ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုတည်ထောင်ကြမလဲ (၂)
အားလုံးပဲ မင်္ဂလာပါ။ ပြီးခဲ့တဲ့ ပို့စ်တုန်းက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဖို့ အခြေခံ မေးခွန်းလေးတွေကို တင်ပြခဲ့ပါတယ်။ အခုပို့စ်မှာတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ ကြိုတင်စီစဉ်ခြင်း(Busi-ness Planning)အကြောင်းကို ဆက်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင်လုပ်မကြည့် ဘဲနဲ့ အဲဒီလုပ်ငန်းအကြောင်းကို အားလုံးသိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်လုပ်ငန်းမှာ မဆို မြင်သာ ထင်သာရှိတဲ့ အခြေအနေတွေနဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ကိုယ်ရဲ့ ကြိုတင်စီစဉ်ခြင်းကို ပုံဖေါ် ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အစီအစဉ်တွေကို ရေးဆွဲနေရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့လုပ်ငန်းအတွက် ဘာတွေ လိုအပ်မယ်ဆိုတာ ဆက်လက်တွေ့မြင်လာမှာဖြစ်ပါတယ်။
စီပွားရေး လုပ်ငန်းတွေအတွက် ကြိုတင်စီစဉ်ခြင်း (Business Planning) အပိုင်းမှာ တစ်ကယ့်လုပ်ငန်း ရှင်ကြီးတွေ၊ ပညာရှင်ကြီးတွှေအနေနဲ့ ကတော့ တွက်ဆ စီစဉ်စရာတွေအများကြီးရှိနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာ အခုမှ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်မယ့် (Enterpre-neurs) တွေ အနေနဲ့ဘဲ ရိုးရှင်းပြီး ထိရောက်နိုင်မယ့် နည်းလမ်းလေးတွေကိုပဲ တင်ပြပေးသွားမှာဖြစ်ပါတယ်။ အခု ကျွန်တော်ပြောပြသွားမယ့် အကြောင်းအရာတွေကတော့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။ တကယ်တန်း (Business Planning) ရေးဆွဲပြီဆိုရင်တော့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားတာတွေ ရှိနိုင်သလို။ ဖြည့်စွက်ရမှာတွေလည်း ရှိနိုင်ပါတယ်။
အရင်ဦးဆုံးကိုယ်လုပ်ငန်းအတွက် အခြေခံ လိုအပ်ချက်လေးတွေကို ကြည့်ရအောင်
(၁) သင့်လုပ်ငန်း/ကုမ္ပဏီ ရဲ့ အမည်။
(၂) သင်လုပ်ငန်း/ကုမ္ပဏီရဲ့ လိပ်စာနှင့် ဖုန်းနံပါတ်။
(၃) သင်လုပ်ကိုင်လိုတဲ့ လုပ်ငန်းအမျိုးအစား။
(၄) ဘယ်လိုဝန်ဆောင်မူမျိုး၊ ဘယ်လို ထုတ်ကုန်မျိုးကို သင့်လုပ်ငန်းက ဆောင်ရွက်ပေးမှာလဲ။
(၅) သင့်လုပ်ငန်းဆောင်ရွက်မယ် ပတ်ဝန်းကျင်အခြေအနေ။
(၆) ဘာကြောင့် ဒီလုပ်ငန်းကို သင်လုပ်ကိုင်လိုတာလဲ။
(၇) သင့်လုပ်ငန်း/ကုမ္ပဏီရဲ့ ပန်းတိုင်ဟာ ဘာလဲ။
(၈) အဲဒီပန်းတိုင်ကို အောင်မြင်စွာရောက်ရှိနိုင်ဖို့ သင့်မှာ ဘယ်လိုအစီအစဉ်တွေရှိလဲ။
ဒီအချက်တွေအားလုံးကို ကျွန်တော်တို့ သတ်မှတ်ပြီးပြီဆိုရင် ကိုယ်လုပ်ငန်း/ကုမ္ပဏီအတွက် လိုအပ်မယ့် Marketing Planning တွေကို ဆက်ပြီးတော့ စီစဉ်ကြည့်ရအောင်။
(၁) သင့်ရဲ့ ဖောက်သည်တွေဟာ ဘယ်သူတွေလဲ။
(၂) သင့်ဖောက်သည်တွေကို သင်ဘယ်လိုသိနိုင်မလဲ။
(၃) သင့်လုပ်ငန်းကိုရော သင့်ဖောက်သည်တွေသိအောင် ဘယ်လိုနည်းနဲ့ သိအောင်လုပ်မလဲ။
(၄) သင့်လုပ်ငန်းအတွက် မဖြစ်မနေလိုအပ်မယ့် စျေးကွက်ဝယ်လိုအားကိုရော သင်လေ့လာ ပြီးပြီလား။
(၅) သင့်ရဲ့လုပ်ငန်းဟာ ပေါ်ပင်လုပ်ငန်းမျိုးလား၊ ဒါမှမဟုတ် ရေရှည်ဆောင်ရွက်သွားမယ့် လုပ်ငန်းမျိုးလား။
(၆) သင့်လုပ်မယ့် လုပ်ငန်းရဲ့ စျေးကွက်အနေအထားဟာ လာမည့်နှစ်အနည်းငယ်အတွင်းမှာ ဘယ်လို
တိုးတက်လာနိုင်သလဲ။ ဘာတွေပြောင်းလဲလာနိုင်သလဲ။
(၇) သင့်ရဲ့ လုပ်ငန်းတူ ပြိုင်ဘက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုရော သင်လေ့လာပြီးပြီလား။
(စျေးနှုန်းတွေ၊ အရည်အသွေးတွေ၊ ဝန်ဆောင်မူတွေကိုလည်း လေ့လာထားဖို့လိုအပ်ပါတယ်)
(၈) သင့်ရဲ့ လုပ်ငန်းတူ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ သင့်ဆီမှာ ဘယ်လို အားသာချက်မျိုးတွေရှိနိုင်မလဲ။
Marketing Planning ပြီးတော့ ကျွန်တော်တို့ Selling Strtegy ကို ဆက်သွားရအောင်။
(၁) သင့်ရဲ့ ဝန်ဆောင်မှု့ (သို့မဟုတ်) ထုတ်ကုန်ကို ဘယ်လိုရောင်းမလဲ။
(၂) သင့်ရဲ့ စျေးနှူန်းသတ်မှတ်တဲ့ စနစ်က ဘယ်လိုမျိုးလဲ။
(၃) ဘယ်လိုကြော်ငြာတဲ့စနစ်ကို သင်အသုံးပြုနိုင်မလဲ။
(၄) သင့်ရဲ့ ဖောက်သည်တွေက သင့်ထုတ်ကုန်တွေကို လက်ခံလာအောင် ဘယ်လိုမျိုး Promotion
အစီအစဉ်တွေသင့်မှာရှိလဲ။
(၅) သင့်ရဲ့ ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုကို သင့်ဖောက်သည်တွေဆီကို ဘယ်လို ပို့ဆောင်ပေးမလဲ။
လုပ်ငန်း ဖွဲ့စည်းတည်ဆောက်ခြင်းဆိုင်ရာအစီအစဉ်
(၁) အရည်အသွေး ထိန်းချုပ်မှု့စနစ်
သင်ဟာ သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုဖြစ်စေ၊ ထုတ်ကုန်ဖြစ်စေ ကောင်းမွန်တဲ့ အရည်အသွေးကို တစ်သမတ် တည်း ထိန်းချုပ်ထားနိုင်ဖို့လိုအပ်ပါတယ်။
(၂) ဥပဒေဆိုင်ရာ စာရွက်စာတမ်း (သို့မဟုတ်) လုပ်ငန်းပိုင်းဆိုင်ရာစာရွက်စာတမ်း
သင့်လုပ်ငန်းအတွက်လိုအပ်မယ့် လုပ်ငန်းပိုင်းဆိုင်ရာစာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ဥပမာ။ ။ လုပ်ငန်းသဘောတူစာချုပ်ပုံစံ၊ အကျိုးတူပူးပေါင်းခြင်းဆိုင်ရာစာချုပ်ပုံစံ၊ Credit Form, Debit Form
အစရှိသည်ဖြင့် လိုအပ်မည့် စာရွက်စာတမ်းပုံစံတွေကိုပါ ကြိုတင်စီစဉ်ထားရပါမယ်။
တကယ်လို့များ သင့်လုပ်ငန်းမှာ ပူးပေါင်းပါဝင်သူများရှိသေးပါက လုပ်ငန်းသဘောတူစာချုပ်ပုံစံနှင့် အကျိုးတူပူးပေါင်းခြင်းဆိုင်ရာစာချုပ်ပုံစံများမှာ ပူးပေါင်းပါဝင်သူတွေရဲ့ သဘောတူညီကြောင်းလက်မှတ်ဟာ လည်း အရေးကြီးပါတယ်။
(၃) စီမံခန့်ခွဲမှုပုံစံ
(က) သင့်လုပ်ငန်းရဲ့ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ နေ့စဉ် စီမံခန့်ခွဲမှုကို ဘယ်လိုကိုင်တွယ်မလဲ။
ဘယ်သူက ကိုင်တွယ်မှာလဲ။
(ခ) လစဉ် ငွေကြေးဆိုင်ရာ အစီအရင်ခံစာကို ဘယ်သူက တာဝန်ယူပေးမှာလဲ။
(ဂ) အနာဂတ်အတွက် ပြောင်းလဲမှုတွေကို ဘယ်သူက စီမံခန့်ခွဲပေးမလဲ။
(ဃ) လုပ်ငန်းဆောင်ရွက်မှု့မှတ်တမ်းကို ဘယ်လို ထိန်းသိမ်းမလဲ။
(င) ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ဘယ်လို စစ်ဆေးမလဲ။
(စ) ဝန်ထမ်းရေးရာကိစ္စတွေကို ဘယ်သူက ကိုင်တွယ်မှာလဲ။ ဘယ်လိုကိုင်တွယ်မလဲ။
(ဆ) သင့်ရဲ့စာရင်းကိုင်ကရောဘယ်သူလဲ။
(ဇ) သင့်ရဲ့ ဥပဒေဆိုင်ရာအကြံပေးကရောဘယ်သူလဲ။
(ဈ) ရုံးပိုင်းဆိုင်ရာ စည်းကမ်းတွေကို ဘယ်လိုသတ်မှတ်မှာလဲ။
(ည) သင့်လုပ်ငန်းမှာ အခက်အခဲတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ဘယ်သူဆီကနေ့ အကြံဉာဏ်ကောင်းတွေ
ရနိုင်မလဲ။
(၄) ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်
(က) သင့်လုပ်ငန်းစတင်ဖို့ အတွက် ဘယ်လိုစက်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေလိုအပ်မလဲဆိုတို ကြိုတင်
တွက်ဆထားပြီး လိုအပ်မယ့် အသုံးစရိတ်ကို သီးသန့် စီစဉ်ထားရပါမယ်။
(ခ) သင့်ရဲ့ ကုန်ကြမ်းတွေအတွက် ရင်းမြစ်ဟာ ဘယ်မှာရှိနိုင်မလဲ။
(ဂ) သင့်လုပ်ငန်းအတွက် ငွေကြေးစိုက်ထုတ်မှု့အနေအထားကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
(ဃ) လစဉ် ငွေကြေးစီးဆင်းမှုအနေအထားရဲ့ အတက်အကျကို ပုံမှန်စစ်ဆေးနေဖို့လိုအပ်ပါတယ်။
(င) လစဉ် ဘတ်ဂျတ်ကို စီစဉ်ထားရပါမယ်။
(စ) ပြောင်းလဲနိုင်တဲ့ အခြေအနေတွေအတွက် ဘတ်ဂျတ်စီစဉ်မှု့ Plan B ကိုလည်းထားရှိဖို့လိုအပ်တယ်။
ကျွန်တော် နားလည်သလောက် ဘာသာပြန်ပြီး ဖေါ်ပြပေးထားခြင်းဖြစ်တဲ့အတွက် တကယ်လို့များ လိုအပ်ချက်တစ်ခုခု၊ လွဲမှားမှုတစ်ခုခုရှိခဲ့မယ်ဆိုရင် အားလုံးကို တောင်းပန်ပါတယ်။ လွဲမှားမှုအားလုံးဟာ ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ပါတယ်။ သူငယ်ချင်းတို့အားလုံးရဲ့အမြင်လေးတွေကိုလည်း ဆွေးနွေးပေး စေခြင်ပါတယ်။ Business Planning ကို ရေးတဲ့အခါမှာ အပိုင်းတွေခွဲပြီးရေးလို့ မရလို့ စာအရမ်းရှည်သွားရင် လည်း ဖတ်ပေးတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုဟာ သူငယ်ချင်းတို့ အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းမယ်ဆိုရင် ကျွန်တော်ရေးရ၊ ဘာသာပြန်ရကျိုးနပ်ပါတယ်။
ခန့်ကိုဟိန်း
ကျမ်းကိုး ။ ။Self-Employment: From Dream to Reality!
By Linda D. Gilkerson and Theresia M.Paauwe.
Facebook comments:


