Interview with Zack

ကျွန်တော် Zack ကို သိနေခဲ့တာ ကြာပါပြီ။ အဓိက သိရခြင်း အကြောင်းအရင်းကတော့ သူ့ Zack Notes ဆိုတဲ့ ဘလော့ကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စာရေးသားဟန်ကိုလည်း ကျွန်တော် သဘောကျမိပါတယ်။ အဲဒီအပြင် သူများတွေ ဘလော့ဆိုရင် WordPress ကို အသုံးများကြပေမယ့် သူကတော့ Joomla ကို သုံးထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပိုပြီး စိတ်ဝင်စားမိပါတယ်။ အဲဒီအပြင် PHP Programmer တစ်ယောက် ဖြစ်တာကြောင့် PHP နဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပိုင်း ဆိုင်ရာတွေကို သိချင်နေမိပါတယ်။ ဒါကြောင့် ခွင့်တောင်းပြီး အင်တာဗျူး ဖြစ်ခဲ့ပါတယ်။ ခုလို အင်တာဗျူးခွင့်ပြုတဲ့အတွက် Myanmar Tutorials ကရော ကျွန်တော်ကပါ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အင်တာဗျူးလေး စလိုက် ရအောင်ဗျာ။

Myanmar Tutorials ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦးဗျာ။ Online မှာ Site တွေ ရှိရင်လည် ပြောပါဦးခင်ဗျ။

Nick Name ကတော့ Zack ဖြစ်ပြီး နာမည်အရင်း ကတော့ Pye Phyo Han ပါ။ ကျွန်တော် အားလို့ အချိန်ရရင် ဖြစ်စေ၊ ခံစားချက် တစ်ခုခု ရှိလာရင် ဖြစ်စေ၊ မျှဝေ စရာ ဖြစ်စေ ကျွန်တော့် Blog Site ဖြစ်တဲ့ Zack-Notes မှာတွေရေးပါတယ်။ 2005 မှာ B.C.Sc (Hons.) ပြီးခဲ့ပြီး Master ဆက်မတတ်ချင်တာနဲ့ အလုပ်လုပ်လိုက်ရာကနေ ခုတော့ Senior Web Programmer အဖြစ်နဲ့ PHP Based Web Application တွေကို ရေးသားနေပါတယ်။

Zack-Notes

http://www.zack-notes.net

အရင်က Open Source တွေ ဖြစ်တဲ့ Joomla လို CMS တွေ WordPress လို Blog Engine တွေကို သုံးထားရင် အထင်သေးသလိုလို အစအဆုံး မရေးနိုင်လို့ တန်းမဝင်သလို ဖြစ်ခဲ့ကြဖူးပါတယ်။ ခုတော့ ဘယ်လို အခြေအနေလဲခင်ဗျ။ နေရာတကာ CMS တွေ ဖြစ်နေပြီ ထင်တယ်။ စင်္ကာပူမှာကော အဲဒီလို Joomla လို WordPress လို Open Source တွေကို ဘယ်အတိုင်းအတာ အထိ သုံးနေကြပြီလဲဗျ။

ဟုတ်တယ်ဗျ၊ ကျွန်တော်အမြင်ပြောရရင် CMS တွေ၊ Blog Engine တွေစသုံးတုန်းက အဲ့ဒီလို ထင်ခဲ့ကြတယ်။ ဒါကတော့ စပြီးသုံးချိန်မှာ user တွေရဲ့ trust ကိုမရသေးခင် ကာလ လောက်တုန်းကပေါ့၊ နောက်ပြီး သုံးတဲ့သူကလည်း ဒီ Free ပေးထားတဲ့ CMS တွေ Blog Engine တွေရဲ့ Long Term support နဲ့ community ဆိုတာ တွေကိုလည်း စဉ်းစားကြပုံ ပေါ်ပါတယ်။ ခုချိန်မှာတော့ Joomla, WordPress, Drupal စတာတွေကို ကျယ်ကျယ် ပြန့်ပြန့် သုံးလာကြပြီ ဆိုတော့ အဲ့ဒီတုန်းက ဇဝေဇဝါဖြစ်ခဲ့ သံသယ ဖြစ်ခဲ့တာတွေကို ရှင်းသွားလောက်ပြီလို့ ထင်ပါတယ်။ လက်ရှိ Singapore က PHP programmer ဆိုပြီး အလုပ် ကြော်ငြာတွေမှာ နာမည်ကြီး CMS တွေဖြစ်တဲ့ Joomla, WordPress, Drupal တစ်ခုခုကို customize လုပ်နိုင်ရမယ် ဆိုတဲ့အချက် ပါလေ့ ရှိပါတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် သူတို့ ဘယ်လောက် အတိုင်းအတာ အထိ အသုံးပြု ကြတယ်ဆိုတာ ခန့်မှန်း ကြည့်နိုင်ပါတယ်။ Project တစ်ခုအတွက် Time and Cost တွေကို အခြေခံပြီး work hard, work smart, work done တွေကို သင့်သလို စဉ်းစားပြီး ပါရာဒိုင်းတွေ ပြောင်းလဲ သွားတယ်လို့ မြင်ပါတယ်။

Joomla နဲ့ ပတ်သက်လို့ လူတော်တော်များများမှာ Security နဲ့ ပတ်သက်တဲ့ သံသယတွေ ရှိနေကြပါတယ်။ အဲဒီလို သံသယတွေကို ဖြေဖျောက် နိုင်အောင် Joomla ကို သုံးတော့မယ်ဆိုရင် Security ပိုင်းမှာ ဘာတွေ လိုက်နာဖို့ လိုမလဲဗျ။

Joomla patch နဲ့ version upgrade တွေက security issue တွေကြောင့်ဖြစ်တော့ တခြား နာမည်ကြီး Drupal, WordPress တွေနဲ့ ယှဉ်ပြီး သံသယ ၀င်မယ်ဆိုရင် ၀င်သင့်ပါတယ်။ တကယ်ကို သံသယတွေ လုံးဝ ပျောက်သွား နိုင်အောင် လုပ်ဖို့ကတော့ World Wide Level လည်း ဖြစ်ပြီး community base ကလဲ ကောင်းတဲ့ Joomla Official Term ကပဲ user တွေရဲ့ trust ကို တည်ဆောက်တာ ပိုပြီး ထိရောက်ပါတယ်။ တကယ်လို့ ကိုယ့် Joomla site ရဲ့ security တွေကို ကိုယ်တက်နိုင်သလောက် ကောင်းအောင် လုပ်မယ် ဆိုရင်တော့ ကျွန်တော် သိထား သလောက် ပြောပြပါမယ်။

Permissions

အရေးကြီးတဲ့ Folder တွေ၊ Files တွေအားလုံးကို Permission 755 နဲ့ 644 တွေပဲထားတာ ကောင်းပါတယ်။ အထူးသဖြင့် configuration.php လို File ပဲဖြစ်ပါတယ်။ အရေးကြီးတဲ့ Folder တွေအားလုံးကို Browsing indexing တွေမရအောင် လုပ်ထားသင့်ပါတယ်။

Server Ownership/hosting

Joomla site တွေ ခဏခဏ Hack ခံနေရတဲ့ Hosting မျိုးဆိုရင်ရှောင်သင့်တယ်။

XSS/SQL Injections

Developer level မျိုးမဟုတ်ရင်တော့ XSS/SQL injections တွေကို Fix လုပ်ရတာ ခက်ပါတယ်။ လုပ်ပေးနိုင်တာ တစ်ခုကတော့ Joomla Officially Security Fixed Patch တွေကို Upgrade လုပ်ပေး နိုင်ပါတယ်။ Developer ဆိုရင်တော့ attack လုပ်တဲ့ Technique တွေကို ကြည့်ပြီး ကိုယ့်ဟာကိုယ် ပြန် Hack ကြည့်ပြီး Fix လုပ်နိုင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံလေး တစ်ခု share လုပ်ချင်တယ်။ ၂၀၀၇/၂၀၀၈ တုန်းက Singapore Government Agency တစ်ခုအတွက် Joomla ကို customize လုပ်တုန်းက ဆိုရင် UAT ပြီးရင်တောင် သူတို့မှာ အဲ့လိုမျိုး security issue တွေကို attack လုပ်ပြီး ဘယ်နေရာမှာ ပေါက်နေလဲ ဆိုတာကို ရှာတဲ့ Team ကနေ ထပ်ပြီး စစ်ပါတယ်။ အဓိကထားပြီိး attack လုပ် တာကတော့ XSS/SQL injection တွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေ အားလုံး pass ဖြစ်တော့မှ production server ပေါ်ကိုတင်တာ ဖြစ်တဲ့ အတွက်ကြောင့် production ပေါ် ရောက်သွားရင်လည်း လိုက်ပြီး Fix ရတာမျိုးက အင်မတန်မှကို နည်းလှပါတယ်။

Password

Password တွေပေးတဲ့အခါမှာလည်း Encrypted + SALTED ထားသင့်ပါတယ်။

Malware

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ကလည်း ပိုက်ဆံ သုံးနိုင်ရင်တော့ Malware တစ်ခုခုကိုလည်း သုံးနိုင်ပါတယ်။ နာမည်ကြီး တာကတော့ SecureLive Hacker Protection Software ပဲဖြစ်ပါတယ်။ နောက်ပြီး user log in လို page တွေကို SSL ခံထားမယ် ဆိုရင်လည်း ပိုကောင်းပါတယ်။

အကိုရေ ဖတ်တဲ့သူတွေ ပျင်းနေမလားတော့ မသိဘူးနော်၊ နောက်မေးခွန်း တစ်ခုကို ဆက်လိုက်ရအောင်ဗျာ။

မပျင်းပါဘူးဗျာ၊ ဗဟုသုတတွေ အများကြီး ရပါတယ်။ နောက်မေးခွန်းက PHP Framework တွေကရော အခြေအနေ ဘယ်လိုရှိလဲ။ PHP Framework တွေနဲ့ ရေးတာနဲ့ Joomla လို CMS တွေ သုံးပြီးရေးတာ ဘယ်ဟာ ပိုကောင်းမလဲဗျ။ အလုပ်အကိုင်အခွင့်အလမ်းမှာကော Joomla CMS၊ PHP Framework တွေ ဘယ်လို အခြေအနေရှိလဲဗျ။

CMS တွေနဲ့အပြိုင် Framework တွေကလည်း ခေတ်စားလာကြောင်း ပြောရမယ် ဆိုရင်တော့ Framework ရွေးချယ် တစ်ဝဲလည်လည် ပေါ့ဗျာ။ Framework တွေကို ဘာကြောင့် သုံးလာသလဲ ဆိုတော့ Framework တစ်ခုကို သေချာ နားလည်ပြီး ကျွမ်းကျင်သွားရင် CMS ရေးမလား၊ Shopping Cart ရေးမလား၊ Blog engine ရေးမလား၊ social network ရေးမလား စသည်ဖြင့် ကိုယ်ရေးချင်တာကို ရှိနေပြီးသား helper တွေ၊ Libraries တွေပေါ် အခြေခံပြီးတော့ requirement အရ လိုအပ်တဲ့ Model, View, Controller လေးတွေကို သင့်တော်သလို ပြောင်းလဲပြီး ဖန်တီး နိုင်ပါတယ်။ မေးခွန်းတစ်ခု ရှိလာတာက CMS တွေမှာ Ready mode extension တွေရှိနေရင် ပိုတောင် မြန်သေးတယ်။ ဘာကြောင့် ရေးနေမလဲ ဆိုတာပါ။ ဟုတ်ပါတယ်။ ရှိနေပြီးသား Ready Made က ကိုယ့် requirement နဲ့ ဘယ်လောက်အထိ ကိုက်ညီမှု ရှိမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။

အရမ်းကြီးကို ကွာဟနေလို့ customize လုပ်ရပြီ ဆိုရင်တော့ CMS core module တွေကိုပြင်၊ အဲ့ဒီ extension code တွေကို ဖွင့်ပြင် နေတာထက်စာရင် ကိုယ့်ကျွမ်းကျင်တဲ့ Framework နဲ့ ရေးလိုက်တာ ပိုတောင် မြန်ပါသေးတယ်။ အဲ့ဒီတော့ဗျာ အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူတည်ပြီး ကြည့်လုပ် ရမှာပဲလို့  မြင်ပါတယ်။

Mobile Market တွေ ကြီးထွား လာချိန်ဆိုတော့ ကိုယ် Site ကို Mobile Platform တွေဘက်ပါ လုပ်ချင်တယ် ဆိုရင်တော့ CMS ရဲ့ ရှိနေပြီးသား extension တစ်ခုခုကို ယူသုံးတာ ပိုလွယ်မယ် ထင်ပါတယ်။

Singapore က အလုပ်တွေမှာ Framework တွေကလည်း အတိုင်းအတာ တစ်ခု စိုးမိုးထားတာ ဆိုတော့ နှစ်ခုစလုံးကို သင့်တင့် မျှတအောင် လုပ်ထား သင့်ပါတယ်။ အရမ်းကြီး ထူးချွန် နေစရာမလိုပဲ သင့်တော်သလို မှန်မှန်ကန်ကန်လေး သုံးနိုင်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း တွေ ရှိနေပါတယ်။ အလုပ် စလုပ်တော့မယ် ဆိုရင် ကိုယ်သွားလုပ်တဲ့ Company ကသုံးတာကို ကိုယ်ကလိုက် ရေးရမှာ ဖြစ်ပြီး ကိုယ်က ရွေးချယ်ခွင့် မရှိလို့ အခြေခံ Platform ခိုင်ဖို့ အဓိကကြပါတယ်။

Programmer တွေနဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုတာကို ရောက်လာတော့ ကျွန်တော်တို့ ဟိုးတစ်ချိန်က အိပ်မက်တွေ မက်ခဲ့ကြတဲ့ Freelancer ဆိုတဲ့ အလုပ်မျိုးတွေရဲ့ အခြေအနေကရောဗျ။

Programmer တွေ အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုတဲ့ နေရာမှာ Freelancer အလုပ်မျိုးတွေကိုလည်း ထည့်တွက်ထားလို့ ရပါတယ်။ မြန်မာနိုင်ငံ ထဲကနေ လုပ်မယ်ဆိုရင်တော့ အခက်အခဲ တစ်ချို့ ရှိနိုင်ပေမယ့် ရအောင်လုပ်မယ် ဆိုရင် ရပါတယ်။ India ကလူတွေဆို အိုးမကွာ အိမ်မကွာ အဲဒီ အလုပ်မျိုးတွေကိုပဲ ဇောက်ချလုပ်နေ ကြပါတယ်။ အရင်တစ်ခါ ကျွန်တော်တို့ company က project တစ်ခုကို Elance မှာ Outsource ချတုန်းက နာရီပိုင်း အတွင်းမှာပဲ တတ်လာတဲ့ Bid တွေက India, Russia တွေဖြစ်နေတာ တွေ့ရတယ်ဗျာ။ အဲဒီတော့ဗျာ အိုးမကွာ အိမ်မကွာ တစ်လကို USD 500 – 1000 ရှာနိုင်မယ် ဆိုရင် စဉ်းစားသင့်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

တကယ်လို့ လုပ်ကြည့်ချင်တယ် ဆိုရင်တော့ အောက်က Link တွေမှာ Register လုပ်ပြီး Project တွေကို Bid လုပ်နိုင်ပါတယ်။ လုပ်တဲ့ အခါမယ် ကိုယ် Portfolio ကိုသေချာ ပြင်ဆင်ထားဖို့ review ကောင်းကောင်းရဖို့ အရေးကြီးပါတယ်။ စစချင်းမှာ Freelance ကို Team လိုက် Professional လုပ်နေတဲ့ နိုင်ငံတကာက သူတွေကို ကျော်ပြီး Project လုပ်တတ်ဖို့ အရေးကြီး ပါတယ်။ Freelance စလုပ်မယ် ဆိုရင်တော့ ဒီ Article နှစ်ခုကို ဖတ်စေချင်တယ်။

Freelance အလုပ်တွေ ရှာကြည့် ချင်ရင်တော့

တွေပဲ ဖြစ်ပါတယ်။

Joomla ကို လေ့လာချင်တဲ့ သူတွေအတွက် Guide Line လေး ချပြပါဦးဗျ။

Joomla ကိုဘယ် level နဲ့ ထိတွေ့မှာလည်း ဆိုတာပေါ် မူတည်ပါတယ်။ တကယ်လို့ CMS ကိုသာမန် user level နဲ့ပဲလုပ်မယ် ဆိုရင်တော့ admin panel ကနေပြီး extension ဖြစ်တဲ့ components, module, plug-ins တွေကိုကိုယ့် site နဲ့ သင့်တော်မှာ တွေကို ရှာဖွေပြီး သုံး တက်ဖို့ လိုပါတယ်။ ပြီးတော့ menu တွေ content တွေကို လည်းဖန်တီး တက်ဖို့ အပြင် site template ကိုလည်း ကိုယ်နဲ့ သင့်တော်တာကို သုံးတက်ဖို့ လိုပါတယ်။

တကယ်လို့ Developer အနေနဲ့ ထိတွေ့တော့မယ် ဆိုရင်တော့ ကိုယ်သုံးနေတဲ့ extensions တွေမှာ စိတ်တိုင်း မကျရင် လိုအပ်သလို သုံးနိုင်ဖို့ PHP & MySQL ကိုမသိလို့ မဖြစ်ပါဘူး။ သူ့မှာလည်း Framework တွေနည်းတူ အသင့် သုံးနိုင်တဲ့ helper တွေ libraries တွေ အသင့်ရှိနေပြီးသား ဖြစ်လို့ Coding Flow ကိုလေ့လာပြီး ကိုယ်လိုချင်တဲ့ အတိုင်းရေး နိုင်ပါတယ်။ နောက်ပြီး ထပ်သိ သင့်တာကတော့ Template တွေကို ပြင်ဆင် သုံးတက်စေဖို့ CSS နဲ့ Browser ပေါ်မှာ Trace လိုက်ဖို့ (Firebug & Web Developer Toolbar) တွေပဲ ဖြစ်ပါတယ်။ အစပိုင်းမှာ ကိုယ်ပိုင် extension တွေ၊ Template တွေလုပ်ဖို့ ခက်နေမယ် ဆိုရင်လည်း ရှိနေပြီးသားတွေကိုပဲ ပြင်ဆင် သုံးစွဲနိုင်ပါတယ်။ ကိုယ်ပိုင်လေးတွေ လုပ်ကြည့်ချင်ရင်တော့

Zack အနေနဲ့ ခုအခြေအနေ အနေအထားအထိ ရောက်လာအောင် ဖြတ်သန်းခဲ့ရတဲ့ ဘဝလေးကို ပြောပြပါဦးဗျ။ Programmer ဖြစ်ချင်နေသူ တွေအတွက် အတွေ့အကြံုတွေ လေ့လာလို့ ရတာပေါ့ဗျာ။

ကျွန်တော် Programmer ဘဝ ဖြတ်သန်းခဲ့ပုံ တွေ ပြောပြရမယ် ဆိုရင်တော့၊ ကွန်ပျူတာ ပထမနှစ် စတတ်တော့ C++ ကိုစတင် သိခွင့် ရခဲ့ပြီး နောက်မှာ Programming တက်ရင် Programmer လုပ်လို့ရတယ် ဆိုတဲ့ အသိလေးနဲ့ Programmer ဖြစ်အောင် လုပ်တာပါ။ အဲဒီတုန်းက နယ်မှာ ဆိုတော့ Internet ဆိုတာ ဝေလာဝေးလို့ ကိုယ်သိချင်တာတွေကို Reference လုပ်ဖို့ လက်တလုံးလောက် စာအုပ်ပါးလေးပဲ ရှိတဲ့ အချိန်ပေါ့ဗျာ။ နောက်ပြီး စာရွက်ပေါ်က ကိုယ်ရေးထားတဲ့ Program တွေကို Run ကြည့်ဖို့ ဆိုတာလည်း ကိုယ်ပိုင် ကွန်ပျုတာ မရှိတော့ ကျောင်းက စက်ခန်းကိုပဲ မီးလာတဲ့ အချိန်ထိ အိပ်စောင့်ပြီး ရေးကြည့်လိုက် ကိုယ်ရေးထားတဲ့ အတိုင်းလေးများ ထွက်လာရင် ပြန်အိပ် မရအောင်ကို ပျော်လိုက်တဲ့ ဖြစ်ခြင်းဗျာ။

ကျွန်တော် ရေးထားတဲ့ Program ရဲ့ Result တစ်ခုကို မီးမလာလို့ ကိုယ်ပိုင် ကွန်ပျုတာ မရှိလို့ ဆိုတဲ့ ခေါင်းစဉ်တွေ အောက်မှာ အဆုံးအရှုံး မခံနိုင်ဘူး ဆိုတဲ့ ဆန္ဒတစ်ခုထည်းနဲ့ လုပ်ခဲ့တာပါ။ ဒုတိယနှစ် ရောက်လာတော့ OOP ကိုသိလာပြီး ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား မြင်မြင်သမျှဟာ Object တွေ၊ Method တွေဖြစ်ပြီး တွေ့သမျှကို စာရွက်ပေါ်မှာ Program တွေ ချရေးမိပါတယ်။

နောက်ပိုင်း ကျွန်တော် သိချင်၊ လုပ်ချင် တာတွေကို အိမ်ကို ပြောပြတော့ အိမ်ကလည်း ကျောင်းပိတ် ချိန်တွေမှာ ရန်ကုန်က သင်တန်း တတ်ချင်တတ်ဖို့ ခွင့်ပြုလိုက်တော့ ကျွန်တော် VB, Java စတဲ့ ဟာတွေကိုပါ သိခွင့် ရခဲ့ပါတယ်။ အဲဒီတုန်းက ခက်တာက စာရွက်ပေါ် ရေးထားပြီးသားတွေကို ပြန်စမ်းဖို့ computer မရှိတာ ပဲဖြစ်ပါတယ်။ လမ်းမတော် လှည်းတန်းလမ်း ဘက်က တစ်ဆိုင်မှာ member လုပ်ထားရင် စက်သုံးလို့ ရတယ် ဆိုပေမယ့် အမြဲသုံးနိုင်ဖို့ ဆိုတာ နယ်ကနေ လာနေသူ အဖို့ ပိုက်ပိုက် လိုပါတယ်။ အဲဒီတုန်းက ဒီနေ့ည စိတ်ဓါတ်ကျလို့ အိပ်လိုက်ရင် နောက်တစ်နေ့မှာ ငါ့ကျောင်းပြီးရင် Programmer ဖြစ်ရမယ် ဆိုတာနဲ့ ကိုယ့်ကိုကိုယ့် အားတင်းပြီး ရှေ့ဆက်ခဲ့တယ်ဗျာ။

ဒီလိုနဲ့ပဲ ကျွန်တော် B.C.Sc(Hons:) ထိ ပုသိမ်မှာ တက်ခဲ့ပြီးတော့ Yangon မှာ Master ဆက်တတ်ဖို့ စိတ်မပါ တော့တာကြောင့် MIT မှာ 1 နှစ် အလုပ် ဝင်လုပ်ခဲ့ပါတယ်။ အလုပ်တစ်ခု လုပ်ရင် ပညာရရင်ရ၊ မရရင် ပိုက်ဆံ ရရမယ် ဆိုတဲ့ ကျွန်တော့ ခံယူချက်မှာ experience က အရေးတကြီး လိုအပ်နေလို့ ပိုက်ဆံ ဆိုတာကို မျက်ကွယ် ပြုလိုက်ပါတယ်။

အလုပ်လုပ် နေပြီဖြစ်လို့ အိမ်ကိုလည်း မတောင်းချင်တော့လို့ ရန်ကုန်မှာ ရတဲ့လစာလေးနဲ့ နေရတဲ့ ဘဝက ပြန်တွေး ကြည့်ရင်တော့ ခါးသက်သက်နဲ့ အရသာ ရှိတယ်ဗျ။ ကြုံရင် ကြုံသလို ကျွန်တော်ဆရာ တစ်ယောက်နဲ့ ရှဲဒိုး program လေးတွေ လိုက်ရေးရင်း လကုန်ရက်တွေကို တောင့်ခံနိုင်ဖို့ လုပ်ခဲ့ရတာ လေးတွေက ခုချိန် ပြန်တွေးရင်တော့ အကြည်တော် ပြောသလို “ဒုက္ခဆိုတာ နောက်တစ်ချိန် ပြန်ပြောရမယ့် ဟာသ” ပေါ့ဗျာ။ MCPA ရဲ့ Programming ပြိုင်ပွဲတွေ ရှိရင်လည်း ဆုရရင် အပိုသုံးဖို့ ပိုက်ဆံ ရတာကြောင့် ဝင်ပြိုင်ရင်း ဆုနှစ်ခါ ရခဲ့ဘူးပါတယ်။ MIT ကနေ ထွက်ပြီး နောက်ပိုင်း ရှဲဒိုး project တွေကို အချိန်မှီ ပြီးဖို့ မီးပျက်ရင် အိပ် မီးပြန်လာရင် ပြန်ထလိုက်နဲ့ နေ့တွေ ညတွေ မှားခဲ့တာတွေကို မှတ်မိ နေသေးတယ်ဗျာ။ ပိုက်ဆံ မရှိတဲ့ ကြားက BC Card ကိုတော့ ပုံမှန် အသစ်လုပ်နိုင်အောင် ကြိုးစားသော်လည်း တစ်ခါတစ်လေ ဘိုင်ပြတ်နေရင် Card အဟောင်းလေးကို ပြပြီး ခု ငါ Renew သွားလုပ်မလို့ ပြောပြီး ဖတ်ချင်တာတွေ ဝင်ဖတ်ခဲ့ ရတာလည်း ရှိပါတယ်။ ကျွန်တော့် နည်းပညာ နဲ့ ပတ်သက်ပြီး အတွေ့အကြုံ အသစ်တွေ လိုချင်တာက တစ်ကြောင်း၊ အရင်းအနှီး ပိုက်ဆံ လိုနေတာက တစ်ကြောင်း ရယ်ကြောင့် Feb 2007 မှာတော့ Singapore ကိုတွက်လာ ခဲ့ပါတယ်။

Singapore ကိုတွက်လာချိန်မှာ တကယ်တမ်း ပြန်တွေးကြည့်ရင် လိုအပ်ချက်တွေ ရှိနေပေမယ် ကိုယ်လုပ်နိုင်တာ တွေကို အတိုင်းအတာ တစ်ခုထိ confidence တည်ဆောက်ပြီး တွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ ဝိုးတဝါး အိမ်မက်တွေ အရာထင်လာတဲ့ အချိန်မှာ နောက်ထပ် အိမ်မက် အသစ်တွေနဲ့ နည်းပညာ ပင်လယ်ထဲ ကူးခက် နေဆဲပါ။

နည်းနည်းလည်း ရှည်လာပြီ ဖြစ်လို့ Programmer ဖြစ်ချင်ရင်တော့ စာတွေများများဖတ်၊ Program တွေကို များများရေးပြီး ကိုယ်ပိုင် စိတ်ကူးယဉ် အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့လိုပါတယ်။ နောက်ပိုင်း slamdogmillionaire ကိုကြည့်ပြီးတဲ့ အောင်မြင်မှု တစ်ခုတိုင်း အတွက် ဆင်းရဲ ဒုက္ခတွေ စတေး ရစမြဲ ဆိုတာ သိလိုက်တယ်။

တကယ့်ကို ခွန်အားတွေ ပေးစွမ်းနိုင်မယ့် ဘဝ အတွေ့အကြံု တွေပါပဲဗျာ။ ကျေးဇူး တင်ပါတယ်။ ခု ကျွန်တော်တို့ ဆီမှာ PHP Developers ဖြစ်လိုသူတွေ ရှိလာပါပြီ။ သူတို့အတွက် CMS တွေကို လေ့လာခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲဗျ။

ခုချိန်မှာ နိုင်ငံတကာ မှာလည်း CMS တွေ၊ Blog Engine တွေကို တွင်တွင် ကျယ်ကျယ် သုံးလာနေပြီ ဆိုတော့ တကယ်ကို ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင်တဲ့သူ အဖို့ အခွင့်အလမ်းတွေ တွေက ရှိနေပါတယ်။ နောက်ပြီး Project တစ်ခုကို scratch ကနေ စမယ်ဆိုရင်လည်း Framework တွေကို သုံးပြီး ရေးနေကြတဲ့ အချိန်ဖြစ်လို့ Framework တွေကို မေ့မထားဖို့ ပြောချင်ပါတယ်။ CMS ရယ်၊ Framework ရယ်မှ မဟုတ်ပါဘူး Technology တွေက ကိုယ်လုပ်နိုင်မယ်ဆိုရင် လုပ်နိုင်သလောက် အကျိုးရှိတာ ဖြစ်လို့ ကိုယ်နဲ့ သင့်တော်မယ့် အပိုင်းကို သေချာ လေ့လာ ထားသင့်ပါတယ်။

စိတ်ရှည် သီခံပြီး ဖတ်ပေးတဲ့ သူတွေရော၊ Myanmar Tutorial ကိုရော ကျေးဇူး တင်ပါတယ်။

Facebook comments:

23 Responses

  1. တော်တော် တော်တဲ့ ကိုဇက်
    တကယ်လေးစားသွားပြီဗျား
    ကျွန်တော်တို့တော့ မနည်း ဒီလိုဖြစ်အောင်ကြိုးစားရဦးမယ်။

    ဒါနဲ့ တစ်ခုဖော်ပြဖို့ ကျန်တာက အစ်ကို့အသက်ဘယ်လောက်လဲမသိဘူး။

    လေးစားစွာဖြင့်
    ဂျစ်ပဆီလေး

    • Zack says:

      နှစ်ဆယ် ကျော်ကျော်လေးပါ ခင်ဗျ။ ခက်တာက ဘယ်နှနှစ်တွေ ကျော်လို့ ကျော်သွားမှန်း မသိတာ။ ဟိဟိ
      သတိရပြီ ၂ရ ပြည့်ပြီးသွားပြီဗျ။

  2. Thet Paing Soe says:

    အကိုစင်ကာပူမှာအလုပ်ရဘို့ ကြိုးစားခဲ့တဲ့ အတွေ့အကြုံလေးနည်းနည်းလောက်ပြန်မျှပါလားဟင်။

  3. Si Thu says:

    လေးစားပါတယ် PPH

  4. astk says:

    congrats!

    btw thanks for sharing my article also. :D

  5. ကိုသာသာ says:

    I salute you ko Zack! :)

  6. sevenlamp says:

    လေးစားတယ်ဗျာ…. ထူးချွန်တဲ့ programmer တစ်ယောက်ဖြစ်ဖို့ နောက်ထပ်လိုတာ တစ်ချက်က ကိုZack လို ဇွဲ နဲ့ ဝိရီယ ရှိဖို့ လိုတာပေါ့

    • Zack says:

      အကိုရေ အဲဒီလို့တော့ အမြဲပြည့်ဝနေတယ် မထင်လိုက်ပါနဲ့။ ကျွန်တော် ပျင်းလို့ မလုပ်ချင်းရင် ထမင်းထစား ရမှာ၊ ရေထသောက် ရမှာတောင် ပျင်းတဲ့ကောင်ဗျို့။ နောက်ကနေ မပျင်းဖို့ အသိကလေး ဝင်လာမှ ကိုယ့်ကိုကိုယ် ပြန်ပြန်ထိန်း ရတာများတယ်။

  7. m0rRis says:

    အားကျတယ်ဗျာ :)

  8. smigul says:

    မကောင်းတဲ့ဖက်က ပြောတာတော့ မဟုတ်ပါဘူးခင်ဗျာ။
    အားလုံး ကောင်းတဲ့ဖက်က ပြောထားတော့ ကျနော်မြင်တဲ့ အချက်နှစ်ချက် ကိုဝေဖန်အကြံပြုကြည့်ပါ့မယ်။

    ၁။ ရှဲဒိုးပရော့ဂျက် ရေးတယ်လို့ ပြောထားပါတယ်။
    ကျနောက် သိသလောက် မြန်မာနိုင်ငံမှာ ကုမ္ပဏီတခု၊ အဖွဲ့အစည်းတခုက ရှဲဒိုးပရောဂျက်ရေးခိုင်းတယ် မရှိပါဘူး။ ကျနော် မသိတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်သိသလောက်ကတော့ ရှဲဒိုးပရောဂျက် ဆိုသည်မှာ ကွန်ပြူတာ ကျောင်းသားများက သူတို့ကိုယ်တိုင် လုပ်ရမယ့် အလုပ်ကို ဆရာတစ်ယောက်၊ စီနီယာ တစ်ယောက်၊ ခင်မင်ရာ ခင်မင်ကြောင်း အပြင်လူကို လုပ်ခိုင်းခြင်း ဖြစ်ပါတယ်။ ဒါမျိုးရှဲဒိုး ပရောဂျက်ဆိုရင်တော့ မရေးသင့်၊ အားမပေးသင့်ပါဘူး။ ဒါပေမယ့် ဒါမျိုးက ပညာရေးစနစ်ကကို ဒီလိုဖြစ်နေတာက တစ်ကြောင်း၊ ဆရာတွေလည်းရေးနေတာက တစ်ကြောင်း၊ ရေးတဲ့သူက ငယ်ရွယ်စဉ် အတွေ့အကြုံသိပ်မရှိတာက တစ်ကြောင်း အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုရင့်ကျက်လာတဲ့ အချိန်မှာ ကိုယ့်အတွေ့အကြုံကို ပြန်ရေးပြတဲ့ အချိန်မှာ သတိလက်လွတ်ဖြစ်ပီး ထည့်ရေးမိလိုက်လို့ နောင်လူငယ်တွေ အယူအဆမှားသွားနိုင်သဖြင့် ဝေဖန် အကြံပေးခြင်း ဖြစ်ပါတယ်။ ကျနော့် ယူဆထင်မြင်ချက် သက်သက်ပါ။

    ၂။ ကုမ္ပဏီတခုမှာ လုပ်နေရင်းကလည်း ဆရာတစ်ယောက်နဲ့ ရှဲဒိုုး ပရောဂျက်လုပ်တာ ပြောထားပါတယ်။
    ဒါလည်း ကျနော့အမြင် မလုပ်သင့်ပါဘူး။ ကုမ္ပဏီက ခွင့်ပြုရင်တော့ ဘာမှပြောစရာမရှိဘူးပေါ့နော်။ ဒါပေမယ့် ဒါလည်း ကျနော်သိသလောက် မြန်မာနိုင်ငံမှာ ကုမ္ပဏီ အနေနဲ့ ခွင့်ပြုတယ်ဆိုတာ မကြားဖူးပါဘူး။ ခွင့်ပြုရင်လည်း ပြဿနာအများကြီး ရှိလာနိုင်ပါတယ်။ ဥပမာ – ပြိုင်ဖက် ကုမ္ပဏီရဲ့ အလုပ်တွေလုပ်မိတာ မျိုးတွေ ဖြစ်နိုင်ပါတယ်။ မရင့်ကျက်သေးတဲ့ အချိန်အခါမှာ ခွင့်မပြုတာ အကောင်းဆုံးပါ။

    မှတ်ချက်။ ။ ကျနော်ဘယ်ကုမ္ပဏီမှ မပိုင်ပါ။ ပိုင်ရှင်ကြီး ထင်နေမျာစိုးလို့ပါ။ :)
    အားလုံးသည် ကျနော့်ထင်မြင်ယူဆချက်နဲ့ လူငယ်များ အယူအဆမမှားစေလိုသော စေတနာ နဲ့ရေးတာ ဖြစ်ပါတယ်။

    • Zack says:

      ဟုတ်ကဲ့ ကျေးဇူးပါ smigul ဒီလို အကြံပြုတာ ကောင်းပါတယ်။
      ကျွန်တော်ကတော့ အားနေရင် အလကား အချိန်ကုန် သွားမယ့် အတူ ပိုက်ဆံ အပိုသုံးဖို့ ရလို့၊ကျွန်တော် experience အရမ်းလိုနေလို့ရယ် ပြီးတော့ သူ့ဆီမှာ internet သုံးခွင့် ရတာလေးတွေရယ်ကြောင့် Project တွေကို ဝင်ရေးတာပါ။ ကျွန်တော်လုပ်တာကလည်း ပြိုင်ဘက် company ကလို ဟာမျိုးတွေ မဟုတ်ပဲ ခပ်သေးသေး လုပ်နိုင်သလောက် လေးတွေကို လုပ်ခြင်း ဖြစ်ပါတယ်။ ဒါပမယ့် ကျွန်တော့ကိုယ်ပိုင် အချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်တာ company ကို ခွင့်တောင်းစရာ မလိုဘူး ထင်တယ် အကို။

      “မရင့်ကျက်သေးတဲ့ အချိန်အခါမှာ ခွင့်မပြုတာ အကောင်းဆုံးပါ။” << ဒီနေရာလေးကိုတော့ လွတ်လပ်စွာ ကွဲလွဲကြည့်ခြင်းတယ်ဗျာ။ မရင့်ကျက်သေးရင် ရင့်ကျက်လာအောင် လုပ်ယူရမယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ရင့်ကျက်အောင် စောင့်ပြီး လုပ်ရတာထက် လုပ်ရင်းကိုင်ရင်း အတွေ့ အကြုံတွေကနေ ရင့်သွားတာ ပိုသဘောကျတယ်။ ငယ်ငယ်က ကျွန်တော်တို့တွေ လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ လမ်းလျှောက်တက်လာကြတာပဲလေ။

      International မှာလည်း ကိုယ့်ကိုယ်ပိုင် အချိန်တွေမှာ Freelance Projects တွေကိုလုပ်နေတဲ့ Developer တွေ ဒု နဲ့ဒေး ပါ။ Freelance Project လုပ်ချင်လို့ လုပ်နေတဲ့ company ကနေ ခွင့်တောင်း ရတယ်လို့လဲ မရှိပါဘူး။ smigul ပြောသလို ကိုယ့်လက်ရှိ အနေအထား ပတ်ဝန်းကျင် အပေါ်မှာကြည့်ပြီး အယူအဆ မမှားကြနဲ့ပေါ့ဗျာ။

    • Thiha says:

      ရှဲဒိုး ပရောဂျက်ဆိုတဲ့ အပေါ်မှာ နားလည်မှု လွဲကြဟန်တူတယ်ဗျ။ :D

      • Zack says:

        ဟုတ် … ကျွန်တော်ရေးတာလည်း အရမ်းရှည်နေမှာ စိုးလို့ ချုံရေးလိုက်တော့ နဲနဲလိုသွားတာတွေလည်း ရှိပါတယ်။ :D အမြင်ကွဲတာလေးတွေ ရှိရင် ပြောသာပြောကြဗျာ။ ဒါမှ ကျွန်တော်တို့တွေတိုးတတ်မှာဗျ။

    • SYKO says:

      ကုမ္ပဏီက ခွင့်ပြုရင်တော့ ဘာမှပြောစရာမရှိဘူးပေါ့နော်။<<
      ကျွန်တော်လည်း ဒီနေရာလေးမှာ နည်းနည်း လွတ်လပ်စွာ အမြင်ကွဲလွဲကြည့်မယ်ဗျာ..
      ဒါလေးကိုမြင်တော့ ကျွန်တော် ဟိုတစ်လောကမှ ဂျာနယ်တစ်ခုမှာ ဖတ်ဖူးတဲ့ “အလုပ်နှစ်ခုလုပ်သူများ” ဆိုတဲ့ဆောင်းပါးလေးကို အမှတ်ရလိုက်တယ်။
      သူရေးထားတာကတော့ Conflict of Interest နဲ့ ပတ်သက်လု့ိ အဓိကထားရေးသွားတာပါ…
      Company မှာ အလုပ်လုပ်နေရင်းနဲ့ အလုပ်ချိန် ပြင်ပမှာ ငွေပို ငွေလျှံလိုချင်လို့ဖြစ်ဖြစ် ၊ ကိုယ်လုပ်ချင်နေတဲ့ အလုပ်တစ်ခုခုရှိလို့ဖြစ်ဖြစ် ၊ ကိုယ်ပိုင် Project တွေ ရေးတယ်ဆိုတာ ၊ Company က ခွင့်တောင်းနေစရာမလိုဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။
      အဲလိုမှမဟုတ်ဘူး ခွင့်တောင်းပြီးမှဘဲ ပေးလုပ်မယ် ၊ ဒါမှမဟုတ် “မရင့်ကျက်သေးတဲ့ အချိန်အခါမှာ ခွင့်မပြုတာ အကောင်းဆုံးပါ” ဆိုသလို ခွင့်မပြုဘူးဆိုရင်တော့ အဲမှာ ဆက်ကိုမလုပ်တော့ဘူး။
      ကိုယ့် Company ရဲ့ မရင့်ကျက်သေးတဲ့ ဝန်ထမ်းတစ်ယောက်ကို မြန်မြန်ရင့်ကျက်လာအောင် နည်းမျိုးစုံနဲ့ တွန်းအားပေးရမယ့်အစား ၊ ပိတ်ပင်နေမယ်ဆိုရင်တော့ အဲ Company ရဲ့ လုပ်ပုံကိုင်ပုံမှားနေတယ်လို့ မြင်မိပါတယ်။
      ဝန်ထမ်းတစ်ယောက်ဟာ အလုပ်ထဲမှာ တာဝန်မလစ်ဟင်းသ၍ ၊ ပေးထားတဲ့ တာဝန်ကို အချိန်မှီပြီးနေသ၍ ကတော့ ၊ အဲဒီ့ဝန်ထမ်း ကိုယ်ပိုင်အလုပ်ဘဲလုပ်နေနေ ၊ အခြားအပိုဝင်ငွေလေးတွေဘဲ ရှာနေနေ ကိစ္စမရှိဘူးလို့မြင်ပါတယ်။

      ကျောင်းသားတွေရဲ့ Assignment ကိစ္စမှာလည်း အပ်တဲ့သူရှိရင်တော့ ၊ ရေးတဲ့သူက ရှိနေဦးမှာပါဘဲ။ ကျွန်တော်လည်း ကျောင်းမှာ တစ်ခါတစ်လေ အဲလိုရှာတတ်ပါတယ်။ ကြိုးစားရေးနေရဲ့နဲ့ ဘယ်လိုမှ ဆက်မတက်နိုင်ဖြစ်နေတဲ့သူတွေ အတွက်ဆိုရင် အခမဲ့အချိန်ပေးပြီး ကူညီပေးပါတယ်။ ဒါမှမဟုတ်ဘဲ ပိုက်ဆံပေါလို့ ၊ အရာရာကို ပိုက်ဆံပေးဖြစ်တယ်လို့ ထင်နေတဲ့ Programming ဘာမှန်းမသိဘဲ မိဘတက်ခိုင်းလို့ လာတက်နေရတဲ့ ၊ မိဘပိုက်ဆံထိုင်ဖြုန်းနေတဲ့ ခပ်ကြောင်ကြောင် ကောင်တွေဆီကဆိုရင်တော့ ပိုက်ဆံယူပြီး ရေးပါတယ်။
      Assignment ကို ပြင်ပက လူက ရေးပေးတာမပြောနဲ့ ဒီနိုင်ငံရဲ့ နာမည်အကြီးဆုံး ကွန်ပြူတာ သင်တန်းကျောင်း တစ်ခုရဲ့ International Deploma သင်တန်းကြီးမှာဆိုရင် ၊ အဲဒီ့သင်တန်းကျောင်းကိုယ်တိုင်က “ငါတို့ဆီမှာ Assignment အပ်လို့ရတယ်ဟေ့” ဆိုပြီး တော့ကို အပ်လက်ခံတာမျိုးတောင် ရှိသေးတာဘဲလေ။ (သူ့ဆီမအပ်တဲ့လူ ၊ Assignment မတင်ပေးတာတောင် ရှိသေးတယ်) တကယ်တားဆီးရမှာ အဲလိုသင်တန်းကျောင်းမျိုးတွေပေါ့။ :)

      မှတ်ချက်။ ။ ကျွန်တော် ဒုတိယနှစ် ကျောင်းသား ဘဲရှိပါသေးတယ်။ ကိုယ့်ထက် အကြီးတွေဆီကနေ လေ့လာသင်ယူနေဆဲပါ။ ရေးထားတာလေးတွေမှာ လိုအပ်ချက်လေးတွေရှိနိုင်ပါတယ်။

  9. everlearner says:

    အခုလို အဆင့်ဆင့် လှုပ်ရှားကြိုးစားခဲ့တာတွေကို ပြန်ပြောပြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ရန်ကုန်မှာ နေတဲ့သူ မဟုတ်တဲ့ လူငယ်တစ်ယောက်ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ကျန်တဲ့ နယ်က လူငယ်တွေလည်း အားကျ အတုယူလို့ ရတာပေါ့ဗျာ။ နယ်ကလာပြီး အလုပ်လုပ်နေတဲ့ သူတစ်ယောက်အတွက် နေထိုင်စရိတ်၊ စားသောက်စရိတ် ပြဿနာကနေ အလုပ်ထဲမှာ ရင်ဆိုင်ရတဲ့ နည်းပညာနဲ့ ဖိအားပြဿနာတွေအဆုံး တစ်ယောက်ထဲ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ မလွယ်ပါဘူး။ အဲဒါတွေကို ရင်ဆိုင်နိုင်ခဲ့လို့လဲ SG ကို ထွက်လာဖို့ အားအင်တွေ ထပ်ရသွားတာ ဖြစ်မယ် ထင်တယ်။ :)

    CMS နဲ့ Framework တွေကတော့ Client ရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီ၊ အဆင်အပြေဆုံး ဖြစ်နိုင်တဲ့ CMS ကို အရင်ရွေး၊ နောက်ဆုံး မရနိုင်တော့ဘူးဆိုမှ Framework နဲ့ ကိုယ်တိုင်ရေးတာမျိုးက အချိန်ကုန်ပိုသက်သာပြီး၊ Project လည်း မြန်မြန်ပြီးလိမ့်မယ်။ လက်ထဲမှာ Tools များများရှိနေတော့ အလုပ်ပိုတွင်တဲ့ သဘောပေါ့ဗျာ။ ကို Zack ရဲ့ Joomla Experience တွေကို ဖတ်ဖြစ်ပါတယ်။ လက်တွေ့ စမ်းဖို့ အချိန်ရသေးလို့ တကယ်စမ်းတဲ့ အချိန်မှ သိချင်တာ မေးရမယ်။

    Freelance ကိစ္စကတော့ ဘယ်သူမဆို – ရိုးသားပြီး၊ သမ္မအာဇီဝကျတဲ့ အလုပ်မှန်ရင် – လုပ်သင့်ပါတယ်။ ရိုးသားဖို့ဆိုတာက ကိုယ့်ရဲ့ အလုပ်ရှင်အပေါ်မှာရော၊ Freelance အလုပ်အပ်တဲ့သူ အပေါ်မှာရော၊ ကိုယ့်ကိုယ်ကို ရောပေါ့။ ရိုးသားဖို့ ဆိုတာကို မရိုးသားမှုလေးနဲ့ ဥပမာ ပေးရရင် – ကိုယ့်ရဲ့ အလုပ်ရှင်ပိုင်တဲ့ အလုပ်ချိန်မှာ ၊ Freelance အနေနဲ့ လက်ခံထားတဲ့ အလုပ်ကို ယူလုပ်နေတာမျိုးပေါ့။

    ကျွန်တော်တို့နဲ့ အလုပ်ရှင်နဲ့ သက်ဆိုင်တာ အလုပ်ချိန်တစ်ခုတည်းပါ။ တနည်းပြောရရင် အဲဒီအချိန်ကို သူက ကျွန်တော်တို့ဆီက ဝယ်ထားတာလေ။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တဲ့ ကိုယ့်အလုပ်ထဲက Private & Confidential Information တွေကို ကျန်တဲ့ နေရာတွေမှာ မသုံးမိဖို့ ဂရုစိုက်နိုင်ရင် ကိုယ်ပိုင်အချိန်မှာ ဘာလုပ်လုပ် အလုပ်ရှင်နဲ့ မဆိုင်ဘူးထင်တယ်။ ကို Zack နေရာမှာ ကျွန်တော်ဆိုရင်လည်း လုပ်ဖြစ်မှာပဲ။ ပညာဆက်ရှာဖို့၊ ထမင်းစားဖို့၊ နေထိုင်စရိတ်ပေးဖို့၊ နောက်ဆုံး မိဘဆီက ပြန်မတောင်းရဖို့ ပိုက်ဆံလိုတာကိုး။

    ပုသိမ် – ရန်ကုန် – SG ကနေ ဒီထက်ပိုကောင်းတဲ့ အလုပ်တွေ တိုင်းပြည်တွေကို အခုလိုပဲ ဆက်ပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်….

  10. Zack says:

    ကျေးဇူး ကို everlearner…. အကို comment ကိုမြင်မှ Freelance အလုပ်တွေ အပေါ်မှာ ပြောစရာ တစ်ခုကျန်သွားတယ်ဗျ။ ဒီမှာထပ်ဖြည့် လိုက်ချင်ပါတယ်။
    ကျွန်တော်တို့ အလုပ်လုပ်ကြတဲ့ အခါ လက်ရှိ အလုပ်ကို မထိခိုက်ဖို့ ethics ရှိဖို့ လိုသလို၊ Insider Dealing ဖြစ်နေရင်လည်း criminal law နဲ့ ငြိတတ်လို့ သတိပြုသင့် ပါတယ်။ ကျွန်တော်ကတော့ အဲဒါတွေကို စဉ်းစားပြီး လုပ်ပါတယ်။ သေချာပြန်စဉ်းစား ကြည့်ရင်တော့ ကျွန်တော်တို့ ကိုယ်ပိုင် အချိန်မှာ အလုပ်လုပ်တာ ကလည်း ဆရာဝန်တွေ ကိုယ်ပိုင် အချိန်မှာ ဆေးခန်းထိုင် သလိုမျိုးပဲလေ။

  11. kyawswar says:

    အရမ်းကောင်းတဲ့ကွန်းမန့်တွေ ဘဲဗျို့ ကျွန်တော့်က တော့ အခုအချိန်မှာ ဖတ်သူသက်သက်တစ်ယောက်ဘဲဗျာ….ဋ္ဌ
    တစ်ချိန်ချိန်ကျရင် ဝင်ပြောနိုင်အောင် ကြိုးစားနေတဲ့သူဆိုတော့ အကိုတွေအားလုံးကို ကျေးဇူးပါဘဲဗျာ…..

  12. Lucifer says:

    လေးစားပါတယ်ဗျာ.. အားဖြစ်တဲ့စာတွေပါပဲ..

  13. nwaynway says:

    ကျေးဇူးတင်ပါတယ် ကိုဇက်..Dural အကြောင်းလဲနည်းနည်းလောက်ပြောပေးပါအုံး..ခုမှ Dural ကိုစပြီးလေ့လာရမှာမို့့ပါ

Leave a comment


*