ခေါ်တာလဲ၊ အရင်းရှင်စနစ် ဖြစ်တည်လာပုံ အဆင့်ဆင့်နဲ့ ပြောင်းလဲလာခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး အကြောင်းကို အားလုံး သိသင်တယ် ထင်လို့ James Fulcher ရဲ့ Capitalism ကို ပြန်လည် မျှဝေလိုက်ပါတယ်။
အခန်း(၁) အရင်းရှင်စနစ်ဆိုတာဘာလဲ
ကုန်သည် အရင်းရှင်စနစ်
၁၆၀၁ ခုနှစ် ဧပြီလမှာ အင်္ဂလိပ်ပိုင် English East India Company က သူ့ရဲ့ ပထမဆုံး ခရီးကို အရှေ့ အိန္ဒိယ(East Indies) ကို စေလွှတ် ခဲ့ပါတယ်။ ခရီးစထွက်လို့ ၁၈လ အကြာမှာတော့ သူ့ရဲ့ သင်္ဘော လေးစီးဖြစ်တဲ့ Ascension, Dragon, Hector နဲ့ Susan ဟာ စူမတြားနဲ့ ဂျာဗားကျွန်းကနေ ငရုတ်တွေကို အဓိက တင်ပြီး ပြန်ရောက် လာပါတယ်။ စီးပွားရေးအရ အောင်မြင် ဖြစ်ထွန်းတဲ့ခရီး ဖြစ်ခဲ့တာကြောင့် နောက်တကြိမ် ဒီခရီးကိုပဲ ပထမအကြိမ် သွားခဲ့တဲ့ သင်္ဘောလေးစီးနဲ့ ၁၆၀၄ ခုနှစ် မတ်လမှာ လန်ဒန်မြို့ကနေ ထပ်လွှတ်ခဲ့တယ်။ အပြန်ခရီးမှာ Hector နဲ့ Susan သင်္ဘောနှစ်စီးက အရင် ထွက်သွားခဲ့ပြီး Susan က ပင်လယ်ထဲမှာပဲ နစ်မြုပ် သွားခဲ့တယ်။ လူအနည်းစုပဲ အသက်ရှင် ကျန်ရစ်တဲ့ Hector သင်္ဘောကိုတော့ တောင်အာဖရိက အနီးတဝိုက်မှာ Ascension နဲ့ Dragon ကတွေ့ပြီး ကယ်တင် လာခဲ့တယ်။ ငရုတ်၊ လေးညှင်းပွင့်နဲ့ ဇာတိပ္ဖိုလ်သီးတွေကို အများစု သယ်လာတဲ့ Ascension, Dragon နဲ့ Hector သင်္ဘော သုံးစီးဟာ အင်္ဂလန်ကို ၁၆၀၆ ခုနှစ်မှာ ပြန်ရောက်လာပြီး ဒီခရီးနှစ်ခုမှာ ရှယ်ယာဝင်ထားတဲ့ ရှယ်ယာရှင်တွေကလည်း သူတို့ရဲ့ ရင်းနှီးမြှပ်ပေါ်မှာ ၉၅ ရာနှုန်းထိ အမြတ်ငွေတွေ ရခဲ့ကြတယ်။
၁၆၀၇ မှာ သွားခဲ့တဲ့ တတိယအကြိမ် ခရီးမှာလည်း အဆင်ပြေချောမွေ့ခဲ့ပေမယ့် ၁၆၀၈မှာ Ascension နဲ့ Union တို့ကို လွှတ်ခဲ့တဲ့ ခရီးကတော့ လုံးဝ မအောင်မြင်ခဲ့ပါဘူး။ Ascension က အိန္ဒိယရဲ့ အနောက်ဖက်ကမ်းခြေထိ ရောက်ခဲ့ပေမယ့် ခေါင်းမာလှတဲ့ သူတို့ရဲ့ ကပ္ပတိန်ကြောင့် သင်္ဘော ပျက်သွားခဲ့တယ်။ Union သင်္ဘောက မဒါဂါစကန်ဆိပ်ကမ်းမှာ ချောင်းမြောင်း အတိုက်ခံခဲ့ရပြီး ကပ္ပတိန် သေဆုံးသွားခဲ့တယ်။ ဒါပေမယ့် Union က စူမတြားအထိ ရောက်အောင် သွားနိုင်ခဲ့ပြီး ကုန်တွေ သယ်လာနိုင်ခဲ့ပေမယ့် အပြန်လမ်းမှာတော့ ဘရစ်တနီ ပင်လယ်ကမ်းခြေမှာ ပျက်စီး နစ်မြုပ်် သွားခဲ့တယ်။ ရှယ်ယာရှင်တွေလည်း သူတို့ရဲ့ အရင်းငွေ အကုန် ဆုံးရှုံးခဲ့တယ်။
အရင်းရှင်စနစ်ဆိုတာ အဓိကအားဖြင့် အမြတ်ကို မျှော်ကိုးပြီး ငွေကြေးတစုံတရာ ရင်းနှီးမြှပ်နှံမှုလုပ်ခြင်း ကို ဆိုလိုတာပါ။ ဘယ်လို နေရာတွေမှာလဲ ဆိုတော့ ခုနက ပြောခဲ့သလို စွန့်လွှတ်ရမှုကြီးတဲ့ အမြတ်များများရနိုင်တဲ့ နေရာမျိုးမှာ ရင်းနှီးမြှပ်နှံမှု လုပ်ကြတာကို ဆိုလိုတာပါ။ အမြတ်ဆိုတာ အရိုးရှင်းဆုံး ပြောရရင် ရှားပါးမှုနဲ့ ခရီးေဝေးကွာမှုရဲ့ ရလဒ်လို့ ဆိုလို့ရနိုင်ပါတယ်။ အပူပိုင်းဒေသမှာ ၀ယ်ခဲ့ရတဲ့ ငရုတ်ရဲ့ စျေးနဲ့ ဥရောပမှာ ပြန်ရောင်းတဲ့ မြင့်မားတွေ စျေးနှစ်ခုရဲ့ ကွာခြားချက်ထဲက ခရီးအတွက် စရိတ်စကကို နှုတ်လိုက်တာ အမြတ်ငွေပါ။ ကုန်သယ်လာတဲ့ သင်္ဘောကြီးတွေ ပြန်ရောက် လာတာကလည်း သူသယ်လာတဲ့ ပစ္စည်းရဲ့ စျေးကို ကျသွား စေနိုင်ပါတယ်။ အဲဒါကြောင့် အမြတ်များလွန်းတဲ့ ဒီကုန်သယ်မှုတွေ အများကြီး လုပ်လာခဲ့ရင်လည်း စျေးကွက်က ကျုံ့သွားနိုင်တယ်။ ငရုတ်ရဲ့စျေးကွက်အား အပြိုင်အားက ကြီးလွန်းတဲ့အတွက် East India Company က မဲနယ်လို တခြား ပစ္စည်းတွေကိုပါ သယ်ယူခဲ့ကြရတယ်။
ဒီလို ကုန်သယ်မှုမျိုးတွေအတွက် အရင်းအနှီး အမြောက်အမြား လိုပါတယ်။ East Indiaman ဆိုတာ ဒီခရီးမှာသုံးတဲ့ သင်္ဘောတွေကို ခေါ်တဲ့ နာမည်ပါ။ အဲဒီ သင်္ဘောတွေကို ဆောက်ရမယ် လိုအပ်တဲ့ ပစ္စည်းတွေတပ်ရမယ် နောက် အပြိုင် သင်္ဘောတွေဖြစ်တဲ့ ဒတ်ချ်နဲ့ ပေါ်တူဂီ သင်္ဘောတွေနဲ့တွေ့တဲ့ အခါ သုံးနိုင်ဖို့ အမြောက်တွေ တပ်ဆင်ရမယ် ပြီး ပြန်ရောက်လာရင် ပြင်ရမယ် အစရှိတဲ့ စရိတ်စကတွေက ကြီးမား လွန်းတယ်။ ကုမ္ပဏီရဲ့ သင်္ဘောကျင်းဖြစ်တဲ့ Blackwall နဲ့ Deptford ကလည်း သူ့ရဲ့ အလုပ်သမား အမြောက်အများကို လုပ်အားခေပေးဖို့နဲ့ တခြားစရိတ်တွေ အတွက် ငွေလိုတယ်။ နောက် လိုအပ်တဲ့ ငရုတ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ၀ယ်ဖို့ ရွှေတုံးငွေတုံးတွေ နဲ့ ကုန်ပစ္စည်းတွေ သယ်ရမယ်။ လိုအပ်တဲ့ လက်နက်တွေ ၀ယ်ရမယ်။ သင်္ဘောသားတွေ အတွက် အစားအသောက်တွေ ၀ယ်ရမယ်။ တတိယအကြိမ်သွားတဲ့ သင်္ဘောသုံးစီးမှာ Dragon က သင်္ဘောသား ၁၅၀ Hector က ၁၀၀ Consent က ၃၀ နဲ့ စုစုပေါင်း သင်္ဘောသားဦးရေက ၂၈၀ အနည်းဆုံးရှိတယ်။ ခက်ခဲလှတဲ့ ဒီခရီးကြမ်းတွေကြားက ပြန်လာနိုင်ဖို့ လိုအပ်တဲ့အတွက် သင်္ဘောကြီးတွေက အခုလို သင်္ဘောသား အမြောက်အမြားကို လိုအပ်ပါတယ်။
East India Company ရဲ့ အရင်းအနှီးတွေက လန်ဒန်ရဲ့ ကုန်သည်သူဌေးတွေ ဆီကအပြင် တရားရုံးမှာ လွှမ်းမိုးမှုရှိတဲ့ ဘုရင့်ရဲ့ မင်းစိုးရာဇာတွေ အနွယ်ဝင်တွေလည်း ပါပါတယ်။ ဒါ့အပြင် Dutch East Indies Company မှာ မပါ၀င်တဲ့ ဒတ်ချ် ကုန်သည်တွေဆီက ရင်းနှီီးမြှပ်နှံမှုလည်း ပါ၀င်ခဲ့တယ်။ ဒတ်ချ်ကုန်သည်တွေက သူတို့ ပြိုင်ဘက် ဒတ်ချ်ကုမ္ပဏီရဲ့ သတင်းတွေကို အမြဲပါးပေးနေတဲ့ အတွက် အရေးပါတဲ့ သတင်း အချက်အလက်တွေကို သူတို့ဆီက တဆင့်ရခဲ့တယ်။
ရှေးရိုး ကုန်သည်တွေရဲ့ အလေ့အထအရ ပထမ ခရီး ၁၂ခုမှာတော့ အရင်းတွေကို သူ့ခရီးနဲ့သူ သူ့သင်္ဘောနဲ့သူ တိုက်ရိုက် မြှပ်နှံကြတယ်။ ပြီးတော့ အဲဒီခရီး အဲဒီသင်္ဘောကက မြတ်တဲ့ အမြတ်ငွေကို ရှယ်ယာရှင်တွေကြား ပြန်ခွဲယူကြတယ်။ ဝေးလွန်းလှတဲ့ ခရီး၊ ကိုယ်တောင် အသေအချာမသိတဲ့ နေရာကို သွားတဲ့ မရေရာတဲ့ ခရီးဝေးပေါ်မှာ ရင်းနှီး မြှပ်နှံရတာမို့ နောက်ပိုင်းမှာ မသေချာမှုတွေ လျော့သွားအောင် ခရီးတစ်ခုမှာ သင်္ဘောတွေ အများကြီးး လွှတ်ခြင်းနဲ့ သက်သာအောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ၁၆၀၈ ခုနှစ်မှာလို ဖြစ်ခဲ့တဲ့ အဖြစ်တွေကတော့ ဖြစ်နေဆဲ ရှိနေဆဲပါပဲ။ နောက်တော့ ၁၆၅၇ ခုနှစ်ကစလို့ ကုမ္ပဏီက ရင်းနှီးမြှပ်နှံမှုကို ခရီးတခုပေါ်မှာ အတိအကျ မဟုတ်တော့ဘဲ ခရီးစဉ်တွေ အများကြီးအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှပ်နှံမှုအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တယ်။ ၁၆၈၈ ခုနှစ်မှာ London Stock Exchange မှာ ရှယ်ယာတွေ ရောင်းချခြင်းက စတင် ဖြစ်ထွန်းလာခဲ့တယ်။
တခြားနိုင်ငံတွေမှာလိုပဲ အင်္ဂလန်မှာလည်း English East India Company က အစိုးရနဲ့ ပတ်သက် ဆက်နွယ် နေတဲ့အတွက် အစိုးရက အရှေ့တိုင်း ထွက်ကုန်များ တင်သွင်းခြင်း ထိုကုန်များ ဝယ်ယူရန်အတွက် ရွှေငွေများကို သယ်ထုတ်ခွင့် ပြုခြင်းတို့ကို တစ်ဦးတည်း အပိုင် အခွင့်အရေး ပေးခဲ့တယ်။ ဒီလို တစ်ဦးတည်း လက်ဝါးကြီးအုပ်ခွင့် ရတဲ့အတွက် သူ့ရဲ့ ပြိုင်ဖက်တွေကြောင့် စိုးရိမ်ရတဲ့ စျေးကွက် အနေအထား၊ စျေးနှုန်း ချယ်လှယ်ခွင့်စတဲ့ မရေရာမှုတွေက အတိုင်းအတာ တစ်ခုထိတော့ လျော့ကျခဲ့တယ်။
အစိုးရဆီက အခွင့်အရေးတွေ ရသလိုပဲ တုန့်ပြန်မှုအနေနဲ့ ငွေအမြဲလိုနေတဲ့ အစိုးရကို အခွန်ဘဏ္ဍာတွေ အတော်များများ ပြန်ပေးခဲ့ရတယ်။ နိုင်ငံအတွင်းမှာ လက်ဝါးကြီး အုပ်ခွင့်ရပေမယ့် လုံးဝ ပြိုင်ဆိုင်မှု ကင်းမဲ့ခဲ့တာတော့ မဟုတ်ပါဘူး။ ပြိုင်ဘက်တွေ ရှိခဲ့ပါတယ် ဒါပေမယ့် အဲဒါက နိုင်ငံတကာ အပြိုင်အဆိုင်ပါ။ အင်္ဂလိပ်၊ ဒတ်ချ် နဲ့ ပေါ်တူဂီတွေဟာ အဲဒီအချိန်မှာ အဓိက အပြိုင်အဆိုင်တွေ ဖြစ်ခဲ့ကြသလို သူတို့တွေက ကိုယ့်နိုင်ငံတွေ အတွင်းမှာတော့ အတတ်နိုင်ဆုံး လက်ဝါးကြီး အုပ်ခွင့်ရအောင် ကြိုးစားခဲ့ကြတယ်။ တခြားအပြင် လူတွေကလည်း ဒီစီးပွားရေး ပတ်ဝန်းကျင်ကို ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် အစိုးရက ပြိုင်ဖက်တွေကို ဖြုတ်ချခွင့်ပေးခဲ့တယ်။
ကုန်တွေ ဝယ်ခြင်း၊ မရောင်းဘဲ ထိန်းထားခြင်း စသည်ဖြင့် စျေးကွက်ကို ကစားခဲ့ကြတယ်။ ၁၇ရာစုအတွင်းမှာ ဆိုရင် အမ်စတာဒမ်ရဲ့ ကုန်သည်တွေဟာ ဒီနည်းတွေကို အသုံးပြုပြီး ဟင်းခတ် အမွှေးအကြိုင်တွေကို သာမက ဆွီဒင်က ကြေးနီ၊ ဝေလငါး၊ အီတလီက ပိုး၊ သကြား၊ လူသုံး အမွှေးအကြိုင်နဲ့ ယမ်းလုပ်ရာမှာ သုံးတဲ့ saltpeter တို့ကိုပါ လက်ဝါးကြီး အုပ်ခဲ့တယ်။ ဒီလို ကစားနိုင်ဖို့ သူတို့ ဆောက်လုပ်ခဲ့ကြတဲ့ ဂိုဒေါင်ကြီးတွေက သင်္ဘောကြီးတွေ ထက်တောင် ပိုပြီး ကုန်ကျစရိတ် ကြီးပြီး ကြီးမား လွန်းလှတယ်လို့ ဆိုပါတယ်။ အဲဒီ ဂိုဒေါင်ထဲမှာ ကုန်သည်တွေဟာ တစ်နိုင်ငံလုံးကို ၁၀နှစ်ကနေ ၁၂နှစ်လောက်အထိ ကျွေးထားနိုင်မယ် ဂျုံတွေကို သိမ်းဆည်း ထားခဲ့တယ်ဆိုတာက သက်သေပါပဲ။ သူတို့ အခုလို ကုန်တွေကို ထိန်းထားခဲ့တာ စျေးတက်အောင် သက်သက် ထိန်းထားတာတော့ မဟုတ်ပါဘူး။ လိုအပ်ရင် ဥရောပ စျေးကွက်ထဲကို ဒီကုန်တွေ ထည့်ပေးလိုက်တာနဲ့ ပြိုင်ဖက်နိုင်ငံတွေရဲ့ စျေးကွက်ကို ဖျက်ဖို့အထိ ရည်ရွယ် ထိန်းသိမ်းခဲ့ပါတယ်။
အရင်းရှင်စနစ်ဆိုတာ ဒါပါပဲ။ ဒီလိုခက်ခဲဝေးလံတဲ့ ခရီးရှည်ကြီးတွေ သွားဖို့ အရင်းအနှီး ငွေလိုတယ်။ ငွေရှင်တွေကလည်း အမြတ်များများရဖို့ မျှော်ကိုးပြီး အကြီးအကျယ် ရင်းနှီးကြတယ်။ ဒါပေမယ့် အထက်က ပြခဲ့တဲ့ ဥပမာဟာ free market တခုတော့ မဟုတ်သေးပါဘူး။ အမြတ် များများရခြင်းရဲ့ အဓိက လျှို့ဝှက်ချက်က လက်ဝါးကြီးအုပ် ထိန်းချုပ်နိုင်ဖို့နဲ့ စျေးကွက်ကို စိတ်တိုင်းကျ ချယ်လှယ် နိုင်ဖို့ပါ။ အရင်ကဆို အခုလို ရှားပါး ကုန်တွေကို လူတွေကြားမှာ မျှဝေ သုံးစွဲခဲ့ရပေမယ့် အခုလို ရှားပါးကုန်တွေကို သယ်ယူ ရောင်းချမှုေတွေ များပြားလာပြီး နောက်မှာတော့ အရင်ကလို ကုန်သည် အရင်းရှင်စနစ်က လူထုအပေါ်မှာ သိပ်မရေးမပါတော့ပါဘူး။ ဥရောပမှာ လူအများစုက ငွေရှုင်ကြေးရှင် အရင်းရှင်တွေရဲ့ အဆုံးအဖြတ်တွေ လုပ်ရပ်တွေကြောင့် သူတို့ဘဝမှာ တစုံတရာ ပြောင်းလဲသွားတာမျိုး မရှိတော့ပါဘူး။
ဆက်ပါဦးမယ် …
Facebook comments:






သမိုင်းကြောင်းလေးတွေပါဖတ်ရတာကြိုက်တယ်ဗျာ။
အရင်းရှင်စနစ်ကို နိုင်ငံရေး အမြင်ဖက်ကချည်းသင်ခဲ့ရတော့ မကောင်းမြင်ကြတာများတယ်။
ခေတ်သစ် IT အရင်းရှင်စနစ် အကြောင်းတွေပါ၊ စာအုပ်ထဲမပါလဲ၊ ကိုယ့်ဟာကိုယ်ရေးဗျာ။
စောင့်ဖတ်နေမယ်။
ဟုတ်ကဲ့ပါ ကိုသားသားရေ
အခုတော့ သူ့ရဲ့ စာအုပ်ကို ဘာသာပြန်နေတာမို့ မူရင်းမပျက်အောင်ပဲ ရေးပါ့မယ်ဗျာ…. ဆောင်းပါးသက်သက်ရေးဖြစ်ရင်တော့ တခြားအနေအထားတွေကိုလည်း ကျွန်တာ်နားလည်သလောက် ထည့်ပြီး ရေးဖို့ ကြိုးစားပါ့မယ်…….
အရင်းရှင်စနစ်ဆိုတာ လူသားစနစ် -> လူသားစနစ်ဆိုတာ ဒေါသတွေ၊ လောဘတွေနဲ့ တည်ဆောက်ထားတဲ့ ကြီးနိုင်ငယ်ညင်း မိစ္ဆာစနစ်သက်သက်ပါ။ တခြား စနစ်မှန်သမျှ ဥပမာ ဆိုရှယ်လစ်စနစ်စတာတွေက သူတော်ကောင်းစနစ်တွေပါ။ မိစ္ဆာစနစ် နဲ့ သူတော်ကောင်းစနစ် ယှဉ် fight တဲ့အခါ အချိန်ကြာလာရင် မိစ္ဆာစနစ် သာအမြဲနိုင်မှာ ဖြစ်ပါတယ်။ လူရှိနေသ၍ အရင်းရှင်စနစ်သာ “ထာဝရ” စနစ်ဖြစ်ပါတယ်။ ကျန်တဲ့စနစ်တွေက ခေတ်တခေတ်မှာ ခေတ်စားလာနိုင်ပေမဲ့ တာရှည်မခံပါ။
(အထက်ပါ comment အတွက် ဆိုရှယ်စနစ်မုန်းတီးသူများ ကျွန်ုပ် အားဆဲစေသော်
)
ဆိုရှယ်လစ် စနစ်က တကယ်တော့ လူသားအင်မတန် ဆန်တဲ့စနစ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် မူသာကောင်းပြီး တကယ်တန်း ဖော်ဆောင်တဲ့အခါမှာ လူတွေက ဆိုရှယ်လစ်စနစ်ကို အသုံးချပြီး အာဏာရှင်စနစ်ဖက်ကို လစ်လစ် သွားကြတယ်။ ဥစ္စာပစ္စည်းခွဲဝေတဲ့သူတွေက အခွင့်ထူးခံလူတန်းစားတွေ ဖြစ်လာတယ်။ ကျွန်တော်ကတော့ အရင်းစနစ် စစ်စ်ကြီးကိုလည်း မကြိုက်သလို ဆိုရှယ်လစ်ဆိုတဲ့ ကြွေးကျော်သံတွေ ညံပြီး ဘာမှဖြစ်မလာတွေကိုလည်း မကြိုက်ဘူး၊ ဒါပေမယ့် လူဆိုတာ ကိုယ့်ဥစ္စာပစ္စည်းကို ကိုယ်ပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့် စတာတွေတော့ အခြေခံအားဖြင့် လိုအပ်တယ်လို့ မြင်ပါတယ်။ ဗုဒ္ဓဘာသာဆိုတော့ဗျာ ဗုဒ္ဓအလိုကျ အရင်းရှစ်စနစ်ကို သဘောကျပါတယ်။
ကွန်မြူနစ်ကိုကော ဘယ်လိုမြင် ?
ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ဆိုတာ တစ်မအေတည်းမွေးတဲ့ သားတွေပါပဲဗျာ
ကျနော့်အမြင်ဆိုရင်တော့ ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်ဟာ လက်တွေ့မကျဘူးလို့ ထင်ပါတယ်…။ လူတိုင်း လူတိုင်း တန်းတူအခြေအနေ ဘယ်လိုမှ မဖြစ်နိုင်ဘူး…။ ဖြစ်အောင်လည်း ဘယ်သူကမှ မလုပ်ပေးနိုင်ဘူး…။ ဘုရားတောင်မှ သတ္တဝါအားလုံး နိဗ္ဗာန်ရောက်အောင် မပို့ပေးနိုင်ဘူး…။ ကိုယ်ကြိုးစားရင် ကြိုးစားသလို၊ အားထုတ်ရင် အားထုတ်သလို အကျိုးအမြတ် ခံစားရမှာပဲလေ…။ ကြိုးစားအားထုတ်မှု မရှိတဲ့သူတွေ၊ လုပ်ရည်ကိုင်ရည်မရှိတဲ့သူတွေ၊ အရည်အချင်း မရှိတဲ့သူတွေ ကလဲ ဒီအခွင့်အရေး၊ ရှိတဲ့သူတွေကလည်း ဒီအခွင့်အရေး ရရမယ်ဆို… သိပ် မစနိပ်ပါဘူး…။ ပြီးတော့ အရင်းရှင်စနစ် ဆိုတာနဲ့ ပိုက်ဆံတွေ ငွေတွေကိုပဲ ပြေးပြေးမြင်ကြတယ်…။ အရင်းအနှီး ဆိုတဲ့နေရာမှာ ငွေကြေးမှမဟုတ်ဖူး ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည်၊ လာဘ်မြင်မှု၊ အိုင်ဒီယာ.. အဲဒါတွေဟာလဲ အရင်းအနှီးတွေပဲလို့ ထင်ပါတယ်…။ ခုအိုင်တီခေတ်မှာဆို ပိုသိသာထင်ရှားပါတယ်…။ အိုင်ဒီယော်လော်ဂျီ အရင်းအနှီးတစ်ခု ပေါက်သွားရင် ဘယ်လို အကျိုးအမြတ်တွေ ရတယ်ဆိုတာ…။