အရင်းရှင်စနစ်ဆိုသည်မှာ အပိုင်း(၃)
ဘဏ္ဍာရေးဆိုင်ရာ အရင်းရှင်စနစ်
၁၉၉၅ခု ဖေဖော်ဝါရီလ ၂၃ရက် ကြာသပတေးနေ့မှာ Baring Securities ရဲ့ စင်ကာပူ မန်နေဂျာဖြစ်သူ Nick Leeson က ဂျပန် စတော့ စျေးကွက်ရဲ့ ညွှန်းကိန်းဖြစ်တဲ့ Nikkei ဟာ ၃၃၀ တိတိ လျော့ကျ သွားတာကို ကြည့်နေခဲ့ပါတယ်။ အဲသည့် တစ်နေ့ထဲမှာပဲ Barings ဟာ Nick Leeson ရဲ့ အရောင်းအဝယ်တွေ အတွက် စုစုပေါင်း ပေါင် ၁၄၃သန်းလောက် ဆုံးရှုံး သွားခဲ့ပါတယ်။ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကိုလည်း သူတယောက်ပဲ သိခဲ့ပါတယ်။ ဒီအရှုံး မတိုင်ခင်ကလည်း သူ့သူဌေး မသိအောင် ဖုံးကွယ်ထားတဲ့ အရှုံးငွေ ပေါင် သန်း ၄၇၀ ရှိနေပါတယ်။ အခြေအနေ မကောင်းတော့ဘူး ဆိုတာကို သိတာနဲ့ တပြိုင်နက် Nick Leeson က သူ့ရဲ့ ဇနီးကို ခေါ်ပြီး ဘော်နီယိုကျွန်း(Borneo) ရဲ့ မြောက်ဖက် ကမ်းခြေဖက်ကို ထွက်ပြေး ပုန်းရှောင် ခဲ့ပါတယ်။ Barings ရဲ့ မန်နေဂျာက ဘာကြောင့်မှန်းမသိပဲ စင်ကာပူမှာ ငွေအတော်များများ ပျောက်ဆုံးသွားတဲ့အတွက် Leeson ကို လိုက်ရှာနေတဲ့ အချိန်လည်း ဖြစ်တယ်။ နောက်တနေ့မနက်မှာပဲ လန်ဒန်ရဲ့ သက်တမ်းအကြာဆုံး ကုန်သည် ဘဏ်ဖြစ်တဲ့ Barings Brothers က ဒေဝါလီ ခံသွားရသည်အထိ ဖြစ်သွားစေတဲ့ အရှုံးတွေကို ရင်ဆိုင် ရပါတော့တယ်။ Leeson ဟာ အင်္ဂလန်ကို ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် စင်ကာပူနိုင်ငံက ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်မှုအတွက် ဖရန့်ဖွတ်(Frankfurt) မှာပဲ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၆နှစ်ခွဲ ကျခံခဲ့ရတယ်။
Leeson က derivatives လို့ ခေါ်တဲ့ ညွှန်ကိန်းတွေကို ကြည့်ပြီး အရောင်းအဝယ် လုပ်ခဲ့တဲ့သူပါ။ derivative ဆိုတာက ဘဏ္ဍာရေးဆိုင်ရာ တွက်ချက်မှုမျိုးမှာ သုံးလေ့သုံးထရှိတဲ့ နည်းတခုဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ တန်ဖိုးတခုကို တွက်တဲ့နေရာမှာ အခြား ကုန်တခုခုရဲ့ တန်ဖိုးနဲ့ ယှဉ်ပြီး တွက်ချက်တာမျိုးကို ဆိုလိုတာပါ။ ဥပမာ ရှယ်ယာတွေ၊ ဘွန်းတွေ၊ ငွေကြေးတွေ ဒါမှမဟုတ် ကုန်ပစ္စည်းဖြစ်တဲ့ ရေနံ၊ ကော်ဖီအစရှိတဲ့ ကုန်တွေရဲ့ တန်ဖိုးနဲ့ယှဉ်ပြီး တန်ဖိုးတခုကို ညွှန်ကိန်း ယူတာမျိုးပါ။ နောက်တခုကတော့ Futures လို့ ခေါ်တဲ့နည်းပါ။ ဥပမာအားဖြင့် ပြောရရင် Futures ဆိုတာ ရှယ်ယာ၊ ဘွန်း၊ ငွေကြေးနဲ့ ကုန်ပစ္စည်းတွေကို ခုလက်ရှိ ပေါက်တဲ့ ပေါက်စျေးနဲ့ နောက်အနာဂတ် အချိန်အတိုင်းအတာ တခုအတွင်းမှာ ၀ယ်ယူဖို့ ကတိစာချုပ်တွေကို ဆိုလိုတာပါ။ ကိုယ်က ဒီရှယ်ယာရဲ့ တန်ဖိုးတက်လိမ့်မယ်လို့မျှော်လင့်ရင် သူ့ကို နောင် သုံးလ futures နဲ့ ၀ယ်နိုင်ပါတယ်။ သုံးလပြည့်တဲ့အခါ အဲဒီ ရှယ်ယာတွေကို မူရင်းစျေး (ယခုလက်ရှိစျေး) နဲ့ ရမယ် ပြီးတော့ ခုလက်ရှိဖြစ်နေတဲ့ ပိုပြီးများတဲ့ စျေးနဲ့ ရောင်းပြီး အမြတ်ယူပါမယ်။ ဒါမှမဟုတ်ရင်လည်း Options ဆိုတဲ့ နည်းနဲ့ ၀ယ်နိုင်ပါတယ်။ သူကတော့ နောင် အနာဂတ် အချိန် အတိုင်းအတာတခုမှာ ၀ယ်ကို ၀ယ်ပါမယ်လို့ မဟုတ်ပါဘူး။ အဲသည့် အချိန်အတိုင်းအတာ တခုကို ရောက်မှ ၀ယ်မှာလား မဝယ်ဘူးလား ရွေးချယ် နိုင်တဲ့နည်းပါ။
Futures ၀ယ်ယူမှုက အရမ်းကို အရေးပါတဲ့ အရေးကြီးတဲ့ လုပ်ရပ် တစ်ခုဖြစ်ပါတယ်။ သူက အနာဂတ်မှာ ဖြစ်လာမယ့် မသေချာ မရေရာမှုတွေကို လျှော့ချ နိုင်သလိုပဲ အရမ်းလည်း စွန့်စားရမှု များပါတယ်။ ပြောင်းစျေးတွေက တက်နေတယ်ဆို စိုက်နေတုန်း တဝက်တပျက်မှာပဲ လယ်သမားက ကုန်သည်ကို နောက်သုံးလအကြာမှာ ခုလက်ရှိပေါက်စျေးနဲ့ ရောင်းသလိုမျိုးပေါ့ (ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိပါတယ်)။ Futures တွေကို ၀ယ်တယ်ဆိုတာ အချိန်ကာလ နှစ်ခုကြားက စျေးနှုန်း ပြောင်းလဲမှုပေါ်မှာ အမြတ်ရအောင် ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်က အဓိကပါပဲ။ အဲဒီလိုပဲ Leeson ဟာ futures တွေကို ၀ယ်ခဲ့တယ်။ ဒါပေမယ့် သူဝယ်ခဲ့တဲ့ အရာတွေက အရမ်းကို လောင်းကစား ဆန်လွန်းလှအောင် မရေရာတဲ့ ရှယ်ယာတွေကို ၀ယ်ခဲ့မိတာပါပဲ။ အဲဒီလို အရောင်းအဝယ် လုပ်တာကိုတော့ Susan Strange က ကာစီနို အရင်းရှင်စနစ် “Casino Capitalism” လို့ ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် ငွေရှာမယ် ဆိုရင်တော့ စျေးကွက် နှစ်ခုကြားက နည်းပညာဆိုင်ရာ အကြောင်း တခုခုကြောင့် ကွာဟနေတဲ့ စျေးနှုန်း နည်းနည်း ပေါ်မှာလည်း အမြတ်အစွန်းတွေ လုပ်ယူလို့ ရနိုင်ပါတယ်။ တကယ်လို့ တစ်ယောက် ယောက်ကသာ အဲဒီ ကွာဟချက်ကို တွေ့မယ်ဆိုရင် ဒါ ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာကို မြန်မြန်ဆန်ဆန် တွက်ချက်ပြီး ငွေပမာဏ အမြောက်အမြားကို ကစားခြင်းနဲ့ အမြတ်အစွန်း အတော်များများ ရနိုင်ပါတယ်။ အဲဒီလိုပဲ Leeson က အိုဆာကာ နဲ့ စင်ကာပူ စတော့ အိတ်ချိန်းရဲ့ ကြားမှာ တစ်မိနစ် မပြည့်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ဖြစ်သွားတဲ့ စျေးကွာခြားချက်ပေါ် အမြတ်အစွန်း ရအောင် ယူနိုင်တယ်ဆိုတာ ဂရုစိုက်မိခဲ့တယ်။ အကယ်လို့သာ တွက်ချက်ကြည့်လို့ ရနိုင်မယ့် အမြတ်ကို ကြိုတင် တွက်ဆခဲ့မယ်ဆိုရင် ဒီလို အလုပ်မျိုးကို စွန့်စားရမှု နည်းနည်းနဲ့ လုပ်နိုင်ပါတယ်။
ဒါဆို Leeson အနေနဲ့ ဘာတွေများ မှားခဲ့သလဲ။ သူ့ရဲ့ ဆိုးဝါးလှတဲ့ အမှားက ဘယ်က စဖြစ်ခဲ့သလဲဆိုတော့ စာရင်းပိုင်းဆိုင်ရာ အမှားတွေနဲ့ အရောင်းအဝယ် တချို့ကို ကိုင်တွယ်ဖို့ အတွက် Special error account (no. 88888) ကို စဖန်တီးခဲ့တဲ့ အချိန်က ဖြစ်ပါတယ်။ Leeson က သူ့ရဲ့ အရှုံးတွေကို ဒီနေရာမှာပဲ ဖုံးကွယ် ထားခဲ့တာပါ။ နောက် သူက လကုန်စာရင်းမှာ လိုငွေပြနေမှုကို ဖုံးကွယ်ဖို့အတွက် စင်ကာပူက စာရင်းတွေ အများအပြား အကြားမှာ တရားမဝင်တဲ့ တဒင်္ဂငွေလွှဲမှုတွေ လုပ်ပြခဲ့တယ်။ ဒီလို လိမ်ညာတဲ့ နည်းတွေကို သုံးပြီး သူက စာရင်းစစ်တွေကို လှည့်စား ခဲ့တယ်။
စာရင်းနံပါတ် 88888 ရှိနေခြင်းက Leeson ကို Barings ပိုင်ငွေတွေ အသုံးပြုပြီး လောင်းကစား လုပ်သလို လုပ်ခွင့် ပြုခဲ့တယ်။ အရှုံးတွေကို ဖုံးကွယ် ထားနိုင်တာနဲ့ အမျှ Leeson ဟာ Futures Market မှာ စွန့်စားပြီး အရောင်းအဝယ် အများအပြား လုပ်ခြင်းအားဖြင့် လူအများရဲ့ လေးစားမှုတွေကို ရယူနိုင်ခဲ့တယ်။ ရှုံးခဲ့ရင်လည်း နောက် အရောင်းအဝယ် တစ်ခုက မြတ်ခဲ့ရင် ပြန်ပြီး ဖာထေးနိုင်ပါတယ်။ Leeson က တကြိမ်မှာတော့ သူ့အတွက် အရှုံးတွေ အာလုံးကို ကြေသွားနိင်စေတဲ့ အနေအထားတစ်ခုထိ ရောက်ခဲ့ဘူးတယ်။ ဒါပေမယ့် သူသာ စာရင်းနံပါတ် 88888 ကို ပိတ်လိုက်ရင် သူလုပ်နေတာ အားလုံး ရပ်ဆိုင်းသွားပြီး Barings ရဲ့ star dealer အဖြစ်က ရပ်သွားမှာ ဖြစ်တယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ အရှုံးတွေက များသထက် များများလာပြီး ပိုက်ဆံတွေကို ဟိုဘက်က လှည့်ပြ ဒီဘက်ကလှည့်ပြနဲ့ ပြမှ ရတော့မယ့် အနေအထားတခုအထိ ရောက်လာခဲ့တယ်။
အဲဒီအချိန်မှာတော့ သူက futures ၀ယ်တာမျိုး မဟုတ်တော့ဘဲ စာရင်းအမှတ် 88888 မှာ ပြနေတဲ့ လိုငွေတွေကို ပြန်ဖြည့်ဖို့ အမြန်ဆုံး နည်းဖြစ်တဲ့ ရှယ်ယာတွေကို ရောင်းဖို့ ကြံစည်လာခဲ့တယ်။ Leeson က အနာဂတ် စျေးနှုန်းပြောင်းလဲမှု (future price movements) အပေါ်မှာ ထပ်ပြီး အကြီးအကျယ် လောင်းကစား လုပ်ခဲ့တဲ့ အခါမှာတော့ ထင်မှတ်ထားတဲ့အတိုင်း ဖြစ်မလာဘဲ တိုကျို စတော့စျေးကွက်က လုံးလုံး ပြောင်းလဲ သွားခဲ့တယ်။ သူ့ရဲ့ အရှုံးတွေက များလာလေလေ သူက ပိုအန္တရာယ်ကြီးတဲ့ အရောင်းတွေကို ပိုပိုပြီး လုပ်လာခဲ့တယ်။ သူလုပ်လာတာတွေက Philippe ဆိုတဲ့ client တယောက်ရဲ့ကိုယ်စား လုပ်ပေးတာတွေလို့ ဆိုပါတယ်။ ဂျပန်ရှယ်ယာ စျေးကွက် ညွှန်းကိန်း Nikkei က ကိုဘေးငလျှင် ဖြစ်ပြီးနောက်ပိုင်း ထိုးကျသွားတဲ့ အခါမှာတော့ သူ့ရဲ့ အရှုံးတွေက အရမ်းကို များလွန်းသွားပါပြီ။ နောက် သူက စျေးကွက်ကို တွန်းတင်ပေးနိုင်ဖို့ futures အများအပြားကို ၀ယ်ယူ ခဲ့ပါသေးတယ်။ ဒါပေမယ့် စျေးကွက်ရဲ့ အကျနှုန်းက အရမ်းကို ပြင်းထန် လွန်းလှပြီး စျေးက ထိုးကျသွားပါတယ်။ အဲသည့်အခါမှာတော့ သူလုပ်ခဲ့တဲ့ အရှုံးတွေနဲ့ အကြွေးတွေက Barings ရဲ့ စုစုပေါင်းရှိနေတဲ့ အရင်း ထက်တောင် များသွားပါတယ်။
စဉ်းစားစရာ တခုရှိပါတယ် ဘာကြောင့် Barings ဟာ အခုလို အဖြစ်မျိုးကို အဖြစ်ခံခဲ့သလဲ။ သူတို့ဟာ ၁၉၈၄ခုနှစ်မှာမှ စတော့စျေးကွက်ထဲကို Baring Securities ဆိုတဲ့ နာမည်နဲ့ ဝင်ရောက် လုပ်ကိုင်လာတဲ့ ကုန်သည်ဘဏ် တစ်ခုဖြစ်ပါတယ်။ အဲဒီလုပ်ရပ်က မှန်ကန်တဲ့ လုပ်ရပ်တခုဖြစ်ပြီး ၁၉၈၉ မှာ သူတို့ လှုပ်ရှားရာ အဓိက စျေးကွက်ဖြစ်တဲ့ ဂျပန်စျေးကွက်မှာ လုပ်ခဲ့တဲ့ အရောင်းအဝယ် အားလုံးရဲ့ အမြတ်ငွေဟာ Barings အဖွဲ့အစည်းတခုလုံးရဲ့ အမြတ်ငွေ တဝက်တိတိကို ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Barings ဟာ ပိုပြီး ဖက်ရှင်ကျတဲ့ ညွန်းကိန်း အခြေခံ အရောင်းအဝယ် (derivatives trading) ဘက်ကို ကူးပြောင်း လာပါတယ်။ ၁၉၉၃မှာ Barings နဲ့ Barings Securities နှစ်ခုက သူတို့ရဲ့ ရင်းနှီး မတည်ငွေတွေကို ပေါင်းလိုက်ပြီးတော့ Securities department ရဲ့ ဖြစ်လာနိုင်တဲ့ အရှုံးတွေကို ဘဏ်ကို မထိခိုက်အောင် ကာကွယ် ပေးထားတဲ့ နံရံကို ဖြိုချ ပစ်လိုက်ပါတယ်။ ဒါဟာ အရမ်း အန္တရာယ်ကြီးတဲ့ လုပ်ရပ် တစ်ခုဖြစ်ပြီး Barings ရဲ့ အထက်ပိုင်း အရာရှိတွေက သူတို့လှမ်းဝင်လိုက်တဲ့ ကစားပွဲ အသစ်အပေါ်မှာ ကောင်းကောင်း နားလည်ခဲ့ဟန် မတူပါဘူး။ သင့်တော်တဲ့ အုပ်ချုပ်မှု စနစ်ကို မကျင့်သုံးနိုင်တဲ့ အချိန်မှာ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုကလည်း အားနည်းခဲ့ပါတယ်။ အလွန်ကို ရှုပ်ထွေးပွေလီ လွန်းလှတဲ့ ဒီ စီးပွားရေးနယ်ပယ်မှာ လိမ်လည်မှုက အမြဲရှိနေတဲ့ အန္တရာယ် တစ်ခုဖြစ်ပြီး Barings က အဓိက ကျလွန်းတဲ့ Golden rule ကို ဖောက်ဖျက် ခဲ့ပါတယ်။ အဲဒါကတော့ Leeson ကို စတော့ အရောင်းအဝယ် သမားနဲ့ကော အရောင်းအဝယ်တွေကို စစ်ဆေးနိုင်ပြီး စာရင်းကိုလည်း ထိန်းချုပ် နိုင်စွမ်းရှိတဲ့ စင်ကာပူ အုပ်ချုပ်မှုရုံးရဲ့ မန်နေဂျာရာထူး နှစ်ခုလုံးကို ပေးခဲ့တာပဲဖြစ်ပါတယ်။
Leeson က Barings အတွက် အမြတ်ငွေ အမြောက်အမြား ရှာပေးနိုင်တဲ့ အောင်မြင်တဲ့ စတော့ရှယ်ယာ သမားတယောက်ဖြစ်ပြီး Barings ကလည်း သူ့အပေါ်မှာ အတတ်နိုင်ဆုံး ကျောထောက် နောက်ခံပေးခဲ့ကြတယ်။ ဘယ်လောက်ထိလည်း ဆိုရင် Barings ဒုက္ခရောက်သွားတဲ့ အခါမှာတောင် သူ့ရဲ့သူဌေးက သူ့ကို ၁၉၉၄ ခုနှစ်မှာ လုပ်ခဲ့တဲ့ အောင်မြင်မှုတွေ အတွက် ဆုကြေးငွေ ပေါင် ၄သိန်း၅သောင်း ပေးခဲ့တဲ့ အထိပါပဲ။ Leeson လုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့် လန်ဒန်ရုံးချုပ်မှာပါ ငွေအမြာက်အမြား အရှုံးပေါ်ခဲ့ပြီး သူတို့က ဒီငွေပမာဏကို ကာနိုင်ဖို့ ကမ္ဘာအနှံ့မှာ ငွေချေးဖို့ ကြိုးစားခဲ့ကြပါတယ်။ Leeson ရဲ့ သူဌေးက အဲဒီအချိန်အထိ ဒါဟာ သူတို့ရဲ့ နာမည်ကြီး ရှယ်ယာ အရောင်းအဝယ် သမားတယောက် လုပ်ခဲ့တဲ့ အမြတ်ရနိုင်တဲ့ အလုပ်တခုအဖြစ် ယုံကြည် နေခဲ့ပါတယ်။ ဒါဟာ Financial Markets ရဲ့ ရှုပ်ထွေးမှု နဲ့ Barings ရဲ့ ညံ့ဖျင်း အားနည်းလှတဲ့ financial control ကိုလည်း ပြနေသလိုပါပဲ။ ကော်ပိုရေးရှင်းတွေရဲ့ အမြတ်များများ ရဖို့ ဘယ်လောက် ဆာလောင် နေတယ် ဆိုတာကိုလည်း ပြနေရာရောက်ပါတယ်။
ဆက်ပါဦးမယ် …
Facebook comments:




ကျွန်တော့် အမြင်အရတော့ လူတွေဟာ ဥစ္စာပိုင်းပဲ ဖြစ်ဖြစ် ပညာပိုင်းပဲ ဖြစ်ဖြစ် သူတို့ ပိုင်ဆိုင် ရရှိထားသမျှ လောကကြီးအတွက် သူတို့မှာ တာဝန်ရှိတယ်…
I’d Like Author’s motto ,nice spirit,
Someone has become more power , he or she should be take more responsibility.