Bank Account များ အကြောင်း
ဘဏ်များနှင့် ငွေကြေးဆိုသည်မှာ ယခု မျက်မှောက် ခေတ်ကာလတွင် နေ့စဉ်ပတ်သက်နေရသည့် ဘဝတစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်းသည် ဘဏ်အကောင့်များ အကြောင်း ဘဏ်လုပ်ငန်းများ အကြောင်းကို အနည်းနှင့် အများ နားလည် သဘောပေါက်ထား သင့်သည်။ ယခု ဆောင်းပါးတွင်မူ ABS (The Association of Banks in Singapore) မှ ထုတ်ဝေသော ပညာပေး စာစောင်များကို ကိုးကားပြီး ဘဏ်များတွင် ဖွင့်နိုင်သည့် အကောင့်များ အကြောင်းကို ရှင်းလင်းဖော်ပြ ပေးပါမည်။
တစ်ခုရှိသည်မှာ ဤဆောင်းပါးပါ တစ်ချို့အချက်အလက်များသည် စင်္ကာပူနိုင်ငံပေါ် မူတည်၍ ရေးထားသဖြင့် မြန်မာနိုင်ငံမှ စာဖတ်သူများ အနေဖြင့် လက်တွေ့ မဖြစ်နိုင်သလို ဖြစ်နေပါမည်။ သို့သော် ထိုသူတို့ထဲမှာ တစ်ချို့တစ်ချိန်ချိန် နိုင်ငံခြား ထွက်ဖြစ်သည့် အခါတွင်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း စနစ်များ ပြောင်းလဲ လာလျှင်ဖြစ်စေ သေချာပေါက် အသုံးဝင် ပါလိမ့်မည်။
မိမိ နိုင်ငံခြားရောက်သည့် အခါတွင်မှ “ကုမ္ပဏီက လစာပေးဖို့ ဘဏ်အကောင့် လိုတယ်ပြောတယ်၊ ဘာအကောင့် ဖွင့်ရမှာလဲ။ ငါ ဘဏ်အကောင့် ဖွင့်တာ ငါ့ကို ဒါတွေ ဘဏ်က ပြန်မေးတယ်။ ဘာတွေမှန်းလဲ မသိဘူး။ ငါ အကောင့် ဖွင့်လိုက်တာ ငါ့ကို ဒီကတ်ပြားတွေ အများကြီး ပေးလိုက်တယ်။ ဘာတွေလဲ။ ဘာလုပ်လို့ရလဲ။” အစရှိသည့် မေးခွန်းများကို သူများထံမှ လိုက်လံ စုံစမ်းနေရန် မလိုပဲ မိမိကိုယ်တိုင် informed decision လုပ်နိုင်ရန် အတွက် အထောက်အကူ ဖြစ်နိုင်စေရန် ရည်ရွယ်ပါသည်။
(၁) ဘဏ်အကောင့် အမျိုးအစားများ
ဘဏ်တွင် အကောင့်ဖွင့်၍ ငွေစုခြင်းဖြင့် သင်၏ နေ့စဉ် ငွေကြေးသုံးစွဲမှုနှင့် အရေးပေါ် လိုအပ်ချက်များ အတွက် ငွေကြေးကို စနစ်တကျ စီမံ ခန့်ခွဲနိုင်သည်။ တစ်ချိန်တည်းမှာပင် အတိုးရသော ဘဏ်အကောင့် ဖြစ်ပါက စုငွေ၏ အတိုးကိုလည်း ရနိုင်သေးသည်။ ဘဏ်အကောင့် များကို အဓိကအားဖြင့် Saving account, Current account နှင့် Fixed deposit account ဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။
Saving account – နိုင်ငံနှင့် ဘဏ်တစ်ခုချင်းစီအပေါ် မူတည်၍ အတိုးနှုန်း အနည်းနှင့်အများ ရရှိနိုင်သည်။ ထည့်ထားသည့် ငွေပမာဏကို သက်တမ်း တစ်ခုထိ မထုတ်ပဲထားရန် မလိုအပ်ပေ။ ကြိုက်သည့် အချိန်တွင် ကြိုက်သလောက် ထည့်၍ လိုသည့် အချိန်တွင် လိုအပ်သလို ပြန်လည် ထုတ်ယူ သုံးစွဲနိုင်သည်။ ချက်လက်မှတ် စာအုပ် (Cheque book) တော့ ရနိုင်မည် မဟုတ်ပေ။ မိမိ အကောင့် လက်ကျန်ငွေ ငွေသွင်း ငွေထုတ် transaction များနှင့် ရရှိသည့် အတိုးများကို ကြည့်ရှု စစ်ဆေးရန်အတွက် ဘဏ်အကောင့် စာအုပ် Passbook နှင့် လစဉ် bank statement များကိုတော့ အကောင့် ဖွင့်သည့်ဘဏ် သို့မဟုတ် မိမိ၏ ရွေးချယ်မှုပေါ် မူတည်၍ တစ်ခုသို့မဟုတ် နှစ်ခုလုံး ရပေမည်။
Current account - အတိုးရနိုင် မရနိုင်သည် ဘဏ်ပေါ် မူတည်သည်။ Saving account မှာကဲ့သို့ပင် ငွေကို အဆင်ပြေသလို သွင်းနိုင် ထုတ်နိုင်သည်။ မတူသည့် အချက်မှာ ချက်လက်မှတ် စာအုပ်ရခြင်းနှင့် ဘဏ်အကောင့် စာအုပ် မရခြင်းတို့ပင် ဖြစ်သည်။
Fixed deposit account – ဤအကောင့်သည် saving account ထက် အတိုး ပိုပေးသော အကောင့် အမျိုးအစား ဖြစ်သည်။ Fixed deposit ဟု ဆိုသည့် အလျောက် မိမိ ကြိုက်သလို ငွေသွင်း ငွေထုတ် လုပ်၍မရပေ။ မိမိ အကောင့်ဖွင့်လိုသည့် ပမာဏနှင့် fixed deposit account ဖွင့်ပြီးပြီ ဆိုလျှင် fix mature period ဟုခေါ်သည့် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အချိန် အတိုင်းအတာ တစ်ခုအထိ ဘဏ်ထဲတွင် ထည့်ထားရသည်။ ထိုအချိန် ပြည့်မှသာ မိမိ ထည့်ထားသည့် ငွေရင်းနှင့် ရရှိသည့် အတိုးများကို ထုတ်ယူနိုင်သည်။ အကယ်၍ ထိုအချိန် မပြည့်ခင် အရေးပေါ် ငွေလို၍ ထုတ်လျှင် ရှာထားသည့် အတိုးများ ဆုံးခြင်းနှင့် ၀န်ဆောင်ခများ ထပ်ဆောင်း ပေးရခြင်း အစရှိသဖြင့် သဘော တူညီချက်များ ပါရှိသည်။ ချက်လက်မှတ် စာအုပ်များ account statement များ ရလေ့ မရှိပေ။
(၂) ဘယ်အကောင့် ဖွင့်မလဲ
ဘဏ်အကောင့် ဖွင့်မည် ဆိုလျှင် ကိုယ့်ကိုယ်ကို ဘာအတွက် ဘဏ်အကောင့် လိုတာလဲ ဆိုသည်ကို ပြန်စဉ်းစား သင့်သည်။ သင့်အနေဖြင့် bill များ ဆောင်ခြင်း လခ လွှဲပြောင်းပေးခြင်း စသည့် နေ့စဉ် ငွေအသုံး စရိတ်များကို စီမံ ခန့်ခွဲရန် အတွက်ဆိုလျှင် saving, current သို့မဟုတ် saving နှင့် current account နှစ်ခုလုံးသည် အသုံး အဝင်ဆုံး ဖြစ်ပေလိမ့်မည်။ သို့မဟုတ် သင့်အနေဖြင့် ပိုလျှံနေသည့် ငွေကြေးများ ကာလ အပိုင်းအခြား တစ်ခုထိ သုံးစွဲရန် မလိုအပ်သော ငွေများမှ အတိုး ရရှိချင်သည် ဆိုလျှင်မူ fixed deposit account ဖွင့်ရန် စဉ်းစားသင့်သည်။
(၃) လုံခြုံစိတ်ချရခြင်း
သင့်ပိုက်ဆံ များသည် လုံခြံု စိတ်ချရသော ဘဏ် အကောင့်ထဲတွင် ရှိနေသဖြင့် ပျောက်ပျက် ဆုံးရှုံးရန် သိပ်စိတ်မပူရပေ။ ထို့အပြင် သင့် ပိုက်ဆံများကို သင်ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်သည်။ အကောင့်ထဲတွင် ပိုက်ဆံများ ထည့်၍ ဘဏ် အကောင့်ထဲမှ ပေးဆပ် သုံးစွဲခြင်းဖြင့် သင်၏ ၀င်ငွေနှင့် ထွက်ငွေ အချက်အလက်များကို သိရှိ ချင့်ချိန်နိုင်သည်။ ဘဏ် အကောင့်ထဲသို့ ငွေများ ထည့်ခြင်း ဘီလ်ဆောင်ခြင်း ငွေလွှဲခြင်း စသည်တို့ကို သင့်အနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်၍ သော်လည်းကောင်း ATM စက်များ၊ Kiosk များမှအပြင် အင်တာနက်၊ ဖုန်းတို့မှလည်း ဆောင်ရွက် နိုင်သည်။ မလိုအပ်သော ပိုက်ဆံ အမြောက်အမြားကို လက်ထဲတွင် မထားပဲ ဘဏ်တွင် စုထားလိုက်ခြင်းဖြင့့် မလိုအပ်ပဲ သုံးဖြုန်းမှု မှလည်း လျော့ကျ သွားနိုင်သည်။
(၄) Cheque Clearing ဆိုသည်မှာ
သင့်ကို တစ်ခြား ဘဏ်တစ်ခုမှ cheque လက်မှတ် တစ်စောင် ပေးလိုက်၍ သင့်ဘဏ် အကောင့်ထဲ ထည့်လိုက်သည် (deposit) ဆိုလျှင် သင့်ဘဏ် အနေဖြင့် သင့် ချက်လက်မှတ်ကို ထုတ်ပေးသည့် ဘဏ်သို့ ပြန်လည် ပေးပို့ စစ်ဆေးပြီး ချက်လက်မှတ်ပါ ငွေပမာဏကို ရယူ၍ သင့်အကောင့်ထဲသို့ ပြန်လည် ထည့်ပေးခြင်း ဖြစ်သည်။ ဤသို့ ဘဏ်တစ်ခုနှင့် တစ်ခု ချိတ်ဆက်၍ ချက်လက်မှတ်ပါ ငွေကြေးပမာဏ လွှဲပြောင်း ပေးခြင်းကို cheque clearing process ဟုခေါ်သည်။ ထို့ကြောင့် သင့်ရရှိသည့် ချက်လက်မှတ်ကို သင့်အကောင့်ထဲသို့ ဘဏ်မှ သတ်မှတ် ထားသည့် cheque clearing cut-off အချိန်မတိုင်ခင်ထည့်သည်ဆိုလျှင် သင့်အနေဖြင့် နောက်တစ်နေ့ ညနေ ၂နာရီနောက်ပိုင်းမှ အကောင့်ထဲသို့ ပိုက်ဆံ ရောက်ပေမည်။ အကယ်၍ cut-off time ကို ကျော်ပြီးမှ deposit လုပ်လျှင် နောက်၂ရက် နေမှသာ မိမိ အကောင့်ထဲသို့ ပိုက်ဆံ ရောက်ပေ လိမ့်မည်။
(၅) ဘဏ်အကောင့် ပိုင်ရှင်များအတွက် ရရှိနိုင်သည့် ဝန်ဆောင်မှုများ
အောက်တွင် ဖော်ပြထားသော ဝန်ဆောင်မှုများမှ တစ်ချို့မှာ စင်္ကာပူနိုင်ငံအတွင်းမှ စနစ်များ ဖြစ်ပါသည်။
ATM card – ဘဏ်အကောင့် ဖွင့်သည်နှင့် ဘဏ်မှ သင့်ကို ATM card တစ်ခု ပေးပါမည်။ ဤကတ်ကို အသုံးပြု၍ နီးစပ်ရာ ဘဏ်၏ ATM စက်များမှ တစ်ဆင့် ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲခြင်းများ လက်ကျန် ငွေစစ်ဆးခြင်းများကို ဆောင်ရွက် နိုင်သည်။ ATM card ကို ATM စက်များတွင် အသုံးပြုရန် ဘဏ်အကောင့် ဖွင့်စဉ်က ပေးခဲ့သော Personal Identification Number (PIN) နံပါတ် လိုအပ်သည်။
Cash card – bill များပေးခြင်း စားသောက်ဆိုင် များတွင် စားသောက်ခြင်း ကားပါကင်ဖိုး ပေးခြင်းများ အတွက် အသုံးပြုနိုင်သော ကဒ်ဖြစ်သည်။
Debit card – ATM card များသည် စင်္ကာပူနိုင်ငံတွင် NETS ဟုခေါ်သည့် Electronic Funds Transfer စနစ်ကို အသုံးပြု၍ စျေးဆိုင်တိုင်း နီးပါးတွင် ငွေပေးချေ နိုင်သော်လည်း online နှင့် တယ်လီဖုန်းများမှ ၀ယ်ယူခြင်း ကဲ့သို့သော electronic purchase များအတွက်မူ သုံးစွဲ၍ မရပေ။ ထို့အတွက် Debit card ဟုခေါ်သည့် ၀ယ်ယူသည့် ပမာဏကို NETS payment ကဲ့သို့ပင် မိမိဘဏ် အကောင့်ထဲမှ တိုက်ရိုက် နှုတ်ယူသွားမည့် ကတ်များကိုလည်း ထပ်မံ လျှောက်နိုင်သည်။ ကတ်အမျိုးအစားနှင့် ဘဏ်ပေါ် မူတည်၍ နှစ်စဉ် premium ကြေးများ ပေးရန် လိုအပ် နိုင်သည်။
Standing order – သင့်အနေဖြင့် တစ်ခြား အဖွဲ့အစည်း တစ်ခုခုကို ရင်းနှီး မြှုပ်နှံမှု အတွက်ဖြစ်စေ တစ်ခြား အကြောင်းတစ်ခုခု အတွက်ဖြစ်စေ ပုံမှန် ငွေပေးရန် လိုအပ်ပါက သင့်ဘဏ်ကို standing order အနေဖြင့် ပုံမှန် ပေးပေးရန် ညွှန်ကြား ထားနိုင်သည်။
GIRO – လစဉ် ပေးဆောင်ရန် ရှိသည့် အင်တာနက်ဖိုး ဖုန်းဖိုး စသည်တို့ကို ဘဏ်အကောင့်မှ တိုက်ရိုက် အလိုလို ပေးစေချင် လိုလျှင် မိမိ ပေးရမည့် အဖွဲ့အစည်းမှ တစ်ဆင့် GIRO application လျှောက်ထား နိုင်သည်။ ထို့အတွက်ကြောင့် ဘီလ်ဆောင်ရန် နောက်ကျခြင်း၊ နောက်ကျကြေး ပေးဆောင်ရခြင်း၊ ဘီလ်ဆောင်ရန်အတွက် queue စီရခြင်း စသည်တို့ကို ရှောင်လွှဲနိုင်၍ အဆင်ပြေသော ၀န်ဆောင်မှု တစ်ခုဖြစ်သည်။
Phone banking – ဘဏ်မှပေးထားသော အထူးနံပါတ်ကို တယ်လီဖုန်းနှင့် ဆက်သွယ်၍လည်း အကောင့် လက်ကျန်စာရင်း စစ်ဆေးခြင်း၊ ငွေလွှဲခြင်း စသည်တို့ကို ဆောင်ရွက် နိုင်သည်။
Internet banking – phone banking ကဲ့သို့ပင် ဘဏ်မှ ပေးထားသော web site ကို အသုံးပြု၍ phone banking ထက် ပိုမို များပြားသော ဘဏ်၏ ၀န်ဆောင်မှုများကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ဘီလ်ဆောင်ခြင်း၊ စတော့ရှယ်ယာ ၀ယ်ခြင်း စသည်တို့ဖြစ်သည်။
Mobile banking – ဘဏ်များမှ အပြိုင်အဆိုင် ပေးနေသော နောက်ဆုံးပေါ် ၀န်ဆောင်မှု တစ်ခုမှာ mobile banking ဖြစ်သည်။ မိုဘိုင်းဖုန်း များတွင် ပိုမိုမြန်ဆန်သော 3G network များ အသုံးများ လာသည်နှင့်အမျှ ဘဏ်များသည်လည်း mobile phone application များထုတ်ပေးပြီး mobile phone မှတစ်ဆင့် internet banking ၀န်ဆောင်မှုများကို ရယူနိုင်ရင် ၀န်ဆောင်မှု ပေးကြသည်။
(၆) ဘဏ်အကောင့် တစ်ခုဖွင့်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည်များ
ဘဏ်အကောင့် များတွင်ပါ၀င် feature များ၊ ပေးရသည့် နှုန်းထားများ၊ ပြန်ရသည့် အတိုးများမှာ ဘဏ်တစ်ခုနှင့် တစ်ခု မတူနိုင်ပေ။ ထို့ကြောင့် မည်သည့် ဘဏ်တွင်ဖြစ်စေ အကောင့်တစ်ခုခု ဖွင့်တော့မည ်ဆိုလျှင် အောက်ပါ အချက်အလက်များကို မေးမြန်း သင့်ပေသည်။
Saving account နှင့် current account များအတွက်
- အကောင့်ဖွင့်ဖို့ အတွက် အနည်းဆုံး စထည့်ရမည့် ငွေပမာဏ
- လစဉ်၊ နှစ်စဉ် အတိုးနှုန်း
- အတိုးနှုန်း တွက်သည့်ပုံစံနှင့် မိမိအကောင့်ထဲ အတိုး ထည့်သွင်း ပေးသည့်ပုံစံ
- လစဉ် အကောင့်ထဲတွင် ရှိရမည့် အနည်းဆုံး လက်ကျန်ပမာဏ လိုမလို၊ အကယ်၍ ထိုလက်ကျန် အောက်ကျသွားပါက penalty fee ပေးရန်လိုမလို၊ ပေးရန်လိုပါက ပေရမည့်ပမာဏ
- အကောင့်ဖွင့်ပြီး အနည်းဆုံး မပိတ်ပဲ ထားရမည့် အချိန်ကာလ ရှိမရှိ၊ ရှိပါက ထိုကာလထက် စောပိတ်လိုလျှင် ပေးရမည့် နှုန်းထားများ
- ATM သို့မဟုတ် ဘဏ်မှနေ၍ တစ်နေ့အတွင်း ငွေထုတ်၍ရသည့် ပမာဏကန့်သတ်ချက် ရှိမရှိ
Current account များအတွက်
- Account maintenance အတွက် charges ပေးရန် လိုမလို
- မိမိ ထုတ်ပေးလိုက်သည့် ချက်လက်မှတ်မှ ငွေထုတ်ယူရန် မိမိအကောင့်ထဲတွင် လုံလောက်သော ငွေပမာဏမရှိပါက ထပ်မံ ပေးဆောင် ရမည့် ပုံစံများ၊ ထို outstanding balance အတွက် အတိုးပေးရန် လိုမလို
Fixed deposit account များအတွက်
- အကောင့်ဖွင့်ရန်လိုအပ်သည့် အနည်းဆုံးငွေပမာဏ
- မိမိ deposit ပေါ်ရမည့် အတိုးနှုန်း
- အတိုးနှုန်းတွက်ချက်သည့် ပုံစံ
- အနည်းဆုံးထားရမည့် အချိန်အပိုင်းအခြား (mature period, mature date)
- Mature date မတိုင်ခင် ထုတ်လျှင် အတိုးရမရ၊ ရသည်ဆိုလျှင် ထိုအတိုးနှုန်း အတွက် တွက်ချက် သည့်ပုံစံ၊ Penalty fee ပေးရမည် ဆိုလျှင် ပေးရမည့်ပမာဏ
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဘဏ်အကောင့် အချက်အလက်တွေရဲ့ လုံခြံုရေးပါ။ PIN နံပါတ်တွေကို မှတ်ရလွယ်တဲ့ ဖုန်းနံပါတ်တွေ၊ မွေးနေ့တွေမျိုး မပေးသင့်ပါဘူး။ ATM card ကို ကိုယ်ကလွဲပြီး တစ်ခြား ဘယ်သူ့ကိုမှ ပေးမသုံးသင့်ပါဘူး။ ဘယ်ဘဏ် ၀န်ထမ်းကမှ သင့်ရဲ့ PIN နံပါတ်ကို မတောင်းဘူး ဆိုတာလဲ သတိပြုသင့်ပါတယ်။ အဲတော့ PIN နံပါတ်ပြောပြပါ ဆိုတာမျိုးတွေ ကြံုလာရင် သတိရှိသင့် ပါတယ်။ PIN တစ်ခုသုံးနေတာ တော်တော် ကြာပြီဆိုရင် နောက်ထပ် PIN အသစ်တစ်ခု ပြောင်းလဲ သုံးသင့်ပါတယ်။ နောက်ပြီး အင်တာနက် banking ကိုသုံးရင်လည်း ကိုယ်သုံးနေကျစက် ဟုတ်ရင်တောင်မှ သုံးပြီးတာနဲ့ log off လုပ်ဖို့ မမေ့သင့်ပါဘူး။ ကွန်ပြူတာကို OS upgrade လုပ်တာတို့ anti-virus update, firewall update အဲဒါတွေကတော့ ပုံမှန် လုပ်သင့် နေတာမျိုးတွေပါ။
ဒါတွေကတော့ ကျွန်တော်တို့တွေ အနေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ဘဏ်အကောင့်တွေ အကြောင်းပါပဲ။ နိဒါန်းမှာ ပြောခဲ့သလို တစ်ချို့အချက်တွေက မြန်မာနိုင်ငံနဲ့ မကိုက်ညီနိုင်တာတွေ ရှိနိုင်ပါတယ်။ တစ်ချို့တွေကလည်း သိပြီးသားတွေ ဖြစ်နေမှာပါ။ ဒါပေမယ့် မသိသေးတဲ့ လူတွေလည်း ဖတ်မိလို့ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
Facebook comments:



ATM Card တို့ Debit Card တို့ ကျွန်တော်တို့ဆီမှာ ရှိရင် ကောင်းမယ်ဗျာ … ဒါပေမယ့် သွားထည့်စရာ ပိုက်ဆံ ရှိဘူးရယ်
it’s just a little amount of money you can get return for that. it’s not worth to do so, sir.
ok, I will send it for you, which journal would you like to prefer …
I dont know.. as you like…
ကျွန်တော် သုံးသာ သုံးနေတာ အဲလိုသေချာ မသိဘူး..သိချင်နေတာ ကြာပြီဗျာ..
ခက်တာက အဲဒီ ဘဏ်ကစာတွေ ဒီတိုင်းဖတ်လဲ သေချာသဘောမပေါက်နိုင်ပါဘူး..
ကျေးဇူးပါ..ဟုတ်ပါတယ်..ကိုယ့်ဆီက ဂျာနယ်တွေ မှာ ထည့်သင့်ပါတယ်..
အဲလိုထည့်မယ်ဆိုရင်…သက်ဆိုင်ရာ ပုံလေးတွေ (ဥပမာ..ကဒ်တွေ , ATM machine ..etc)
ပါ ဖြည့်ရင် ပိုကောင်းမယ်လို့ အကြံပြုပါတယ်..
နောက်ထပ် တောင်းဆိုချင်တာက အွန်လိုင်းမှာ ဈေးဝယ်တဲ့ ကဒ်တွေ အကြောင်း
stay type pass အမျိုးအစားအလိုက် လုပ်လို့ရတာလေးတွေ..
နောက် ဘယ်လို အသုံးပြူပြီးဝယ်မလဲ…လုံခြုံရေးအတွက်ပါ ဘယ်လို သတိထားသုံးရမလဲပေါ့..
paypal ဆိုတာ ကို ဘယ်လိုလုပ်မလဲ ..ဘာတွေဘယ်လို အသုံးပြုလို့ ရသလဲပေါ့..
အချိန်ရတဲ့ အခါ ပြောပါဦးနော်..း)
ကောင်းတယ်ဗျာ
စီးပွါးရေးနဲ့ ပက်သက်တဲ့အကြောင်းအရာတွေ ဖတ်ချင်နေတာ
ကြုံတုန်း စိတ်ဝင်စားတဲ့သူတွေ ဖတ်လို့ရအောင် ကျနော် ဖတ်ဖြစ်တဲ့ စီးပွါးရေး ဗဟုသုတနဲ့ ဆိုင်တဲ့ website တွေ ရေးပေးလိုက်ဦးမယ်
http://mmentrepreneur.blogspot.com
အဖွဲ့လိုက်ရေးတဲ့ blog ပဲ ဖတ်လို့ကောင်းတယ်
ခုနောက်ပိုင်း လုံးဝ အသစ် မတင်တော့ပေမယ့် အဟောင်းတွေပြန်ဖတ်လို့ကို ကောင်းတယ်
ဈေးကွက် ဂျာနယ်ကို ဖတ်ချင်ရင်တော့
http://www.zaygwet.com
မှာ တင်ပေးထားတာတွေ့တယ်
အရင်က အဲ site က သိပ် update မဖြစ်ဖူး
အခုတော့ ပုံမှန်ပြန်တင်တာ တွေ့တယ်
အခွင့်အလမ်း ဂျာနယ်ကို ဟိုးရင်ကတော့
http://www.journalopportunity.com
မှာ ဖတ်လို့ရတယ်
ခုတော့ ဆက်မလုပ်တော့ဘူးထင်တယ် မရှိတော့ဘူး
ပြောင်းသွားတာထင်လို့ ရှာတော့လဲ မတွေ့မိဘူး
စီးပွါးကူးသန်းရဲ့ official website ကလဲ မဆိုးဘူးလို့ထင်တယ်
http://www.commerce.gov.mm
http://www.planet.com.mm
ရဲ့ forum မှာလဲ Business ကဏ္ဍမှာလဲ community ရှိတယ်
Hey.. thanks.. those are really useful.
မြန်မာနိုင်ငံ၏ ဘဏ်စနစ်များ အချိန် အတိုင်းအတာ တစ်ခုအတွင်းမှာ တိုးတက်ပြောင်းလဲဖွံ ့ဖြိုးလာ ပါလိမ့်မယ်..။ ဒါကြောင့် ယခု အချက်အလက် များဟာ အတိုင်းအတာ တစ်ခုအထိ အသုံးဝင်လာမှာပါ။ ခုလို အသိတစ်ခုဖြန် ့ဝေပေးတာ ကောင်းမွန်ပါတယ်။ ကျေးဇူးတင်ပါတယ်။
နောက်အခေါက်တွေကျရင် credit card တွေ debit card တွေအကြောင်းရေးပါဦးဗျာ။
အမှန်တကယ် စိတ်ဝင်စားတာကတော့ investment အကြောင်းတွေဗျ။
stocks, bonds တွေ trade တွေ အဲဒါတွေအကြောင်းလဲရေးပါဦးဗျ။
အခု မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဘဏ်တွေ အင်တာနက် ဘဏ်စနစ်အသုံးပြုတော့မယ်လို့သိရပါတယ်။ credit card, debit card, smart card စသည်ဖြင့် အွန်လိုင်းဘဏ်စနစ်ကို အသုံးပြုတော့မယ်လို့သိရပါတယ်။ ခုလောလောဆယ်တော့ မန္တလေး ၊ နေပြည်တော် ၊ ရန်ကုန်မှာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် တစ်ချို့မှာ smart card အသုံးပြူ အွန်လိုင်းဘဏ်စနစ်ကို အကောင်အထည်ဖော်နေပါပြီ။
Thanks