Interview with Saturngod Part II

video.saturngod.net ဆိုတဲ့ နည်းပညာ Tutorials တွေနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေ တင်ပေးဖို့ စီစဉ်နေတာတွေ့ရပါတယ်။ အင်မတန် အသုံးဝင်တဲ့ အစီအစဉ်ပါ။ အဲဒီ အစီအစဉ်ကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့ပါသလဲ။ Connection မကောင်းတဲ့သူတွေအတွက် Download ချပြီး ဖြန့်ဝေ ပေးတာမျိုးတွေ လုပ်ဖို့ အစီအစဉ် ရှိပါသလား။

video.saturngod.net ကို လုပ်ထားတာတော့ ကြာပြီ။ အထိက ကျွန်တော် လုပ်ထားတဲ့ myanmar tutorial တွေက youtube မှာ တင်ထား ပေမယ့် မြန်မာက လူတွေ ကြည့်လို့မရဘူး ဖြစ်တာကြောင့် လုပ်ဖြစ် သွားတာပါ။ နောက်ပြီး IT နဲ့ ပတ်သတ်တဲ့ video လေးတွေ မြန်မာကလူတွေ ကြည့်လို့ရအောင်ပါ။ နောက်ပိုင်း connection မကောင်းတဲ့လူတွေ download ချခွင့်ပေးဖို့တွေ စလုပ်နေပါပြီ။ လက်ရှိ video.saturngod.net က flv ကို HD နဲ့ ပုံမှန် ၂ မျိုးကြည့်လို့ရပါတယ်။ iPhone, iPod Touch နဲ့လည်း ကြည့်လို့ရအောင် ဖန်တီး ပေးထားတယ်။ CodeIgniter video တွေကတော့ mp4 မပေးနိုင်တော့ဘူး။ Size ကတော်တော်လေးကို ကြီးလို့ MP4 ပြောင်းရတာ အဆင်မပြေဘူး။ အချိန်တော်တော် ပေးရမှာမို့ပါ။

Web Technology နဲ့ ပတ်သက်ရင် ခုချိန်မှာ ဘာတွေ ခေတ်စားနေလဲ။ လူငယ်တွေအနေနဲ့ ဘာတွေ လေ့လာသင့်ပါသလဲ။ နိုင်ငံခြားမှာ (စင်္ကာပူမှာ) ဘာတွေ တတ်ရင် အလုပ်ရဖို့ လွယ်မလဲ။

စလုံးမှာတော့ web ပိုင်းမှာတော့ Ajax, Cloud ကတော့ မဖြစ်မနေပဲ။ မနှစ်လောက်က ထိ Web 2.0 ခေတ်စား နေတုန်းပဲ။ အခုနှစ် 2010 ရောက်လာတော့ Cloud တွေ ဖြစ်ကုန်လာတယ်။ နောက်ပြီး ASP.NET တစ်ခုတည်း မဟုတ်ပဲ PHP လည်း တော်တော်နေရာ ရလာတယ် ဆိုရမယ်။ .NET လောက် Company တွေ မများပေမယ့် နောက်ပိုင်း company သေးသေးလေး တွေက PHP တွေ ဖြစ်လာတယ်။ company သေးသေးလေး တွေကလည်း opensource တွေကို အဓိက သုံးလာကြတယ်။ နောက်ပိုင်း site တွေက Mobile အတွက် ထည့်ရေး လာရတယ်။ အရင်တုန်းကလို computer တစ်ခုအတွက် မဟုတ်တော့ပဲ web version ကို သီးသန့် ရေးပေးရတာတွေ ရှိလာတယ်ဗျ။ Facebook API ကလည်း မဖြစ်မနေ အနေနဲ့ ပါဝင်လာပြီ။ Facebook connect ကို website တိုင်းနီးပါး မဖြစ်မနေ ထည့်သွင်း လာကြတယ်။ ဘာလေ့လာရမလဲ ဆိုရင် ဝါသနာပါတာ လေ့လာရင် အကောင်းဆုံးပဲဗျ။ ဒီမှာက တကယ်တတ်ရင် အလုပ်ရပါတယ်။ အခုအချိန်ကတော့ မလာတာ အကောင်းဆုံးပဲ။ အလုပ်ရရင်တောင် work permit ရဖို့ ခက်တယ်။

တစ်ချို့ လူငယ်တွေဟာ ဟိုဟာ လေ့လာရမလို ဒီဟာ လေ့လာရမလို ဖြစ်နေတတ်သလို၊ တစ်ချို့တွေကလည်း ဟိုစပ်စပ် ဒီစပ်စပ် အကုန် လျှောက်လုပ်ပြီး ဘယ်ဟာမှ သေသေချာချာ မသိ ဖြစ်နေကြတာ တွေလည်း ရှိပါတယ်။ ဒီတော့ လူငယ်တွေ နည်းပညာကို ဘယ်လို လေ့လာသင့်လဲ။ အကျဉ်းလောက် ပြောပေးပါ။

ဟိုစပ်စပ်ဒီစပ်စပ် လေ့လာတာတွေ ဘာတွေ လေ့လာရမှန်းမသိတာတွေကတော့ ဘယ်သူမဆို ဖြစ်တတ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ ဘယ်ဟာကိုမှ သေသေချာချာ မလုပ်ဘူးလို့ပဲ။ လူဆိုတာက မျောက်က ဆင်းသက်လာတယ်လို့ ဒါဝင်က ဆိုလို့ပဲလား မသိဘူး။ လူ့ စိတ်က မျောက်လိုပဲ တစ်နေရာတည်းမှာ မငြိမ်ဘူးဗျ။ ဥပမာ – ကိုယ်က .NET ကိုလေ့လာရင်း အခြားတစ်ယောက်ရဲ့ product က PHP နဲ့ ရေးထားတာ ဆိုရင် PHP ကို ပြောင်းလေ့လာတယ်။ PHP လေ့လာနေတာဖြင့် မပြီးသေးဘူး.. ဒါတွေက jquery နဲ့ ရေးထားတာ ဆိုရင် PHP ကိုရပ်ပြီး jquery ကို သွားပြန်ကော။ ဒီ website က Flash နဲ့ လုပ်ထားတာ လန်းတယ်ဆိုရင် Flash ကို ကူးပြန်ကော။ အဲလိုမျိုးနဲ့ ဘယ်တော့မှ မဆုံးတော့ပဲ သံသရာလည် နေပြန်ကော။ ဘယ်လို လေ့လာသင့်လဲ ဆိုတာထက် ရူးသွပ်ဖို့ လိုတယ်။ ရူးသွပ်တယ်ဆိုတာ မိုက်မဲစွာ ရူးသွပ်တာကို ပြောတာ မဟုတ်ဘူး။ ဆာလောင် ရူးသွပ် တာကို ဆိုလိုချင်တာ။ ထမင်းပွဲမှာ ဟင်းတွေ အများကြီးရှိရင် ဟိုဟာနည်းနည်း နှိုက်စား ဒီဟာ နည်းနည်း နှိုက်စား ကြစမြဲပဲဗျ။ အဲလို နည်းပညာ လောကမှာလည်း နည်းပညာတွေ အများကြီးရှိတော့ ဟိုနည်းနည်း မြည်းလိုက် ဒီနည်းနည်း မြည်းလိုက်နဲ့။ ထမင်းပွဲနဲ့ မတူတာက ထမင်းပွဲမှာ ဟင်းက limit ရှိတယ်။ နည်းပညာ လောကမှာက limit မရှိဘူး။ အမြဲ update ဖြစ်နေတယ်။ ထမင်းပွဲမှာ ဟင်းနှိုက်စားရင်း နောက်ဆုံး ဗိုက်ပြည့်ပြီး ထမင်းတောင် မစားနိုင်တော့ တာတွေ ရှိတတ်တယ်ဗျ။ အဲလိုပဲ ပညာတွေကို လေ့လာရင်း လေ့လာရင်းနဲ့ နောက်ဆုံး ဘာမှ မသိလိုက်တာပဲ နည်းပညာ လောကကို စိတ်ဓာတ်ကျ ငြီးငွေ့ ဖြစ်သွားကြတာ အများကြီးပဲ။

အဓိက ထမင်းပွဲဆိုတာက ထမင်းနဲ့ ဟင်းကို အရန်သဘောမျိုးနဲ့ စားဖို့ပါ။ အဲလိုပဲ နည်းပညာ လေ့လာတဲ့ အခါမှာလေ primary တစ်ခုကို ထားပြီး လေ့လာသင့်တယ်။ အကုန်လုံးကို လေ့လာဖို့တော့ မလွယ်ဘူးဗျ။ ကိုယ့် primary နဲ့ တွဲပြီး သုံးလို့ရမယ့် နည်းပညာကို လေ့လာသင့်တယ်။ ဥပမာ။။ PHP လေ့လာနေတဲ့ လူတစ်ယောက်ဟာ ASP.NET ကို ပြိုင်လေ့လာ မယ့်အစား jQuery ကိုတွဲပြီး လေ့လာရင် သူ့အတွက် အရမ်း အဆင်ပြေတယ်။ ASP.NET သမားကလည်း MySQL ကို လေ့လာမယ့်အစား MSSQL ဖြစ်ဖြစ် Oracle ဖြစ်ဖြစ် လေ့လာတာက သူ့အတွက် ပိုကောင်းတယ်။ လိုက်ဖက်တာကို တွဲပြီး လေ့လာဖို့လိုတယ်လို့ ထင်တယ်။ HTML တစ်ခုတည်းနဲ့ ရပ်တည်လို့ မရသလို CSS က HTML နဲ့ မတွဲရင် အလကားပဲ။ တစ်ခုနဲ့ တစ်ခုအမှီသဟဲ ဖြစ်နေတာကို သေသေချာချာ လေ့လာသင့်တယ်။ လောဘမကြီးနဲ့။ ကိုယ်အလိုချင်ဆုံးအရာ ကိုသာ လေ့လာသင့်တယ်။

ကိုစေတန့်အနေနဲ့ နောက်လာမယ့် Web Trend ကို ဘယ်လို မြင်ပါသလဲ။ နောက်လာမယ့် Web က ဘယ်လို ပုံစံဖြစ်လာနိုင်သလဲ။ ကိုစေတန့် အနေနဲ့ကော ဘယ်လို ဖြစ်စေချင်ပါသလဲ။

အဲမေးခွန်းကို ကျွန်တော့်ကို မေးဖို့ထက် အီမိုလေးကို သွားမေးရင် ပိုကောင်းမယ်ဗျ။ အနာဂတ်ဟာ ကျွန်တော်တို့ လက်ထဲမှာ ဆိုတာထက် အီမိုလေးတို့ အရွယ်လက်ထဲမှာ ဖြစ်သွားပြီ။ မှတ်မိသေးတယ်။ PDA တွေ စပေါ်လာတုန်းက ကျွန်တော် ပြောခဲ့ဖူးသေးတယ်။ နောက်ဆိုရင် web တွေက အဲလိုမျိုး PDA လေးတွေ ကြည့်ကုန် ကြလိမ့်မယ်လို့ သူငယ်ချင်းတွေနဲ့ ပြောဖူးသေးတယ်။ အဲတုန်းက ကျွန်တော် first year ပဲ ရှိအုံးမယ် ထင်တယ်။ အဲဒါ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ထင်တယ်။ အခု website တွေဟာ iPhone, iPodTouch, Android စတဲ့ mobile တွေနဲ့ ကြည့်တဲ့ ခေတ်ကို ရောက်လာပြီ။ အနာဂတ်မှာ ဘာတွေ ဖြစ်နိုင်မလဲဆိုတာ ကျွန်တော့် အခုအရွယ်ထက် emo လေးတို့လို အရွယ်တွေကို မေးကြည့် သင့်တယ်။ သူတို့ဟာ အနာဂတ်ကို ဖန်တီးမယ့် လူငယ်တွေပဲ။ လူငယ်တွေ အနာဂတ်မှာ ဘာတွေ လုပ်ချင်လဲ။ ကမ္ဘာပေါ်က လူငယ်တွေ ဘာတွေ စဉ်းစားနေလဲ။ ဘာတွေကို ပြောင်းလဲ ချင်နေလဲ။ အဲဒါတွေက အနာဂတ် နည်းပညာလောကမှာ အရမ်းအရေးပါတဲ့ အရာတွေပါ။ facebook ကို စတင်ခဲ့တုန်းက ကျောင်းကနေ စခဲ့တာပဲ။ အခုလို 400 millions လောက်ရှိတဲ့ users တွေ ရှိလာခဲ့မယ် မထင်ခဲ့ဘူးလေ။ အခုအချိန်မှာ facebook ဟာ အရမ်းကို အောင်မြင်နေပြီး google ရဲ့ ပြိုင်ဘက်လို့တောင် ဆိုလို့ရနေပြီ။ ကျွန်တော် ပြောချင်တာက အနာဂတ်ကို ကျွန်တော့်ထက် တက္ကသိုလ် ကျောင်းသား လူငယ်တွေ ပိုပြီး မြင်ကြလိမ့်မယ်။ သူတို့ဖန်တီးမှုတွေဟာ အနာဂတ် ဖြစ်လာမှာပဲ။

အခုအချိန်မှာတော့ Cloud ဆိုတာကြီးက အရမ်းကို နာမည်ကြီးနေတယ်။ Semantic Web က Facebook ရဲ့ Open Graph ကြောင့် ပြန်ပြီး နလန်ထစ ပြုလာပြီ။ စပေါ်လာကစ လူတိုင်း အောင်မြင်နိုင်တယ်လို့ ထင်ထားခဲ့တဲ့ Semantic Web ဟာ ထင်သလောက် အောင်မြင်မှု မရပဲ ငုတ်လျှိုး နေတာ ကြာလှပြီ။ Theory တစ်ခုအနေနဲ့သာ တည်ရှိနေတာကနေ လက်တွေ့ဖြစ်လာပြီ။ 2019 မှာ ဖြစ်လာမယ့် Microsoft ရဲ့ Product တွေကို Microsoft က Future Vision ဆိုပြီး ပြသပြီးပါပြီ။ အဲဒါတွေက 2019 မတိုင်ခင်လောက်မှာပဲ တော်တော်များများဟာ ဖြစ်လာနိုင်ဖို့ ရှိတယ်။ SAAS ဆိုတာက လွန်ခဲတဲ့ ၆ နှစ်လောက်တုန်းက စိတ်ကူးယှဉ်မှု တစ်ခုတာ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ ကြီးမားတဲ့ စီးပွားရေးကြီး ဖြစ်နေပြီလေ။

အခုခေတ်မှာ အချိန်ကို အရမ်းကို မြန်လွန်းနေတယ်။ ကျွန်တော်တို့  တွေးထင်ထားတာထက် တကယ်ကို မြန်ဆန်လှတယ်။ အနာဂတ် Web Trend ကို ခန့်မှန်းဖို့ ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင် ဘယ် Trend ကို ဖန်တီးလာနိုင်မလဲ။ အခြားလူတွေကော Trend အသစ်တွေ ဖန်တီးလာအုံးမှာပဲ။ လူငယ်တွေကကော ဘယ် Trend အသစ်တွေ ဖန်တီးလာနိုင်မလဲ။ Google , Facebook , Microsoft စတဲ့ Company ကြီးတွေကကော ဘယ်လို Trend တွေ ဖန်တီးလာနိုင်မလဲဆိုတာ ပြောဖို့ခက်သလို Web Trend အသစ်တွေဟာလည်း နောက်နှစ်လောက်ဆိုရင် ထပ်ပေါ်လာအုံးမှာပဲ။ အသစ်ပေါ်လာတဲ့ Trend တွေဟာ လူငယ်တွေရဲ့ စိတ်ကူးယဉ်မှု အိမ်မက်တွေကနေ ပေါ်ပေါက်လာမယ့် အရာတွေပဲ။

Tutorials Site တွေ အပေါ် အမြင်လေး ပြောပေးပါ။

Myanmar Tutorials ကို ဘယ်လိုမြင်သလဲဆိုတော့ ဝမ်းသာတယ်ဗျ။ တော်တော်ဝမ်းသာတယ်။ ကိုပီဇီ အဲလိုမျိုး site ကို ဖန်တီးချင်နေတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ထင်တယ်။ ကျွန်တော်နဲ့ စသိကာစကတည်းက Tutorial တွေ ရေးသားတဲ့ site။ ဆောင်းပါးတွေ ရေးသားထားတဲ့ site လုပ်ချင်နေတာ။ အခု တကယ်ဖြစ်လာပြီဆိုတော့ ဝမ်းသာတယ်။ ဆောင်းပါး ကောင်းကောင်းတွေ ဖတ်သင့် တာလေးတွေ ရေးပေးတဲ့ ကိုထက်ဦး တို့ ကိုသီဟတို့ကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေက အင်္ဂလိပ်စာ အရမ်း ကြောက်ကြတယ်ဗျ။ အခုလို sites လေးရှိတော့ English စာကြောက်တဲ့သူတွေ အတွက် English စာလေ့လာလို့ရသလို နည်းပညာနဲ့လည်း မပြတ်သွားဘူးပေါ့ဗျ။ ကျွန်တော်ကတော့ ရှေ့ဆက်ပြီး Preminum Service အနေနဲ့ ရှေ့ဆက်လို့ရရင် ရှေ့ဆက်စေချင်တယ်။ ကျွန်တော် မလုပ်နိုင်တာကို အခြားသူတွေ ကြိုးကြိုးစားစား လုပ်နေတာတွေ့ရင် အရမ်းသဘောကျတယ်။ ကျွန်တော့် မှာတော့ ကိုယ့် Blog တွေရေးတာနဲ့တင် တော်တော် မအားဘူး ဖြစ်နေတာ။ နောက်ပြီး အရင်တုန်းက Ornagai, အခု MZ 2.0 အဲလိုမျိုး Project အသစ်တွေက အမြဲရေးနေတော့ သီးသန့်ကြီး စာရေးပေးဖို့ မအားဘူးဖြစ်နေတာ့ အဲလိုမျိုးရေးထားတဲ့ site လေးတွေ တွေ့ရင် ဝမ်းသာတယ်။ သမာရိုးကျ မြန်မာ နည်းပညာ site တွေထဲက ခွဲထွက်ပြီး လုပ်တာကိုလည်း သဘောကျတယ်။ မြန်မာ နည်းပညာ site တွေက တစ်ခါလာလည်း forum နောက်တစ်ခါလာတော့ Ning အဲလိုမျိုး တွေ များနေတာထက် အခုလိုမျိုး site လေးဖန်တီးတာ ပိုကောင်းတယ်။

နောက်တချက်က Market ပေါ့။ ပြည်တွင်း Market က အကျိုးအမြတ် မရနိုင်ဘူးဗျ။ ဖြစ်နိုင်ရင် နောက်တချိန် English လို site လေးပါ ဖန်တီး နိုင်ရင် ပိုကောင်းမယ်။ မြန်မာစာ ဖတ်တတ်တဲ့ သူနဲ့ English စာ ဖတ်တတ်တဲ့ သူနဲ့ ယှဉ်လိုက်ရင် အရေအတွက်က အများကြီးကွာတယ်။ အဲ.. မြန်မာလို site နဲ့ English လို site နဲ့ယှဉ်ရင်လည်း အရေအတွက် က အများကြီးကွာတယ်။ ပြည်တွင်း Preminum Service တစ်ခုလောက် အကောင်အထည်ဖော်ပြီး နောက်ပိုင်း International Market အထိပါ ထိုးဖောက်နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်ဗျာ။

ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ Myanmar Tutorials အနေနဲ့လည်း ခုလို အသေးစိတ် သေသေချာချာ ဖြေပေးတဲ့ ကိုစေတန်ကို ကျေဇူးတင်ပါတယ်။ ကိုစေတန့် ဘဝမှာလည်း ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေ အကုန်ပြည့်ပါစေ။

Facebook comments:

11 Responses

  1. Lwan Maung says:

    အခုလို အောင်မြင်နေတဲ့သူတွေနဲ ့ Interview လေးလုပ်ပေးတာကျေးဇူးတင်ပါတယ် သူတို ့ဖြေတာကိုကြည့်ရင်းနဲ ့တင် ကိုယ့်ရဲ ့ Level ဘယ်လောက်ရှိတယ် ဘယ်လောက်ကြိုးစားသင့်တယ် ဆိုတာ သိလာနိုင်ပါတယ်။ ကို Saturngod တို ့ ကိုပီဇီတို ့ကို Learning ဗဟုသုတမေးနိုင်မယ့် ကဏ္ဍလေးတွေ ထည့်နိုင်ရင် ပိုကောင်းမယ် လို ့အကြံပြုချင်ပါတယ် အခုလို အစီအစဉ်လေးကိုလည်း ကျေးဇူးတင်ပါတယ်

  2. Kham says:

    Just a quirk. Probably a typo on publisher’s side. Facebook has 400+ millions users. The world only have 6.76+ billions. Only 1.8+ billions have access to Internet.

    I like your analogy of dining ;)

  3. saturngod says:

    Kham…. I mean account … because most of the person have one or more user account. Not users…. I read in some where facebook arrive 250 Million in July 2009… Now… 400 million users Sorry… I wrong statics :(

    Hi, Ko Thiha, change you change me, over 400 millions users… I wrong statics.

    Thank Kham for information.

  4. yanaungmyo says:

    I respect ko saturngod and ko thiha

  5. everlearner says:

    Very Good. ကိုစေတန်ကိုရော ဒီ web site ကို တည်ထောင်တဲ့ ကိုပီဇီ၊ ကိုထက်ဦး၊ ကိုသီဟ အားလုံးကို ကျေးဇူးတင်ပါတယ်… ကိုစေတန်မှာ နောက်ထပ်ပြောချင်တာတွေ ရှိဦးမယ်ထင်တယ်ဗျ အခွင့်ကြုံရင် အပိုင်း 3 – 4 တွေ ဆက်ပါဦး။

    နောက်ထပ် ကိုစိုးမင်း (mark)၊ ပြီးတော့ books-hive က ကိုသက်ထွေးအောင်တို့နဲ့လည်း အခုလို မေးပေးပါဦး သူတို့တွေရဲ့ အတွေးအခေါ်နဲ့ အတွေ့အကြုံတွေ၊ သုတေသနပြုနည်း၊ လေ့လာနည်းတွေက ကြိုးစားနေတဲ့ မြန်မာလူငယ်လေးတွေ အတွက် အများကြီး အထောက်အကူဖြစ်မှာ သေချာပါတယ်

    Myanmar Tutorials ခုထက်ပိုပြီး အောင်မြင်ပါစေဗျာ

    • Thiha says:

      အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ယောက်ပြီး တစ်ယောက်ကို ဗျူးသွားဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော်လည်း ဗျူးဆရာ လုပ်စားတော့မယ်။ :D ကို everlearner ကိုလည်း ဗျူးမှာနော် …

  6. Ingyin says:

    ခု လိုမေးပေးတဲ့ ကိုသီဟ ကိုရော ဗဟုသုတများကို ဖြန်ဝေပေးတဲ့ ကို စေတန်ကိုရော ကျွန်တော်ကျေးဇူး အထူး တင်ပါတယ်ဗျာ ။
    ကိုစေတန်ကို တစ်ခုလောက်တောင်းဆိုချင် တာက က ကျွန်တော် က ခုမှ web လမ်းကြောင်းကို အရမ်းစိတ်ဝင် စားတဲ့ သူဖြစ်တာ ကြောင့် ကျွန်တော့်ကို Joomla ကို developer လုပ်မဲ့သူတွေ အတွက် ဘာစလုပ်သင့်လဲဆိုတာ အသေးစိတ်ပြောပြပေးစေလိုပါတယ်ဗျာ။ ကျေးဇူးပါ

  7. tulip says:

    HTML and CSS အတွက်ကိုစေတန်ရေးထားတဲ့စာအုပ်နဲ ့စလေ့လာခဲ့တာပါ..
    အရမ်းရှင်းပြီးလွယ်ပါတယ်..
    အခုလို ကိုစေတန်ရဲ ့အင်တာဗျူးကိုဖတ်လိုက်ရတာလည်းအရမ်းဝမ်းသာမိပါတယ်..
    ကိုစေတန်ကို ့ရော..ကိုသီဟကိုရောလေးစားပြီး ကျေးဇူးတင်လျက်ပါ..

    ဒီ့ထက်မကပိုပြီးအောင်မြင်ကြပါစေလို ့တောင်းဆုပြုပါတယ်..

Leave a comment


*