အရင်းရှင်စနစ် အပိုင်း(၄)
ဒါဆိုရင် အရင်းရှင်စနစ်ဆိုတာဘာပါလဲ?
ကျွန်တော်တို့ ခုဆို အရင်းရှင်စနစ်ရဲ့ ပုံစံသုံးမျိုးအကြောင်းကို ပြောပြီးပါပြီ။ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပုံတွေ အမျိုးမျိုးရှိကြတဲ့ အလျောက် ကွဲပြားခြားနားမှုတွေ အများကြီး ရှိရင် ရှိနေပါလိမ့်မယ် ဒါပေမယ့် အားလုံးမှာတော့ အရင်းရှင်စနစ်ရဲ့ ထူးခြားချက်ဖြစ်တဲ့ အမြတ်ကို ရည်စူးတဲ့ ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါက စီးပွားရေးလုပ်ငန်းရဲ့ လုပ်ကိုင်ပုံ ပုံစံကြောင့် သဘာဝကြောင့် ဘာကြောင့် ညာကြောင့် တခုမှ မဟုတ်ပါဘူး ဒီ အရင်းကနေ ငွေရနိုင်သလားဆိုတဲ့ အချက်တခုထဲပါပဲ။ အရင်းရှင်စနစ် အရင်းရှင်ခေတ်မှာတော့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလုပ်နေနေ ဘယ်လိုပုံစံပဲ ဖြစ်နေနေ အားလုံးရဲ့ ရည်ရွယ်ချက် ဦးတည်ချက်က တခုထဲပါ။ အဲဒါကတော့ ဒီရင်းနှီးမြှပ်နှံမှုကနေ အမြတ်ရနိုင်မလားဆိုတာပါပဲ။
အရင်းအနှီးဆိုတာ ငွေများများပိုပြီးရနိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံတဲ့ ငွေကြေးတရပ် လို့ဆိုပါတယ်။ ဒါပေမယ့် မပြည့်စုံသေးပါဘူး နည်းနည်းလေး ထပ်ကြည့်ကြည့်မယ်ဆိုရင် အရင်းအနှီးဆိုတာ ငွေကြေးသက်သက်ရယ်မှ မဟုတ် ငွေဖြစ်နိုင်တဲ့ ပိုင်ဆိုင်မှု အားလုံးကို ဆိုလိုနေတာ တွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ဆိုရင် လူတယောက် သူပိုင်တဲ့ အိမ်တလုံးကိုဆိုလည်း သူ့ရဲ့ အရင်းအနှီးလို့ ခေါ်လို့ရပါတယ် ဘာလို့လည်းဆိုတော့ အိမ်ကို ရောင်းပြီး ရင်းလို့ရနိုင်တယ် အိမ်ကိုငှားပြီး ရလာတဲ့ ငွေကို ရင်းလို့ရနိုင်တယ်။ အသေးစားလုပ်ငန်းအတော်များများက ဒီနည်းနဲ့ ဖြစ်လာကြတာတွေပါ။ ဒီပစ္စည်းတခုမှာ ပိုင်ဆိုင်မှုအတိအကျရှိမယ်၊ တန်ဖိုးကို တိုင်းတာနိုင်ရမယ်၊ ပိုင်ဆိုင်မှုက ရွှေ့ပြောင်းနေရမယ်၊ သူ့အတွက် ဈေးကွက်ရှိမယ်ဆိုရင် ဘယ်ပိုင်ဆိုင်မှုမျိုးကိုမဆို အရင်းအနှီးအနေနဲ့ ပြောင်းလဲပစ်လို့ ရနိုင်ပါတယ်။ အရင်းရှင်စနစ် လူ့အဖွဲ့အစည်းတိုးတက်လာရခြင်းရဲ့အဓိက အချက်တခုက အခုလို ပိုင်ဆိုင်မှုတွေကို အရင်းအနှီးတွေအဖြစ်ပြောင်းပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ပေါ်လာတာဟာ တချက်အပါအဝင်ပါပဲ။ ဟာနန်ဒို ဒေ ဆိုတို(Hernando de Soto)က ပြောခဲ့ဘူးပါတယ် တတိယကမ္ဘာမှ ပြည်တွင်း အရင်းရှင်စနစ်တွေ ပျက်ယွင်းသွားရခြင်းက ဒီလို အဖွဲ့အစည်းတွေရဲ့ လစ်ဟင်းမှုကြောင့်လို့ ဆိုခဲ့ပါတယ်။ သူက ဘာကို ထောက်ပြခဲ့သလဲဆိုတော့ property ပိုင်ဆိုင်မှုထဲမှာတင် များပြားလှတဲ့ ငွေကြေးတွေနစ်မြုပ်နေပြီး လုပ်ငန်းလုပ်ကိုင်သူတွေအတွက် ကုန်ထုတ်လုပ်တဲ့နေရာမှာ သုံးဖို့မဖြစ်နိုင်လောက်အောင် တန်ဖိုးကြီးမားလွန်းနေတာပါပဲ။
အရင်းရှင်စနစ်ဆိုတာ တိတိကျကျ မပေါ်ခင်ကတည်းက အရင်းရှင်ဆိုတာက ရှိနေခဲ့တာပါ။ ဟိုးအချိန်အခါတွေကတည်းက ကုန်သည်တွေက ကုန်ပစ္စည်းတွေကို ငွေရင်းပြီး ဝယ်လိုက် အမြတ်တင်ပြီးရောင်းလိုက်ဆိုတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာပါ။ ကျွန်တော်တို့ အစပိုင်းမှာပြောခဲ့တဲ့ East India Company မှာဆိုရင် အရင်းရှင်စနစ်ရဲ့ ဒီပုံစံက တော်တော်ကို စုစုစည်းစည်းဖြစ်နေပြီး အမြတ်လည်း အတော်ရနေပါပြီ။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ အရမ်းအောင်မြင်သေးတာ မဟုတ်ဘဲ လူအနည်းစုပဲ ပါဝင်လာကြသေးတာပါ။ လူအတော်များများရဲ့ စားဝတ်နေရေးကလည်း ရင်းနှီးမြှပ်နှံမှုတွေအပေါ်မှာ သိပ် မမှီခိုသေးဘူး။ အရင်းရှင်စနစ်မှာတော့ စီးပွားရေးစနစ်တခုလုံးက ကုန်ရောင်း ကုန်ဝယ်သာမက ကုန်ထုတ်လုပ်ရာမှာရော ရင်းနှီးမြှပ်နှံမှုပေါ်မှာ မှီခိုနေပါတယ်။
ကုန်ထုတ်အရင်းရှင်စနစ်က လခပေးပြီးခိုင်းစေရတဲ့ အလုပ်သမားတွေရဲ့ လုပ်အားပေါ်မှာ အများကြီး မှီခိုနေပါတယ်။ ကားလ်မတ်(စ်) အခေါ် ကုန်ထုတ်လုပ်မှုအတွက် လိုအပ်ချက်(means of production)ကို ပိုင်ဆိုင်သူ ရင်းနှီးမြှပ်နှံသူ နဲ့ လခငွေကြေးအတွက် လုပ်အားကိုရောင်းသူ အလုပ်သမားတွေဆိုပြီး ပိုင်းခြားသွားသလို ငြင်းခုန်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်ချက်ဆိုတာ အလုပ်နေရာ၊ စက်ပစ္စည်း၊ ကုန်ကြမ်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒါတွေကို အရင်တုန်းကတော့ လုပ်ငန်းလုပ်ကိုင်သူ ကျွမ်းကျင်သူတွေက ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ လခဆိုတာဘာလဲ။ လခဆိုတာ အလုပ်ရှင်ကနေ ပေးတဲ့ ဈေးတခုကိုဆိုလိုပါတယ်။ ဘာကိုဝယ်လို့ပေးတာလဲဆိုတော့ အလုပ်သမားကရောင်းတဲ့ လုပ်အားကိုဝယ်တာပါ။ အရင်းရှင်တွေက အမြတ်ရမယ့် ဘယ်အလုပ်မျိုးမှာမဆို ငွေကြေးရင်းနှီးမြှပ်နှံမှာဖြစ်ပြီး အလုပ်သမားတွေက လခပေးတဲ့ အလုပ်မျိုးစုံမှာ အလုပ်ရှာလာပါတယ်။
အရင်းရှင်ဝါဒခေတ်ကြီးမှာ အရင်းငွေနဲ့ လုပ်အားမှာ သူ့အရည်အချင်းနဲ့သူရှိနေပါတယ်။ နှစ်ခုလုံးကလည်း မတူညီတဲ့ အလုပ်တွေလုပ်နေကြပြီး ငွေကြေးတစုံတရာလုံလောက်စွာရရှိမယ့် စီးပွားရေးလုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ်ကိုင်နိုင်ကြပါတယ်။ တကယ့်အနေအထားမှာတော့ ရွှေ့ပြောင်းနိုင်မှုက ငွေကြေးပိုင်ဆိုင်သူတွေနဲ့ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံတွေအပေါ်မှာမူတည်နေပါတယ်။ ဒီလို အလုပ်သမားတွေ ငွေအရင်းအနှီးတွေရဲ့ ရွှေ့ပြောင်းနိုင်မှုဟာ အရင်းရှင်စနစ်ရဲ့ လက္ခဏာတစ်ရပ်ပါပဲ။
လခစားအလုပ်သမားဆိုတဲ့အထဲမှာ အလကားလုပ်ခြင်းနဲ့ အခစားဖြစ်ခြင်း နှစ်မျိုးစလုံးပါဝင်ပါတယ်။ သခင်က ခိုင်းတာကိုပဲ လုပ်ရတဲ့ ကျွန်တွေလိုမဟုတ်ဘဲ လခစားအလုပ်သမားတွေက သူတို့ဘယ်မှာလုပ်ချင်တယ် ဘယ်သူ့ဆီမှာ အလုပ်လုပ်ချင်တယ်ဆိုတာကို ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ့်သခင်ရဲ့ မြေမှာပဲလုပ်ကြရတဲ့ အလယ်ခေတ်က အဆင့်နိမ့်လူတန်းစားတွေလို မဟုတ်ဘဲ လခစားအလုပ်သမားတွေက လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းလုပ်ကိုင်ခွင့်ရှိပါတယ်။ နောက်တဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း ဒါက နည်းနည်း စိတ်ကူးလွန်လွန်းရာကျချင် ကျနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဝင်ငွေရတဲ့ အလုပ်တခုမရှိဘဲနဲ့ အသက်ဆက်ဖို့ မဖြစ်နိုင်သလို လခစားအလုပ်သမားတွေအတွက်မှာ အလုပ်နဲ့ အလုပ်ရှင်တွေကလည်း တကယ်တမ်း ရွေးချယ်စရာ များများပြားပြားရှိလှတာတော့ မဟုတ်လို့ပါပဲ။ နောက် လခစားအလုပ်သမားတွေကို အလုပ်ရှင်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့ ချည်မျှင်စက်ရုံတွေမှာ တွေ့ရသလိုပဲ အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်လုပ်မှုပုံစံက ချမှတ်ထားတာ စည်းကမ်းသစ် ဘောင်အသစ်တွေနဲ့ လုပ်ကိုင်ရသလို အလုပ်ကလည်း ဇယ်ဆက်သလို မပြတ်တမ်းလုပ်နေရတာပါ။ အလုပ်သမားတွေက တကယ်တမ်းတော့ ကားလ်မာ့ခ်စ်ပြောခဲ့သလို လခစား ကျွန်တွေ ဖြစ်လာခဲ့ပါတယ်။
လခစားအလုပ်သမားတွေရဲ့ အရေးပါပုံက ကုန်ထုတ်လုပ်မှု တခုတည်းမှာတင် မဟုတ်ပါဘူး စားသုံးသူအနေနဲ့ပါ အရေးပါတာဖြစ်ပါတယ်။ အလုပ်သမားတွေက သူတို့လိုချင် သူတို့စားချင်တာကို ကိုယ်တိုင်လုပ်နေဖို့ အချိန်မပေးနိုင်တော့တဲ့အခါ လိုအပ်တာတွေကို ဝယ်သုံးလာရတယ်။ အဲဒီမှာပဲ လုပ်ငန်းကြီးတွေအတွက် စားသုံးသူ လိုအပ်ချက် demand ပေါ်ပေါက်လာတာပါ။ ဒါက သူတို့အတွက်လိုအပ်တဲ့ အစားအစာ၊ အဝတ်အစားနဲ့ အခြားပိုင်ဆိုင်မှုတွေတင်မကဘဲ အနားယူ အပန်းဖြေမှုတွေအတွက်ပါ စားသုံးသူလိုအပ်ချက်တွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ရှေ့က ပြောခဲ့သလိုပဲ အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်လုပ်မှုပုံစံဟာ အနားယူအပန်းဖြေမှုဆိုင်ရာလုပ်ငန်းတွေကို ဖန်တီးပေးလာပါတယ်။ ကုန်ထုတ်လုပ်မှုကော စားသုံးမှုမှာပါ အရေးပါလှတဲ့ အလုပ်သမားတွေရဲ့ အနေအထားအကြောင့်ပဲ အရင်းရှင်စနစ်ကုန်ထုတ်လုပ်မှု ပုံစံက အရမ်းမြန်မြန် တိုးတက်လာခဲ့တာပါ။
ကုန်သည်တွေအတွက်တော့ ဈေးကွက်ဆိုတာက သိပ်အထွေအထူး အသစ်အဆန်းမဟုတ်ပါဘူး ဒါပေမယ့် သူတို့က အရင်းရှင်ခေတ်စနစ်မှာတော့ ဗဟိုချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကုန်ထုတ်လုပ်မှုနဲ့ စားသုံးမှုက သီးသန့်ဖြစ်သွားခဲ့လိုပါ တနည်းအားဖြင့်ဆိုရရင် လူတွေက ကိုယ်ထုတ်လုပ်ထားတဲ့ ပစ္စည်းတိုင်းကို မသုံးသလို သုံးသမျှ ပစ္စည်းတိုင်းကလည်း ကိုယ့်ရဲ့ ထုတ်လုပ်မှုမဟုတ်ပါဘူး။ အဲဒီအတွက်ကြားမှာ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေ ရောင်းဖို့ ဝယ်ဖို့ ကြားခံတခုအနေနဲ့ ဈေးကွက်ဆိုတာက အရေးပါလာတာပါ။ ကိုယ်မလုပ်တဲ့ အရာတချို့တလေကို ဝယ်ဖို့ဆိုတာထက် ဈေးကွက်ဆိုတာက ဘာမဆို ရနိုင်တဲ့ နေရာတခုဖြစ်လာတာပါ။ နောက် ဈေးကွက်ဆိုတာ ဈေးဆိုတဲ့ တနေရာထဲမှာ ရှိနေတော့တာမဟုတ်ဘဲ ရောင်းသူနဲ့ ဝယ်သူ တွေ့နိုင်ဖလှယ်နိုင်တဲ့ နေရာတိုင်းက ဈေးကွက်ဖြစ်လာတာပါ။ အခုလိုခေတ်မှာဆို အင်တာနက်ပေါ်မှာတင် ဈေးနှုန်းတွေကို တင်ထားကြပြီး အရောင်းအဝယ်ကို အင်တာနက်ပေါ်မှာတင် လုပ်နေကြပါပြီ။ ဒါက ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေအတွက်သာမကပါဘူး လုပ်အား၊ ငွေ နဲ့ ရင်းနှီးမြှပ်နှံမှုတွေအတွက်လည်း ဈေးကွက်ပေါ်လာတာဖြစ်ပါတယ်။ လခဆိုတာ အလုပ်သမားတွေရတဲ့ အလုပ်သမားဈေးကွက်က သတ်မှတ်ပေါ်ပေါက်လာတဲ့ ဈေးနှုန်းတခုဖြစ်ပြီး အလုပ်သမားဈေးကွက်မှာ အလုပ်ရှင်တွေက အလုပ်သမားရဖို့ ကြိုးစားနေသလို အလုပ်သမားတွေကလို အလုပ်ရဖို့ ကြိုးစားနေကြပါတယ်။ ငွေကိုတော့ ငွေကြေးဈေးကွက်ပေါ်မှာတင် အရောင်းအဝယ်အလုပ်နေကြပြီး ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ စတော့အိတ်ချိန်းတွေမှာ အရောင်းအဝယ်လုပ်နေကြပါတယ်။
ချည်မျှင်စက်ရုံတွေမှာ တွေ့ခဲ့သလိုပဲ ဈေးကွက်ကြောင့် စီးပွားရေးလုပ်ငန်းများကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာကြတယ်။ နည်းမျိုးစုံနဲ့လည်း ပြိုင်ဆိုင်လာကြတယ် ဥပမအားဖြင့်ဆိုရရင် နည်းပညာသစ်ထွန်းကားလာမှုကို အသုံးပြုလို့ လုပ်အားခ သက်သာအောင်လုပ်တာ၊ ဈေးကွက်ထဲမှာ ပိုပြီးထိထိရောက်ရောက်ဖြန့်ချိတာ အစသဖြင့် လုပ်လာကြတယ်။ ပြိုင်ဆိုင်မှုတွေကြောင့် လုပ်ငန်းတွေဟာ ပြိုင်ဘက်ကို အနိုင်ယူဖို့ ဒါမှမဟုတ်အနည်းဆုံးတော့ ယှဉ်နိုင်ဖို့အရေး အချိန်နဲ့အမျှ အပြောင်းအလဲတွေ လုပ်လာကြတယ်။ အောင်မြင်တာလည်း ရှိ မအောင်မြင်တာလည်းရှိ ဆိုသလိုဖြစ်ပြိး အောင်မြင်လာတဲ့အခါမှာတော့ အလုပ်သမားတချို့နေရာမှာ စက်တွေနဲ့ အစားထိုးလာကြတယ်။ ဒီပြိုင်ဆိုင်မှုတွေကြောင့်လည်း အရင်းရှင်စနစ် ကုန်ထုတ်လုပ်မှုက ပိုမိုပြီး မြန်ဆန်ပြင်းထန်လာတယ်။
ဒါပေမယ့်လည်း အရင်းရှင်စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ပြိုင်ဆိုင်မှုကို လျှော့ချနိုင်မယ့် နည်းလမ်းကို ရှာတွေခဲ့ပါတယ်။ ပြိုင်ဘက်တွေထက် အားသာပြီးသား လုပ်ငန်းတွေအနေနဲ့ ပြိုင်ဆိုင်မှုတွေကို လျှော့ချတာမျိုး လုပ်နိုင်ခဲ့ပါတယ် ဒါပေမယ့် အဲဒီမှာလည်း မသေချာမှုတွေ ရှိသလို အမြတ်ငွေ လျော့ကျတာမျိုးမှ ဒေဝါလီခံသည်အထိဖြစ်သွားနိုင်ပါတယ်။ ကုမ္ပဏီတွေက စုပေါင်းတည်ထောင်တဲ့ ကုန်သည်အသင်းအဖွဲ့တွေအနေနဲ့ ပြိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ထိန်းချုပ်တာမျိုး လုပ်လာခဲ့တယ်။ ဈေးပြိုင်ချတာမျိုး မလုပ်ဖို့၊ လခပေးရာမှာလည်း လခနှုန်းကို ညှိထားဖို့ ဆုံးဖြတ်ချက်ချပြီး ဈေးကွက်ကို မှန်မှန်ကန်ကန် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ နောက်တမျိုးကတော့ လုပ်ငန်းနှစ်ခုပေါင်းခြင်း ဒါမှမဟုတ် လုပ်ငန်းတစ်ခုက တစ်ခုကို အပိုင်ဝယ်လိုက်ခြင်းအားဖြင့်လည်း ပြိုင်ဆိုင်မှုတွေကို လျှော့ချနိုင်ခဲ့တယ်။ ပြိုင်ဆိုင်မှုနဲ့ အားစိုက်ရမှုတွေကြား လွန်ဆွဲရမှုတွေက အရင်းရှင်စနစ်မှာ အမြဲရှိနေခဲ့ပါတယ်။
ဈေးနှုန်းတွေဈေးကွက်ထဲမှာ ပြောင်းလဲနေတာနဲ့အမျှ ဈေးကွက်ထဲမှာ ငွေရှာနိုင်စရာ အခွင့်အလမ်းတွေ ထပ်ပေါ်လာနိုင်ပါတယ်။ ဘယ်လိုလဲဆိုတော့ ကုန်ပစ္စည်းပဲဖြစ်ဖြစ် လုပ်ငန်းပဲဖြစ်ဖြစ် တခုခုကို ဝယ်ပြီး တန်ဖိုးတက်လာအောင် ပြုပြင်ခြင်း ပြင်ဆင်ခြင်းမလုပ်ဘဲ နောက်အနာဂတ်အချိန်တစ်ခုမှာ ဈေးတင်ပြီးရောင်းဖို့ကြိုးစားတဲ့ ဖြစ်ရပ်မျိုးတွေဖြစ်ပါတယ်။ ဒါ ဘယ်ကုန်ပစ္စည်းမျိုးမှာမဆို လုပ်လို့ ရနိုင်ပါတယ်။ အဲဒါဟာ ဂျုံဖြစ်နိုင်တယ်၊ ငွေကြေး ပိုက်ဆံဖြစ်နိုင်တယ်၊ ညွှန်းကိန်းတွေဖြစ်နိုင်သလို ကျွန်တွေမှတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါတွေကိုတော့ ကုန်ထုတ်လုပ်မှု မဟုတ်တဲ့ လုပ်ငန်းပုံစံမျိုးအဖြစ် သီးခြားသတ်မှတ်ကြပါတယ်။ သူ့ရဲ့ပုံစံကလည်း ပုံမှန်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပုံဖြစ်တဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေကနေ ကွဲပြားခြားနားနေပါတယ်။ ဒီနည်းလမ်းမှာ ကုန်ထုတ်လုပ်မှု မပါဘူးဆိုတာ ဖြစ်နိုင်ပါတယ် ဒါပေမယ့် ဒီနည်းလမ်းကို အချိန်အတိုင်းအတာတစ်ခုကြား ငွေရှာတဲ့ နည်းလမ်းအပြင် စွန့်စားမှုတွေကို ရှောင်ဖယ်ရတဲ့ နည်းလမ်းတစ်ခုအနေနဲ့လည်း ဆိုနိုင်ပါတယ်။ ဈေးကွက်ရဲ့ရောင်းလိုအားနဲ့ဝယ်လိုအားက ပြောင်းလဲနေသည့်နှင့်အမျှ ဈေးကွက်ကလည်း အမြဲ မတည်မငြိမ်ဖြစ်နေတာပါ။ ကုန်တွေ သိုလှောင်ထားတယ်ဆိုတာက ကိုယ့်လုပ်ငန်းရဲ့ အမြတ်ငွေကို ထိခိုက်စေနိုင်တဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကနေ ကြိုတင်ကာကွယ်ထားခြင်းလို့လည်း ပြောနိုင်ပါလိမ့်မယ်။ ရှေ့မှာ ပြောခဲ့တဲ့အထဲက Leeson လုပ်တဲ့ ရှယ်ယာတွေကို အနာဂတ်မှာ ဈေးတစ်ခုနဲ့ ကြိုတင်ဝယ်တာကလည်း မသေချာမရေရာမှုတွေကို လျှော့ချဖို့ ကြိုးစားတဲ့ နည်းလမ်း တစ်ခုပါပဲ။ ဒီနည်းလမ်းတွေက ဟိုးရှေးရှေးကတည်းက ဈေးနှုန်းပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုကို ကာကွယ်ခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။
၁၉၈ဝ နဲ့၁၉၉ဝ ခုနှစ်တွေမှာ ငွေကြေးဈေးကွက်အကြား အရောင်းအဝယ်ပြုမှုတွေ အကြီးအကျယ်များပြားလာပြီးတဲ့နောက်ပိုင်း ငွေကြေးလဲလှယ်မှုဈေးနှုန်း (exchange rate) က နဂို ပုံသေသတ်မှတ်မှုမှသည် အရှင်ဖြစ်လာပါတယ်။ အဲဒီအတွက်လည်း အနာဂတ်ငွေကြေးတန်ဖိုးက ပိုပြီးမရေမရာတဲ့ အနေအထားကို ရောက်လာရတယ်။ ငွေကြေးတန်ဖိုးပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ ငွေကြေးတွေကို ကြိုဝယ်လာကြတယ်။ ကြိုဝယ်လာကြတယ်ဆိုတာက နောက် တစ်လမှာ ဒီငွေ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာဆို ဒေါ်လာကို နောက်တစ်လအချိန်မှာ ဘယ်ဈေးပဲဖြစ်နေနေ ခုတန်ဖိုးဖြတ်ထားတဲ့ ဈေးတန်ဖိုးတစ်ခုနဲ့ ကြိုဝယ်ထားတာကို ဆိုလိုတာပါ။ ဒါက လုပ်ငန်းကြီးတွေအတွက် တကယ့်လိုအပ်ချက်ဖြစ်တာနဲ့ အညီ ငွေကြိုဝယ်ခြင်းကလည်း ပိုမိုများပြားလာကြပါတယ်။
ဒီလိုဖြစ်ရပ်မျိုးက ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ရောင်းဝယ်ခြင်းမှာလည်း အလားတူပေါ်ပေါက်ခဲ့ပါတယ်။ အရင်းငွေအတွက် ဈေးကွက် ပေါ်ပေါက်လာမှုဆိုတာ အရင်းရှင်စနစ်မှာ အခြေခံနေတာပါ။ စီးပွားရေးလုပ်ငန်းလုပ်ဖို့ အရင်းအနှီးရှာနေသူတွေနဲ့ ငွေရှိပြီး ရင်းနှီးမြှုပ်နှံစရာ ရှာနေတဲ့သူတွေအကြားဆက်စပ်ပေးမှုမှာ အရင်းရှင်စနစ်ဟာ အခရာကျလို့နေပါတယ်။ ကုမ္ပဏီတွေရဲ့ စတော့ဈေးကွက်တန်ဖိုးပြောင်းလဲသွားတာနဲ့ သူတို့ရဲ့ စီးပွားရေးအခြေအနေနဲ့ အမြတ်ရရှိနိုင်မှုတွေက ပြောင်းလဲသွားပါတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် ဈေးနှုန်းပြောင်းလဲမှုအတွက် ထင်ကြေးပေးမှုတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ထင်ကြေးပေးမှုဆိုတာကို အရင်းရှင်စနစ်နဲ့ ခွဲထားလို့ကို မရနိုင်တဲ့အပြင် ဒါက အရင်းရှင်စနစ် ယန္တရားရဲ့ ဘေးထွက်တခုလည်း ဖြစ်နေပါတယ်။
ဒါဆို ကျွန်တော့်တို့မေးခွန်းအတွက်အဖြေကိုပြန်ကောက်လိုက်ရင် အရင်းရှင်စနစ်ဆိုတာ ငွေထပ်များများရဖို့ ငွေကြေးရင်းနှီးမြှုပ်နှံခြင်းကို ဆိုလိုတာပါပဲ။ ကုန်သည်တွေက ဒီစနစ်ကို ကျင့်သုံးပြီးတဲ့ နောက်ပိုင်းမှာ ကုန်ထုတ်လုပ်မှုတွေကို ရှေးကနည်းအတိုင်းပဲ ငွေကြေးရင်းနှီးမြှုပ်နှံခြင်းနဲ့ အရင်းရှင်စနစ်ရဲ့ ပုံစံက ပြောင်းလဲသွားခဲ့တယ်။ ကုန်ထုတ်အရင်းရှင်စနစ်က ကုန်ထုတ်လုပ်မှုသာမက လုပ်ငန်းကြီးတွေရဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကိုပါ သုံးစွဲပေးတဲ့ လခစားအလုပ်သမားတွေအပေါ်မှာ မှီတည်နေပါတယ်။ ကုန်ထုတ်လုပ်မှုနဲ့ စားသုံးမှုကို ဈေးကွက်နဲ့ ချိတ်ဆက်ထားပြီး ဈေးကွက်ကြောင့်ပဲ လုပ်ငန်းတွေကြား ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာတယ်။ ဒါ့အပြင် မသေချာမှုတွေကို လျှော့ချဖို့ နည်းလမ်းတွေကိုလည်း ကြံဆလာစေတယ်။ ဈေးကွက်ရဲ့ မတည်ငြိမ်မှုက အရင်းရှင်စနစ်ရဲ့ ထင်ကြေးပေးမှု ပုံစံကို ဖန်တီးပေးလိုက်တယ်။ ထင်ကြေးပေးမှုဆိုတာ ကုန်ထုတ်လုပ်မှုမဟုတ်ဘူး ဒါပေမယ့် အရင်းရှင်စီးပွားရေးစနစ်ရဲ့ ဗဟိုယန္တရားပေါ်မှာအခြေခံလာတဲ့ လုပ်ငန်းပုံစံတစ်ခုဖြစ်ပါတယ်။ ။
“The weak can never forgive. Forgiveness is the attribute of the strong” (Gandhiji)
Facebook comments:



