Interview with Myo Han Htun

ကျွန်တော် မနက် အိပ်ယာထာတာနဲ့ မျက်နှာ မသစ်ရသေးဘူး အရင်ဆုံး လုပ်ဖြစ်တာက Facebook ကို ဖွင့်တာပါပဲ။ Facebook ကို Login ဝင်လိုက်တာနဲ့ အရင်ဆုံး တွေ့တာက ကိုရီးယား မင်းသမီးတွေ ပုံကို Illustrator နဲ့ ဆွဲထားတဲ့ ပုံပါ။ ကျွန်တော် အရမ်းကို သဘောကျ သွားမိတယ်။ တော်တော်ကို ဆွဲတတ်တာပဲဆိုပြီး လင့်ကနေ တစ်ဆင့် သွားကြည့်တော့ ကျွန်တော် တော်တော့်ကို အံ့သြမိပါတယ်။ Lighting အကြောင်း Art အကြောင်း ကောင်းကောင်း သိတဲ့သူ တစ်ယောက် ရေးဆွဲထားတဲ့ Graphic Art တွေကို ခံစားမိခဲ့ပါတယ်။ ဒီလိုနဲ့ Facebook မှာ Friend Request ချက်ချင်း လုပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုမျိုးဟန်ထွန်းရဲ့ Portfolio ဆိုက်ကို သေသေချာချာ လေ့လာကြည့်ရင်း တကယ့်ကို ကောင်းမွန် ပြည့်စုံတဲ့ Portfolio ပုံစံဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါနဲ့ ထက်ဦးကိုပြတော့ ကျွန်တော်တို့ ဆိုက်မှာ ညွှန်းမယ်ဗျာ ဆိုပြီး ကိုမျိုးဟန်ထွန်းနဲ့ ကိုမျိုးကျော်ထွန်းတို့ရဲ့ ဆိုက်တွေကို ညွှန်းတဲ့ Site Reference ကဏ္ဍကို ပထမဦးဆုံး စဖွင့်ဖြစ်ခဲ့ပါတယ်။

အဲဒီလို ဆိုက်ကို ညွှန်းပြီး နောက်ပိုင်းမှာ အင်တာဗျူးကဏ္ဍကို ရှေ့ဆက်ဖို့ ကြိုးစားစ ကတည်းက ကိုမျိုးဟန်ထွန်း၊ ကိုမျိုးကျော်ထွန်းတို့ကို အင်တာဗျူး ချင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ သိတာ ကိုမျိုးဟန်ထွန်း တစ်ယောက်တည်း ဆိုတော့ သူ့ကို Request လုပ်ပြီး အင်တာဗျူးကဏ္ဍရဲ့ (ဂ)ယောက်မြောက် အနေနဲ့ မေးဖြစ်ခဲ့ပါ တော့တယ်။ ကျွန်တော် မေးချင်နေခဲ့တာ၊ သိချင်နေခဲ့တာ Inspiration ပိုင်း၊ ကိုတိုးရဲ့ Inspiration ပိုင်းကဲ ကိုမျိုးဟန်ထွန်းရေ .. ကိုတိုးရေ … အင်တာဗျူးလေး စလိုက်ရအောင်ဗျာ …

ကိုတိုးရဲ့ အကြောင်းလေး။ နောက် ကိုတိုးရဲ့ Online Activities တွေ ဆိုက်တွေကို ပြောပြပေးပါ။

ကျွန်တော့် နာမည်ရင်းက မျိုးဟန်ထွန်း ပါ။ ရင်းနှီးတဲ့ သူအများစုကတော့ “ကိုတိုး” အဖြစ်ပဲ သိကြပါတယ်။ လတ်တလော ထိုင်းနိုင်ငံမှာ Education နဲ့ သက်ဆိုင်တဲ့ အလုပ်လုပ်ကိုင် လျှက်ရှိပါတယ်။ Online Activities ဆိုတာကတော့ သိပ်မရှိပါဘူး။ Online ကနေ လေ့လာစရာရှိတာ လေ့လာပါတယ်။ Blog ရေးတယ်, နေ့စဉ် Blog တွေ လိုက်ဖတ်တယ်, News Site တွေသွားပါတယ်, နည်းပညာတွေ အနုပညာတွေ လေ့လာပါတယ်, ဒီလောက်ပါပဲ။ လက်ရှိ Personal Web Site ကတော့ www.myohanhtun.com ပါ။

ကိုတိုးက ကွန်ပျူတာမှာ နယ်ပယ် တော်တော်စုံတာကို တွေ့ရပါတယ်။ ခု ကိုတိုးလုပ်နေတာနဲ့ ကိုတိုး ဖြစ်ချင်တာ တစ်ထပ်တည်း ကျပြီလားဗျ။ ဘာဖြစ်လို့ အဲဒီလို နယ်ပယ်စုံကို ဖြတ်သန်းခဲ့ရတယ်လို့ ထင်ပါသလဲ။ ရှေ့ဆက်ပြီး ဘာတွေ လုပ်ဖို့ ရည်ရွယ်ထားပါသလဲ။ mountmandalay ဆိုတာကိုလည်း လုပ်နေတာတွေ့ရပါတယ်။ ဘယ်လိုရည်ရွယ်ချက်တွေ ရှိပါသလဲ။ နောက် David Ba Con English Myanmar Typing ကော ဘယ်တော့ ထွက်ဖို့ ရှိလဲဗျ။ အဲဒီ အကြောင်းလည်း နည်းနည်း ပြောပြပေးပါ။

ကျွန်တော့်ရဲ့ ဘဝက အဆန်း။ ကျွန်တော် အခု လို ကွန်ပျူတာ လိုင်းထဲ ရောက်လာလိမ့်မယ်လို့၊ အခုလို လုပ်နေရမယ်လို့ ဘယ်လိုမှ တွေးမထားခဲ့ဘူး။ ငယ်ငယ်လေးထဲက ပါရီမီကြောင့် ပန်းချီဆွဲတဲ့ နေရာမှာ ထူးချွန်ခဲ့တယ်။ ကျောင်းမှာလည်း ဆုရတာတွေ ရှိခဲ့ဖူးတယ်။ ပန်းချီရဲ့တစ်ဖက်မှာတော့ ကလေးအရွယ် ပေမယ့် ထူးချွန်တာ တစ်ခုရှိတယ်။ အဲဒါက Electronic ပိုင်းမှာ။ ချာတိတ် အရွယ်လေးပေမယ့် လက်လှမ်း မီသမျှ ဘာသာပြန် စာအုပ်တွေဖတ်ပြီး ကိုယ်ပိုင် Circuit Board လေးတွေကို လုပ်ပြီး လျှောက်စမ်း ခဲ့ဖူးတယ်။ နောက် ဦးလေးက လက်ဆောင်အဖြစ် Electronic Lab လေးတစ်ခု ပေးတော့ အဲဒီကနေ စပြီး တောင်လုပ် မြောက်လုပ်တော့ လုပ်ဖြစ်ခဲ့တယ်။ ဘာသာရပ် တစ်ခုကို အကျွမ်းအကျင် မဟုတ်တောင် အသိပညာပိုင်းမှာ ရွယ်တူတွေနဲ့ ယှဉ်ကြည့်ရင် အများကြီး သာနေတာတော့ လေလုံးကြွား ပြောစရာ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို သိခဲ့တယ်။ ဖြစ်ချင်တာက Engineer တစ်ယောက်ပါ။ ဒါပေမယ့် ၉ တန်း ၁၀ တန်းမှာ စာကြိုးစားမှု သိမ်ဖျင်း ခဲ့တာကြောင့် အများပြောတဲ့ “လိုင်းကောင်း မရတော့ဘူး” ဆိုတာ ဖြစ်လာပါတယ်။ ဒါပေမယ့် ဟိုးကလေး ကတည်းက အားလပ်တဲ့ အချိန်တိုင်းမှာ ပန်းချီကို ကိုယ့်ဘာသာ လေ့လာခဲ့တယ်။ အများစုက ပုံတူ ဆွဲတာများတယ်။ အစကတော့ Modern Art နဲ့ Impression တွေကို သိပ်ဘဝင်တော့ မကျခဲ့ဘူး။ ငယ်ငယ်ကတော့ အိမ်က အုတ်နံရံတွေကိုပါ မချန် ရူးသွပ်စွာ ဆွဲခဲ့တာ အမှန်ပါ။

ဒါနဲ့ ၁၉၉၆ ကနေ ၁၉၉၈ ထိ ပုံတူတွေ တစိုက်မတ်မတ် ဆွဲရင်း နောက်ပိုင်း Impression Art တွေအကြောင်း တော်တော် ဆွဲဖြစ်တယ်။ လေ့လာဖြစ်တယ်။ ၁၉၉၇ လောက်မှာ မန်းလေးက ဆရာဝန်ကြီး တစ်ယောက်ရဲ့ Guidance နဲ့ Modern Art တွေ Impression Art တွေကို တော်တော် လေ့လာခဲ့တယ်။ သူက Picasso ကို သဘောကျတဲ့သူ။ ကျွန်တော်က Renaissance က ပန်းချီဆရာတွေလို Grand ကျတဲ့ ပုံတွေ ဆွဲချင်နေတဲ့သူ။ သူ့အတွက် ပုံတစ်ချို့ကို ဆွဲပေးခဲ့ဖူးတယ်။ Record ညံ့ဖျင်းလို့ ပြစရာ မရှိပေမယ့် ကိုယ့်အရည်အချင်း ကိုတော့ သိခဲ့တယ်။ အဲဒီမှာ သူက ကမ္ဘာကျော် Modern Art တွေကို ပုံတူ ဆွဲခိုင်းတယ်။ သူက အဲဒါတွေကို ပုံတူကူးချပြီး တစ်ပုံစံအတိုင်း လိုက်ဆွဲခိုင်းတယ်။ ကျွန်တော် အစက စိတ်ထဲ ဒေါသထွက်ခဲ့တယ်။ “ဒီလို ပေါက်ကရ ပုံတွေ ဘာလုပ်မှာလဲ” ဆိုပြီး သူ့ကို မေးခွန်း ထုတ်ခဲ့တယ်။ အဲဒီမှာ သူက စိတ်သဘောထား ပြည့်တဲ့သူ ဆိုတော့ “ကိုတိုး .. မင်းကို မန်းလေး တက္ကသိုလ် ပုံတူ ဆွဲခိုင်းရင် မင်း ဆွဲနိုင်မှန်း ငါသိတယ် .. ဒါပေမယ့် မန်းလေး တက္ကသိုလ်မှာ မင်းကျောင်းတက်တဲ့ ခံစားချက်ကိုတော့ မင်း မန်းလေးတက္ကသိုလ် ပုံတူကြီး ဆွဲပြီး ဖေါ်ပြလို့ မရဘူး” “မင်း မန္တလေး တက္ကသိုလ်မှာ တက်တဲ့ စိတ်ခံစားချက်ကို ပန်းချီကားပေါ်မှာ ဘယ်လို ဖေါ်ပြမလဲ” “အဲဒါ အဖြေပဲလေ” ဆိုတဲ့ သူ ရှင်းပြတဲ့ ဥပမာ တစ်ခုကြောင့် Modern Art ဆိုတာတို့ Impression Art ဆိုတာတွေကို တော်တော် သဘောပေါက် လာခဲ့တယ်။

ကွန်ပျူတာနဲ့ ပတ်သက်လို့ကတော့ ၁၉၉၉ ခုနှစ်လောက်မှ စတယ် ပြောရမယ်။ နိုင်ငံခြား သွားဖို့လုပ်မယ် ဆိုတော့ ဦးလေးဖြစ်တဲ့သူက “ကွန်ပျူတာ တတ်မှ ရမယ်” ဆိုတာ ဖြစ်လာတယ်။ အစက ဘဝင်မကျလှပါဘူး။ “ဘာလဲပေါ့” .. နောက်တစ်ခုကလည်း ကွန်ပျူတာ တတ်ရမယ် ဆိုတာပေမယ့် ကိုယ်က ဘာသင်လို့သင်ရမှန်း မသိတဲ့ အဖြစ်က စတယ်။ (ဒါက လူတိုင်း ဖြစ်တတ်ပါတယ်) လူအများစုဟာ အစမှာ ကွန်ပျူတာ တက်ဆိုလို့ တက်ကျတာ ကိုယ်ဘာလုပ်ချင်မှန်း မသိရှာကြပါဘူး။ သူငယ်ချင်း လိုက်တတ်လို့တို့ အခြား လိုအပ်ချက်ကြောင့် တက်ရတာ ပဲရှိတယ်။ ကိုယ် ဘယ်လိုင်းကို သွားရင် ကောင်းမလဲ ဆိုတာ ကွဲကွဲ ပြားပြား မသိကြရှာဘူး။ ဒါဟာ တကယ့်အရေးကြီးတဲ့ အရာပါ။

ဒီလိုနဲ့ ဦးလေး မြန်မာနိုင်ငံကို အလည်လာတဲ့ တစ်ရက်မှာ မန္တလေးက KMD Centre III ကို သင်တန်း စုံစမ်းဖို့သွားတယ်။ ဒါနဲ့ အဲဒီက သင်တန်းပိုင်ရှင်ကို ဦးလေးလုပ်တဲ့သူက “ကျွန်တော့်တူကို နည်းနည်းပါးပါးလေး ပြချင်လို့” ဆိုပြီး သင်တန်း ပိတ်ခါနီးလေးမှာ Service ခန်းထဲက ကွန်ပျူတာ တစ်ခုမှာ ပြခဲ့တယ်။ Service ခန်းဆိုတော့ သိတဲ့အတိုင်း ကွန်ပျူတာ တစ်ချို့က အဖုံးဖွင့် ပြီး တစ်စစီ ဖြုတ်ထားတာ တွေလည်း ရှိတာပေါ့။ ဘာမှ မဟုတ်တဲ့ Circuit Board တွေနဲ့ ဒီလို အလုပ်လုပ်နေတာကို စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ စိတ်ဝင်စားဆုံးက MS Paint ပါ။ ကွန်ပျူတာမှာ သူ့ထက် Powerful ဖြစ်တဲ့ Painting Program ဖြစ်တဲ့ Photoshop ဆိုတာ မသိသေးပေမယ့် Paint Program က ကျွန်တော့်ကို အပြတ် ဖမ်းစားသွားတယ်။ မှတ်မှတ်ရရ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်ပါ။ အဲဒီနေ့ဟာ ကျွန်တော် ကွန်ပျူတာကို ပထမဦးဆုံးအကြိမ် လက်နဲ့စထိဖူးတဲ့ နေ့ဆိုလည်း မမှားပါဘူး။ Personal Computer ကို ၁၉၉၁ ခုနှစ် လောက်ကတည်းက အနီးကပ် မြင်ဖူးခဲ့တယ် ဆိုစေအုံး လက်နဲ့ မထိတောင် မထိခဲ့မိပါဘူး။ ဒါနဲ့နောက်ပိုင်း Parallel Learning အဖြစ် Graphic Design နဲ့ Systems Administration ကို လေ့လာတယ်။ MCSE, Microsoft Certified Systems Engineer ဆိုတာကို စိတ်ဝင်စားခဲ့တယ်။

မန္တလေး MIT က အတူလာတက်တဲ့ ကျောင်းသား တစ်ယောက်နဲ့ သူငယ်ချင်းဖြစ်တော့ Programming ဆိုတာ စိတ်ဝင်စားမိတယ်။ သူနဲ့ အတူ လေ့လာတယ်။ Programming ကို စပြီး တီးမိခေါက်မိ လာတယ်။ ဒါပေမယ့် Programming မှာ ကျွန်တော်က မထူးချွန်ခဲ့ဘူး။ ကျွန်တော့် ညီဖြစ်တဲ့ မျိုးကျော်ထွန်းဟာ အသက်အရွယ်နဲ့ မလိုက်အောင် ထူးချွန်တယ်လို့ ကျွန်တော် ယူဆမိတယ်။ သူက အဲဒီတုန်းက ၁၆ နှစ်သာသာပါ။ သူ့ကို ၁၀ တန်းအောင်တော့ ကိုယ် လေ့လာနေဆဲဖြစ်တဲ့ အကြောင်းတွေ ပြောပြတော့ သူက Programming ကို စိတ်ဝင်စားတယ်။ ဒါနဲ့ သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ပေါင်းပြီး Myanmar Typing Tutor Program version 1 ကနေ version 5 ကို 2001 က နေ 2002 ကြား ရေးပြီး ထုတ်ဖြစ်ခဲ့ကြတယ်။ Commercial ပိုင်းမှာ အားနည်းတဲ့ ကိစ္စကြောင့် ရောင်းရတာ ဆိုတာ မဖြစ်ခဲ့ပေမယ့် လူသုံးများ ခဲ့တာတော့ သိပါတယ်။ မန္တလေးက Computer Center တော်တော် များများမှာ သုံးနေကြတယ်။ အခြား Customized Program တွေဖြစ်တဲ့ Question Maker & Quizzer တို့ Educational Program တစ်ချို့ကိုတော့ ရောင်းဖြစ်ခဲ့တယ်။

နောက်ပိုင်း မန္တလေးမှာ Computer Technician အဖြစ် ၂ နှစ်လောက် လုပ်ခဲ့တယ်။ အဲဒီမှာ တစ်ခု သွားပြီး စိတ်ဝင်စားတာက Computer Networking ပါ။ ဒါနဲ့ နိုင်ငံခြားကို သွားရမယ် ဆိုတာ သိတာနဲ့ MSCE Course တွေအားလုံးနဲ့ CISCO Networking ကို အားလပ်တဲ့ အချိန်တွေမှာ တစိုက်မတ်မတ်လုပ်ခဲ့တယ်။

၂၀၀၃ ခုနှစ်မှာ India မှာ Systems နဲ့ Networking အကြောင်း သွားတက်တော့ Internet ဆိုတာနဲ့ ကောင်းကောင်း ထိတွေ့သွားတယ်။ Web Site တွေ တော်တော် များများရဲ့ လုပ်ဆောင်မှုတွေကို လေ့လာ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက Web ပေါ်က Graphic တွေ UI တွေဟာ သိပ်ပြီး အခုလို အကောင်းကြီး မဟုတ်ပေမယ့် တော်တော် စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ Web Design ဆိုတာ စပြီး စိတ်ဝင်စားမိရာက စတယ် ဆိုတာလည်း ပါပါတယ်။ ၂၀၀၄ ခုနှစ် နောက်ပိုင်း လောက်ကစပြီး Web Design ကို တစ်စိုက် မှတ်မှတ် ယနေ့ထိအောင် လုပ်ဖြစ်ခဲ့တာပါပဲ။ India မှာပဲ MCSE, MCSA နဲ့ A+ စာမေးပွဲတွေ အကုန် ဖြေခဲ့ပါတယ်။ အားတဲ့ အခါတိုင်းတော့ Web ကို လေ့လာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဒီမှာ တစ်ခုပြောချင်တာ တစ်ခုရှိတယ်။ လူတစ်ယောက်ဟာ အရာတစ်ခုတည်းကို တစ်စိုက်မတ်မတ် လုပ်တာ ကောင်းသလား? ဆိုတာရယ် နောက်ပြီး တွေ့သမျှ အကုန် လျှောက်လေ့လာရ ကောင်းမလား? ဆိုတာပါ။ ဥပမာ Design မှာ ဆို သူနဲ့ ပတ်သက်တဲ့ လိုင်းတွေ တော်တော်များများရှိတယ်။ Graphic Design, Web Design, Architect Design, Advertising Design အစရှိတဲ့ လိုင်းကွဲတွေ အများကြီးရှိတယ်။ Programming မှာလည်း အတူတူပါပဲ Language တွေရှိသလို Platform တွေ အများကြီးရှိတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ နေရာတစ်နေရာဆိုတာ ရှိတယ်။ တစ်ချို့လည်း မေးခွန်းထဲကလို တစ်ထပ်တည်းကျတာ ရှိသလို တစ်ထပ်တည်း မကျတာလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကို လက်လွှတ်ခဲ့ရတာ ရှိသလို တစ်ချို့နဲ့လည်း ဆက်လက် လုပ်ကိုင် နေရတာလည်း ရှိပါတယ်။ ဝေါဟာရရဲ့ အစကတော့ တစ်ခုတည်းပါ။ နောက်ပိုင်း လေ့လာရင်းနဲ့ ကျယ်ပြန့်လာတာရှိသလို ကိုယ်နဲ့ ကိုက်တာရှိရင် လုပ် မရှိရင် လက်လွတ် ဆိုတာတွေ တော်တော်များများရှိကြပါတယ်။

ဥပမာ ကျွန်တော်ဆို Programming လို ဟာမျိုးကို လက်လွတ်ခဲ့ရတာ ရှိပါတယ်။ သူ့အတွက် ပေးခဲ့တဲ့ အချိန်တွေဟာ နှမြောစရာ မဟုတ်ပါဘူး။ တကယ်တန်း အသုံးဝင်ပါတယ်။ လုပ်ငန်းခွင်မှာ Programmer တွေနဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးရင် ဖြစ်နိုင်တာ မဖြစ်နိုင်တာ ကိုယ်ကသိနိုင်တာတွေ အများကြီးရှိပါတယ်။ အဲဒါက ကိုယ်တိုင် မထူးချွန်လို့ Applied လုပ်ခွင့်မရတောင် ကိုယ်လေ့လာခဲ့လို့ Applied လုပ်ခွင့်ရသွားတယ် ဆိုတာနဲ့ ပြန်ချိတ်ဆက်ပြီး စဉ်းစားရင် ကျေနပ်စရာပါ။ ဥပမာ UI တစ်ခု တည်ဆောက်ရင် Function တစ်ခုကို ဒီလို လုပ်ချင်တယ် ဆိုတာကို Programmer ကို တိုက်ရိုက်ပြောလို့ရတယ်။ သူ့ကို ကိုယ်မလုပ် နိုင်တောင် ကိုယ်သိထားလို့ “ငါ ဒီလိုတော့ ဖြစ်ချင်တယ် .. မင်းဒီလို ရေးပေးပါ” ဆိုတာ ပြောလို့ရတယ်။

Systems Administration လေ့လာခဲ့လို့ လတ်တလောမှာ အဲဒါနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်နေရတာရှိပါတယ်။ အဲဒီဟာကို အဓိက မထားခဲ့စေအုံး Web နဲ့ ပတ်သက်နေတဲ့ အခု လတ်တလော အလုပ်မှာ အဲဒါတွေက အများကြီး အရေးပါတာတွေ ရှိပါတယ်။ ဘယ်အရာ မဆို တတ်ထား သိထားတာ လုံးလုံး မမှားပါဘူး။ တစ်ခု မဟုတ် တစ်ခုမှာ လုံးလုံး အသုံးဝင်နေတာ တွေ့နေရတယ်။

MountMandalay, www.mountmandalay.net ဆိုတာကတော့ ကျွန်တော်တို့ ညီအကိုတွေ လုပ်တဲ့ အလုပ်ပါ။ အားလပ်တဲ့ အချိန်မှာ အမြဲတန်း Project တွေ လက်ခံပြီး လုပ်ပါတယ်။ အများစုကတော့ Web Design, UI Design, Software Interface Design, Logo Design နဲ့ Graphic Design တွေပါ။ ကျွန်တော်တို့ ညီအကိုတွေ အားရင် အားသလိုပဲ Project လက်ခံပြီး လုပ်ပါတယ်။ အခြား ဘယ်သူမှ ပါဝင် ပတ်သက်တာ မရှိပါဘူး။ အများစုဟာ Outsourcing Project တွေရှိသလို အခြားကိုယ့်ကို တိုက်ရိုက်လာအပ်တဲ့ Project တွေလည်း အများကြီးရှိပါတယ်။

David Ba Con English Myanmar Typing Tutor ကတော့ ၉ နှစ်ရှိပါပြီ။  ဟိုးအရင် ၂၀၀၁ ခုနှစ်က ကျွန်တော်တို့ မန္တလေးမှာ နေတုန်းက ထုတ်ခဲ့တဲ့ Software ပါ။ အဲဒီတုန်းက သူက ၁၆ နှစ်အရွယ် ချာတိတ်ပါ ကျွန်တော်ကတော့ ၂၃ နှစ်လောက်ပေါ့။ အဲဒါတွေကို ကျွန်တော်တို့ ဂုဏ်ယူမိတာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် David Ba Con ကို နှစ်ပေါက် Version များစွာကို Artistic ဆန်ဆန်တွေကို တကူးတက ဆွဲခဲ့တဲ့ ကွန်ပျူတာဟာ Pentium 100, Memory က 64 MB, Hard Disk က 800 MB, Graphic Card က 4MB ပဲရှိတယ်။ ဘာ Internet မှ မသိတာရယ် ဘာမှ Resource ဆိုတာ မရှိဘူး။ ရှိတာဆိုလို့ eBook တစ်ချို့ရယ် ဦးလေးပို့ပေးတဲ့ Programming စာအုပ် တစ်ချို့ရှိမယ်။ ဒီလောက်ပဲ။ ဒါကြောင့် တစ်ချို့အရာတွေမှာ ကျွန်တော် Hardware တွေအတွက် မငြီးငြူဘူး။ လုပ်လို့ရတဲ့ လုပ်ဖြစ်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ အတိုင်းအတာတစ်ခုရဲ့ Boundary ထဲမှာ ရှိနေတဲ့ အရာတိုင်းကို လုပ်ဖြစ်လို့ရတဲ့ အရာတွေနဲ့ ဖန်တီးလို့ရတာတွေ အများကြီး ရှိတတ်ပါတယ်။ အသက်အရွယ်တွေနဲ့ မလိုက်အောင် လုပ်ခဲ့ကြတာကိုလည်း ပြန်ပြောင်း ပြောကြရင် ဂုဏ်ယူမိတာ အမှန်ပါ။ UI အဆင့်အတန်းဟာ တော်တော် Date Out နေပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီထက်ကောင်းတဲ့ Product တွေ နောင်မှာ ကျွန်တော်တို့ဆီမှာ ရှိလာလိမ့်မယ် လို့ကျွန်တော် ထင်ပါတယ်။ လာလည်း လာပါလိမ့်မယ်။ အဲဒီတုန်းက UI ကိုလေ့လာမှု့နဲ့ Software Engineering ကို လေ့လာမှု့ မရှိခဲ့လို့ ဆိုစေအုံးတော့ သူ့ခေတ်နဲ့ သူ့အချိန်ကာလမှာ ထုတ်ခဲ့တဲ့ English Myanmar Typing Tutor အဖြစ် ကျွန်တော် ရော ကျွန်တော့်ညီပါ ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ Typing Tutor Software ကို ညီအကို နှစ်ယောက်တည်းနဲ့ လုပ်ခဲ့တာရယ် ယနေ့ထက်ထိအောင် အဲဒီလို (သို့မဟုတ်) အဲဒီထက် သာတဲ့ Myanmar Typing Tutor ဆိုတာ ရှိမလာသေးပါဘူး။ အသေးစိတ်ကို ဒီ Link

http://blog.myokyawhtun.com/2006/09/free-download-english-myanmar-typing.html

ကြည့်လို့ရပါတယ်။ Download လုပ်ချင်တယ် ဆိုရင်တော့ Crack မပါတဲ့ Free Version ကို ညီလေးကို မေးပေးပြီး Link ကို ထပ် Provide လုပ်ပေးပါ့မယ့်။ ဒီမှာလည်း Download လုပ်လို့ ရလောက်မယ် ထင်ပါတယ်။ ဘယ်သူဘယ်ဝါ မှန်းမသိပေမယ့် သူ့ဆီမှာတော့ အဲဒီ Program ကို Download လုပ်လို့ရလောက်မယ် ထင်တယ်။

http://www.photartay.com/2010/01/david-bacon-english-myanmar-typing.html

သူ့ထက် UI တွေရော Software Engineering မှာ သာမယ့် Software တွေ အချိန်ရရင် ရသလို လုပ်သွားချင်ပါတယ်။

ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု (သို့မဟုတ်) ဖန်တီးလိုက်တဲ့ အနုပညာတစ်ခု ဥပမာ Logo ဖြစ်ဖြစ် Design တစ်ခုခုဟာ နှစ်ပေါင်းများစွာ တည်တံ့နေပြီး လူတွေ မက်မက်မောမော လိုချင်တဲ့ Brand တစ်ခုလို ရပ်တည်နိုင်မည့် အရာကို ဖန်တီးချင်ပါတယ်။ အနုပညာနဲ့ နည်းပညာ ဒွန်တွဲပြီး ဖန်တီးတဲ့ တစ်ခုခုဖြစ်ဖြစ် အနုပညာနဲ့ ဖန်တီးတဲ့ တစ်ခုခုဖြစ်ဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်မယ် ဆိုရင် ကျွန်တော်လုပ်တဲ့ အလုပ်တစ်ခုဟာ လုပ်ရကျိုးနပ်တယ်။ ကျွန်တော် လုပ်တဲ့အလုပ်တစ်ခုဟာ International ဆန်နေတာကို ကျွန်တော် ပိုပြီး သဘောကျတယ်။ နောက်ပိုင်းတော့ Education နဲ့ ဆိုင်တဲ့ ကိစ္စတွေ ပိုစိတ်ဝင်စားပါတယ်။ လတ်တလော အလုပ်ကလည်း အများစုဟာ Educational နဲ့ ပတ်သက်တဲ့ အလုပ်တွေ ဆိုတော့ ကျွန်တော့် အတွက် ပိုအဆင်ပြေပါတယ်။

လက်ရှိထိတော့ ကိုယ်တိုင်လေ့လာခဲ့သမျှ နယ်ပယ်အစုံမှာ အတိုင်းအတာတစ်ခုထိ ရခဲ့သလို အသိအမှတ်ပြုတာ ရှိခဲ့သလို အသိမှတ်ပြုတာတွေ မပြုတာတွေထက် ဘယ်သူမှ မသိတာတွေတောင် ရှိပါတယ်။ ကိုယ်တိုင်တော့ အသုံးဝင်တာတွေ အများကြီးရှိပါတယ်။ လေ့လာတဲ့ အရာအားလုံးဟာ အသုံးမဝင်ဘူး ဆိုတာ မဖြစ်ခဲ့တာ မရှိပါဘူး။ အားလုံးကို ကျေနပ်ပါတယ်။

ကိုတိုးရဲ့ portfolio က အရမ်းကောင်းတာ တွေ့ရပါတယ်။ ကိုယ်ပိုင် Site Template နဲ့ ကိုယ်ပိုင် Works တွေကို စနစ်တကျ ပြထားသလို ကိုယ်နဲ့ ဆက်သွယ်လို့ ရမယ့် အရာတွေ အားလုံး ထည့်ထာတာ တွေ့ရပါတယ်။ portfolio site တစ်ခုရဲ့ မရှိမဖြစ် feature တွေက ဘာတွေပါလဲ။ အဲဒီလို Portfolio တွေကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်ပါသလဲ။

လတ်တလော Web Site ကတော့ တကယ် Final Version မဟုတ်ပါဘူး။ ကျွန်တော့်မှာ အလုပ် မအားတာတွေ များတာနဲ့ တစ်ချို့ဟာတွေဟာ တစ်ဝက်တပျက် လောက်ပါပဲ။ Portfolio ဟာ အသုံးဝင်ပါတယ်။ ကိုယ်လုပ်ထားသမျှ ကိုယ့်အရည်အချင်း တိုင်းဟာ Portfolio မှာ သွားထင်ဟပ် နေပါတယ်။ Designer တစ်ယောက်ရဲ့ အရည်အချင်းဟာ သူ့ရဲ့ Portfolio မှာ သွားကြည့်လို့ရပါတယ်။ Outsourcing တို့ ရုံးအလုပ်တွေကိုတော့ Privacy အဖြစ် လုံးလုံး ပြမထားပါဘူး။ အဲဒီအတွက်တော့ သိပ်ဘဝင်မကျ ပေမယ့် အလုပ်နဲ့ ပတ်သက်လို့ Requirement တွေရှိလာခဲ့ရင်တော့ အိပ်သွန်ဖာမှောက် ပြဖြစ်ပါတယ်။ “ငါ ဒီရဲ့ နောက်ကွယ်မှာ ဒါတွေ လုပ်ထားတယ် ဒါတွေလုပ်နေတယ်” ဆိုတာ အမြဲ လိုလိုတော့ ပြဖြစ်တာ များခဲ့ပါတယ်။

Portfolio က ထားသင့်ပါတယ်။ Portfolio မှာ အဓိကက Quantity ထက် Quality ကောင်းတဲ့ အရာတွေပဲ ထားသင့်တယ်။ ဥပမာ ကျွန်တော် ဖန်တီး ပေးထားတဲ့ Company တွေအတွက် Logo တွေကြောင့် Logo အလုပ် တော်တော် များများရပါတယ်။ နောက်ပြီး Illustrator နဲ့ ဖန်တီးထားတဲ့ ပုံတူတွေဟာ ကိုယ့်ရဲ့ အနုပညာရော Software ကိုသုံးတတ်တဲ့ နည်းပညာ အရည်အချင်း ဘယ်လောက် ပြထားသလဲ ဆိုတာ အခြား Designer တစ်ယောက် လာကြည့်တိုင်း သိနိုင်ပါတယ်။ သာမန် လူတစ်ယောက်ကတော့ “တူတယ်” ဆိုတာပဲ ကောက်ချက်ပေးတာ များပါတယ်။ ဒီအတွက် ကျွန်တော် ဘာမှ စိတ်ခံစားချက် မရှိပါဘူး။ သူတို့ဟာ “တူတယ်” ဆိုတာပဲ သိတာပါ။ ကျန်တဲ့ နောက်ကွယ်မှာ နည်းပညာတွေ အနုပညာတွေနဲ့ ပတ်သက်ပြီး ဒီလိုတွေ ရှိခဲ့တယ် ဆိုတာ မသိပါဘူး။ Designer တစ်ယောက်အနေနဲ့ လာကြည့်ရင်တော့ “သူ ဒီလောက်ကို ဆွဲထားပါလား .. Illustrator နဲ့ ဒီလောက်ထိ ဖန်တီးထားနိုင်ပါလား” ဆိုတာကို Comment တွေ သို့မဟုတ် မိတ်ဆက်စာတွေကနေ စာတွေရတိုင်း ပီတိဖြစ်မိတာ အမှန်ပါ။ ဒါက ကိုယ့်အရည်အချင်းကို မှတ်ကျောက်တင် ခံရတာ ဆိုတာမျိုးပါ။ အဲဒီတော့ Portfolio တစ်ခုမှာ လူတိုင်း လုပ်နေကျ သမာရိုးကျ အရာတွေထက် တကယ့် Quality ကောင်းတဲ့ အရာတွေတော့ တင်သင့်ပါတယ်။

Photoshop လောက်တတ်ပြီး “ကျွန်တော် Designer” ပါဆိုတဲ့ လူတွေ ကျွန်တော် အများကြီး တွေ့ဖူးပါတယ်။ သာမန် ရက်အတိုတွင်းမှာ လူတိုင်း တတ်မြောက်နိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် အခုန ကျွန်တော် ပြောခဲ့တဲ့ “ကျွန်တော် Designer” ပါဆိုတာရဲ့ နောက်ကွယ်မှာ ကိုယ်ဘယ်လောက်ထိ Quality ကောင်းတဲ့ Graphic Design တွေ UI Design တွေ Logo Design တွေ Artistic Design တွေ ဘယ်လောက် လုပ်ထားခဲ့သလဲ ဆိုတာ မူတည်ပါတယ်။

Portfolio မှာလည်း Trend အရကြည့်ရင်တော့ ဒီနှစ်လုပ်ခဲ့တဲ့ Design တစ်ခုဟာ နောင် ၂ နှစ် သုံးနှစ်လောက်မှာ အဲဒီ Portfolio ထဲမှာ ပြန်သွား ကြည့်ရင်တော့ တစ်မျိုးခံစားရမယ်။ ဥပမာ ခေတ်မမှီ တော့ဘူးလား သို့မဟုတ် အခြား လိုအပ်ချက်တွေ ရှိကောင်းရှိလိမ့်မယ်။ Software ပိုင်းမှာလည်း အတူတူပါပဲ။ ဒါပေမယ့် အဲဒီခေတ် အဲဒီကာလရဲ့ တန်ဖိုးနဲ့ ပြန်လည် သုံးသပ်ရင်တော့ အဲဒီ ဖန်တီးမှုဟာ အကောင်းဆုံး ဖြစ်နေရင် အဲဒီ Portfolio က ကြည့်ရတာ အရမ်းကောင်းတာကို တွေ့ရမယ်။ တန်ဖိုးရှိတာပေါ့။ ဥပမာ ပြောရရင် Phone Design တွေ Motor Car ဒီဇိုင်းတွေပါ။ အဲဒီ Designer တွေရဲ့ Portfolio တွေကို သူ့ရဲ့ ခေတ်အလိုက် ကြည့်ရင် ဒီ Designer တွေ အဲဒီ ခေတ်အခါက အဲဒီလို လက်ရာမြောက်အောင် လုပ်ခဲ့ပါလား ဆိုတဲ့ တန်ဖိုးထားပြီး ကြည့်သင့်တယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အကောင်းဆုံး Nokia ရဲ့ Phone Design ဟာ ယနေ့ခေတ် Design နဲ့ ယှဉ်ကြည့်ရင်တော့ မကောင်းဘူး ဆိုတာ ဝေဖန်ပြီး မပြောသင့်ဘူး။

အဲဒါကြောင့် Portfolio ထားရင် သေချာ Date သို့မဟုတ် Year နဲ့ ထားသင့်တယ်။ ဒါမှ ကြည့်တဲ့သူက တန်ဖိုးနားလည်မယ်။ နောက်ပြီး ကိုယ်လုပ်ထားတဲ့ Design တစ်ခုဖြစ်ဖြစ် Software တစ်ခုခုဖြစ်ဖြစ် UI တစ်ခုဖြစ်ဖြစ် ကျန်တဲ့ လက်ရှိအခြေအနေမှာ ရှိတဲ့ အခြားလူ ဖန်တီးထားတာနဲ့ ရဲရဲကြီး ယှဉ်ရဲနိုင်လေလေ ကိုယ့်ရဲ့ Quality တက်လေလေပါပဲ။ အဲဒါကြောင့် Portfolio မှာ အဓိက တန်းဝင်နေတဲ့ အရာတွေပဲ Quality အဖြစ် ပြထားသင့်ပါတယ်။

ဆက်ပါဦးမယ် …

Facebook comments:

10 Responses

  1. everlearner says:

    မေးတဲ့သူကိုရော ဖြေတဲ့သူကိုပါ ကျေးဇူးတင်ပါတယ်… ကိုမျိုးဟန်ထွန်းတို့ ညီအကို ရေးထားတဲ့ Typing Tutor ဆော့ဖ်ဝဲကို ကျွန်တော်လည်း သုံးဖူးတယ်ဗျ… အဲဒီအချိန်တုန်းကတော့ ဘယ်သူတွေ ရေးထားမှန်း မသိပေမယ့် ဪ တို့မြန်မာမှာလည်း ဒီလို လုပ်နိုင်တဲ့သူတွေ ရှိသေးတာပဲ ဆိုပြီး အားကျလေးစားခဲ့ရတာ အမှန်ပါ… ကိုသီဟရော ကိုမျိုးဟန်ထွန်းတို့ ညီအကိုတွေပါ အခုထက် ပိုပြီး အောင်မြင်ကြပါစေဗျာ… :)

    • Thiha says:

      ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ …

    • MYO HAN HTUN says:

      ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ မှန်တော့ မှန်တယ် .. သူ့ခေတ် သူ့အခါနဲ့ ကြည့်ရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း ပီတိ ဖြစ်မိတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို UI ပိုင်းရော Software Engineering ပိုင်းတွေမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့တာမို့ နောက်နောင်မှာဆို အကောင်းဆုံးတစ်ခု မဟုတ်တောင် အားနည်းချက်တွေကို ဖြည့်စည်းပေးမယ့် အရာတွေ ဖြစ်လာမယ်လို့ ယုံပါတယ်။

  2. မောင်ချင်း says:

    ခုလို လေးစားစရာ အကို တွေ အကြောင်းပြောပြပေးလို ့ ကျေးဇူးအရမ်းတင်ပါတယ် .. ကျန်တဲ ့အပို်င်းတွေကို ဆက်လက်တင်ပြသွားမယ် လို ့ ယုံကြည်ပါတယ် .. ဆက်ပြီး လဲ ဖတ်ရှုနေပါဦးမယ်ခင်ဗျာ ………

    • Thiha says:

      ကျေးဇူးတင်ပါတယ်ခင်ဗျ … ခုလိုအားပေးတာ … ကိုတိုးရေ … ကျွန်တော်သိချင်တာ Inspiration ဗျ …. Inspiration ဗျနော် …

      • MYO HAN HTUN says:

        ဟုတ်ကဲ့ .. ကျွန်တော် ရေးနေပါတယ် .. နည်းနည်းလေးတော့ အချိန်ပေးပါ။ ဒီရက်ပိုင်း အလုပ်တွေနဲ့ ရွာလည်နေလို့ပါ။

  3. MelodyMaung says:

    Appreciate for all of myanmar-tutorials’s impressive interview Q&A! Cheers

  4. san win says:

    ကောင်းပါတယ်.. အင်တာဗျူး ဆိုတာ ခေါ်တာချင်းတူပေမယ့်.. နည်းပညာသမားကို နည်းပညာ သိတဲ့ လူက ဗျူးမှ ဂနသေချာ ဖတ်ရ အဆင်ပြေတာပါ.. အောင်မြင်ပါစေ။

  5. sawmyintsoeaung says:

    တစ်ခြားပို့စ်တွေအားလုံး ကောင်မွန်စွာဖတ်လို့ရပေမယ့် ဒီကိုမျိုးဟန်ထွန်း အင်တာဗျူး ပို့စ်ကျမှ ဖတ်လို့အဆင်မပြေဘူးဖြစ်နေတယ် ကိုသီဟရေ ဘာဖောင့်နဲ့ချိန်းပြီးဖတ်ရင်အဆင်ပြေမလဲ ကိုသီဟရေ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဦး။မြန်မာကျူတိုရီ ၀က်ဆိုက်လေး ထဝရရပ်တည်နိုင်ပါစေ။

Leave a comment


*