ငွေကြေးဖောင်းပွမှုထဲက စီးပွားရေး
ဒီတခါတော့ ကျွန်တော် ငွေကြေး ဖောင်းပွမှုထဲက လုပ်ငန်းတွေ အကြောင်း တွက်ချက်မှုတွေ အကြောင်းကို ရှင်းပြချင်ပါတယ်။ အစကတော့ ငွေကြေးရဲ့ ရွေ့လျားမှုကို ရေးမယ်လို့ စိတ်ကူးပေမယ့် ဟိုတနေ့က Myanmar Tutorials ရဲ့ Q&A မှာ တယောက်က NPV နဲ့ ပတ်သက်လို့ မေးလာတာလည်း တွေ့တော့ ကိုယ်ကလည်း မျှဝေချင်တာ ရှင်းပြချင်တာနဲ့ရေးဖြစ်သွားတယ်။
အရင်ဆုံး ငွေကြေးဖောင်းပွမှုဆိုတာ ဘာလဲဆိုတာက စပြောကြည့်ရအောင်။ ငွေကြေးဖောင်းပွမှု (Inflation) ဆိုတာဘာလဲ၊ ဘယ်လိုတွက်သလဲ ဘာကို တိုင်းတာပြီး ပြောသလဲ။ Consumer Price Index ကို အခြေခံပြီးတော့ တွက်ပါတယ်။ ငွေကြေး ဖောင်းပွမှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ အတွင်းမှာ၊ စီးပွားရေး နယ်ပယ်တခု အတွင်းမှာ ရှိတဲ့ ကုန်ပစ္စည်း တွေရဲ့ စျေးနှုန်း တက်လာတာကို ဆိုလိုပါတယ်။ Consumer Price Index ဆိုတာက ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်း တန်ဖိုး ညွှန်းကိန်းပါ။ မနှစ်က ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းနဲ့ ဒီနှစ် ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းကို ယှဉ်ပြီး တွက်ထားတာကို ဆိုလိုတာပါ။ မနှစ်က ပဲစျေးက တစ်တင်းကို ၁၀၀၀၀ ယခုနှစ် တစ်တင်းကို ၁၂၀၀၀ ဆိုရင် သူ့ရဲ့ ညွှန်းကိန်းက ၁၂၀ ရာနှုန်း တက်သွားပါတယ် တနည်းအားဖြင့် ၂၀ရာနှုန်း အသားတင် တက်သွားပါတယ်။ အဲဒါ ဖောင်းပွလာတဲ့ ငွေကြေး ပမာဏပါ။ တကယ်တမ်း တွက်ချက်တဲ့ အခါမှာတော့ ပစ္စည်း အမျိုးအမည် အများအပြားကို အခြေခံပြီး တွက်ပါတယ်။ ဒါပေမယ့် ပစ္စည်းအားလုံးကို ယူပြီး မတွက်နိုင်တဲ့ အတွက် တိကျ မှန်ကန်တဲ့ အဖြေတခုလို့တော့ ယူလို့ မရပါဘူး သူက အနီးကပ်ဆုံး အဖြေတခုကိုပဲ ထုတ်ပေးနိုင်တာပါ။
ငွေကြေးဖောင်းပွမှုကို ဘယ်သူမှ ဘယ်နိုင်ငံမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ငွေကျုံ့သွားတဲ့ နိုင်ငံတွေ ရှိပေမယ့် ယေဘုယျကတော့ နိုင်ငံ အတော် များများက ငွေကြေး ဖောင်းပွ နေကြပါတယ်။ နိုင်ငံ အစိုးရတွေ အနေနဲ့လည်း သူတို့လုပ်နိုင်တာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ပဲ ကြိုးစား နိုင်ပါတယ်။
ငွေကြေးဖောင်းပွမှုက ကျွန်တော်တို့ကို ဘာတွေ ထိခိုက်စေသလဲ? အကြီးအကျယ် ထိခိုက် စေတတ်ပါတယ်။ အဓိကကတော့ ငွေကြေး ဖောင်းပွတယ် ဆိုတာ နောက်တစ်နည်းနဲ့ ပြောရင် ငွေကြေးတန်ဖိုး ကျသွားတာပါ။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ပိုက်ဆံရဲ့ Spending Power, Value ကျဆင်း သွားတာပါ။ အတိုးမရ တိုးပွားမှုမရှိတဲ့ လက်ထဲမှာ သိမ်းထားတဲ့ ပိုက်ဆံက ငွေကြေး ဖောင်းပွမှုနဲ့ အတူတူ တန်ဖိုး လိုက်ကျသွားပါတယ်။
ပြောတတ်ကြတဲ့ စကားတခွန်း ရှိပါတယ် ငွေဖောင်းပွမှုက ဂဏန်း၂လုံး ဖြစ်နေပြီဆို လက်ထဲမှာ ပိုက်ဆံကို သိမ်းထားဖို့ သိပ်မစဉ်းစားနဲ့တဲ့ အဲ ဂဏန်း ၃လုံး ဖြစ်သွားရင်တော့ ဒီနေ့ရတဲ့ ပိုက်ဆံ ဒီနေ့ တခုခုဝယ်ဖို့ စဉ်းစား ဒါမှ မဟုတ် ကုန်အောင်သုံးဖို့ စဉ်းစား နောက်နေ့ကျ အလကား ဖြစ်သွား လိမ့်မယ်တဲ့။
ကျွန်တော်တို့ ဗမာပြည်မှာ ယေဘုယျ အားဖြင့်တော့ ၁နှစ်ကို ငွေကြေး ဖောင်းပွနှုန်းက ၁၀ ရာနှုန်း ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဆိုပါတယ်။ CIA က Report အရ ဆိုရင်တော့ ၂၀၀၈ ခုနှစ်မှာ ၂၆.၈ ရာနှုန်း ရှိခဲ့ပြီး ၂၀၀၉ မှာ ၆.၅ ရာနှုန်း ရှိတယ်လို့ ဆိုပါတယ်။ ဗမာပြည်နဲ့ အနီးကပ်ဆုံး မြန်မာ အများစု ရောက်နေတဲ့ စင်ကာပူမှာ ဆိုရင် ၂၀၀၈ ခုနှစ်အတွင်း ၆.၆ ရာနှုန်းရှိခဲ့ပြီး ၂၀၀၉ မှာ ၀.၂ ရာနှုန်းသာ ရှိခဲ့ပြီး ထူးထူးခြားခြား နိုင်ငံကို ပြပါဆိုရင်တော့ ဇင်ဘာဘွေနိုင်ငံက စံချိန်တင် ၂၀၀၈ ခုနှစ်မှာ ၁၄.၉ ဘီလီယံ ရာနှုန်းအထိ ငွေကြေး ဖောင်းပွခဲ့ပါတယ်။
ကဲ အဲဒါဆို ကျွန်တော်တို့ ဗမာပြည်မှာ ပြန်စဉ်းစားကြည့်ရအောင် ကိုယ့်ရဲ့ ငွေက ၁နှစ်ကို ၆ ရာခိုင်နှုန်း ဖောင်းပွနေတယ်ဆိုရင် ကိုယ့်ရဲ့ ချမ်းသာ ကြွယ်ဝမှုကို ပိုတိုးလာဖို့ အလုပ်လုပ်တဲ့ အခါ ငွေကြေးဖောင်းပွနေတဲ့ ၆ရာနှုန်းကို ကျော်အောင် ရှာရပါတော့မယ်။
လူတွေက ပြောတတ်ကြတယ် ဥပမာပေါ့ ငါ ခြံတခြံ ၀ယ်ထားတာ ပြီးခဲ့တဲ့ နှစ်က ၁ သိန်းနဲ့ ဒီနှစ် ပြန်ရောင်းတာ ၁သိန်း ရ ထောင်နဲ့ရတယ် မြတ်လိုက်တယ် ပေါ့။ ငွေကြေးရဲ့ တန်ဖိုးက ဘယ်လို ပြောင်းလဲ သွားသလဲ ဘယ်လောက် တန်ဖိုး ထိုးကျသွားသလဲ ဆိုတာ မစဉ်းစားရင်တော့ ဟုတ်ပါတယ်။ အမြတ်ရ လိုက်ပါတယ်။ သူ ဘယ်လောက် ရာနှုန်း မြတ်သွားလဲ ဆိုတော့ အသားတင် ရ ရာနှုန်း မြတ်သွားပါတယ်။ ဒါပေမယ့် ငွေကြေး ဖောင်းပွသွားတာက ဘယ်လောက်လဲ ၅ ရာနှုန်း ဆိုရင်တော့ အိုကေ ပါသေးတယ် သူ အသားတင် ၂ရာနှုန်း မြတ်တယ်။ အဲ ၉ ရာနှုန်း ဆိုရင်တော့ သူက တကယ့် ငွေကြေးတန်ဖိုးနဲ့ ကြည့်ရင် ရှုံးသွားပါပြီ။ အဲဒါဆိုရင် သူက ကိန်းဂဏန်းအရ သာ မြတ်ပြီး ငွေကြေးတန်ဖိုး အရတော့ ရှုံးသွားတယ်လို့ ဆိုရပါတော့မယ်။
အဲဒီလိုပဲ လုပ်ငန်းတွေ မှာလည်း (အဓိကအားဖြင့် Project နဲ့ လုပ်တဲ့ လုပ်ငန်းတွေပေါ့) ကိုယ်လုပ်နေတဲ့ လုပ်ငန်း လုပ်မယ့် လုပ်ငန်းက မြတ်မမြတ်ကို စဉ်းစားတဲ့ အခါမှာ Inflation ကိုပါ ထည့်စဉ်းစား လာကြပါတယ်။ ထည့်တွက် လာကြပါတယ် အဲဒီအခါ ဘာကိုသုံးပြီး တွက်သလဲ ဆိုတော့ NPV လို့ခေါ်တဲ့ Net Present Value နဲ့ တွက်လာပါတယ်။
Net Present Value ဆိုတာဘာလဲ? အရှင်းဆုံးပြောရရင် နောင် ကာလ တခုမှာ ရှိမယ့် ငွေကြေးက ခု လက်ရှိတန်ဖိုး ဘယ်လောက်နဲ့ ညီမျှသလဲလို့ တွက်တာ Net Present Value ပါ။ ခု စာဖတ်သူက လခ ဒေါ်လာ၂၀၀၀ ရနေတယ် နောင်နှစ် ဒီအချိန်မှာပဲ ကုမ္ပဏီက လခ ဒေါ်၂၃၀၀ ပေးမယ်လို့ ကတိခံထားတယ်။ အတိအကျ မသိနိုင်သော်လည်း ဒီနိုင်ငံရဲ့ ယေဘုယျ Inflation Rate က ၆ ရာနှုန်းခန့်ဆိုရင် နောက်နှစ် ဒီအချိန်မှာ ရမယ့် လခ ၂၃၀၀သည် ခု ဘယ်လောက်နဲ့ ညီမျှမလဲ။ ရာနှုန်းနဲ့ ပြောရင် လာမယ့်နှစ် ငွေတန်ဖိုးသည် ၆ ရာနှုန်းတိုးလာတာ ဖြစ်တဲ့ အတွက် ၁၀၀ + ၆ = ၁၀၆ ရာနှုန်း ။ ၂၃၀၀ ကို ၁၀၆ ရာနှုန်းနဲ့ စားလိုက်တော့ နောက်နှစ်မှာ ရလာမယ့် လခ ၂၃၀၀ သည် ခုနှစ် ငွေရဲ့ ဘယ်လောက်နဲ့ ညီမျှသလဲဆိုတော့ ၂၁၆၉ ဒေါ်လာနဲ့ ညီမျှပါတယ်။ အဲဒါ Net Present Value ပါ။
သူ့ကို Equation နဲ့ တွက်ပြမယ် ဆိုရင်တော့
- R = Net Cash Flow(အသားတင် ငွေပမာဏ)
- i = discounted rate(ငွေကြေးဖောင်းပွနှုန်း)
- t = time of net cash flow(အချိန် – နှစ်၊လ)
အပေါ်က ဥပမာကိုပဲ ဒီမှာ Formula နဲ့ ပြန်တွက်ပြပါ့မယ်
အဖြေက ၂၁၆၉ ပဲ ရနေပါလိမ့်မယ်။
အဲ ကျွန်တော် ရှင်းပြနေတာ ခုတော့ လုပ်ငန်းတွေ မှာ ငွေကြေးဖောင်းပွမှုကို ဘယ်လိုတွက်ချက်ပြီး ကျော်လွှားဖို့ စဉ်းစားမလဲဆိုတဲ့ တွက်ချက်မှုဆိုတဲ့ လိုရင်းကို ရောက်ပါပြီ။ လုပ်ငန်းတခုက ပရောဂျက်တခုကို လက်ခံရတယ် ခု လုပ်ငန်း စလုပ်လုပ်ချင်း ဒေါ်လာ ၁သိန်း ကုန်မယ် ပရောဂျက်က ၆ နှစ်ကြာပြီး နှစ်စဉ်ု ၀င်ငွေက ၃သောင်း ထွက်ငွေက ၅၀၀၀ ရှိမယ်။ ငွေကြေးဖောင်းပွမှုနှုန်းက တနှစ်ကို ၁၀% ရှိမယ်ဆိုရင် သူ့ရဲ့ Calculation က ဒီအတိုင်းဖြစ်နေပါမယ်။
၀င်ငွေ အားလုံးရဲ့ Present Value ကို ပေါင်းကြည့်တဲ့အခါ စုစုပေါင်း ၀င်ငွေက ၁၀၈,၈၈၁ ရပါတယ်။ အဲဒါဆို ခုလက်ရှိ ကုန်မယ့်ငွေက ၁သိန်း ဆိုတော့ Present Value နဲ့ တွက်ရင်တောင် သူ့ရဲ့ အမြတ်ငွေက ၈ထောင်ကျော် ရှိနေသေးတဲ့ အတွက် ဒီလုပ်ငန်းကို လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ငန်းအဖြစ် ရွေးချယ်ပါ့မယ်။
ဒီနည်းကို သုံးပြီးတော့ ကျွန်တော်တို့က တကယ့် ငွေတန်ဖိုးရဲ့ အမြတ်ကို ရှာဖွေဖို့ အသုံးပြုကြပါတယ်။ နောက်ထပ် ဒီနည်းကို အသုုံးပြုပြီး တော့လည်း Required Rate of Return (ပြန်ရလိုတဲ့ ရာနှုန်း) ကို အခြေခံပြီး တွက်နိုင်ပါတယ်။ Required Rate of Return ဆိုတာ ဘာလဲလို့ ဆိုရင် ကိုယ်က လုပ်ငန်းတခု လုပ်မယ် ပိုက်ဆံမရှိဘူး ချေးငှားပြီးမှ လုပ်ရမယ် အတိုးက ၁၀ တိုး အဲဒါဆို ၀င်ငွေက ပေးရမယ့် အတိုး ၁၀% ထက်ကျော်မှ ဖြစ်ပါ့မယ်။ အဲဒီလို အခါမျိုးမှာ ဆိုရင်လည်း ဒီပုံသေနည်းကိုပဲ သုံးပြီး တွက်လို့ရပါတယ်။
ငွေကြေး ဖောင်းပွမှုဟာ လူတွေ ငြင်းဆန်မရဘဲ ကြုံတွေ့နေရတဲ့ အရာမို့ စာဖတ်သူအတွက် တထောင့် တကဏ္ဍဖြစ်ဖြစ် တန်ဖိုးရှိစေဖို့ ရည်ရွယ်ပြီးတော့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ နောက်ထပ်လည်း ထပ်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။
သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကိုလည်း ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ တကယ်တမ်းတော့ စီးပွားရေးဘာသာရပ်က အတော်ကို ကျယ်ပြန့်တဲ့ ဘာသာရပ်ပါ။ အဲဒီအတွက် မတူညီတဲ့ အယူအဆတွေ အမြင်တွေ အများကြီး ရှိနိုင်ပါတယ် အဲဒီအတွက် ဆွေးနွေးမှု အားလုံးကို ကြိုဆိုပါတယ် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
နေဦး
Facebook comments:







Inflation ဆိုတာ ကြားသာကြားဖူးတာ ခုမှ သိတော့တယ်၊ ကျေးဇူးတင်ပါတယ် ကိုနေဦးရေ …
အရင်က ငွေကြေးဖောင်းပွရင် ကုန်ဈေးနှုန်းတက်တယ် ဆိုတာပဲ သိတယ်.. ခုလို သေသေချာချာ မသိရဖူး… ကျေးဇူးပါ ကိုနေဦးရေ …
ကျေးဇူးတင်တယ်ဗျာ…
ကျွန်တော်တို့က ပိုက်ဆံကို ရှာဖို့နဲ့ သုံးဖို့သာသိနေပြီး တကယ့်တန်ဘိုးကို မသိဘူး ဖြစ်နေတယ် အခုလို ငွေကြေးနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို နားလည်လွယ်အောင် ရှင်းပြတာ အားလုံးအတွက် အကျိုးများပါတယ်…
ဟုတ်ကဲ့ပါ ကိုသီဟရေ ကျွန်တော်လည်း ကိုယ်တတ်တဲ့ ပညာ ကိုယ်လေ့လာခဲ့တဲ့ ပညာကို ပြန်ပြီး မျှဝေပေးချင်တဲ့ စိတ်တခုနဲ့ ရှယ်ပေးတာပါဗျာ……..