Interview with Saturngod Part I

အင်တာဗျူးကို တစ်လ တစ်ခါ လုပ်ဖို့ စိတ်ကူးထားခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေကို ဥပမာ – MZ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ ကိစ္စတွေကို သိချင် ကြတဲ့သူတွေ များမယ်ထင်ပါတယ်။ ဟိုအရင်တစ်ခါ Mystery Zillion နှစ်ပတ်လည်ကတည်းက မေးချင်ခဲ့တဲ့ မေးခွန်းတွေလည်း ဖြစ်နေပါတယ်။ ဒီလို သိချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာတော့ တစ်လပြည့်အောင် မစောင့်နိုင်တော့ပါဘူး။ တစ်ခါတည်း မေးခွန်းတွေပို့ပြီး မေးလိုက် ပါတော့တယ်။

ဒီတစ်ခါ အင်တာဗျူး ဖြစ်သူက Mystery Zillion လို့ စလိုက်ကတည်းက ဘယ်သူဆိုတာ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကိုစေတန်လို့ ကျွန်တော် အမြဲခေါ်တဲ့ Saturngod ပါ။ ကိုစေတန်နဲ့ ပတ်သက်လို့ ကျွန်တော် အမှတ်ရတာလေးတွေ အများကြီးပါ။ အမှတ်အရဆုံး တစ်ခုကတော့ Saturngod ဆိုတဲ့ နာမည်ကို ကြားတော့ တကယ့်ကို လူကောင်ထွားထွားကြီး ထင်ထားခဲ့ပါတယ်။ တကယ် အပြင်မှ တွေ့ကြတော့မှ ကိုယ့်အထင်နဲ့ အမြင် ပါစင်အောင် လွဲနေပါတော့တယ်။ ပိန်ပိန်ပါးပါး၊ အသားခပ်ညိုညို စကားပြောရင် တစ်ခါတစ်လေ ဘာပြောလိုက်မှန်း မသိပါဘူး။ အရင်က ကိုစေတန်ရဲ့ ပုံရိပ်တွေနဲ့ ခု ကိုစေတန်ရဲ့ ပုံရိပ် အထူးသဖြင့် နည်းပညာနဲ့ ပတ်သက်ရင် နှံ့စပ်ကျွမ်းကျင်မှု အပိုင်းမှာ အများကြီး ကွာခြားသွားခဲ့တာ သတိထား မိခဲ့ပါတယ်။ တကယ်တော့ ကိုစေတန်ဆိုတာ ကျွန်တော်ထက် အသက်ငယ်တဲ့ လူငယ် တစ်ယောက်ပင် ဖြစ်သော်လည်း ကျွန်တော် လေးစား အားကျရတဲ့သူ ဖြစ်ပါတယ်။ နည်းပညာ သမားနဲ့ မြွေကို သေးတယ်၊ ငယ်တယ်ဆိုပြီး အထင်မသေးနဲ့လို့ ဆိုတဲ့ စကားပုံတစ်ခု ထပ်တိုးရမလို ရှိပါတယ်။ ကိုယ့်ထက်ငယ်တဲ့သူတွေက ကိုယ့်ထက်တော်ကြတာ နည်းပညာလောကမှာ မထူးဆန်း တော့ဘူး ထင်ပါတယ်။ Old School တွေထက် New School တွေက ပိုလန်းတယ် ဆိုပါတော့။ ကဲ ကိုစေတန်ရေ အင်တာဗျူးလေး စလိုက်ရအောင် ….

ကိုစေတန့်ကို သိခဲ့ ခင်မင်ခဲ့တာ အနည်းဆုံး သုံးနှစ်ရှိပြီလို့ ဆိုရမယ်ထင်တယ်။ စပြီး မသိခင် ကတည်းက ဘလော့တွေမှာ Saturngod ဆိုပြီး ရင်းနှီးခဲ့ ပါတယ်။ ဒီတော့ Saturngod ဆိုတဲ့ နာမည်လေး ရွေးဖြစ်ခဲ့ပုံလေး အမှတ်တရ ဖြစ်အောင် ဖြေပေးပါ။ နောက်ပြီး ခုလက်ရှိ ကိုယ်စေတန်ရဲ့ Site တွေကို ပြောပြပေးပါ။

အင်းဗျ။ စသိခါစက ကျွန်တော် တော်တော် ငယ်သေးတာပဲဗျ။ အဲတုန်းက ကိုယ့်ကိုယ် ပြန်စဉ်းစားမိရင် တကယ်ကို ရယ်စရာ ကောင်းတဲ့ ချာတိတ် ပဲဗျ။ လွန်ခဲ့တဲ့ ၃ နှစ်ဆိုတဲ့ အချိန်တုန်းက ကိုပီဇီတော့ မသိဘူး… ကိုယ့်ကိုယ်ကို ပြန်စဉ်းစား လိုက်တိုင်း ရယ်ချင်မိနေတာ အမှန်ပဲ။ ငယ်လည်း ငယ်သေးတာကိုး။ ကျွန်တော် Saturngod ဆိုပြီး မရွေးခင်တုန်းက inquiries ဆိုတဲ့ နာမည်နဲ့ Planet Forum မှာ စဝင်ခဲ့တာ။ နောက်တော့ Gmail တွေ ခေတ်စားလာတဲ့ အချိန်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီက invite ရပြီး Gmail စလုပ် ဖြစ်ခဲ့တာပဲ။ အဲတုန်းက Saturn ဆိုတဲ့ နာမည်က သူများ ယူထားပြီးသား ဖြစ်နေတယ်။ Saturn လို့ ဘာလို့ ပေးရတာတုန်း ဆိုတော့ စနေသား ဖြစ်လို့ပါ။ Saturn ဆိုတဲ့ နာမည်က မရှိတာနဲ့ Saturngod ဆိုတဲ့ နာမည်နဲ့ Gmail စလုပ်ဖြစ်သွားတာ။ Blog စရေးတော့လည်း Google ရဲ့ Blogger ကစရေးတော့ Gmail နာမည် အတိုင်း Saturngod ဆိုပြီး Blog စရေးဖြစ်ခဲ့တာပဲ။ အခု လက်ရှိက

http://www.mysteryzillion.org

http://www.saturngod.net

http://en.saturngod.net

http://video.saturngod.net


http://www.macforus.com

MysteryZillion ကတော့ forum ပါ။ ကျန်တာတွကတော့ blog တွေပေါ့။ Mac For Us ကတော့ မြန်မာလိုနဲ့ English လို နှစ်ဘာသာ တွဲထား ပါတယ်။

ကိုစေတန်နဲ့ Mystery Zillion၊ Mystery Zillion နဲ့ ကိုစေတန် ဘယ်လိုမှ ခွဲမရ ဆိုသလို ဖြစ်နေပါပြီ။ MZ 2.0 ကိုလည်း ဆက်လုပ် နေတယ်လို့ ကြားပါတယ်။ MZ 2.0 ကို ဘယ်လို ရည်ရွယ်ချက်နဲ့ တည်ဆောက် မှာပါလဲ။ ဘယ်လို Features တွေ ပါမလဲ။ Community အတွက်ကော ဘယ်လို စဉ်းစား ထားပါသလဲ။

MZ 2.0 စလုပ်တယ် ဆိုတာကလည်း ပြောင်းလဲ သင့်ပြီထင်လို့ပါ။ MZ မှာ မေးခွန်းတစ်ခု အတွက် အဖြေက ရှာရခက်တယ်ဗျ။ နောက်ပြီးတော့ မေးခွွန်း တွေ့ရင်တောင် ဘယ်အဖြေက အကောင်းဆုံးလဲ ဆိုတာကို post တွေ အများကြီး လိုက်ဖတ်နေရတယ်။ မောင်ပြုံးကလည်း stackoverflow ပုံစံလုပ်ဖို့ အကြံပေးတယ်။ ကျွန်တော်လည်း stackoverfow နဲ့ social site နှစ်ခု ပေါင်းထားတဲ့ ပုံစံနဲ့ လုပ်မှာပါ။ ဘယ်လိုလည်း ဆိုတော့

မေးခွန်း တစ်ခုမေးရင် auto suggestion ပါမယ်။ auto suggestion က ဘာလုပ်ပေးလဲဆိုတော့ ကိုယ် မေးတဲ့ မေးခွန်း site ထဲမှာ ရှိပြီးသားလား ဆိုတာကို အရင် ရှာပေးမှာပါ။ မရှိမှ မေးပေါ့။ ရှိရင်တော့ သွားကြည့် လိုက်ရုံပဲလေ။

မေးခွန်းရဲ့ အဖြေတွေကို vote လုပ်လို့ရမယ်။ မေးခွန်းကို vote လုပ်လို့ရမယ်။ User တွေမှာ Reputation point တွေ ရှိတယ်။ အဲဒီ Reputation point တွေက ဒီ community မှာ သူ ဘယ်လောက် ယုံကြည် အားထားရလဲ ဆိုတာကို ပြသလို Reputation point များရင် များသလို လုပ်ပိုင်ခွင့်တွေ ရှိလာမယ်။ 10000 လောက် ရောက်သွားရင် Question တွေကို ဖျက်တာတို့။ ပိတ်တာတို့။ ပြင်တာတို့ စတာတွေ လုပ်လို့ရမယ်။ တနည်းပြောရင် moderator တွေ မရှိတော့ပဲ community ကနေပဲ moderator တွေ ဖြစ်လာတာပါ။

နောက်ပြီး Tag base သွားမယ်။ Forum မှာလို category တွေနဲ့ မခွဲတော့ပဲ tag base ပုံစံသွားမှာပါ။ reputation 250 ရှိရင် tag အသစ်တွေကို ဖန်တီးလို့ ရမှာပါ။ ပုံမှန် မေးခွန်းမေးပြီး အဲဒီ မေးခွန်းကို vote up လုပ်ပေးရင် +5 ရမယ်။ အဲ.. မေးခွန်းက မပြည့်စုံဘူး။ အဓိပ္ပာယ်မရှိဘူး ဆိုပြီး vote down လုပ်ခံထိရင်တော့ -2 ဖြစ်ပြီး vote down လုပ်တဲ့လူကလည်း -1 ဖြစ်သွားမှာပါ။ question တွေမှာလည်း အဲလို စည်းမျဉ်း လေးတွေ ရှိတယ်ပေါ့။ တနည်းပြောရင် ကစားပွဲနဲ့လည်း ဆင်ပါတယ်။

သမာရိုးကျ Question answer တွေနဲ့ ခွဲထွက်မယ့် အချက်က facebook community ကို သုံးခြင်းပဲ။ Facebook Open Graph API ကို အပြည့်အဝ အသုံးချသွားမှာပါ။ နောက်ပြီးတော့ bit.ly API ကိုလည်း သုံးသွားမှာပါ။ နောက်ပိုင်း twitter API, OpenID API တွေလည်း ထည့်သွင်းသွားဖို့ ရှိပါတယ်။ Socail + Q&A ပုံစံ ကို အဓိက သွားမှာပါ။

ကိုစေတန့်ကို စတင်သိကျွမ်းကတည်းက ပရဟိတ စိတ်ဓာတ် ကြီးမားတာကို လေးစား အားကျ သတိထားမိခဲ့ပါတယ်။ အဲဒီလို နည်းပညာပိုင်းမှာ ပရဟိတ စိတ်ဓာတ် ရှိတာ နည်းပညာလောက တိုးတက်ရေး အတွက် ဘယ်လို အထောက်အပံ့တွေ ဖြစ်လာနိုင်သလဲ။ ကိုစိုးမင်းတို့လို နိုင်ငံခြား ရောက်နေတဲ့သူတွေ၊ ကိုစေတန်တို့လို နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေက WxpyDict လို Ornagai လို အများတကာ အလွယ်တကူ သုံးခွင့်ရှိတဲ့ Product တွေ ထုတ်ပေးတာ နည်းပညာလောကအတွက် အလွန်အဖိုးတန်တဲ့ ထပ်တိုးတန်ဖိုး (value added) တွေပါပဲ။ အဲဒီလို စိတ်ဓာတ်တွေ ဖွံ့ဖြိုးရေးအတွက် နည်းပညာလောကမှာ ဘာတွေ ဆောင်ရွက်သင့်သလဲ။ အဲဒီလို ဖြန့်ဝေသူတွေ အနေနဲ့ရော ဘယ်လို အခက်အခဲတွေ တွေ့ကြံုရသလဲ။

ပရဟိတ စိတ်ဓာတ် ကြီးမားတယ်လို့ မဟုတ်ပါဘူး။ လုပ်ချင်တာကို လုပ်နေတဲ့လူ တစ်ယောက်ပါ။ နည်းပညာပိုင်းမှာ Opensource ကြောင့် ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားတယ်။ WordPress, Joomla တို့လို Opensource ကြောင့် သမာရိုးကျ website တွေ ပြောင်းလဲ ကုန်တယ်။ Linux ကလည်း Server လောကကို ပြောင်းလဲ ပေးခဲ့တာပဲ။ ဒါကြောင့် လူတိုင်း Opensource ပေးရမယ်လို့ မဆိုလိုပါဘူး။ တစ်စုံတစ်ခု ဖန်တီးမှုဟာ ကိုယ့်အတွက် အပန်းမကြီးဘူး နောက်လူတွေက များစွာ ပြောင်းလဲ ပေးနိုင်တယ်ဆိုရင် opensource ပေးလိုက်တာ အကောင်းဆုံးပဲ။ free software တွေကလည်း အသုံးဝင်လှပါတယ်။ သမာန် end user တွေအနေနဲ့ soruce code အစအဆုံး complite လုပ်ပြီး သုံးရမယ့်အစား free software application လေး သုံးလို့ရရင် အဆင်ပြေပါပြီ။ free software ကောင်းကောင်းလေးတွေက Windows, Linux, Mac မှာ အများကြီး ရှိပါတယ်။

WxpyDict က တကယ် ကောင်းတဲ့ dictionary software ပါ။ မြန်မာစာ ရှာတဲ့နေရာမှာ တော်တော် အဆင်ပြေတယ်။ နည်းပညာလည်း ကောင်းတယ်။ ဒါပေမယ့် Windows တစ်မျိုးတည်း ရတာကတော့ နှမြောစရာပဲ။ ကျွန်တော်က အခုနောက်ပိုင်း Mac နဲ့ Ubuntu ပဲ သုံးဖြစ်တော့ WxpyDict မသုံးဖြစ်တော့ဘူး။ Ornagai ကတော့ အရင်ကတည်းက ကျွန်တော် ပြောဘူးပါတယ်။ Source တစ်ခုတည်း ချပေးမှာ မဟုတ်ပါဘူး။ technogloy တွေပါ ချပေးမယ်လို့ ပြောပါတယ်။ MZ ၂ နှစ်မြောက် တုန်းကလည်း Ornagai ဟာ Open Technology ဖြစ်ရမယ်လို့ ပြောဘူးပါတယ်။ Ornagai blog မှာလည်း dictionary လုပ်ပုံ နောက်ပြီး Ornagai search method ကိုလည်း ဖော်ပြ ပေးထားပါတယ်။ ဒါ့အပြင် Github က ornagai repo မှာလည်း dictionary data တွေကို download ချနိုင်ပါတယ်။ နောက်ပြီး babylon , stardict dictionary တွေကိုလည်း download ချခွင့်ပေးထားတယ်။ လူတိုင်း dictionary ဖန်တီးနိုင်အောင်လည်း tsv data file တွေ ပေးထားပါတယ်။

ကိုစိုးမင်း ကိုအောင်ကျော်ထက် ကျွန်တော် အပါအဝင် တော်တော်များများ မြန်မာတွေဟာ ပြည်ပမှာ အလုပ်လုပ်နေပြီး မြန်မာတွေ အတွက် လုပ်ပေး နေကြတာတွေ အများကြီးပါ။ အဓိကတော့ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တတ်နိုင်သလောက် ပြန်လုပ်ပေး နေကြတာကျတာပါ။ အဓိက မိမိ တိုင်းပြည်နဲ့ လူမျိုးကို မမေ့ကြလို့ပါပဲ။ စိတ်ဓာတ် ဖွံ့ဖြိုးရေးဆိုလို့ ကျွန်တော်တို့တွေ ဘာစိတ်ဓာတ်တွေ ဖွံ့ဖြိုးလိုတာလဲ ဆိုတာကို အဓိက ပြန်မေးရလိမ့်မယ်။ ကိုယ်ရေးလိုက်တဲ့ application ဟာ opensoruce ဖြစ်သင့်လား free ဖြစ်သင့်လား နောက်ပြီး commercial ဖြစ်သင့်လား ဆိုပြီး စဉ်းစားတတ်တဲ့ အသိဉာဏ် လိုအပ်တယ်။

ကျွန်တော်တို့တွေအတွက် ဒီ software တစ်ခုရေးလိုက်ရတာက ကိုယ့် ဉာဏ အားပဲ စိုက်ထုတ်စရာလိုတယ်။ အခြား ငွေကြေးတွေ စိုက်ထုတ်စရာ မလိုဘူးဆိုရင်တော့ opensource ပေးလိုက်တာ ပြဿနာမရှိဘူး။ ဒါမှမဟုတ် ကိုယ့် software မှာ နောင်တချိန် အခြား တစ်ယောက်ယောက်က အပြီးသတ် စျေးနှုန်းနဲ့ လာဝယ်နိုင်တယ် ဆိုရင်တော့ opensource ထက်စာရင် free က ပိုသင့်တော် တယ်ဗျ။ ကိုယ့် software ထက် ဉာဏအားသာ မကဘူး ငွေကြေးတွေပါ စိုက်ထုတ် လာရရင်တော့ commercial သွားတာ အကောင်းဆုံးပဲ။ လူတွေအတွက် အကျိုးရှိမယ်။ ဉာဏအား ရင်းနှီး စိုက်ထုတ်မှု မများဘူး။ နောက်ပြီး ရေရှည် support လုပ်ချင်မှ လုပ်မယ်ဆိုရင်တော့ commercial ကိစ္စထက် opensource ကို သွားသင့်တယ်။ opensource ပေးချင်တဲ့ စိတ်ဓာတ်ကတော့ opensource တွေ သွင်သွင်ကြီးကို သုံးနေကျတဲ့ သူတွေမှာ အလိုအလျောက် ပေါက်ဖွားလာမှာပဲ။ ရန်ကုန်က လူတွေကတော့ opensource ထက် ခိုးကူးခွေတွေ သွင်သွင်ကြီး သုံးနေကျတော့ ကိုယ့် software ထုတ်ရင် ခိုးကူး ခံရမလားဆိုပြီး ပြန်ကြောက်နေရတဲ့ ဘဝ ဖြစ်ကုန်ကြတယ်။ လိုအပ်တဲ့ စိတ်ဓာတ်ကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို တကယ်ချစ်တတ်တဲ့ စိတ်ဓာတ်ပဲ။ နိုင်ငံတကာ software တွေက စျေးကြီးတယ်။ မဝယ်နိုင်ဘူး။ စျေးကမတန်လို့ မဝယ်နိုင်ဘူးဆိုတာ ထားတော့။ ပြည်တွင်း software တွေကိုတော့ ဖြစ်နိုင်ရင် ခိုးကူးတာကို ရှောင်စေချင်တယ်။ မဝယ်နိုင်ရင် မဝယ်နဲ့။ ဝယ်သုံးရတာ မတန်ရင် ဝယ်မသုံးနဲ့။ ရှားပါးလှတဲ့ ပြည်တွင်း software တွေကိုတော့ ခိုးကူးပြီး မသုံးစေချင်ဘူး။ နောက်ပိုင်း ပြည်တွင်း software မှာ အခွေထုတ်ပြီး ရောင်းလာတာ တော်တော်လေးကို ရှားသွားတာကိုတော့ သတိပြုမိတယ်။

free , opensource စတာတွေကိုတော့ လူတိုင်း သဘောကျတာ အမှန်ပဲ။ ဒါပေမယ့် ငွေကြေး စိုက်ထုတ်ပြီး ရေရှည် ဒုက္ခခံရမယ့် ကိစ္စကတော့ မစဉ်းစားသင့်တဲ့ အရာပဲဗျ။ opensource တစ်ခုအတွက် ငွေကြေးမြောက်မြားစွာ ကုန်ကျပြီ ရေရှည် မရပ်တည်နိုင်ရင် ကိုယ် ဖန်တီးထားတာ ပျောက်ပျက် သွားမှာပဲ။ အဲဒီအချိန် ရောက်ရင် ကိုယ် ဖန်တီးထားမှုတွေဟာ အလကားဖြစ်သွားမှာပဲ။ Opensource ပေးဖို့ ထိုက်တန်ရဲ့လား။ free ပေးသင့်ရဲ့လားဆိုတာက သေချာအောင် ဆုံးဖြတ်သင့်တယ်။ Ornagai က opensource ပေးနိုင်ဆိုတာက ကျွန်တော့် ဉာဏ အားတစ်ခုတည်းနဲ့ ရေးထားပြီးတော့ MZ server ပေါ်မှာ run နေတာပါ။ MZ server ဆိုတာကလည်း MZ ကလူတွေ ဝိုင်းပြီးစုပြီး ဝယ်ထားတာ။ ဒါကြောင့် opensource ပေးနိုင်တာပေါ့။

Ornagai လို့ အမည်ရတဲ့ Online Dictionary ကို API ပေးလိုက်ပြီလို့ သိရပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ပေးခဲ့ပါသလဲ။ ornagai ဆိုတဲ့ နာမည်လေးက ဆန်းနေပါတယ်။ ဘာကြောင့် ဒီနာမည် ပေးဖြစ်ခဲ့ပါသလဲ။ MZ Dictionary ဆိုတဲ့ Project တစ်ခုလည်း လုပ်ခဲ့ပါတယ်။ အဲဒီလို Online Collaboration ကနေ ရလာတဲ့ အသီးအပွင့်က Babylon MZ Dictionary ဆိုပြီး အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီလို Online Collaboration နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေးတွေ ပြောပြပေးပါ။ Online Collaboration က Brain Drain ကို Save ဖြစ်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကိုစေတန်ကော ဘယ်လို မြင်ပါသလဲ။

Ornagai ကို API ပေးဖို့ အစောကြီးကတည်းက ရေးပြီးသားဗျ။ ဒါပေမယ့် မထုတ်ဖြစ်တာ။ ဘာလို့ မထုတ်ဖြစ်တာလဲဆိုတော့ server loading တက်လာမှာ ကြောက်လို့ဗျ။ ကိုသာသာက မြန်မာတွေပဲ သုံးမှာပဲ။ မြန်မာ Developer တွေထဲမှ API တွေ သုံးမယ့် developer အရေအတွက်က အများကြီး ရှိတာမဟုတ်ဘူး။ ထုတ်လိုက်တော့ဗျာ ဆိုပြီး ကျွန်တော်လည်း ထုတ်ပေးဖြစ်တာပဲ။ API ကို ဘာလို့ ထုတ်ပေးရလဲ ဆိုတော့ tsv ကို သုံးပြီး လိုအပ်တဲ့ ပုံစံ ပြန်ပြောင်းနေရမယ့် အစား API ကို လွယ်လွယ်ကူကူ သုံးပြီး အခြား လိုအပ်တဲ့ အပိုင်းတွေ ဖြည့်ပေးလာ နိုင်အောင်ပါ။ ကိုသာသာ ပြောသလို Ornagai ကို အခြား software တွေ ဝိုင်းရံ ပံ့ပိုးပေးတဲ့ ပုံစံ ပြောင်းရမယ်လို့လည်း အကြံဉာဏ် ပေးခဲ့ပါတယ်။ ဒါကြောင့် API ထုတ်ပေးဖြစ်တာ။ API ထုတ်ပြီး greasemonkey ornagai script ကိုလည်း ထုတ်ပေးခဲ့ပါတယ်။ Ornagai Greasemonkey script ကို select လုပ်ထားတဲ့ စာလုံးကို ornagai api ကနေ တဆင့် သွားရှာပြီး result ပြပေးတာပါ။ တနည်းပြောရင် စာဖတ်နေရင်း ornagai ကို သွားစရာမလိုတော့ပဲ ချက်ခြင်း စာလုံးကို ရှာလာနိုင်တယ်ပေါ့။

Ornagai ဆိုတာက Bornagain ဆိုတဲ့ စာလုံးကို ယူသုံးထားတာပါ။ Saturngod :: Bornagain ဆိုတာက ကျွန်တော် သုံးနေကျ title တစ်ခုပါ။ domain ဝယ်ဖို့ လုပ်တော့ ရှေ့ဆုံး B က Full Name ဖြစ်တဲ့နေရာမှာ ရိုက်ဖြစ်ပြီး ornagain.com ဆိုပြီး ဖြစ်သွားတယ်။ ဒါနဲ့ အသံထွက်လို့ အဆင်ပြေအောင် နောက်ဆုံး n ပါ ဖြုတ်လိုက်တယ်။ ဒါနဲ့ ornagai.com ဆိုပြီး ဖြစ်သွားတာပဲ။ တနည်းပြောရင် ပြန်လည် မွေးဖွားခြင်းပဲဗျ။ MZ dictioanry ကို ပြန်လည် မွေးဖွားလိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ MZ Dictionary က စည်သူကနေ စပြီး လုပ်ခဲ့လိုက်တာ Online Collaboration အားနဲ့ Babylon MZ Dictionary တစ်ခုဖြစ်လာတယ်။ အဲတုန်းက မပြည့်စုံသေးဘူး။ နောက်ပြီး စာတွေ ပြန်စစ်ရတာ အရမ်းပင်ပန်းတယ်။ နောက်ပြီး duplication တွေလည်း အရမ်းများတယ်။ လူတွေကလည်း အများကြီးနဲ့ လုပ်ခဲ့တာပါ။ တစ်ယောက်မပြီးတာ တစ်ယောက် တာဝန်ယူရင်း MZ Dictioanry ကို တစ်နှစ်လောက် လုပ်ခဲ့ရတယ်။ နောက်တော့ ဒီအတိုင်း ဆက်သွားရင် မလွယ်ဘူး Online ပေါ်သွားမယ်ဆိုပြီး Ornagai ကို ကျွန်တော် စရေးဖြစ်ခဲ့တာပါ။ လက်ရှိ Ornagai က Version 2 ပေါ့။ Version 1 ထက်စာရင် အများကြီး ရှင်းရှင်း လင်းလင်း ဖြစ်အောင် ဖန်တီးထားပါတယ်။ Version 1 ကတော့ opensource မဟုတ်ပေမယ့် version 2 မှာတော့ opensoruce ချပေးခဲ့ ပါတယ်။

MZ dictionary မှာ Online Collaboration ပိုင်းကို ပြောရရင်တော့ teamwork ဆိုတာ သိပ်မရှိတော့ဘူးဗျ။ ဘာလို့လည်းဆိုတော့ team ဆိုတာ မရှိလို့။ အဲဒီတော့ teamwork ဆိုတာထက် တာဝန်ယူတဲ့ စိတ်ဓာတ်ကို ပြောင်းသွားပြီ။ သူများမပြီးတဲ့ အပိုင်းကို ကိုယ်က ပြီးနိုင်သလောက် ဆက်လုပ်။ မအားလို့ မပြီးရင် နောက်လူတွေက ဆက်လုပ်။ အဲဒီပုံစံနဲ့ သွားဖြစ်တာ။ Onlien Collaboration က Brain Drain ကို Save ဖြစ်စေနိုင်သလားဆိုတော့ စဉ်းစားစရာတွေ များတယ်ဗျ။ Save ဖြစ်တာလည်း အများကြီးပဲ။ ဒါပေမယ့် Drain ကြောင့်ပဲ ကိုယ့် တိုင်းပြည်တစ်ခု တည်းအတွက် အကျိုးရှိ ယုံတင်မကဘူး အခြားနိုင်ငံကလူတွေ အတွက်လည်း အကျိုးရှိတဲ့ အရာတွေ အများကြီးဗျ။ ဘာလို့ မဟုတ်တာ လည်းဆိုတော့ Ornagai Mobile Version 2 ကိုတော့ မြန်မာနိုင်ငံသား ကူညီပေးတာ မဟုတ်သလို မြန်မာလူမျိုး ကူညီပေးတာမဟုတ်။ ဝိဇ္ဇာကို ရေးတဲ့ Seth ဆိုတဲ့ နိုင်ငံခြားသားက ကူညီပြီး ရေးပေးတာဗျ။ အဲဒီမှာ ကျွန်တော် ဘာကို သွားမြင်လဲဆိုတော့ ဘာလို့ ကျွန်တော်တို့ လူမျိုးတွေ အတ္တကြီးပြီး Brain Drain ဖြစ်တယ်လို့ အော်အော်နေရတာလဲ။ Brain Drain ပဲ ဖြစ်ဖြစ် Brain Gain ပဲဖြစ်ဖြစ် ကျွန်တော်တို့ လူမျိုးဟာ တခြား လူသားတွေ ကောင်းကျိုးကို ပြုခဲ့တဲ့ သူဆိုရင် ဂုဏ်ယူ ဝမ်းမြောက် ပေးသင့်တယ်။ Seth က မြန်မာ စာကို လုပ်လို့ သူ့နိုင်ငံအတွက် Brain Drain ဖြစ်တယ်လို့ သတ်မှတ်ရင် မှားတာပဲဗျ။ Brain Drain ဖြစ်တယ်ဆိုတာက ကိုယ့်နိုင်ငံက ထွက်ပြီး ကိုယ့်နိုင်ငံကို ပြန်စော်ကားမှ Brain Drain ဖြစ်တယ်လို့ ကျွန်တော် သတ်မှတ်တယ်။ ကျွန်တော်ဆိုလိုချင်တာက ရှောင်လင် က စကာင်္ပူမှာ မွေးပြီး စကာင်္ပူမှာ ကြီးပြင်းလာတဲ့ စကာင်္ပူနိုင်ငံသား။ ဒါပေမယ့် သူ မြန်မာ လူမျိုးအတွက် Android Application ပြိုင်ပွဲလုပ်ပေးတာတို့ Android  မှာ မြန်မာလို ရအောင်လုပ်ပေးတာတွေ  နောက်ပြီး မေးခွန်းတွေ Forum ပေါ်မှာ ဖြေပေးတာတို့ ပြောင်းလဲနေတဲ့ Trend တွေ Google က လက်ရှိ လုပ်နေတာတွေ မြန်မာတွေကို ပြောပြ ပေးနေတာတွေက Brain Drain ခေါ်မလား။ သူ့အဖေ နဲ့အမေ ကို Brain Drain ဖြစ်တယ်လို့ သတ်မှတ်လို့ရမလား။ ကျွန်တော့် အမြင်မရဘူး။ ကျွန်တော်တို့ နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံ။ နိုင်ငံတကာ အတွေ့အကြံုတွေ ယဉ်ကျေးမှုတွေကို နည်းပညာတွေ သိတတ်တဲ့ ပညာတတ်တွေ အသိပညာရှင်တွေလိုအပ်တယ်ဗျ။ တနည်းပြောရင်ဗျာ အခြားနိုင်ငံသား ခံယူသွားပစေအုံး သူဟာ တိုင်းပြည်ကို အကျိုးပြုနေရင် ကမ္ဘာကြီးကို တစ်ခုခု အကျိုးပြုနေရင် သူ့အတွက် ကျွန်တော် ဂုဏ်ယူတယ်။ Brain Drain ဖြစ်သွားတယ်လို့ သတ်မှတ်နေပြီး နှမြောစရာ မဟုတ်ဘူး။ Google မှာ ကျွန်တော်နဲ့ ရွယ်တူ ရှောင်လင် အလုပ်လုပ်နေတဲ့ အတွက် မြန်မာလူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ဂုဏ်ယူတယ်။ မြန်မာနိုင်ငံသား မဖြစ်ရင်နေဗျာ မြန်မာလူမျိုးလို့ ကိုယ့်ကိုယ် သတ်မှတ်နေသေးသ၍ ဒါဟာ Brain Drain ဖြစ်တာ မဟုတ်ဘူးလို့ပဲ ယူဆတယ်။ လူကြီး တော်တော်များများ သတ်မှတ်တဲ့ Brain Drain ဖြစ်တယ်လို့ သတ်မှတ်တာက မနာလိုမှု အတ္တတွေ ပါတယ်လို့ပဲ မြင်တယ်။ မြန်မာနိုင်ငံက ဆေးပညာတွေ သင်ပြီး အမေရိကားမှာ ဆရာဝန်လုပ်ပြီး လူတွေရဲ့ အသက်တွေ ကယ်တင်ပေးနေတာ Brain Drain ဖြစ်တယ်လို့ ဘာလို့ သတ်မှတ်ကြလဲ ဆိုတာတော့ ကျွန်တော် နားမလည်ဘူး။ ဟုတ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပညာတတ်တွေ တကယ်တော်တဲ့ ပညာရှင်တွေ ရှားသွားပြီ။ ဘာလို့ ရှားသွားတာလဲ ဆိုရင် နိုင်ငံခြား ထွက်ကုန်ကြလို့ လွယ်လွယ်ကူကူ ဖြေကြတယ်။ ရှေးတုန်းကတော့ ဟုတ်မယ်။ အခုခေတ်က Online Collaboration လုပ်လို့ရနေပြီ။ နိုင်ငံခြားကနေ ကိုယ်သိတဲ့ ပညာတွေ ဗဟုသုတတွေ ပြန်ဖြန့်ဝေပေးနေတာပဲ။ ကို သောင်းစုငြိမ်းက ပြောဘူးတယ်။

မြို့တစ်မြို့ ရပ်ကွက် တစ်ရပ်ကွက် တိုက်တစ်တိုက်စီမှာ ရေသန့်ရှင်းဖို့ Water Drainage System တွေ ဆိုတာ ထားရတယ်။ ရေလည်ပတ်တော့ ကောင်းတာပေါ့။ အမြဲ Fresh ဖြစ်တာပေါ့။ Brain ဆိုတာလည်း အတူတူပါပဲ။ Brain Drain ဖြစ်ရုံ ဖြစ်နေရင်တော့ မကောင်းဘူး။ လည်ပတ် အမြဲ Fresh ဖြစ်နေမယ့် Drainage System ဖြစ်နေရင်တော့ ကောင်းတယ်။ အပြင်သွား၊ ပြန်လာရင် system တစ်ခု လည်ပတ်ပြီလို့ ဆိုလို့ ရတယ်။ တစ်ကယ့် အန္တာရယ်က မလည်တော့ပဲနဲ့ အိုင်ဒီယာ ဟောင်းကြီးတွေနဲ့ပဲ (ရေပုပ် ရေဆိုးတွေ) ပိတ်ဆို့ နေတော့မှာကမှ တစ်ကယ် ကြောက်စရာ။ အဲဒီ ဥပမာလေးက မှတ်သားစရာပဲဗျ။ Brain Drain ဖြစ်တာ ကြောက်စရာ မလိုဘူး။ Brain Dead မဖြစ်ဖို့ပဲလိုအပ်တယ်ဗျ။ Brain Drain ဖြစ်သလား Brain Gain ဖြစ်သလား ဆိုတာထက် Brain Fresh ဖြစ်နေပြီး Dead မဖြစ်သွားဖို့ပဲလိုတယ်။ နောက်ပြီး မြန်မာလူမျိုး ဖြစ်ပြီး အခြား လူမျိုးတွေ အတွက် ကူညီပေးနေတဲ့ သူမျိုးတွေ လည်း အများကြီး ရှိတာပဲဗျ။ သူ့နိုင်ငံ သူ့လူမျိုးအတွက် မဟုတ်ပဲ လူသား အကျိုးတွေ ဆောင်ရွက် နေသေးသ၍ Brain Drain ဖြစ်တယ်လို့ ကျွန်တော် မသတ်မှတ်ဘူး။

ကိုစေတန် ဖြန့်ဝေပေးခဲတဲ့ UTF-8 Converter ဆိုတာလေးဟာ အင်မတန် အသုံးဝင်တဲ့ UTF-8 Converting Tool လေးပါပဲ။ Ubuntu နဲ့ ပတ်သက်ရင်လည်း အများကြီး ဖြန့်ဝေပေးခဲ့တာ သတိထား မိခဲ့ပါတယ်။ အဲဒီလို ဖြန့်ဝေပေးခဲ့တဲ့ Tools တွေနဲ့ အခြား ဖြန့်ဝေထားတဲ့ဟာ တွေ အားလုံးပြောပြပေးပါ။ နောက်ရော ဘာတွေ ဖြန့်ဝေဖို့ အစီအစဉ်ရှိပါလဲ။

UTF-8 convertor က ရေးထားခဲ့တာ တော်တော် ကြာပြီ။ Cpanel ကနေ သွားပြီး သွင်းမိတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးဖြစ်ခဲ့တာပဲ။ Ubuntu ကတော့ ထွေထွေထူးထူး မရှိပါဘူး။ Blog မှာ ရေးတာလောက်ပဲ။ Ubuntu မှာတော့ ကိုဘောက်က တော်တော်လေးကို လုပ်ပေးတာ သတိထားမိတယ်။ ကိုဘောက် နောက်ဆုံး ထုတ်ပေးထားတဲ့ Linux Zawgyi kebyoard installer က တော်တော်လေးကို အဆင်ပြေတယ်ဗျ။ လက်ရှိ ကျွန်တော် ရေးပြီး opensource ပေးထားတာတွေကတော့

အခြား  project ကိုတော့ Projects On Github မှာ သွားကြည့်နိုင်ပါတယ်။

အပိုင်း (၂) ဆက်လက် ဖတ်ရှုပါရန် …..

Facebook comments:

8 Responses

  1. Htet Oo says:

    ခုလို အတွေ့အကြုံတွေ ဝေမျှပေးတာ ကျေးဇူးပါဗျို့ ကိုယ့်ဆရာသမားကလည်း အမေးကောင်းဗျို့ … လန်းတယ်ဗျာ

  2. [...] More… ရူးသွပ်တယ်ဆိုတာ မိုက်မဲစွာ ရူးသွပ်တာကို ပြောတာ မဟုတ်ဘူး။ ဆာလောင် ရူးသွပ် တာကို ဆိုလိုချင်တာ။ [...]

  3. jumper says:

    ကိုစေတန်ခင်ဗျာ…Brain drain တွေ Brain gain တွေ မငြင်းချင်ပါဘူးခင်ဗျာ…
    ဒါပေမယ့် ကိုယ့်နိုင်က တကယ်တော်တကယ်တတ်တဲ ့တတ်သိပညာရှင်များ
    ကျွမ်းကျင်သူများ သူများနိုင်ငံမှာသွားအလုပ်လုပ်နေတာတော ့ နိုင်ငံအနေနဲ ့တော်တော်လေးနစ်နာတယ်ဆိုတာ
    အနောက်နိုင်ငံများက ဆရာ့ဆရာကြီးများကိုယ်တိုင်က သဘောတရားတွေချပြထားပါတယ်….။
    တကယ်လည်းနစ်နာပါတယ်ကိုစေတန်ရယ်..။ အဲလိုလူတော်တွေသာ ဒီနိုင်ငံမှာ လုပ်ကိုင်ကြမယ်ဆိုရင်…
    အရမ်းအကျိုးရှိမှာအသေချာပါပဲ…။ ဒါပေမယ့် အခွင့်အလမ်းမှမရှိတာကွာလို ့ပြောလာရင်လည်းကျွန်တော်မငြင်းနိုင်တော့ပါ။ ကိုစေတန် ကိုဝေဖန်တာမဟုတ်ဘူးနော်.။ ဖြစ်စေချင်တဲ ့ ဆန္ဒကိုပြောတာပါ။ လူတော်များ နိုင်ငံမှများများထွက်ခွါလေ နိုင်ငံမှာ လုပ်နိုင်အားလျော့လေပါ။ သူတို ့ပြန်လာပြီး
    အလုပ်ကျွေးပြုတဲ ့အချိန်ကျတော ့ နိုင်ငံက သူများနိုင်ငံတွေရဲ ့ အောက်ဆုံး ဇယားမှာရောက်နေပါပြီ။
    ဂျပန်တို ့အမေရိကန်တို ့စတဲ ့တိုးတက်တဲ ့နိုင်ငံကြီးတွေကလူတော်တွေနိုင်ငံခြား ထွက်အလုပ်လုပ်ကြပါတယ်။
    ဒါပေမယ့် သူတို ့က နိုင်ငံမှာရှိတဲ ့လူတော်တွေရဲ ့တစ်ဝက်ပဲအလွန်ဆုံးရှိကြပါတယ် ။ ကျန်တဲ ့တစ်ဝက်က
    ဆက်လုပ်လို ့ရပါတယ်။ဒီမှာကတော ့နော် တော်တဲ ့လူတွေ တရွှတ်ရွှတ်နဲ ့ထွက်သွားလိုက်ကြတာ
    ကျန်တဲ ့လူတွေအားတောင်ငယ်တယ်။ တော်ပြီးတတ်ပြီးကျရင် များများပြန်လာ ကြပါလို ့ဆုတောင်းပါတယ်။

    • everlearner says:

      ဒီနေရာမှာ လူတစ်ယောက်ရဲ့ နေရာနဲ့ အလုပ်ကို ခွဲခြားဖို့ လိုအပ်လာပြီ ထင်တယ်ဗျ… ကိုစေတန်နဲ့ ရွယ်တူတွေမှာ သူ့လို တော်တဲ့သူတွေ မြန်မာပြည်ထဲမှာ နောက်ထပ် အများကြီး ရှိကောင်း ရှိနေနိုင်ပါလိမ့်မယ် ဒါပေမယ့် ဘယ်နှစ်ယောက် လောက်က ဘာများ လုပ်ပြီးခဲ့ပြီလဲ ပြန်မေးစရာ ရှိလာတယ်… အွန်လိုင်းမှာ ဖြစ်ဖြစ် အပြင်မှာ ဖြစ်ဖြစ် ဘာတွေ လုပ်ခဲ့ကြပြီလဲ…

      လူတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်တာလည်း စွန့်စားခန်း တစ်ရပ်ပါ… စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရတာပါ… အလုပ်မရခင်မှာလည်း မရသေးတဲ့ အလျောက်၊ ရတော့လည်း ရတဲ့အလျောက် နေ့တိုင်းဟာ Chellenge တွေပါပဲ…

      အများစုကတော့ အလုပ်အားတဲ့အချိန်မှာ ကျောင်းတွေ ဆက်တက်ကြတယ်… ပညာတွေ ဆက်ရှာကြတယ် အလုပ်အတွက် နည်းပညာ အသစ်တွေကို လေ့လာကြရတယ်… ရလာတဲ့ လစာတွေကို အကုန်သုံးဖြုံး ပျော်ပါးနေကြတယ် ထင်နေလား… အများစုက… စားဖို့နေဖို့လောက် ချန်ပြီး မိဘဆီ ပြန်ပို့နေကြတာပါ… သူတို့တွေ မိဘနဲ့ အတူနေရင်တော့ အဲဒီလောက် ပြန်ပေးနိုင်မှာ မဟုတ်ပါဘူး…

      နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အနည်းစုကတော့ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ နောက်ကြောင်းကို ပြန်ကြည့်ပြီး ကိုယ့်နောက်က အငယ်တွေ ကိုယ့်လို မဖြစ်ရအောင် သိထားတတ်ထား သလောက်တွေ ပြန်ပြီး ဝေမျှကြ၊ Code တွေရေးကြ၊ Project တွေရေး Open Source တွေ ပေးကြ လုပ်နေတာပါ။ အဲဒီလိုလုပ်နိုင်ဖို့အတွက် အချိန်၊ အတွေ့အကြုံနဲ့ ငွေကြေးအင်အားလိုအပ်ပါတယ်… ပြီးတော့ စေတနာလည်း လိုအပ်ပါတယ်… နောက်ထပ် အထောက်အကူပြုနိုင်တဲ့ နည်းပညာတွေ လိုပါတယ်… အကျယ်ချဲ့ မပြောတော့ပါဘူး… ပျော်လွန်းလို့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတာတော့ မဟုတ်ကြတာ သေချာပါတယ်…

      ကုမ္ပဏီတစ်ခုက နိုင်ငံခြားသားတစ်ယောက်ကို အလုပ်ခန့်လိုက်တဲ့အခါ အဲဒီလူရဲ့ လုပ်အားကို ခဏပဲရလိုက်တာပါ။ အဲဒီလူနဲ့အတူ တိုးတက်လိုက်ပါသွားတဲ့ အတွေ့အကြုံနဲ့ ပညာတွေကို ကန့်သတ်ထားခဲ့လို့ မရပါဘူး… အခု ပြည်တွင်းမှာ ကုမ္ပဏီထောင်ထားတဲ့ သူတွေထဲမှာလည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတက်ခဲ့ဘူးတဲ့ သူတွေ အများကြီးပါပဲ…

      ဥပမာ တစ်ခုပေးရရင် တရုတ်နိုင်ငံက ဒုံးပျံထုတ်တာ ပြည်တွင်းမှာ တောက်လျှောက်နေလာတဲ့ ပညာရှင်တွေ မဟုတ်ပါဘူး၊ အမေရိကန်မှာ နှစ်ပေါင်းများစွာ ဒုံးပျံပညာရှင် လုပ်ပြီး ပြန်လာခဲ့တဲ့ “ရှန်ဆွေရှင်း” ဆိုတဲ့ တရုတ်ပညာရှင်က ဦးဆောင်ခဲ့တာပါ။ နှစ်ပေါင်းများစွာ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း သူစုဆောင်းထားတဲ့ မှတ်စုတွေနဲ့ တရုတ်မှာ ဒုံးပျံလွှတ်နိုင်ခဲ့တာပါ… ဒါတောင် အဆင်မပြေလို့ ရုရှားက ဒုံးပျံနဲ့ဆိုင်တဲ့ Blue Print တွေ အကူအညီတွေ ယူခဲ့ကြရပါသေးတယ်… အသေးစိတ်ကို “ဆရာဘိုးလှိုင်” ရေးတဲ့ “ပိုးချည်မျှင် မီးနဂါး” ဆိုတဲ့ စာအုပ်မှာ ဖတ်နိုင်ပါတယ်…

      ဘယ်သူ့ဘက်ကမှ ဘက်လိုက်ပြီးပြောနေ ရေးနေတာ မဟုတ်ပါဘူး… Brain Drain.. တို့ Brain Gain တို့ဆိုတာ စကားအဖြစ် ပြောကြတာပဲ ကောင်းပါတယ်…

      ကျွန်တော့် အမြင်ကတော့ လူတစ်ယောက်က ဘယ်မှာပဲနေနေပါ… ကျန်တဲ့သူတွေကို တနည်းနည်းနဲ့ “ကုသိုလ်” “ပညာ” နဲ့ “ဥစ္စာ” (+ မိတ်ကောင်း ဆွေကောင်းတွေ ) ရအောင် လုပ်ပေးနေနိုင်တယ် ဆိုရင် သူ့ရဲ့ ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်ရဲ့ တာဝန် ကျေတယ်လို့ ယုံကြည်ပါတယ်…

      • Thiha says:

        ကျွန်တော်ကတော့ Brain Drain တွေ Brain Gain တွေ ပြေနေတာထက် ဇာတ်ပေါင်းခန်းကို မျှော်နေမိတယ်ဗျ။ ခုတောင် Myanmar Tutorials မှာ ဇာတ်ပေါင်းခန်း ပုံစံတစ်မျိုးနဲ့ အဆင်ပြေ နေပါတယ်။

  4. ကိုစေတန် ပရောဂျက်တွေ အများကြီး လုပ်နိုင်ပါစေဗျာ။ လေးစားပါတယ်

  5. Myanmar Tutorials ကိုတော့ ကြိုက်သွားပြီဗျာ။ တော်တော် အဆင့်မြင့်ပြီး တန်ဖိုးရှိတဲ့ ဆိုဒ်ကလေးပါ။ ခုခေတ်မှာ လူတွေ ဘယ်နေရာ မှာ နေတယ်ဆိုတာထက် ဘာလုပ်နေတယ်ဆိုတာက ပိုအရေးပါလာပါပြီ။ Brain link တွေ ရှိနေပြီလို့ ခံစားရပါတယ်။

  6. rlay says:

    ကိုစေတန်ဟာ ကျွန်တော့အတွက်တော့ လမ်းပြကြယ်ပါ

Leave a comment


*