Website building start from scratch Part (1)

ကျွန်တော် Tutorial တွေ မရေးဖြစ်တာ အတော်ကြာပါပြီ။ အဲဒီအတွက် ကျွန်တော် Tutorial တစ်ခု ပြန်ရေးမယ်လို့ စိတ်ကူးမိပါတယ်။ ဒီတစ်ခါတော့ အစ၊​ အလယ်၊ အဆုံး သုံးပါးလုံး ပြီးအောင် ရေးမယ်လို့ စိတ်ကူးထားပါတယ်။ Screen Cast အနေနဲ့လဲ လုပ်မယ်၊​ စာအနေနဲ့ ရေးမယ်လို့ လဲ စိတ်ကူးထားပါတယ်။ အရင်တစ်ခါလို ပုံစံကနေ စမချတော့ပဲ အိုင်ဒီယာ စချတာကနေ စပြီး ရေးသွားဖို့ ရည်ရွယ်ထားပါတယ်။ Screen Cast  အနေနဲ့ကတော့ ကျွန်တော် ဒီက ကွန်နက်ရှင်နဲ့ တင်လို့ မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော့် သင်တန်းမှာ အခမဲ့လာယူနိုင်ပါတယ်။

ကဲ စလိုက်ရအောင်ဗျာ …

ကျွန်တော် ဆွဲချင်တဲ့ အိုင်ဒီယာ

ကျွန်တော့် Myanmar Tutorials မှာ အင်တာ​ဗျူးကဏ္ဍဆိုတာ အားလုံး သိကြမယ်ထင်ပါတယ်။ အဲဒီအတွက် သီးသန့် Website လေးတစ်ခု ဆွဲချင်တာပါ။ အရင်ဆုံး သတင်းအချက်အလက် စီစဉ်တင်ဆက်ပုံကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ သတင်းအချက်အလက်ကို စီစဉ်တင်ဆက်တဲ့ နေရာမှာ ကျွန်တော့်အနေနဲ့ အဆင့်တွေ ခွဲခြားထားတာ ရှိပါတယ်။

အဆင့် (၁)​ – အချက်အလက်များကို အကြမ်းစုဆောင်းခြင်း

အဆင့် (၂)​ – အချက်အလက်များကို အစုဖွဲ့ခြင်း

အဆင့် (၃)​ – အချက်အလက်များကို အရေးကြီးရာအလိုက် စီခြင်း

အဆင့် (၄) – Categories များနှင့် Collection များကို ခွဲခြားခြင်း ဆိုပြီး အဆင့် ​လေးဆင့်ခွဲထားပါတယ်။

အဆင့် (၁)​ အချက်အလက်များကို အကြမ်းထည်စုဆောင်းခြင်း

အဲဒီတော့ ပထမအဆင့်ကို စလုပ်ပါမယ်။ အဲဒါကလဲ လွယ်ပါတယ်။ Myanmar Tutorials မှာ ရှိပြီးသားပါ။ ရှိပြီးသား အင်တာဗျူးအားလုံးကို စုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလို အချက်အလက်တွေ စုတဲ့နေရာမှာ ကျွန်တော်တို့ Web ဆိုတာ Multimedia ဖြစ်တဲ့အတွက် မီဒီယာပေါင်းစုံကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ စာတွေပဲ စုရုံနဲ့ မလုံလောက်ပါဘူး။ ပုံတွေ၊ ဗီဒီယိုဖိုင်တွေ၊​ အသံဖိုင်တွေက အစ စုဖို့လိုပါတယ်။

ကျွန်​တော့်မှာတော့ အင်တာဗျူးထားတဲ့ စာတွေ၊ အင်တာဗျူးထားတဲ့ သူရဲ့ ဓာတ်ပုံတွေ၊​ အသံဖိုင်တွေ ရှိနေပါတယ်။ အချက်အလက်တွေကို အကျဉ်းစုတဲ့ အပိုင်းမှာ လိုတာပိုတာကို မစဉ်းစားပဲ၊ ရသမျှ စုဖို့ လိုပါတယ်။ ခုကျွန်တော်ရေးမှာက ကျွန်တော် သိပြီးသားဆိုတော့ ဘယ်ဟာတော့ လိုတယ်၊​ ဘယ်ဟာတော့ မလိုဘူးဆိုတာ အလွယ်တကူ သိနေပေမယ့် တကယ်တန်း Client တွေက အလုပ်အပ်လာတဲ့အခါမှာ ဘယ်ဟာတွေ လိုတယ် မလိုဘူးဆိုတာ အလွယ်သိဖို့ မလွယ်ပါဘူး။ မလိုတဲ့အချက်အလက်တွေ ပါလာတာ ပြဿနာ မဟုတ်ပေမယ့် လိုတဲ့အချက်တွေ​ ပါမလာတာကမှ တကယ့် ပြဿနာပါ။ ဒီတော့ ပထမအဆင့်မှာ အမှိုက်တွေ ဖြစ်နေပါစေ၊ စုသာစုလို့ ဆိုရမှာပါ။

ဒါပေမယ့် အဲဒီလို အချက်အလက်စုတယ်ဆိုတာ ပြောတာ လွယ်သလောက်၊​ တကယ်တန်းမှာ မလွယ်ပါဘူး။ အတွေ့အကြုံတွေ လိုသလို၊​ ထိုးဖောက် မြင်နိုင်စွမ်းတွေလဲ လိုအပ်ပါတယ်။ တကယ်တန်း အချက်အလက်ရှာတဲ့ နေရာမှာ လိုတဲ့အချက်တွေက အင်မတန် ရှာရခက်ပြီး မလိုတာတွေကတော့ အများကြီး ရတတ်ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာ သမားတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ GIGO ဆိုတာ၊​ Garbage In, Gargabe Out လို့ အဓိပ္ပါယ်ရပါတယ်။ ကွန်ပျူတာထဲကို အမှိုက်သွားထည့်ရင် အမှိုက်ပဲ​ထွက်မယ်လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ အချက်အလက်စုဆောင်းတဲ့ နေရာမှာ အဓိကလိုအပ်တာတွေ၊​ တကယ်လိုတာတွေ ရဖို့ ပထမဖြစ်သလို၊​ ဒုတိယအနေနဲ့ အမှိုက်တွေ မထည့်မိဖို့ အမှိုက်တွေ ရှင်းရမှာ ဖြစ်ပါတယ်။

ကဲ ကျွန်တော် စုထားတဲ့ ပထမအဆင့် အင်တာဗျူးဆိုင်ရာ  အချက်အလက်တွေကို ​လေ့လာ ကြည့်ရအောင် … အကြမ်းစုထားတယ် ဆိုတဲ့အတိုင်း တကယ့် အကြမ်းတွေပါ။

  • Interview with Emoracket
  • Interview with Htoo Tay Zar
  • Interview with Saturngod
  • Interview with Zack
  • Interview with Ko Ngwe Htun
  • Interview with Ko Htoo Myint Naung
  • Interview with Ko Min Thu
  • Interview with Ko Zaw Htut
  • Interview with Mg Pyone
  • …..
  • Interview with Ko Zaw Htut Audio files
  • Interview Photos (တစ်ယောက် တစ်ပုံစီ)
  • သူတို့နဲ့ ပတ်သက်တဲ့ Website များ
  • သူတို့ ပြောစကား ကောက်နှုတ်ချက်များ
  • ….

စသည်ဖြင့် ရှိပါတယ်။ ဒါက အဆင့် (၁)ပါ။

အဲဒီလို အချက်အလက်တွေကို စုဆောင်းတဲ့ နေရာမှာ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ အဲဒါတွေကတော့

ရှုထောင့် ပေါင်းစုံမှ ချဉ်းကပ်စုဆောင်းခြင်း

အချက်အလက်တွေကို စုဆောင်းတဲ့ နေရာမှာ Client ဆိုရင် Client တစ်ဖက်တည်းက မစုသင့်ပါဘူး။ ပြည့်စုံ ကောင်းမွန်တဲ့ သတင်းအချက်အလက် စီစဉ်တင်ဆက်မှု တစ်ခုရဖို့ အတွက် အဓိကကျတဲ့ အပိုင်း (၃) ပိုင်းရှိပါတယ်။ အဲဒါတွေကတော့ (၁) စီးပွားရေးဆိုင်ရာ အချက်အလက်များ (Business Context) (၂)​ Content လို့ခေါ်တဲ့ စာများ​၊ ပုံများ၊​အသံဖိုင် စသည်များ (၃)​ ပရိသတ် (သို့)​ အသုံးပြုသူ ဆိုတဲ့ အပိုင်းတွေပါ။ Website တစ်ခုမှာ Business Context လို့ခေါ်တဲ့ အချက်အလက်တွေပဲ စုပြုံထည့်ထားမယ် ဆိုရင် လူတွေ​စိတ်ဝင်စားဖို့ မလွယ်ပါဘူး။ အဲဒီလိုပဲ Content တွေပဲ ပါပြီး စီးပွားရေးဆိုင်ရာ အချက်အလက်တွေ မပါဘူးဆိုရင်လဲ စီးပွားဖြစ်ဖို့ မလွယ်ပြန်ပါဘူး။ တကယ်တန်း စွဲဆောင်တဲ့ နေရာမှာ Content ကသာ အသုံးပြုသူတွေကို ဆွဲဆောင်နိုင်တာ ဖြစ်ပြီး အဲဒီကနေ တစ်ဆင့် Business Context ဆီကို ပညာသား ပါပါဆွဲခေါ်သွားဖို့ လိုပါတယ်။

အဲဒီ အပြင် အချက်အလက်ဆိုတာ တစ်ခါတစ်လေမှာ အတွင်းကနှိုက်လို့ မရနိုင်တာတွေ ရှိပါတယ်။ အဲဒီလိုမျိုး ဆိုရင် အပြင်ဖက်ကလဲ ရှာတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ Client အနေနဲ့ အချက်အလက်ကို ပေးတဲ့ နေရာမှာ Web ပေါ်မှာ တန်းအသုံးပြုနိုင်အောင် ပေးဖို့ မလွယ်ပါဘူး။ အဲဒီလို အခြေအနေဆိုရင် အချက်အလက်တွေကို အပြင်ဖက်က အများဆုံး စုဆောင်းရလေ့ရှိပါတယ်။ သ​​ဘောတရားတူ ပုံစံတူတွေကနေ တစ်ဆင့် ချဉ်းကပ်ပြီး ဒါတော့ လိုသေးတယ်၊​ ဒါကိုတော့ ထပ်ဖြည့်သင့်တယ် စသည်ဖြင့် အကြံဉာဏ်တွေ ပေးပြီး အချက်အလက်တွေကို စုဆောင်းရမှာ ဖြစ်ပါတယ်။

အချက်အလက်စုဆောင်းတဲ့ နေရာမှာ အတွေ့အကြုံ အရေးကြီးတယ်

ကျွန်​တော် စာသင်တဲ့အခါ တပည့်တွေကို ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အချက်အလက် တင်ဆက်ပုံဆိုတဲ့ ကိစ္စမှာ သဘာက  အရေးကြီးတယ်လို့။ တကယ်တန်း လက်တွေ့ဘဝမှာလဲ လေ့လာ ကြည့်နိုင်ပါတယ်။ ဝါရင့် သဘာရင့်​ အယ်ဒီတာကြီး တစ်ယောက် စီစဉ်တင်ဆက်တာနဲ့ အယ်ဒီတာ ပေါက်စ တစ်ယောက် စီစဉ်တင်ဆက်ပုံဟာ ဘယ်လိုမှ မတူနိုင်ပါဘူး။ တင်ဆက်တဲ့ အဆင့်ကို မရောက်သေးဘူး ဆိုရင်တောင် စုဆောင်းတဲ့ အဆင့်မှာကတည်းက စုပုံစုနည်း၊​အချက်အလက် ရှာပုံရှာနည်း တူမှာ မဟုတ်ပါဘူး။ အတွေ့အကြုံအပေါ် မူတည်ပြီး အချက်အလက်ကို အကောင်းဆုံး စုဆောင်းတတ် တင်ဆက်တတ်လာတာမျိုးပါ။

အချက်အလက်များ၏ ကြောင်းကျိုးဆက်စပ်ပုံကို ပူးတွဲလေ့လာဖို့ လိုပါတယ်

အဆင့်ဆင့် ချိတ်ဆက်ထားတယ် ဆိုတာနဲ့ ကြောင်းကျိုးဆက်စပ်တယ် ဆိုတာ မတူပါဘူး။ Parent and Child ဆက်စပ်မှုနဲ့ Cause and effect ဆက်စပ်မှုမှာ တကယ်တန်း လေ့လာရခက်တာ၊​ တကယ့်ကို ထွေပြားတာကတော့ Cause and Effect ဆက်စပ်မှုလို့ ဆိုနိုင်ပါတယ်။ ဒီအချက်အလက်တစ်ခုဟာ ဘယ် အကြောင်းတွေရဲ့ အကျိုးဆက်ရလဒ်လဲ စသည်ဖြင့် လေ့လာတဲ့အခါမှာ ထိုးထွင်းသိနိုင်စွမ်းတွေ အများကြီး လိုပါတယ်။

အဲဒီလို ထိုးထွင်း သိနိုင်စွမ်းဆိုတော့ ပါရမီပါမှ ရတာလား၊​ ဒါတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အနည်းငယ်တော့ သက်ဆိုင်နိုင်ပေမယ့် လေ့ကျင့်ယူလို့ ရနိုင်ကောင်းတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင် အသုံးပြုသူ တစ်ယောက် အနေနဲ့ ကိုယ့် Website မှာ Register လုပ်လာမယ်ဆိုရင် အဲဒီလို လုပ်တဲ့ အကျိုးဖြစ်လာ​အောင် ဘယ်လို အကြောင်းတွေ ရှိသလဲဆိုတာ လေ့လာရပါမယ်။ အဲဒီ အကြောင်းတရားတွေကို ဖန်တီးနိုင်အောင် ဘယ်လို အချက်အလက်တွေ လိုမလဲ စသည်ဖြင့် လေ့လာတဲ့ အပိုင်းလို့ ဆိုနိုင်ပါတယ်။ တကယ်တန်း ပြောရမယ်ဆိုရင် ပထမအဆင့်မှာကတည်းက ပြောစရာတွေ အများကြီး ရှိနေပါတယ်။ ဒီ Tutorial က အိုင်ဒီယာ အပေါ် အခြေခံပြီး Website ကို တည်ဆောက်မှာ ဖြစ်တဲ့အတွက် အကျဉ်းမျှ ဖော်ပြရခြင်း ဖြစ်ပါတယ်။

အဆင့် (၂) အချက်အလက်များ အစုဖွဲ့ခြင်း

အချက်အလက်တွေ အစုဖွဲ့တယ်ဆိုတာ အချက်အလက်တွေ Category ခွဲတာ တူရာ စုတာကို ဆိုလိုပါတယ်။ ကျွန်တော်ရေးမယ့် Website မှာ Category ခွဲရမယ်ဆိုရင် ဒီအတိုင်းရပါတယ်။

  1. Interview
    1. Geek Interview
      1. Brief Note
      2. Photos
      3. Audio files
    2. Special Interview
      1. Brief Note
      2. Photos
      3. Audio files
    3. New Comer Interview
      1. Brief Note
      2. Photos
      3. Audio files

လောလောဆယ် အဆင်ပြေသလောက် ချထားတာပါ။ နောက်မှ လိုရင် ထပ်ဖြည့်ပါမယ်။ အိုင်ဒီယာတစ်ခု အသက်ဝင်လာဖို့ ဆိုတာ တစ်ခါတည်းနဲ့ မဖြစ်နိုင်ပါဘူး။ လုပ်ရင်းကိုင်ရင် အိုင်ဒီယာ အသစ်တွေ ထွက်လာ ထပ်ဖြည့် ထပ်ပြင်ရင်း နောက်ဆုံးမှာ အကောင်းဆုံး ပုံစံ တစ်ခုရလာနိုင်ပါတယ်။ အဲဒီလို ရလာတဲ့အခါ ပထမဦးဆုံး စခဲ့တဲ့ အိုင်ဒီယာနဲ့ လုံးဝ မတူတော့တာတောင် ကြုံရပါလိမ့်မယ်။

အဆင့် (၃) အချက်အလက်များ အရေးကြီးရာအလိုက် စီခြင်း

ဒီအပိုင်းကတော့ ကိုယ်ရလာတဲ့ ကိုယ်စုဆောင်းထားတဲ့ အချက်အလက်တွေကို အရေးကြီးရာအလိုက် စီရမယ့် အပိုင်းပါ။ အဲဒီလို အရေးကြီးရာအလိုက် စီတဲ့ နေရာမှ ကဏ္ဍနှစ်ခု အပေါ်မှာ တင်ပြီး စဉ်းစားဖို့ လိုပါတယ်။

အချက်အလက်များ အဆင့်ဆင့် ပို့ဆောင်ချိတ်ဆက်မှု အပေါ်မူတည်ပြီး စဉ်းစားခြင်း

အရေးကြီးတာ ဆိုတိုင်း ချက်ချင်း ပြလို့ မရတာတွေ ရှိပါတယ်။ ဥပမာ အားဖြင့် ကိုယ့် Website က ကုန်ပစ္စည်း ရောင်းတယ်၊​ အဲဒီအတွက် ဆက်သွယ်ရမယ့် လိပ်စာတွေကို အရေးကြီးတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီလို ဆက်သွယ်ရန်တွေကို ရှေ့ဆုံး Page မှာ တင်ထားမယ်ဆိုရင် အဆင်မပြေပါဘူး။

Website တစ်ခုမှာ Navigation Pattern က အခက်ဆုံးနဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း လို့ဆိုနိုင်ပါတယ်။ တစ်ချို့အချက်အလက်တွေဟာ တစ်ခါတည်း မြင်အောင် ပြဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ချို့ အချက်အလက်တွေကတော့ သိချင်စိတ်ကို နှိုးဆွပြီးမှ ပေးရတာမျိုးပါ။ တစ်ချို့ အချက်အလက်တွေကို မသိလို မသိဘာသာ တစ်ဖြည်းဖြည်း ခေါ်သွားပြီး သိအောင်လုပ်ရလေ့ ရှိပါတယ်။

အဲဒါကြောင့် အရေးကြီးတယ်ဆိုတာ အချက်အလက်အပေါ်မှာ ရှုမြင်တဲ့ ရှုထောင့်တွေအရ ကွဲပြားခြားနားနိုင်တယ် ဆိုတာ သတိပြုဖို့လိုပါတယ်။ Client အနေနဲ့ ဒီလို အချက်အလက်တွေက အရေးကြီးတယ်လို့ ပြောပေမယ့် တကယ်တန်း အသုံးပြုသူတွေအတွက် Navigation Pattern မှာ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။

ကျွန်တော် Website ကို ဝင်လိုက်တာနဲ့ အင်တာဗျူး ဆိုက်တစ်ခုအဖြစ် တန်းသိသွား​အောင် လုပ်ရပါမယ်။ အဲဒီအတွက် အရေးအကြီးဆုံး အဖြစ် အင်တာဗျူးထားတဲ့သူရဲ့ ဓာတ်ပုံတွေနဲ့ Main Quote တွေ သတ်မှတ်ပါတယ်။ အဲဒီလို Main Quote တွေ ဓာတ်ပုံတွေကို ပြတဲ့ နေရာမှာလဲ တစ်ခုတည်း ပြတာထက် အများကြီး စုပြချင်ပါတယ်။ အားလုံးက တန်းတူ အရေးကြီးတယ်လို့ ကျွန်​တော် ယူဆပါတယ်။ အဲဒီလို ဓာတ်ပုံလေးတွေ မြင်မယ်၊​ နောက်ပြီး Main Quote တွေကို ဖတ်မယ် စိတ်ဝင်စားလာတဲ့ အချိန်မှာ တကယ့် Interview ဆီကို ဆက်သွားပါလိမ့်မယ်။ အဲဒီတော့ Interview Script တွေက ဒုတိယအဆင့် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

ဆက်ပါဦးမယ် ….

Facebook comments:

6 Responses

  1. junemoe says:

    ကြိုက်တယ်ဗျာ…… အစ်ကိုရေ နော်က မန်းလေးကပါ… Screen Cast လေး လိုချင်လို့ပါ အစ်ကို – အစ်ကို့ သင်တန်းကို မလာနိုင်တာ နားလည်ပေးပါ – ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့် မေးလ်ကို ပို့ပေးလို့ရမလား အစ်ကို – တောင်းဆိုတာပါ – ကျေးဇူးပါ…. (junemoe9@gmail.com)

    • Thiha says:

      ဟုတ်ကဲ့ဗျ အဲဒီက ဒေါင်းဖို့ တင်ဖို့ကို မလွယ်ဘူး ဖြစ်နေတယ်ခင်ဗျ ကျွန်တော့်ကို လိပ်စာ ပေးပါ ကျွန်တော် ပို့ပေးပါ့မယ်၊ myanmartutorials@gmail.com ကို ပို့ပေးပါ … ဒါပေမယ့် လောလောဆယ် အခန်း သုံးလောက်မှ Screencast စမှာ ဆိုတော့ စောင့်ပါဦးခင်ဗျ

  2. K says:

    Interview တှကွေားထဲက …. ဆိုတာလိုနတောလား?

  3. Naomie says:

    အကိုရေ…သင်တန်းလိပ်စာလေးပေးလို ့ရနိုင်မလား

  4. ko zay says:

    I like it ..
    very thank ko thiha..

Leave a comment


*