Credit Card အကြောင်း သိကောင်းစရာ
Credit Card ဆိုတာ ဘာလဲ
Credit card ဆိုတာ အကြွေးယူနည်း တစ်မျိုးပါ။ Credit card ကိုသုံးပြီး ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ငွေလက်ငင်း မပေးပဲ credit စာရင်းထဲမှာ မှတ်ခိုင်းထားပြီး ၀ယ်ယူသုံးစွဲလို့ ရပါတယ်။ ကော်ဖီဆိုင်မှာ စားသောက်ပြီး ကျသင့်ငွေကို credit card နဲ့ ရှင်းတယ်ဆိုရင် ကိုယ့်ဆီက ပိုက်ဆံ လောလောဆယ်မှာ မပေးရပဲ အကြွေးစာရင်းထဲ မှတ်ထားပြီး လကုန်မှ ကျသင့်ငွေ စုစုပေါင်းကို ပြန်ရှင်းတဲ့ သဘောပါ။ ရီတော့ ရီရသား။ မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဖိုး မရှိလို့ မှတ်ထားလိုက်ကွာ လကုန်မှ ပေါင်းရှင်းမယ် ဆိုရင် ဆိုင်ရှင်ကော ပတ်ဝန်းကျင်ကပါ သိပ်မကြည်ပါဘူး။ နိုင်ငံတကာမှာတော့ ဒီလို credit နဲ့ရှင်းတဲ့ ပုံစံက modern lifestyle တစ်ခုလို ဖြစ်နေပါပြီ။ ပစ္စည်း တစ်ခုခုဝယ်ဖို့ ငွေလက်ငင်းပေးစရာ မလိုပဲ လကုန်မှပေး အခုတော့ ချက်ချင်း ယူသွားလို့ ရတယ် ဆိုတော့ ဘယ်လောက် ကောင်းလဲဗျာ။ ပျော်တာပေါ့။ ဒီတော့ credit card တွေရအောင် လျှောက်ကြမယ်။
ဘယ်လို လျှောက်ရမလဲ။ လွယ်ပါတယ်။ ဘဏ်ကိုသွား လျှောက်ချင်တဲ့ card လျှောက်၊ ဘဏ်က လက်ခံတယ်ဆိုရင် အများဆုံး အကြွေးနဲ့ ဘယ်လောက် သုံးလို့ရတယ် ဆိုတဲ့ credit limit ပမာဏ တစ်ခုနဲ့ credit card ကိုင်လို့ရပြီ။ ဒီလို အဆင်ပြေတဲ့ payment facility တွေ သုံးလို့ ရပြီပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်နဲ့ credit card လက်ခံတဲ့ ဆိုင်နဲ့ ကွားခြားချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ credit card နဲ့ ရှင်းလိုက်တယ် ဆိုရင် ဒီရှင်းတဲ့ပမာဏကို ဘဏ်က ကိုယ့်ရဲ့ credit limit ထဲကဖြတ်ပြီး ခဏ စိုက်ထုတ် ပေးထားတာပါ။ ဒီအကြွေး ပြန်မရရင်ဆိုတဲ့ risk ကို ဘဏ်က ခံပေးထားတဲ့ သဘောပေါ့။
မြန်မာ လက်ဖက်ရည် ဆိုင်ကတော့ ဒီအကြွေး မရရင်ဆိုတဲ့ risk ကို ဆိုင်ရှင် ကိုယ်တိုင်က ခံထားရတာ ဆိုတော့လဲ ဘယ်ကြည်နိုင် မလဲဗျာ။ ဘဏ်အနေနဲ့ ကလည်း ဒီကောင် အကြွေးမဆပ်နိုင်ရင် ဆိုတဲ့ risk ကို ယူရမှာ ဆိုတော့ လွယ်လွယ်နဲ့တော့ credit card တွေ ဘယ်ထုတ် ပေးမလဲ။ လစာ ဘယ်လောက်ရတယ်၊ လက်ရှိ နေနေတဲ့ အိမ်က ငှားထားတာလား၊ အိမ်ပိုင်လား၊ ဒီလစာကို မှီခိုနေတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ အဲလိုမျိုး အချက်ပေါင်း များစွာကို စဉ်းစားပြီးမှ မရှုံးလောက်ဘူး ထင်တဲ့ လူကိုပဲ ထုတ်ပေးမှာ။ ဒီတော့လဲ ဒီလို အစစ်အဆေး မရှိတဲ့ မြန်မာ လက်ဖက်ရည်ဆိုင်က အကြွေးနဲ့ သောက်ရတာမှ ပိုလွယ်ဦးမယ် ထင်ပါ့။
ဘယ်လိုမျိုးတွေ သုံးလို့ရလဲ
Credit card ရပြီဆိုရင် card မှာ Master, Visa, American Express စသဖြင့် brand name တစ်ခုခုပါပါမယ်။ အဲဒီတော့ ဒီ brand ကို လက်ခံပါတယ် ဆိုတဲ့ ပြည်တွင်း ပြည်ပက ဘယ်နေရာမှာမဆို သုံးစွဲလို့ ရပါမယ်။ Credit card နဲ့ တစ်ခုခု ၀ယ်လိုက်ပြီ ဆိုရင် sales slip အရောင်း ပြေစာမှာ လက်မှတ်ထိုး ရပါတယ်။ ဆိုင်ရှင်က copy တစ်စောင် သိမ်းထားပြီး card ပိုင်ရှင်ကို လက်ခံ တစ်စောင် ပေးပါလိမ့်မယ်။ ပြီးတော့ ဒီကျသင့်ငွေကို ဘဏ်က ထုတ်ရှင်း ပေးထား ပါလိမ့်မယ်။ လကုန်တော့မှ တစ်လလုံး အတွင်း ဘဏ်က စိုက်ပေးထားရတဲ့ ကျသင့်ငွေကို card ပိုင်ရှင် ဆီကို bill ပို့ပြီး အကြွေး တောင်းပါလိမ့်မယ်။
Credit card ကိုသုံးပြီး online purchase တွေလဲ လုပ်လို့ ရပါတယ်။ ဒါပေမယ့် သတိကြီးကြီး ထားဖို့တော့ လိုပါမယ်။ ဒီ ကတ်ရဲ့ အချက်အလက် တွေကို သိသွားတဲ့ ဘယ်သူမဆို online ကနေ ၀ယ်ချင်တာတွေ လျှောက်ဝယ်လို့ ရသွားနိုင်ပါတယ်။ ဒီတော့ လကုန်လို့ credit bill ရောက်လာ ရင်တော့ card ပိုင်ရှင်အစစ် မျက်လုံးသာ ပြူးပေတော့။ ကိုယ့် credit limit ငါးထောင်ရှိရင် ရှိသလောက် တစ်သောင်းရှိရင် ရှိသလောက် သုံးသွားလို့ ရတာကိုး။ အဲဒီတော့ နာမည်ကြီး ယုံကြည် စိတ်ချရတဲ့ online site တွေမှာသာ credit card အသုံးပြုပြီး ၀ယ်ယူသင့် ပါတယ်။ Transaction ပြီးလို့ ထွက်လာတဲ့ acknowledgment page လိုမျိုးတွေ ကိုလည်း သိမ်းထားပြီး လကုန်လို့ bill ရရင် ကိုယ်ပေးရတဲ့ ပမာဏနဲ့ ကိုယ်တစ်ကယ် သုံးတာ ဟုတ်မဟုတ် ပုံမှန် စစ်ဆေးသင့် ပါတယ်။
Credit Card လစဉ် Bill တွင် ပါရှိသည့် အချက်များ
Card ထုတ်ပေးတဲ့ ဘဏ်ကနေ လစဉ် credit card bill statement များ ပို့ပေးပါတယ်။ တစ်ချို့ ဘဏ်တွေကတော့ e-statement လိုမျိုး online banking ကနေ ကိုယ်တိုင် ၀င်စစ်လို့ရတဲ့ service မျိုးတွေ ပေးပါတယ်။ စာရွက်တွေ သိမ်းမထားချင်တဲ့ လူမျိုးတွေ အတွက် e-statement ပဲစစ်မယ်၊ paper statement တွေ မလိုချင်ဘူး ဆိုလဲ ရပါတယ်။ ဒီ statement ထဲမှာဆိုရင် တစ်လအတွင်း credit card နဲ့ သုံးစွဲသမျှ စာရင်းတွေ အကုန်ပါပါတယ်။ အဲဒီတော့ ဒီစာရင်းကို လစဉ်ရတိုင်း သေချာ စစ်ဆေးပြီး မရှင်းလင်းတာ ရှိရင် ဘဏ်နဲ့ ချက်ချင်း ဆက်သွယ် ဖြေရှင်း သင့်ပါတယ်။
Statement date – bill ထုတ်ပေးတဲ့ နေ့ပါ။ နောက်ဆုံး တစ်ခေါက် ဘီလ်ထုတ်ပေးတဲ့ နေ့ကနေ ဒီဘီလ် ထုတ်ပေးတဲ့နေ့ သုံးထားသမျှ အသုံး စာရင်းကို ဒီဘီလ်ထဲမှာ ပါပါမယ်။
Payment due date – နောက်ကျကြေး မပေးချင်ရင် ဒီဘီလ်ရဲ့ ကျသင့်ငွေကို နောက်ဆုံး ပေးရမယ့်နေ့ပါ။ card ပိုင်ရှင်အနေနဲ့ ကျသမျှ အကုန် ရှင်းရင်ရှင်း ဒါမှမဟုတ် minimum sum လို့ခေါ်တဲ့ အနည်းဆုံး မဖြစ်မနေ သွင်းရမယ့် ပမာဏကို ရှင်းရင်ရှင်းလို့ ရပါတယ်။
Amount due – ဒါကတော့ ကိုယ့် credit card နဲ့သုံးထားပြီး မပေးရသေးတဲ့ ငွေစုစုပေါင်းပါ။ Credit card ထုတ်ပေးတဲ့ ဘဏ်အဖွဲ့အစည်း တွေဟာ များသော အားဖြင့် ဒီစုစုပေါင်း ငွေပမာဏကို payment due date မတိုင်ခင် အကုန် ပြန်ဆပ်ရင် အတိုးမယူ ကြပါဘူး။ အဲဒီတော့ ကိုယ်က ကိုယ်ပြန်ဆပ်နိုင်တဲ့ amount ကိုပဲ credit card နဲ့သုံးပြီး ရှင်းတယ် ဆိုရင် ဒီကဒ်ကို အတိုးမပေးရပဲ (interest free) သုံးနိုင်ပါတယ်။ တစ်ကယ်လို့ ဒီ amount ကို အကုန်မပေးနိုင်ပဲ minimum sum ပဲ ပြန်ဆပ်တယ် ဆိုရင်တော့ အတိုး စပေးရပါပြီ။ ဒီအတိုးနှုန်းတွေ ကလည်း တစ်နှစ်ကို ၂၄% လောက် ရှိတတ်ပါတယ်။ အဲဒီတော့ credit card တွေနဲ့ သုံးပြီဆိုရင် လစဉ်မှန်မှန် ကျသမျှ အကုန် ပေးနိုင်ဖို့ စဉ်းစားပြီး သုံးစွဲသင့်ပါတယ်။
Minimum sum – ဒါကတော့ ကျသမျှ အကုန် မရှင်းနိုင်သေးဘူး ဆိုရင် အနည်းဆုံး ရှင်းရမယ့် ပမာဏပါ။ များသောအားဖြင့် ကိုယ်မပေး ရသေးတဲ့ ပမာဏရဲ့ ၃% – ၅% ဒါမှမဟုတ် ၅၀ဒေါ်လာ ဒီနှစ်ခုထဲ့က ပိုများတဲ့ ပမာဏတစ်ခု ဖြစ်တတ်ပါတယ်။ သတိထား ရမှက ဒီ minimum sum ပဲ ပြန်ဆပ် လိုက်တယ်ဆိုရင် ကိုယ့်ရဲ့ interest free သုံးလို့ရတဲ့ facility ပျက်သွားပါပြီ။ လက်ကျန် ပမာဏကို နောက်လကို ဆက်ယူသွားပြီး အဲဒီ amount ကနေစ နေ့စဉ် အတိုးပေးရပါပြီ။ Full payment ပြန်မလုပ်မချင်း နောက်ထပ် ၀ယ်သမျှကလည်း အတိုးချက်ချင်း စပေးရပါပြီ။
Late payment charge – တစ်ကယ်လို့ payment due date မတိုင်ခင် အတွင်းမှာ အကုန်လုံးလည်း မရှင်းဘူး၊ minimum sum လဲ မပေးဘူး ဆိုရင်တော့ card issuer သတ်မှတ်ထားတဲ့ ပေးရမယ့် နောက်ကျ ကြေးတွေပါ။
Interest charge – ဒါကတော့ minimum sum ပဲပေးရင် စပေးရမယ့် အတိုးနှုန်း တွေပါ။ များသော အားဖြင့် တစ်နှစ်ကို ၂၄%၊ တစ်ရက်ကို ၀.၀၆၆% လောက် ဖြစ်တတ ်ပါတယ်။ Cradit card သုံးလိုက်တဲ့ နေ့ transaction affect ဖြစ်တဲ့ နေ့ကနေစပြီး တွက်ပါတော့မယ်။
Transactions in foreign currency – Local currency နဲ့မဟုတ်ပဲ နိုင်ငံခြားမှာ ဒါမှမဟုတ် online ကနေ တစ်ခြား currency တစ်ခုခုနဲ့ သုံးထားတဲ့ transaction တွေပါ။ ဒီ transaction တွေကို local currency ကို ပြန်ပြောင်းပြီးမှ bill မှာ ဖော်ပြပါမယ်။ ဒီပြောင်းလဲတဲ့ exchange rate ကတော့ ဘဏ်တစ်ခုနဲ့တစ်ခု နေ့တစ်နေ့နဲ့ တစ်နေ့ပေါ် မူတည်ပြီး ပြောင်းလဲ နိုင်ပါတယ်။ ဒါတွေကို ဘယ်လို တွက်လဲ ဆိုတာတွေ foreign currency နဲ့ သုံးလိုက်ရင် ပေးရတဲ့ fee တွေအကြောင်းကိုတော့ bill statement နောက်ဆုံးမှာ explanatory note ရှင်းလင်း ချက်အနေနဲ့ ဖော်ပြထားလေ့ ရှိပါတယ်။
Terms and Conditions
ကျွန်တော်တို့တွေ အွန်လိုင်းမှာ ဘာလုပ်လုပ် T&C ဆိုတာ တွေ့နေကျဆိုတော့ ဖတ်တောင် ဖတ်မနေတော့ပါဘူး။ ဘာလာလာ Agree လိုက်တာ ချည်းပါပဲ။ ဒါပေမယ့် ဒီလို ငွေရေး ကြေးရေးနဲ့ ဆိုင်တာတွေ ကိုတော့ T&C ကို သေချာ ဖတ်သင့်ပါတယ်။ ဒီ T&C ထဲမှာ နှစ်စဉ်ကြေး၊ minimum sum ပမာဏ၊ အတိုးနှုန်း၊ ကတ်ပျောက်ဆုံး ပျက်ဆီးရင် ဘယ်လို တာဝန်ယူမယ် စသဖြင့် အရေးကြီးတဲ့ အချက်တွေ ပါပါတယ်။ ဒီ T&C ထဲမှာ မရှင်းလင်းတာ ရှိရင် card issuer နဲ့ မေးမြန်း တိုင်ပင် သင့်ပါတယ်။
Credit Card သုံးစွဲခြင်းအတွက် ပေးရမည့် Fee များ
Annual fee – ဒါကတော့ ကတ်သုံးစွဲခြင်းအတွက် ပေးရမယ့် နှစ်စဉ်ကြေးပါ။ တစ်ချို့တွေကတော့ ကတ်အသစ် မိတ်ဆက်အနေနဲ့ ဖြစ်ဖြစ် customer ကို ဆွဲဆောင်ဖို့ပဲ ဖြစ်ဖြစ် annual fee ဘယ်နှစ်နှစ် free ဆိုတဲ့ promotion တွေရှိပါတယ်။ ဒါပေမယ့် free ပေးတဲ့ နှစ်ပြည့်သွားရင် ဒီနှစ်စဉ်ကြေးကို ပေးရမှာပါ။
Cash advance fee – credit card တွေမှာ cash advance ထုတ်လို့ရတယ့် feature ပါတတ်ပါတယ်။ ဆိုလိုတာက ၀ယ်စရာအတွက် သုံးစွဲဖို့ မဟုတ်ပဲ အရေးပေါ်ငွေလိုတဲ့ အတွက် ကိုယ့် credit limit ထဲကနေ ပိုက်ဆံ ကြိုထုတ်တဲ့ သဘောပါ။ ဒီလို ထုတ်တယ်ဆိုရင် ပေးရမယ့် အတိုးအပြင် processing လုပ်ခတွေ အတွက်ပါ ပေးရပါမယ်။
Late payment charge – ဒါကတော့ အပေါ်မှာ ပြောထားတဲ့ ပေးရမယ့် မတိုင်ခင် အနည်းဆုံး ပေးရမယ့် ပမာဏတောင် မပေးရင် ကျသင့်မယ့် နောက်ကျကြေးပါ။
Finance charges (Interest charges) – ဒါကတော့ ရှိသမျှအကြွေးအကုန် မဆပ်မချင်း ပေးရမယ့် အတိုးပါ။ ဒီအတိုးတွေ ဘယ်လို တွက်လဲ ဆိုတာကို ကိုယ်ယူထားတဲ့ credit card issuer နဲ့ သေသေချာချာ နားလည်အောင် လုပ်ထားသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပေးစရာ ရှိတာကို မပေးပဲ လတွေ ဆက်သွားရင် အရင်းပေါ်အတိုးပါ ပေါင်းပြီး အကြွေးတွေ အများကြီး ဖြစ်သွားနိုင်လို့ပါ။
Credit Card သုံးစွဲရာတွင် လိုက်နာသင့်သည့် အချက်များ
- လကုန်ရင် ကိုယ် ပေးနိုင်သလောက်ကိုပဲ ချင့်ချိန်ပြီး သုံးစွဲပါ။ ဘာတွေဝယ်ပြီး ဘယ်အတွက် သုံးထားသလဲ ဆိုတာကို မှတ်ထားပါ။
- မလိုအပ်ပဲ ကတ်တွေ အများကြီး မလုပ်ထားပါနှင့်။ ကိုယ်ပေးနိုင်တဲ့အပေါ် သုံးတဲ့အပေါ်ပဲ မူတည်ပြီး လိုတဲ့ ကတ်ကိုပဲ ကိုင်ပါ။
- တစ်ကယ်လို့ လစဉ် minimum sum ပ ဲပေးသွားမယ်ဆိုရင် outstanding bill တွေ တစ်ဖြည်းဖြည်း များလာပြီး အဲဒီများလာတဲ့ ပမာဏပေါ် မူတည်ပြီး အတိုးတွေ ပေးရပါမယ်။ အဲဒီတော့ မပေးရသေးတဲ့ outstanding bill တွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဆပ်ဖို့ ကြိုးစား သင့်ပါတယ်။
- Credit limit နား ရောက်တဲ့အထိ အရမ်း မသုံးစွဲ သင့်ပါဘူး။ ဒါဆိုရင် တစ်ကယ်လို့ အရေးပေါ် လိုလို့ရှိရင် credit card ကို သုံးလို့ ရတော့မှာ မဟုတ်ပါဘူး။ အဲတော့ emergency need အတွက် ချန်ထား သင့်ပါတယ်။
Outstanding Balance တွေ မပေးနိုင်တော့လျှင်
ပေးရမယ့် အကြွေးကို ပြန်မဆပ်တာ နောက်ကျတာ တွေဟာ ကိုယ့်ရဲ့ Credit report ထဲမှာ အကုန် မှတ်တမ်း ရှိနေပါတယ်။ ဒီမှတ်တမ်းထဲမှာ ဒီလိုမျိုး bad record တွေ ရှိနေခဲ့ရင် နောက်တစ်ချိန် အိမ်ဝယ်ဖို့ ဖြစ်ဖြစ် ကားဝယ်ဖို့ ဖြစ်ဖြစ် အကြောင်း တစ်ခုခုကြောင့် ဘဏ်လိုမျိုး ငွေကြေး အဖွဲ့အစည်း တွေကနေ ငွေသွားချေးတဲ့ အခါမှာ approve ဖြစ်ဖို့ အတွက် chance နည်းသွား ပါလိမ့်မယ်။
ဒီ credit report ထဲမှာ လူတစ်ယောက်ချင်းဆီရဲ့ credit card သုံးစွဲမှုနဲ့ ပတ်သက်တဲ့ record တွေ ပါပါတယ်။ စင်္ကာပူမှာတော့ Credit Bereau (Singapore) Pte Ltd က ဒီ report တွေကို သိမ်းဆည်း ထားပါတယ်။ Credit Bereau ရဲ့ member အဖွဲ့အစည်းတွေက သူတို့ဆီမှာ တစ်ယောက်ယောက် ငွေလာချေးတယ် ဆိုရင် Credit Bereau ဆီက အဲဒီလူရဲ့ credit report ကို တောင်းကြည့် ပါတယ်။ ဒီ report ထဲမှာ လစဉ် ပုံမှန် ပြန်မဆပ်တာ တစ်လလောက ်နောက်ကျပြီးမှ ပြန်ဆပ်တာ ဆိုရင်တောင်မှ ဒီလူအနေနဲ့ ပိုက်ဆံ ချေးလို့ရဖို့ အရမ် းခက်သွားပါမယ်။ ရခဲ့ရင် တောင်မှ ပုံမှန်ထက် ပိုများတဲ့ အတိုးနှုန်းနဲ့ ပြန်ဆပ် ရပါလိမ့်မယ်။
အကြွေးတွေနဲ့ ပတ်သက်ပြီး ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်လာပြီ ဆိုရင် card issuer နဲ့ အသေးစိတ် တိုင်ပင်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် repayment plan တစ်ခုကို အမြန်ဆုံး ရေးဆွဲ သင့်ပါတယ်။ အတိုးများတဲ့ အကြွေးကို အရင်ဆပ်ဖို့နဲ့ အတိုးများတဲ့ အကြွေးကို ဆပ်ဖို့ အတိုးနည်းတဲ့ ဆီက ထပ်ချေးတာ မျိုးတွေလည်း လုပ်သင့်ပါတယ်။ အရေး အကြီးဆုံးကတော့ credit နဲ့သုံးတဲ့ အသုံးစရိတ်ကို လျှော့ချ ပစ်ဖို့ပါပဲ။ အကြွေး 10,000$ ထက်ပိုပြီး မပေးနိုင်တော့ဘူး ဆိုလျှင် စင်္ကာပူမှာတော့ bankrupt စာရင်း သွင်းလို့ ရပါတယ်။
ဒါတွေကတော့ credit card တွေနဲ့ ပတ်သက်ပြီး ဖတ်ဖူး မှတ်ဖူး သလောက်ပါ။ နောက်အပိုင်း ကျရင်တော့ လိမ်လည်မှုတွေ fraud တွေကနေ ရှောင်ရှားနိုင်ဖို့ ဘာတွေ လုပ်သင့်တယ်။ ကတ်ပျောက်ရင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေ Credit card လျှောက်ရင် ဘာတွေ မေးဖို့ လိုမလဲ ဆိုတာတွေကို ဆက်လက် ရေးသားသွားပါမယ်။
Facebook comments:




ကောင်းတယ်ဗျို့။ ခုလိုရှင်းပြမှ တစ်ချို့ အပိုင်းတွေ သိသွားတယ်။
ကျွန်တော် တစ်ခု ဖြည့်ချင်တာ၊ Card ရွေးတဲ့ အခါ ကို်ယ့် life style ကိုလိုက်ပြီး rebate တွေ discount တွေရတဲ့
ကဒ် မျိုးကို ရွေးဖို့ လည်း လိုအပ်မယ်။
ဥပမာ Robinson ကုန်တိုက်တံဆိပ်နဲ့ credit card ဆိုရင် Robinson ရဲ့ special discount တွေရတာမျိုးပေါ့။
အဲဒီအခါ Robinson မှာ ဈေးဝယ်ရင် အဲဒီ card နဲ့ပေး ပြီးရင် credit card bill ကိုရှင်း။
အဲဒီတော့ ဝယ်ဈေး အနည်းငယ် သက်သာတာပေါ့။ ဒီလိုပဲ အပြင်ထွက် ဈေးဝယ်၊ စားသောက်ရင်လည်း
ကိုယ့် credit card နဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေမှာ ဝယ်ချမ်း၊ စားသောက်ရင် ဈေးသက်သာစေတာပေါ့
ဒါလည်း တစ်စိတ်တစ်ပိုင်းပါ။ တစ်ခါတစ်လေ ချိန်ဆက်ထားတဲ့ credit card ကိုသုံးရင်တောင် ဘယ်လောက်ဖိုးမှ
discount ပေးမယ်ဆိုတာမျိုးလည်း ရှိတတ်လို့။ ကြိုတင်စုံစမ်းထားတာအကောင်းဆုံးပဲဗျို့။
Credit Card က ကောင်းတော့ကောင်းတယ် သတိထားသုံးရတယ်။ Debit card လို့ သဘောထားသုံးရင်တော့
သိပ်ပြသနာမရှိဘူးထင်ပါတယ်
ဟုတ်ကဲ့ဗျ… အခုလို ထပ်ပြီးဖြည့်စွက် ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ခုမှပဲရှင်းသွားတော့တယ်။ အနော်တို ့ဆီမှာကကြားသာကြားဖူးတာလေ။
ဟိဟိ။
Cerdit Cards ပြီးတော့ Debit ကဒ် အကြောင်းပါ ဆက်ရေးပါလားဗျာ။။။။
ဟုတ်ကဲ့ ကိုပေတူး… Debit card ဆိုတာ credit card လိုပဲ feature တော်တော်များများတူပါတယ်… မတူတာက ပိုက်ဆံဖြတ်တဲ့ပုံပါ… credit card ဆိုရင်တော့ ဘဏ်ကလက်ရှိစိုက်ပေးပြီး လကုန်မှကိုယ့်ဆီက ပြန်တောင်း… မပေးရင် အတိုးယူတဲ့ပုံစံပါ… debit card ကတော့ သုံးလိုက်ရင် ကိုယ့်အကောင့်ထဲကနေ တိုက်ရိုက်ဖြတ်သွားတာပါ… အဲတော့ ကိုယ့်အကောင့်ထဲ ပိုက်ဆံရှိသလောက်ကလွဲပြီး ပိုသုံးလို့မရဘူးပေါ့… ကတ်ပျောက်လို့ တစ်ယောက်ယောက်က သုံးလိုက်ရင်လည်း ကိုယ့်အကောင့်ထဲရှိသလောက်ပဲ သုံးလို့ရတာပေါ့… credit card ဆိုရင်တော့ ကိုယ့်အကြွေးယူလို့ရသလောက် credit limit ရှိသလောက် သုံးပစ်လိုက်လို့ရမှာကိုး…
ဘယ်တော့များမှ နီးရပါမယ်
တစ်နေ့တော့ တစ်နေ့ပော့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ် … ဘယ်တော့မှ မဖြစ်လာတော့ဘူးလို့ အားမလျော့ပာနဲ့
credit card မြန်မာနိုင်ငံမှာသုံးလို့ရလားဗျာ။
သုံးလို့ရရင် ကဒ်လျှောက်လို့ရမယ့်ဘဏ်ကိုပြောပြပါလားဗျာ။
ကျွန်တော်က facebook ထဲက ဂိမ်းတစ်ခုအတွက်သုံးချင်လို့ပါ။
credit card ကို တစ်ပတ် ဒါမှမဟုတ် တစ်လ အတွင်းပဲသုံးမယ်ဆိုရင်ရော ရလားဗျာ။
Facebook ရောယုံကြည်လို့ရတဲ့ website တစ်ခုလား ဆိုတာကိုလဲသိချင်ပါတယ်ခင်ဗျား။
As Ko Nyan Tun said, there is no bank issuing credit card in Myanmar. We need many techniques and technicians to set up e-commerce. You can use for only one week.(You can cancel your bank account anytime you like unless you are in debt)But it is quite weird. No one will not get credit card for short time anyway. Whenever, you attempt to make online transaction, the first thing you need to check is (https:// )protocol. You should never buy something from a website which does not use https://. Bare in mind that you can only check whether the site is using htpps:// or not by browsing payment setup page. Normally, https:// is not used for normal surfing.
As far as I know, there is no bank in Myanmar currently issuing credit card. Credit card can’t be use for short period.
Facebook is trust-worthy site. But this doesn’t mean you can use your credit card safely on Facebook. There are a lot of security concerns like Key logger, Spyware, Malware, Hackers, The person who overlook your information, etc. So ironically, there is no safe place to use credit card freely, you must be really take care.
There is another type called “Debit Card”. Using debit card means, using money directly from the bank account at the issued bank. You do need to deposit adequate money. If you have no cash deposited on debit card, there is no way to use money from it unless you deposit again. There are other conditions concerning debit card depending on the type of account, bank and of course country. Student debit account, for instance, may have capabilities to use money from bank like credit card.