Interview with Ko Htoo Myint Naung

ကျွန်တော်တို့ Myanmar Tutorials က အင်တာဗျူး အစီအစဉ်တွေကို ဆက်တိုက် တင်ဆက်လာတာ ကြားထဲမှာ အဆက်တော်တော် ပြတ်သွားပါတယ်။ (အဲဒီလို အဆက်ပြတ်သွားရတာ ကိုရာဗီကြောင့်လည်း ပါပါတယ်။ ဟဲဟဲ ကိုရာဗီရေ အကြွေးပေးဦးဗျ။)

ခု Myanmar Tutorials ရဲ့ Professional Interview ကဏ္ဍအတွက် အင်တာဗျူးဖြစ်တဲ့ သူကတော့ ကိုထူးမြင့်နောင်ပဲ ဖြစ်ပါတယ်။ ကိုထူးမြင့်နောင်လို့ ဆိုလိုက်တာနဲ့ Technomation Studios၊ နောက်ပြီး MyMyanmar ဆိုတဲ့ Brand တွေကို တွဲပြီး မြင်မိပါတယ်။ မောင်ပြုံးတို့လုပ်တဲ့ Mobile Show တုန်းက Java Mobile Development နဲ့ ပတ်သက်ပြီး ကိုထူးမြင့်နောင် Presentation လုပ်သွားတာ မှတ်မိ ပါသေးတယ်။ တကယ့်ကို စနစ်တကျ ရှိသလို၊ နားထောင်ရတဲ့သူတွေ မပျင်းအောင် စီစဉ်ပြီး ပြောသွားတာ အတုယူစရာ ကောင်းလှပါတယ်။ Presentation စီစဉ်တင်ဆက်ပုံကို အားကျ အတုယူမိပါတယ်။

Technomation Studios

ခုလိုအင်တာဗျူးခွင့် ပေးတဲ့အတွက် ကိုထူးမြင့်နောင်ကို Myanmar Tutorials ကရော ကျွန်တော်ကပါ အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အင်တာဗျူး စလိုက်ရအောင်ဗျာ။

(၁) ထုံးစံအတိုင်း Myanmar Tutorials ပရိသတ်နဲ့ မိတ်ဆက်ပေးပါဦးခင်ဗျ။ ခုလို Technomation Studios လို ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို တည်ထောင် ဖြစ်ခဲ့တဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ နည်းပညာသမားဘဝကို အတိုချုပ် ပြောပြပေးပါဦးခင်ဗျ။

ကျွန်တော်ကွန်ပျူတာကို (၄)တန်းလောက်မှာ စကိုင်ဘူးပါတယ်။ အဖေသုံးတဲ့ Macintosh Classic လေးကို ခိုးကိုင်ရတာပါ။ ၆ တန်းလောက်မှာ Apple Script နဲ့ ပရိုဂရမ်တွေ စရေးပါတယ်။ Apple LC II လေးနဲ့ပါ။ ဆယ်တန်းမှာ Cyber VOX ဆိုတဲ့ ဆော့ဝဲနဲ့ National ICT Award 2003 ရပါတယ်။ VOX Media Center ဆိုတဲ့ ဆော့ဝဲနဲ့ Asia Pacific Award ဝင်ပြိုင်ပါတယ်။ Cyber VOX ကတော့ အွန်လိုင်း ရေဒီယိုဆော့ဝဲပါ၊ အဲဒိတုန်းက CityFM တို့ BBC တို့ ဖမ်းလို့ရပါတယ်။ VOX Media Center မှာတော့ Music VOX, Radio VOX, DVD VOX, VCD VOX စတာတွေ ပါပါတယ်။ ပြီးပြည့်စုံတဲ့ Multimedia Player တစ်ခု ဖြစ်အောင် လုပ်ထားတာပါ။ ရေးတာကတော့ MMB နဲ့ရေးပါတယ်။ နောက်နှစ်မှာ !MyApple ဆိုတဲ့ ဆော့ဝဲနဲ့ National ICT Award 2004 ထပ်ရပါတယ်။ !MyApple နဲပဲ Asia Pacific ICT Award သွားပြိုင်ပါတယ်။ Asia Pacific ICT Awards 2004 (Special Mention) ကိုရပါတယ်။ !MyApple က ဝင်းဒိုးပေါ်မှာ Mac OS (classic) သုံးလို့ ရအောင်လုပ်ပေးတဲ့ emulator shell တစ်ခုပါ။ အထက်တန်းကျောင်းတွေမှာ ဈေးကြီးတဲ့ Mac တွေအစား သုံးဖို့ ရည်ရွယ်တာပါ။ Delphi နဲ့ရေးပါတယ်။ ကွန်ပျူတာ တက္ကသိုလ် ဒုတိယနှစ်မှာ MyMyanmar Unicode System for Unicode 4.1 ကို ကွန်ပျူတာ တက္ကသိုလ်ရဲ့ စာတမ်းဖတ်ပွဲမှာ မိတ်ဆက် ခဲ့ပါတယ်။ တတိယနှစ်မှာ MySM လို့ခေါ်တဲ့ မြန်မာစာ sms စနစ် နဲ့ MyCore Framework ကို ဖန်တီးခဲ့ပါတယ်။

Technomation ကတော့ ကျွန်တော် ဆယ်တန်းလောက်ထဲက သူငယ်ချင်းတွေနဲ့ ဖွဲ့ထားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အချင်းချင်း သိတာတွေ ဖလှယ်နိိုင်အောင်ရယ် မရှိသေးတာတွေကို ရှိအောင် လုပ်ဖို့ရယ်ပါ။ Techno က Technology၊ mation က Information ကိုဆိုလိုတာပါ။ လုပ်ငန်း တစ်ခုအနေနဲ့ ကတော့ MySM နဲ့ iHost Myanmar ကနေ စခဲ့ပါတယ်။ လုပ်ငန်းထဲမှာလဲ သူငယ်ချင်းတွေပါ ဝင်လုပ်ရင်းနဲ့ အောင်မြင်လာခဲ့တာပါ။ အခုတော့ တစ်ချို့တွေ နိုင်ငံခြား ရောက်ကုန်ကြပါပြီ၊ တစ်ချို့တွေလဲ ဒီမှာရှိပါသေးတယ်။ Technomation အောင်မြင်တာ Technomation အတွက် အလုပ်လုပ်ခဲ့တဲ့၊ လုပ်နေတဲ့သူတွေ အားလုံးကြောင့်ပါ။ သူတို့မရှိရင် ဒီနေ့ Technomation ဆိုတာလဲ ရှိလာမှာမဟုတ်ပါ။

(၂) ခုလက်ရှိ Technomation Studios က ထုတ်လုပ်ဖြန့်ချီနေတဲ့ ထုတ်ကုန်တွေကို ပြောပြပေးပါ။ တစ်ခုခြင်းစီရဲ့ ရည်ရွယ်ချက်တွေနဲ့ ဘယ် Platform တွေအတွက် ထုတ်လုပ်ထားတယ် ဆိုတာပြောပြပေးပါ။ နောက် ဘယ်လို နည်းစနစ်တွေ အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပမှာ ရောင်းချ ဖြန့်ဝေနေတယ် ဆိုတာ သိချင်ပါတယ်။

Technomation ကနေ Mobile Apps တွေထုတ်ပါတယ်။ ပထမဆုံး ထုတ်ခဲ့တဲ့ app က MySM လို့ခေါ်တဲ့ မြန်မာစာ စာပို့စနစ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Messx လို့ခေါ်တဲ့ messenger ဆော့ဝဲအနေနဲ့ upgrade လုပ်ထားပါတယ်။

နောက်ပြီး DEFINED လို့ခေါ်တဲ့ mobile dictionary လဲထုတ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အကြီးဆုံး အဘိဓာန်စာအုပ်တွေကို မိုဘိုင်းဖုန်းထဲမှာ ထည့်ပြီး ရောင်းပါတယ်။ အသံထွက်လဲ ပါပါတယ်။

နောက်တစ်ခုက Yellow Mobile လို့ခေါ်ပါတယ်။ Yellow Directory စာအုပ်ကြီးတစ်အုပ်လုံးကို ဖုန်းထဲထည့်ထားပြီး search လုပ်လို့ရပါတယ်။

Messx, DEFINED, Yellow Mobile သုံးခုစလုံးက j2me app တွေပါ။ မြန်မာနိုင်ငံမှာရှိတဲ့ gsm ဖုန်းတော်တော်များများမှာသုံးလို့ရပါတယ်။ iOS အတွက် iDEFINED နဲ့ iYellow Mobile ဆိုပြီးလည်းရှိပါတယ်။

mobile app တွေကို မြန်မာနိုင်ငံအတွင်းက ဖုန်းဆိုင်များမှာ ဝယ်ယူလို့ရပါတယ်။ ရောင်းတဲ့ စနစ်ကတော့ memory stick ကို credit card ပုံစံနဲ့ ရောင်းပါတယ်။ ကျွန်တော်တို့ ဆော့ဝဲရောင်းဖို့ သီးသန့် စီစဉ်ထားတဲ့ memory stick မှာ ရောင်းမယ့် ဆော့ဝဲတွေ၊ installer တွေ၊ accounting တွေ တစ်ခါတည်း ပါပါတယ်။ stick တစ်ခုမှာ credit နှစ်သိန်း ထည့်ပေးထားပြီး ဆော့ဝဲတစ်ခု ရောင်းလိုက်တိုင်း တန်ဖိုးအလိုက် နှုတ်သွားပါတယ်။ နှစ်သိန်းဖိုး ရောင်းကုန်သွားရင်တော့ ဆော့ဝဲက စာရင်းရှင်းတမ်းနဲ့ ငွေကောက်ခံပြီး နောက်ထပ် နှစ်သိန်း ပြန်ထည့်ပေးပါတယ်။ ဒါကတော့ မိုဘိုင်း ဆော့ဝဲတွေပါ။ နောက်တစ်ခုက iHost Myanmar လို့ ခေါ်တဲ့ web hosting လုပ်ငန်း ဖြစ်ပါတယ်။ Technomation နဲ့ iHost Myanmar ကို တွဲပြီး မသိကြတာ တော်တော်များပါတယ်။

iHost Myanmar

iHost Myanmar က Technomation စတင်ကတည်းက စတင်ခဲ့တဲ့ လုပ်ငန်းပါ၊ အခုလည်း Technomation ကပဲ ဦးစီး လုပ်ကိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ MyMyanmar Language System ကိုလည်း DVD-Box နဲ့ရောင်းပါတယ်။

Technomation ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မရှိသေးတာတွေကို ရှိအောင်လုပ်ဖို့ပါ။ ကျွန်တော်တို့က မဖြစ်နိုင်တဲ့၊ market profit မရှိနိုင်တဲ့ ရေအိုင်ငယ်လေး တွေမှာ ခြေချပါတယ်၊ ရေအိုင်လေးတွေ ကြီးလာရင် ကျွန်တော်တို့လည်း ကြီးလာပါတယ်။ တစ်ခါတလေတော့လည်း ရေအိုင်မရှိရင် ကိုယ့်ဟာကိုယ် တူးပါတယ်။ MySM ကိုထုတ်တုန်းက mobile software ဆိုတာ ဘာမှန်းတောင် မသိကြသေးပါဘူး။ ဖုန်းဆိုင်တွေမှာ လက်ခံလာဖို့၊ လူတွေ ဝယ်တတ်လာဖို့ တော်တော် ကြိုးစားယူရပါတယ်။ အခုတော့ ပြိုင်ဖက်တွေလည်း များလာပါပြီ တိုးတက်ဖို့တွေလည်း အများကြီး ရှိလာပါပြီ။ ဒါကျွန်တော်တို့ တူးခဲ့တဲ့ ရေအိုင်လေးပါ၊ အိုင်လေးကနေ အင်းကြီး ဖြစ်လာရင်း ကျွန်တော်တို့ပါ လိုက်ကြီးလာတာပါ။

iHost Myanmar ကလဲတူတူပါဘဲ။ မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ် web hosting ဆားဗစ်မရှိလို့ စလုပ်ခဲ့ကြတာပါ။ အားလုံးက unlimited တွေနဲ့ oversell လုပ်နေတဲ့ အချိန်မှာ iHost Myanmar က reserved space နဲ့ ခက်ခက်ခဲခဲ ရောင်းခဲ့ကြပါတယ်။ iHost Myanmar ရဲ့ Product အားလုံးက fully automatic တွေပါ။ ကျွန်တော်တို့ ဝဘ်ဆိုက်မှာ တက်ပြီး order လုပ်ပါ၊ Invoice ကို ပရင်တာထုတ်ပြီး ကျွန်တော်တို့ရုံးမှာ ငွေသွင်းပြီးတာနဲ့ ချက်ချင်း စသုံးနိုင်ပါတယ်။ world-class web hosting တွေမှာပါတဲ့ security, support, billing system, domain management တွေအားလုံး ပါပါတယ်။ အခုတော့ ရေအိုင်လေးက အားလုံးနဲ့အတူတူ ပင်လယ်ကြီး ဖြစ်နေပါပြီ။

(၃) ကိုထူးမြင့်နောင်က မြန်မာပြည် အနေအထားနဲ့ ကြည့်မယ်ဆိုရင် အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင်နေပါတယ်။ အဲဒီလို အောင်မြင်လာအောင် မိဘတွေက ဘယ်လို ပံ့ပိုးခဲ့ပါသလဲ။ ကိုယ်တိုင်ကရော ဘယ်လို ကြိုးစား အားထုတ်မှုတွေ ပြုခဲ့ပါသလဲ။ အဓိကအားဖြင့် နည်းပညာဖက်မှာ ဝါသနာပါတဲ့ သားသမီးတွေ အပေါ်မှာ မိဘတွေရဲ့ ပံ့ပိုးမှုက ဘယ်လောက်အထိ အရေးပါသလဲဆိုတာ သိချင်ပါတယ်။ (ကျွန်တော့်အမြင်အရ ခုခေတ်မှာ ဝါသနာပါတယ် ဆိုဦးတော့ ဆယ်တန်းအောင်ပြီးမှ ကွန်ပျူတာဆိုတာ ထိတွေ့ကြရပါတယ်။ အဲဒီလို ထိတွေ့ကြတဲ့အခါ အချိန်တွေ မကုန်သင့်ပဲ ကုန်ကြရပါတယ်။ မိဘတွေကသာ သူတို့ သားသမီးတွေ နည်းပညာမှာ ထူးချွန်နိုင်ကြောင်း ကောင်းကောင်း သိခဲ့မယ်ဆိုရင် စောစောစီးစီး အထောက်အပံ့ပေးနိုင်မယ် ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ သူတွေ ဖြစ်လာမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း နည်းပညာသမား တော်တော်များများဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကြတာ တွေ့ရလေ့ရှိပါတယ်။)

ကျွန်တော့မိဘတွေက ငယ်ငယ်ကတည်းက မင်းဘာဖြစ်ရမယ် ဆိုတာမျိုး မပြောဘူးခဲ့ပါ။ ကွန်ပျူတာကို စိတ်ဝင်စားလာတော့လဲ ကျွန်တော် လိုချင်တာ တစ်ခုခုရှိရင် challenge တစ်ခုစီနဲ့ ပေးပါတယ်။ ဥပမာ ကျွန်တော် အိုင်ပေါ့အသစ် လိုချင်ပါတယ်၊ တစ်ချိန်ထဲမှာပဲ လက်ရှိ အိုင်ပေါ့အဟောင်းမှာ မြန်မာစာပေါ်အောင် လုပ်နေပါတယ်။ အဖေက အိုင်ပေါ့အဟောင်းမှာ မြန်မာစာပေါ်မှ အိုင်ပေါ့အသစ်တစ်လုံး ဝယ်ပေးပါတယ်။ ကျွန်တော် လိုချင်တာတွေကို လွယ်လွယ်နဲ့ ဘယ်တော့မှ လိုက်လျောလေ့ မရှိပါဘူး။ ကျွန်တော်က ကျွန်တော် စိတ်ဝင်စားတဲ့ အလုပ်တစ်ခု လုပ်နေပြီဆိုရင် အိပ်လည်း မအိပ်ပါဘူး အစားလဲ ထမစားလောက်အောင် လုပ်ပါတယ်။ အမေက ထမင်းပွဲကို ကွန်ပျူတာဘေးမှာ အချိန်မှန် လာချထားပေးပါတယ်။ (ကျွန်တော်ဘာလုပ်နေတာလဲ သူလုံးဝမသိပါ) ကျွန်တော် ဒါတွေလုပ်နေခဲ့တာ ဘာကောင်မှမဟုတ် ဘာမှ မအောင်မြင်ခင် ကတည်းကပါ။ နောင်နှစ်တွေ အကြာကြီးနေမှ နည်းနည်းပါးပါး အောင်မြင်တယ်လို့ ဖြစ်လာတာပါ။ မိဘတွေကသာ “မင်းဘာတွေလုပ်နေတာလဲ။ အဖြစ်မရှိဘူး။ အလကားကောင်” ဆိုတဲ့ဟာမျိုး ပြောခဲ့မယ်ဆိုရင် ကျွန်တော့ရဲ့ motivation တွေ interest တွေကို ဖျက်ဆီးပြီးသား ဖြစ်သွားမယ် ထင်ပါတယ်။ မိဘရဲ့အားပေးမှုက ဘဝမှာ အလွန် အရေးပါပါတယ်။ ကိုယ်သား game ဆော့နေရင်တောင် “တစ်နေ့ နိုင်ငံကျော် gamer ကြီး ဖြစ်လာအောင် လုပ်ကွာ” ဆိုတဲ့ အားပေးမှုမျိုးသာ ရှိလို့ကတော့ ဘယ်သားသမီးမဆို အောင်မြင်နိုင်မယ် ထင်ပါတယ်။

(၄) Technomation Studios အနေနဲ့ ပြည်တွင်း ပြည်ပမှာ မိုဘိုင်းနည်းပညာနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဖို့ အစီအစဉ်တွေကို သိချင်ပါတယ်။ ဘာတွေ ရှေ့ဆက်ထုတ်ဖို့ စီစဉ်ထားလဲ။ ဘယ်လို နည်းပညာတွေ အသစ်အဆန်းတွေ ပါဝင်လာမလဲ။

Technomation ကတော့ ပြည်ပထက် ကိုယ့်နိုင်ငံအတွက်ကို အဓိက ထားပါတယ်။ စောစောက ပြောခဲ့သလို ရေမရှိတဲ့ နေရာတွေမှာ ရေအိုင် အသစ်လေးတွေ တူးဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ location based product တစ်ခုထုတ်ဖို့ စီစဉ်နေပါတယ်။

(၅) Local ကိုပဲ အဓိကစိတ်ဝင်စားတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းက နည်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုမယ့် Startups တွေအတွက် သင့်တော်မယ့် အိုင်ဒီယာလေးတွေ ချပြပေးနိုင်မလား။

လုပ်ငန်းတစ်ခု စတည်ထောင်ဖို့ စဉ်းစားပြီးဆိုရင် ပထမဦးဆုံးက idea လေး တစ်ခုလောက်ကနေ လာမှာပါ။ ဘယ်လို product အသစ်တွေ လုပ်မလဲ၊ ဘယ်လို service တွေပေးဖို့လဲ၊ ဒါမှမဟုတ် ဘယ်လို ပိုကောင်းတာတွေ ဖန်တီးကြမှာလဲ၊ နောက်ဆုံး ဘယ်လောက် မြတ်နိုင်တယ် ဆိုတာမျိုးတွေကနေ စဖြစ်သွားကြမယ် ထင်ပါတယ်။ အဲဒီ idea ရပြီဆိုရင် အရင်ဆုံး ပြေးရှာကြမှာက implement လုပ်ဖို့ capital (အရင်းအနှီး) ဖြစ်မယ် ထင်ပါတယ်။ ရလာတဲ့ capital လေးနဲ့ လုပ်ငန်း တည်ထောင်ကြတဲ့ startup တော်တော် များများဟာ နောက်ပိုင်းမှာ capital burnout ဖြစ်ပြီး ကွယ်ပျောက် ကုန်ကြတာတွေ များပါတယ်။

idea တစ်ခုရပြီဆိုရင် အရင်ဆုံး လုပ်သင့်တာက business plan လို့ ထင်ပါတယ်။ Business plan ထဲမှာ တစ်လတစ်လ ပုံမှန်ဝင်ငွေကို သေချာပေါက်ရှာနိုင်ဖို့ business model ကို သေချာ တွက်ချက် စီစဉ်ထားမှရမှာပါ။ အဲဒီရတဲ့ ဝင်ငွေကို လစဉ်ကုန်ကျစရိတ်နဲ့ ပြန်ကာမိမလားဆိုတာကို ကြိုတင် တွက်ချက်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဝန်ထမ်း လခကအစ capital ထဲက ပေးနေရရင် ဘယ်လောက်များတဲ့ capital ပဲဖြစ်ဖြစ် တစ်ချိန်ချိန် ကုန်သွားပါလိမ့်မယ်။ နိုင်ငံခြားမှာဆိုရင် business plan ရှိတာနဲ့ capital ကို ဘဏ်က ချေးလို့ရတာမျိုး ကျွန်တော်တို့မှာ သိပ်မဖြစ်နိုင်သေးပေမယ့် ဘာဖြစ်လို့ အဲဒါကြီးရှိတာနဲ့ ပိုက်ဆံ ထုတ်ချေးကြလဲ ဆိုတာကို သတိထားကြည့်ရင် secured plan ရှိတဲ့လုပ်ငန်းက ရှုံးဖို့၊ capital burnout ဖြစ်ဖို့ ဖြစ်နိုင်ချေနည်းလို့ဆိုတာ သိသာပါတယ်။

နောက်တစ်ခုက market research ကို သေသေချာချာ လေ့လာသင့်တယ် ထင်ပါတယ်။ ကျွန်တော်တို့ ထင်ထားတဲ့ အရမ်းကောင်း၊ အရမ်းရောင်းရနိုင်တဲ့ အရာတစ်ခုကို သုံးစွဲသူတွေက မလိုအပ်တာ၊ စိတ်မဝင်စားတာ မျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ faith ပါ။ Startup တစ်ခုမှာ လုပ်တဲ့သူတိုင်းက faith of heart နဲ့ ကြိုးစား လုပ်ကြတယ်ဆိုရင် တစ်နေ့နေ့တော့ အောင်မြင်ရမယ် လို့ထင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ စမ်းလုပ်ကြည့်တာ မျိုးတွေက ပျက်ဆီးသွားဖို့ ပိုများနိုင်ပါတယ်။

အဲဒါတွေအားလုံး အိုကေနေပြီ ဆိုရင်တော့ နောက်ဆုံးတစ်ခုက scaleablity ပါ။ လုပ်ငန်းတစ်ခုက နေ့ချင်းညချင်း ချက်ချင်းကို အကြီးအကျယ် အောင်မြင်သွားနိုင်ပါတယ်။ အဲဒီအတွက်ကြိုမစဉ်းစားထားရင် တခြား startup တွေပေါ်လာပြီး ဝိုင်းစားသွားတာမျိုး၊ အခြား လုပ်ငန်းကြီးတွေက စားသွားတာမျိုး ဖြစ်နိုင်ပါတယ်။ Startup တွေအတွက် အရေးအကြီးဆုံးက အောင်မြင်ဖို့ထက် survive ဖြစ်ဖို့လို့ ထင်ပါတယ်။ survive ဖြစ်ပြီးသွားရင်တော့ success ကနောက်က လိုက်လာမှာပါ။

(၆) ကျွန်တော် နောက်ထပ် မေးချင်တဲ့ မေးခွန်းတစ်ခုကတော့ MyMyanmar နဲ့ ပတ်သက်ပါတယ်။ သိပ်မကြာသေးခင်က လူတွေ အားလုံး သုံးလို့ရအောင် ပေးလိုက်တာလည်း သတိထားမိပါတယ်။ MyMyanmar ကို ကျွန်တော် စမ်းသပ် ကြည့်တဲ့အခါမှာ Unicode စံနှုန်းတွေအတိုင်း လိုက်နာထားတယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီအတွက် Unicode စံနှုန်းအပေါ် အမြင်ကို သိချင်ပါတယ်။ နောက် Myanmar Unicode Standard Font တွေမှာ စာလုံးနေရာ ချထားပုံတွေ တူကြပေမယ့် စာလုံး Size တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ MyMyanmar ကတော့ တစ်ခြား Unicode တွေထက် Font Size သေးတာ တွေ့ရပါတယ်။ အဲဒီလို Size တွေအပေါ်မှာ Standard မရှိသေးတာ ဘာကြောင့်ပါလဲ။

ကျွန်တော်တို့ နိုင်ငံမှာ မြန်မာစာနဲ့စပြီး လိုအပ်ချက်က ပုံနှိပ်လုပ်ငန်းကနေ စတာပါ။ ခဲစာလုံးတွေကို စီပြီး (ယနေ့တံဆိပ်တုံးတွေလို) ပုံနှိပ်ခဲ့ရတဲ့ ဘဝကနေ ကွန်ပျူတာတွေ ပေါ်လာတော့ ကွန်ပျူတာနဲ့ မြန်မာစာ ပုံနှိပ်ဖို့ လိုလာကြပါတယ်။ အဲဒီမှာ CE ကနေစပြီး WinInnwa အထိ ဖောင့်တွေက အင်္ဂလိပ်စာလုံးတွေရဲ့ ပုံစံကို လိုက်ပြောင်းပြီး ရအောင် လုပ်ခဲ့ကြပါတယ်။ နောက်ပိုင်း အင်တာနက် ပေါ်လာတော့ database ဆိုတာတွေ၊ datastructure တွေမှာ အဲဒိဖောင့်တွေကို သုံးလို့ မရတော့ပါဘူး။ အကြောင်းကတော့ WinInnwa လို ဖောင့်မျိုးမှာ မြန်မာစာလုံး ‘က’ သည် datastructure တွေမှာ သွားထည့်ရင် ‘u’ ပဲဖြစ်နေလို့ပါ။ ကျွန်တော်တို့ ပညာရှင်တွေက အဲဒါကိုဘဲ အဓိကထား ဖြေရှင်း ခဲ့ကြပါတယ်။ MyaZedi တို့ ZawGyi တို့ ပေါ်လာပါတယ်။ လိုအပ်ချက်တွေ အားလုံး ပြေလည် သွားပါတယ်။ ကျွန်တော်တို့ web ပေါ်မှာ မြန်မာစာ ရေးလို့ရတယ်၊ ဖတ်လို့ ရလာပါတယ်။ အရင် WinInnwa ခေတ်က Myanmar ASCII ကို standarized မလုပ်ခဲ့သလို အခုလည်း Unicode Standard ကို စိတ်မဝင်စား ကြသေးပါ။ အကြောင်းက သူတို့ လက်ရှိ ဖြေရှင်းချင်တာ ရေးဖို့၊ဖတ်ဖို့ သာမို့လို့ပါ။ အဲဒါကို ကျွန်တော်တို့ လက်ခံပြီး ယူနီကုတ်က အင်တာနက်အတွက် စောနေသေးတယ်လို့ ယူဆပါတယ်။ သိပ်မကြာခင် အနာဂတ်မှာ မြန်မာတွေဟာ ရေးဖို့၊ ဖတ်ဖို့ ထက်ပိုပြီး လိုအပ် လာပါလိမ့်မယ်။ (ပုံနှိပ်ဖို့ အဆင်ပြေနေစဉ် ကလည်း ZawGyi လို ဟာမျိုး ဘယ်သူမှ စိတ်မဝင်စားပါ)။

အဲဒိတစ်ချိန်မှာ အဆင်သင့်ဖြစ်ဖို့သာ MyMyanmar က ပြင်ဆင်ထားပါတယ်။ MyMyanmar က DVD ဘူးနဲ့ ဆိုင်တွေမှာ ရောင်းပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က အင်တာနက် မသုံးတဲ့သူတွေ အတွက်ပါ။ မြန်မာနိုင်ငံမှာ လူဦးရေ သန်းနဲ့ချီရှိတဲ့ အထဲမှာ အင်တာနက် သုံးတဲ့သူက အနည်းငယ်သာ ဖြစ်ပါတယ်။ ZawGyi က အင်တာနက်မှာ ရေး၊ဖတ် ရန် အောင်မြင်နေစဉ်မှာ ကျွန်တော်တို့က ကျန်တဲ့သူ အားလုံးကို Unicode Standard တွေလိုက်ထည့် ပေးနေခဲ့ပါတယ်။ ဒါတွေ အားလုံးဟာ အကျိုးအမြတ်အတွက်လုပ်နေခဲ့တာလို့ပြောမယ်ဆိုရင် Technomation ရဲ့မိုဘိုင်းဆော့ဝဲတွေမှာ copy protection တွေအများကြီးပါပါတယ်။ ကျွန်တော်တို့ ရောင်းတဲ့ MyMyanmar မှာတော့ ဘာ protection မှမပါပါ။ ဆိုင်တွေကလည်း ကူပြီး ရောင်းတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒိ MyMyanmar DVD ထဲက installer ကတော့ အင်တာနက်ပေါ် တက်မလာပါ။ ဒါဆိုရင် ကျွန်တော်တို့ MyMyanmar DVD တွေ ဘယ်ရောက်သွားလဲ စဉ်းစားကြည့်လို့ ရပါတယ်။ အင်တာနက်မသုံးတဲ့ သူတွေဆီ ရောက်သွားတာပါ။ Online မှာ Free ပေးဖြစ်တာကတော့ ဟိုတစ်လောက mmitpro မှာ Lionslayer တင်ထားတဲ့ article လေး သွားဖတ်မိလို့ပါ။ (သူက ပြောင်းသုံးသင့်တဲ့ အချိန်က အခုပဲလို့ ဆိုထားပါတယ်)။ အချို့ဖောင့်တွေက ပုံနှိပ်စံညွန်းတွေကို သုံးကြတယ်၊ အချို့ကတော့ ဘာမှ မသုံးကြဘူးပေါ့။ MyMyanmar ကတော့ english ဖောင့်တွေရဲ့ area ကို သွားချိန်ပါတယ်။ ဥပမာ အင်္ဂလိပ်ဖောင့်နဲ့ point 8 မှာပေါ်တဲ့ menu ကို MyMyanmar နဲ့ပေါ်ချင်ရင် point 8 ပါဘဲ ပြောင်းစရာ မလိုပါ။ MyMyanmar က display အတွက် သေချာလုပ်ထားတဲ့ ဖောင့်ဖြစ်ပါတယ်။ (screen မှာ အလှဆုံးဖောင့်လို့လဲ ကြွားလေ့ ရှိပါတယ်)

(၇) နောက်မေးမယ့် မေးခွန်း နှစ်ခုကတော့ Myanmar Tutorials က ကိုထူးမြင့်နောင်ကို မေးစေချင်တဲ့ မေးခွန်း နှစ်ခုပါ။ ပထမတစ်ခုက မြန်မာနိုင်ငံရဲ့ သိပ်မကြာတော့တဲ့ အချိန်မှာ ဖြစ်လာနိုင်မယ့် နည်းပညာ အပြောင်းအလဲပုံစံအပေါ် အမြင် Focus ကို သိချင်ပါတယ်တဲ့။

IT Industry နှစ်မျိုးရှိပါတယ်။ consumer industry နဲ့ corporate industry ပါ။ product မှာလည်း နှစ်မျိုး ခွဲလို့ရပါမယ်၊ software နဲ့ hardware ပါ။ မြန်မာနိုင်ငံရဲ့ အိုင်တီ လုပ်ငန်း တော်တော်များများက coporate industry ကိုသာ ပစ်မှတ် ထားကြပါတယ်။ CityMart လို ကုမ္ပဏီမျိုး အတွက် POS ရေးပေးဖို့သာ စိတ်ဝင်စား ကြပါတယ်။ နောက်ပြီး laptop တွေ desktopတွေကို နိုင်ငံခြားက မှာပြီးရောင်းကြပါတယ်။ မြန်မာပြည်မှာ ဖန်တီးတဲ့ consumer များအတွက် software သော်၎င်း၊ hardware သော်၎င်း များများစားစား မရှိပါ။

သိပ်မကြာခင်မှာ ဒါတွေ ပြောင်းလဲ ပစ်နိုင်မယ်ဆိုရင် consumer တွေအတွက် product အများကြီး ထွက်လာမယ်။ consumer တွေရဲ့ ငွေတွေကို Acer တို့ Lenovo တို့ MSI တို့ စတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအစား နိုင်ငံတွင်းက IT သမားတွေ ရလာမယ်။ ဝင်ငွေကောင်းရင် ပေးနိုင်တဲ့ quality တွေတက်လာမယ်။ (ဝန်ထမ်းလစာတွေလဲ တက်လာမယ်) consumer တွေလဲ quality ကောင်းကောင်းနဲ့ product တွေသုံးရလို့ awareness တွေ trust တွေ တက်လာမယ်။ consumer တွေထဲက တစ်ချို့က corporate owner တွေ ဖြစ်တဲ့အတွက် corporate awareness တွေပါ တက်လာမယ်။ ဒါဆို ကျွန်တော်တို့ အိုင်တီ industry ကြီးလဲ တက်လာလိမ့်မယ်။

corporate software တွေပဲရေး၊ ready-made hardware တွေပဲ ရောင်းနေကြမယ် ဆိုရင်တော့ IT Industry ကလှေကို တစ်ဖက်ထဲက လှော်သလိုမျိုး တစ်ဝဲလည်လည်ဖြစ်ပြီး သိပ်ကြီးထွား လာစရာ မရှိဘူးလို့ ထင်ပါတယ်။ ကမ္ဘာမှာ အအောင်မြင်ဆုံး IT ကုမ္ပဏီများဟာ consumer focused များသာ ဖြစ်ပါတယ်။ Facebook, Apple, Microsoft တို့ကိုကြည့်ပါ။ ကျွန်တော်တို့ မြန်မာတွေမှာ ဝယ်လိုအားရော၊ စိတ်ဝင်စားမှုရော အပြည့်ရှိပါတယ် (ရန်ကုန်မှာမှ မဟုတ်ပါ မန္တလေးကအစ မုံရွာ၊ တောင်ကြီး၊ လားရှိုးစတဲ့ မြို့တွေမှာပါ ပိုရှိပါတယ်၊ ကိုယ်တွေ့ပါ)။ အိုင်တီသမား တွေကသာ သူတို့အတွက် consumer product တွေ အများကြီး ဖန်တီးပေးကြဖို့ လိုမယ်ထင်ပါတယ်။ Myanmar Tutorials ကတော့ ရှားပါးနေတဲ့အထဲက အရမ်းကောင်းတဲ့ consumer product လို့ ထင်ပါတယ်။

(၈) ခုမှစပြီး နည်းပညာလောကကို မြေစမ်း ခရမ်းပျိုးမယ့် ညီငယ်၊ ညီမငယ်များအတွက် နည်းပညာ လေ့လာနည်းဆိုင်ရာ အကြံဉာဏ်တွေ ပေးပါဦးခင်ဗျ။ (တစ်ပိုင်းက နိုင်ငံခြားထွက် သူများအလုပ်လုပ်မယ့်သူတွေ အတွက်၊ နောက်တစ်ပိုင်းက ပြည်တွင်းမှာ ကိုယ်ပိုင်လုပ်ငန်း (သို့) ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအတွက်)

ကျွန်တော် တက်ဖူးတဲ့ ပထမဆုံး သင်တန်းက BizSoft ကဖွင့်တဲ့ basic java programming သင်တန်းပါ။ တစ်ဝက်နဲ့ ထွက်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သင်တန်းက ချပေးတဲ့ စာအုပ်က သင်တန်း course တစ်ခုလုံး ပါတယ်လေ။ အဲဒါကို မာတိကာ လှန်လိုက်တာနဲ့ ကျွန်တော်က အဲဒီ တစ်အုပ်လုံးကို အခုချက်ချင်းကို တတ်ချင်နေပြီ။ အဲဒိအတွက်လဲ သေချင်သေ ကြေချင်ကြေ လုပ်ချင်ကြည့်ချင် နေပြီ။ အဲဒိအချိန်မှာ သင်တန်းက တစ်နေ့ တစ်နာရီထဲလေ။ ဘယ်လိုမှ အားမရဘူး။ အဲဒိမှာ ကျွန်တော်စပြီး self study လုပ်ဖြစ်ပါတယ်။ ကျွန်တော့် အတွေ့အကြံု အရတော့ သင်တန်းတွေက လူကို သက်သာစေတယ် (ဆရာတွေက သူတို့ အပင်ပန်းခံပြီး ကျွန်တော်တို့ ခေါင်းထဲကို knowledge တွေ ထည့်ပေးရတယ်လေ။ ကျွန်တော်တို့က ထိုင်နားထောင်ရုံပဲ)။ self study ကတော့ လူကို ပင်ပန်းစေတယ်။ ရလဒ်ချင်း တူပေမယ့် self study မှာ confidence လေးတွေ၊ experience လေးတွေ ပိုပါလာမယ် ထင်ပါတယ်။

နောက်တစ်ခုက project တွေ။ ကျွန်တော် java ကို စလေ့လာတယ်။ java စာအုပ်ကြီးချဖတ်၊ အလွတ်ကျက်၊ ဆိုတာမျိုးမဟုတ်ပါဘူး။ java နဲ့ရေးမယ့် real world application တစ်ခု စဉ်းစားပါတယ်။ အဲဒိ application ကို project လုပ်ပြီး ပြီးအောင်ရေးပါတယ်။ ရေးတဲ့အချိန်မှာ ကျွန်တော့မှာ website တွေ၊ java bible တွေ ပုံနေပေမယ့် တစ်ခုမှသေချာမဖတ်ပါ။ project ပြီးရန်လိုအပ်သလောက်ပဲ ဖတ်ပါတယ်။ နောက်ဆုံး project ပြီးသွားတော့ ကျွန်တော် java တတ်လားမေးရင် ဘယ် course မှမပြီးဆုံးမထားလို့ မတတ်ပါလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ် java project လာလာ ကျွန်တော် မကြောက်တော့ဘူးလေ။ ကျွန်တော့မှာ java ဆိုတာ ဘာမှမသိတဲ့ နေရာကနေ project တစ်ခုလုံး ပြီးအောင်လုပ်ထားတဲ့ အတွေ့အကြံု ရှိနေပြီလေ။ အဲဒိ ပထမဆုံး java project က mysm ပါ။ ဆိုတော့ ကျွန်တော် ပြောချင်တာက technology တစ်ခုခုကို အာဂုံဆောင် နိုင်တာထက် အဲဒိ technology နဲ့ လက်တွေ့ ထိတွေ့ဘူးတဲ့ အတွေ့အကြံုက ပိုအရေးကြီးပါတယ်။ ဘယ်လောက် ခက်ခဲတဲ့ project ဖြစ်ပါစေ ဇွဲနဲ့ တစ်ဆင့်ချင်း စလုပ်ရဲတဲ့ သတ္တိရှိရင် အောင်မြင်မှာပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့ တစ်ခါမှ စိတ်မကူးဘူးတော့ အဲဒါနဲ့ ပတ်သက်ပြီး သိပ်တော့ မသိပါဘူး၊ ဒါပေမယ့် အရည်အချင်း တစ်ခုရှိရင် ဘယ်နေရာ အတွက်ဖြစ်ဖြစ် အသုံးဝင်တယ် ထင်ပါတယ်။


Myanmar Tutorials အတွက် အင်မတန် အဖိုးတန်ပြီး အပြုသဘောဆောင်တဲ့ အင်တာဗျူးတစ်ခုကို တင်ဆက်လိုက်နိုင်ပါပြီ။ ကျွန်တော် စိတ်ထဲမှာ ပီတိတွေ ဖြစ်လွန်းလို့ မျက်ရည်တွေတောင် ဝဲလာတယ်ဗျာ။ ကျွန်တော်လည်း ပြည်တွင်းမှာပဲ ရှေ့ဆက်အခြေချ အလုပ်လုပ်သွားဖို့ ရည်ရွယ်ထားသူ ဆိုတော့ အဖြေစကားတွေကို ကြားရတဲ့အခါမှာ ရင်ထဲမှာ ထပ်တူထပ်မျှ ခံစား နားလည်နိုင်ခဲ့သလို ကိုယ့်ကို နည်းပေးလမ်းပြတွေ ပြုနေပါလားလို့ စိတ်ထဲမှာ ခံစားရပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် ကိုထူးမြင့်နောင်ခင်ဗျား။

သီဟ (Myanmar Tutorials)

Facebook comments:

10 Responses

  1. Lionslayer says:

    Smart guy. Questions are also quite good.

  2. winzinnine says:

    တကယ် အဖိုးတန်တဲ့ အင်တာဗျူးပါပဲ။ ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ consumer တွေအဖြစ်နဲ့ တော်တော် focus အထားခံထားနေရတဲ့အထဲက ရုန်းမထွက်နိုင်သေးဘူးဖြစ်နေတယ်။ ဟုတ်တယ်ဗျ။ ကျွန်တော်တို့ နိုင်ငံမှာ coporate software တွေကိုပဲ ကြည့်နေတယ်။ IT သမားတွေရဲ့စိတ်ထဲမှာ အရင်ဦးဆုံး နံပါတ်(၁) product တွေပြုလုပ်ဖို့ကို ဦးစားပေးလုပ်ဆောင်သွားမှ နည်းပညာ အပြောင်းအလဲမြန်မြန်ဖြစ်လာလေ့မယ် ထင်တယ်။ product ကိုဦးစားပေးလေ..IT develop ဆိုတဲ့ အရင်းအမြစ်က နောက်ကသူဘာသူလိုက်လာမှာ သေချာတယ်.

  3. Thiha says:

    Consumer Product တွေဖက် ကျွန်တော်တို့ ခြေဦးလှည့်ကြပါစို့ ….

  4. mgpyone says:

    wow.. one of my mentors ;)

  5. Ko Soe says:

    အရမ်းကိုတန်ဖိုးရှိတဲ့ အင်တာဗျူးလေပါ..။

  6. MeinMain says:

    >>> ကျွန်တော်က ကျွန်တော် စိတ်ဝင်စားတဲ့ အလုပ်တစ်ခု လုပ်နေပြီဆိုရင် အိပ်လည်း မအိပ်ပါဘူး အစားလဲ ထမစားလောက်အောင် လုပ်ပါတယ်။ အမေက ထမင်းပွဲကို ကွန်ပျူတာဘေးမှာ အချိန်မှန် လာချထားပေးပါတယ်။ (ကျွန်တော်ဘာလုပ်နေတာလဲ သူလုံးဝမသိပါ) ကျွန်တော် ဒါတွေလုပ်နေခဲ့တာ ဘာကောင်မှမဟုတ် ဘာမှ မအောင်မြင်ခင် ကတည်းကပါ။ နောင်နှစ်တွေ အကြာကြီးနေမှ နည်းနည်းပါးပါး အောင်မြင်တယ်လို့ ဖြစ်လာတာပါ။ မိဘတွေကသာ “မင်းဘာတွေလုပ်နေတာလဲ။ အဖြစ်မရှိဘူး။ အလကားကောင်” ဆိုတဲ့ဟာမျိုး ပြောခဲ့မယ်ဆိုရင် ကျွန်တော့ရဲ့ motivation တွေ interest တွေကို ဖျက်ဆီးပြီးသား ဖြစ်သွားမယ် ထင်ပါတယ်။ မိဘရဲ့အားပေးမှုက ဘဝမှာ အလွန် အရေးပါပါတယ်။ ကိုယ်သား game ဆော့နေရင်တောင် “တစ်နေ့ နိုင်ငံကျော် gamer ကြီး ဖြစ်လာအောင် လုပ်ကွာ” ဆိုတဲ့ အားပေးမှုမျိုးသာ ရှိလို့ကတော့ ဘယ်သားသမီးမဆို အောင်မြင်နိုင်မယ် ထင်ပါတယ်။

    အရမ်းကို မှန်တဲ့ စကားပါ..အကိုရေ.. မိဘတွေက ကိုယ့်သားသမီးကို ပြုစုပျိုးထောင်တဲ့အခါမှာ ပြောတဲ့စကားလုံးတွေက တော်တော်ကိုဂရုစိုက်ဖို ့လိုတယ်လို ့ကျွန်တော်လည်း ယူဆမိပါတယ်..
    အကို ့ကိုလည်း အရမ်းကိုအားကျလေးစားမိပါတယ်ဗျာ.. :)

    ဒီလိုအဖိုးတန်တဲ့ အင်တာဗျူးတွေတင်ပေးတဲ့ မြန်မာ tutorial website ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ..
    :)

    • THIHA says:

      ကျွန်တော်တို့ကလည်း လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

  7. Poohspear says:

    Very nice, It is right if U wanna bright in a programming U don’t need to read by heard. Just need to read and just need to know some function which is need in your writing project.

  8. ကျွန်တော် ပြောချင်တာက technology တစ်ခုခုကို အာဂုံဆောင် နိုင်တာထက် အဲဒိ technology နဲ့ လက်တွေ့ ထိတွေ့ဘူးတဲ့ အတွေ့အကြံုက ပိုအရေးကြီးပါတယ်။ ဘယ်လောက် ခက်ခဲတဲ့ project ဖြစ်ပါစေ ဇွဲနဲ့ တစ်ဆင့်ချင်း စလုပ်ရဲတဲ့ သတ္တိရှိရင် အောင်မြင်မှာပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့ တစ်ခါမှ စိတ်မကူးဘူးတော့ အဲဒါနဲ့ ပတ်သက်ပြီး သိပ်တော့ မသိပါဘူး၊ ဒါပေမယ့် အရည်အချင်း တစ်ခုရှိရင် ဘယ်နေရာ အတွက်ဖြစ်ဖြစ် အသုံးဝင်တယ် ထင်ပါတယ်။

    တကယ်မှန်ပါတယ် .. လေးစားပါတယ် ကိုထူးမြင့်နောင်ခင်ဗျာ ..

  9. အားဆေး တစ်ခွက်ကို သောက်လိုက်ရသလိုပဲဗျာ။အရမ်းလေးစားပါတယ် အကို။6 တန်းလောက်အရွယ်ကတည်းက software တွေရေးနိုင်တဲ့ အကိုက တကယ့်ပါရမီရှင်တစ်ယောက်ပါ။အကို့ရဲ့ ဆိုဒ် လိပ်စာ လေးကိုလဲ ပြောပြပေးပါဦး။ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ ကျွန်တော့်အတွက် ဒီ interview လေးက ဘဝအလင်းရောင်တစ်ခုပေးလိုက်သလိုပါပဲ။အကို ကို အရမ်းကျေးဇူးတင်ပါတယ်။အကို့ကို ဆက်သွယ်လို့ရမယ်ဆိုရင် လိပ်စာလေးလဲလိုချင်ပါတယ်။ပျော်ရွှင်ပါစေ…ညီငယ် သက်ပိုင်မျိုး

Leave a comment


*