Interview with Ko Zaw Min Soe
ကိုဇော်မင်းစိုးက ကျွန်တော်တို့ Myanmar Tutorials ရဲ့ Main Contributor တစ်ဦးဖြစ်သလို .NET Platform နဲ့ ပတ်သက်ပြီး စာတွေရေးနေတာရှိသလို Myanmar Tutorials မှာ ရွှေရိုး၊ My Collections ဆိုတဲ့ Product တွေ ထုတ်ထားတဲ့ သူဖြစ်ပါတယ်။ အဲဒီတော့ Myanmar Tutorials မှာ အထူးမိတ်ဆက် ပေးနေစရာ မလိုတော့ဘူးထင်ပါတယ်။
ကျွန်တော် ပထမဦးဆုံးမေးလိုတာက ကျွန်တော်တို့ Myanmar Tutorials ရဲ့ ထုံးစံမေးခွန်း တစ်ခုဖြစ်တဲ့ အိုင်တီ နယ်ပယ်ထဲကို ဘယ်လို ဝင်ရောက်ဖြစ်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ကျွန်တော် အိုင်တီနယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာကတော့ ၂၀၀၉ ဒီဇင်ဘာလ ကပဲဖြစ်ပါတယ်။ ဆယ်တန်းပြီးတော့လို့လည်း ဆိုလို့ရပါတယ်။ ဆယ်တန်းပြီးတော့ ဘာမှလုပ်စရာမရှိတာ ခြောက်လလောက်ကြာတယ်။ အဲ့ဒီနောက်မှာ သူငယ်ချင်း တစ်ယောက်က သူ A+ Hardware တက်မယ်ဆိုပြီးတော့ လာခေါ်တယ်။ အဲ့ဒီကနေ Hardware ကိုတက်ဖြစ်တယ်။ တက်နေတုန်းမှာပဲ သူများတွေရဲ့စက် တစ်ခုခု ဖြစ်ရင် Windows တင်တာတို့ ဘာတို့ကို အလကား လိုက်လုပ်ပေးတယ်။
အဲ့ဒီလို Hardware ကိုလုပ်နေတုန်း.. သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားတော့ HTML File လေးကို သူကဖွင့်ပြတယ်။ သူ့ ကွန်ပျူတာကျောင်းက သူငယ်ချင်း လုပ်ပေးသွားတာတဲ့။ အဲ့ဒီတုန်းက DeathNote ခေတ်စားနေတာ ဆိုတော့ DeathNote ထဲက မင်းသားတွေကို HTML နဲ့ ပုံဖော်ထားတာ တွေ့တော့ တော်တော် ကြိုက်သွားတယ်။
အဲ့ဒါနဲ့ သူ့ကိုမေးလိုက်တော့ အဲ့ဒါကို လုပ်တဲ့ နည်းပညာက HTML လို့ခေါ်တယ်ဆိုတာကို သိလိုက်ရတယ်။ ဒါနဲ့ Hardware ကိုလုပ်နေတုန်းမှာ HTML ဆိုတာ ဘာကြီးလဲဆိုပြီးတော့ လေ့လာကြည့်လိုက်တယ်။ လေ့လာကြည့်လိုက်တော့ အဲ့ဒီမှာ HTML ကို တော်တော် ကြိုက်သွားတယ်။ အဲ့ဒီမှာ စပြီးတော့ Web ပိုင်းကိုနည်းနည်းစိတ်ဝင်စားလာတယ်။ဒါနဲ့ဘဲ Hardware ကိုဆက်လုပ်နေရင်း Web ပိုင်းကဟာတွေကို ဆက်လေ့လာဖြစ်တယ်။ HTML CSS Javascript .. စတာတွေပေါ့…အဲ့ဒါတွေလေ့လာတော့ Web ပိုင်းကို တော်တော် ကြိုက်လာတယ်။ အဲ့ဒီတုန်းက CMS , .Net , Java …. စတာတွေ ဘာတွေ ရှိတာလဲမသိသေးဘူး။ ကုန်ကုန်ပြောရရင် ကွန်ပျူတာ လောကမှာ ခေတ်စားနေတဲ့ အရာတွေနဲ့ တော်တော်လေး အလှမ်းဝေးနေသေးတယ်…။ ကွန်ပျူတာနဲ့တော့ အလှမ်းမဝေးပါဘူး။
ကျွန်တော်က ခြောက်တန်း ကတည်း ကွန်ပျူတာနဲ့စတင် ထိတွေ့ခဲ့တာဆိုတော့ အဆင်ပြေပြေ ကိုင်တွယ်နိုင်ပါတယ်။
ဒီလိုနဲ့ Hardware လုပ်နေတုန်းမှာ Web ပိုင်းကို စိတ်ဝင်စားတဲ့အတွက်ကြောင့် HTML,CSS,JS တွေနဲ့မရေးတတ် ရေးတတ်နဲ့ မျိုးစုံအောင် ရေးခဲ့ပါတယ်။ အဲ့ဒီလို လုပ်ခဲ့ခြင်း အကျိုးကြောင့်လည်း အခုအချိန်မှာ HTML,CSS,JS တွေကို ကောင်းကောင်း သိနေတာဖြစ်ပါတယ်။
အဲ့ဒီအချိန်က Online ပေါ်မှာတင်ထားတဲ့ Website တွေကိုလိုက်ကြည့်လိုက်ရင် အားလုံးကို သူတို့က HTML CSS JS တွေနဲ့ပဲ ရေးထားတယ်လို့ ထင်ခဲ့ပါတယ်။ တော်တော် တော်တဲ့လူတွေပါလား ဆိုပြီးတော့ အထင်ကြီးခဲ့တာ… ဘယ်နှယ့် ကျွန်တော့်မှာ Action တစ်ခုဖြစ်ဖို့အရေးကို JS နဲ့မနည်းကြီးကိုရေးနေရတာဆိုတော့ သူတို့တွေက Register တွေကော Comment တွေကော ပါတယ်ဆိုတော့… ဟ..ဒီလူတွေဘယ်လိုများ ရေးထားကြတာတုန်းဆိုပြီးတော့ တော်တော် အထင်ကြီးခဲ့တယ်။ အခုချိန်မှာ အဲ့ဒီလို အရင်ကဟာတွေကို ပြန်တွေးကြည့်ရင်တော့ ငါတော်တော် ပိန်းတဲ့ ကောင်ပါလားဆိုပြီးတော့ တွေးပြီးတော့ ပြုံးနေမိတယ်။
အခုအခြေအနေနဲ့က တော်တော်လေး ကွာခြားသွားပါပြီ။ အဲ့ဒီလိုလုပ်ခဲ့လို့လည်း အခုဒီအခြေအနေထိ ရောက်နေတာပေါ့။ နောက်တော့ ဘယ်ဟုတ်မလဲ သူတို့သုံးနေတာက CMS တွေဆိုတာကို သိသွားတယ်။ အဲ့ဒါနဲ့ Hardware ကိုလုပ်ပြီးသွားတော့ စက်ပြင်ရင်းနဲ့ ၅လ လောက် ကျင်လည်ခဲ့သေးတယ်… အဲ့ဒီအချိန်တုန်းကလည်း အလကားပဲ လိုက်ပြင်ပေးတာ… အသိတွေကိုး။ နောက်တော့ အကြောင်းတစ်ခုကြောင့် Hardwareကို လုံး၀မလုပ်ချင်တော့ဘူး။ အဲ့ဒါနဲ့ အဲ့ဒီတုန်းကလည်း Network တွေကခေတ်စားနေတာဆိုတော့ Network လိုင်းကိုလိုက်ပြန်ရော။ Networkလိုင်းကို လိုက်နေရင်း ဘာကိုသွားသတိထားမိသလဲဆိုတော့ Network ပိုင်းမှာ တော်တော် ပါရမီ နည်းတာကို သတိထားမိတယ်။ တွက်ရချက်ရတာ တွေဆိုရင် ဘာမှကို မလုပ်တတ်တော့ဘူး။ ဒီတော့ နောက်ဆုံးတော့ Programming ဘက်ကိုပဲလိုက်တော့မယ်ဆိုပြီးတော့ .Net ဘက်ကို တောက်လျောက်ပဲ လိုက်ဖြစ်တော့ပါတယ်။ .Net မလိုက်ခင်တုန်းကလည်း Java ကိုအရင်လုပ်မလို့… သွားမေးတော့ Java Exam တွေက မြန်မာနိုင်ငံမှာ ဖြေလို့မရဘူးဆိုလို့ .Net ကို လိုက်လိုက်တာလည်းပါပါတယ်။ .Net ကစာမေးပွဲတွေက မြန်မာနိုင်ငံမှာ ဖြေလို့ရတဲ့အတွက်ကြောင့် လိုက်ခဲ့တာလည်း ပါပါတယ်။ Microsoft စာမေးပွဲတွေကို ဖြေထားရင် နိုင်ငံခြားသွားရင် အလုပ်အကိုင်အခွင့်အလမ်း ပိုများတယ်ဆိုလို့ .Net ပိုင်းကိုပဲ လိုက်ခဲ့တာပါ။
အစက တော့ဘာမှမသိဘူး။ နောက်တော့မှ .Net ကလိုက်ရင်းလိုက်ရင်းနဲ့ တော်တော်ကြိုက်လာတယ်။
လိုင်းကတော့ အစုံပဲလို့ ပြောလို့ရတယ်။ ဒီလိုပါပဲ…မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ်ကို မရောက်ခင် ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့…လျောက်သွားပြီးတော့မှာ နောက်ဆုံးကိုယ်နဲ့ အဆင်ပြေ အကိုက်ညီဆုံးကို တွေ့ကြတာပါပဲ။ အဲ့ဒီလို မလုပ်ဘဲနဲ့ ထိုင်နေပြီးတော့ အချိန်တန်ရင် ငါဘာလုပ်ရမယ်ဆိုတာ အလိုလို ပေါ်လာမယ်လို့ ထင်နေရင်တော့ အဲ့ဒါ လုံး၀မှားယွင်းနေတယ်လို့ ကျွန်တော် ဆိုလိုချင်ပါတယ်။ အဓိက က ကွန်ပျူတာ လောက မှာတစ်ယူသန် အစွဲအလမ်းတွေကို မထားနဲ့လို့ ဆိုလိုချင်ပါတယ်။ ဥပမာ သင်တန်းကိစ္စနဲ့ ပြောမယ်ဆိုရင် ဆယ်တန်းအောင် ထားတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တို့ အခုဖတ်နေတဲ့ C#.Net တို့ ASP.Net တို့စာအုပ်ကြီးကို ရော့..အင့်..မင်းဒါတွေကို ကိုယ့်ဘာသာကိုယ် ဖတ်ပြီးတော့ လျောက်လုပ်ကြည့်… ဆိုရင်တော့ အဲ့ဒီကလေးက အချိန်တွေသာ ကုန်သွားမယ်… မှန်ကန်တဲ့ နည်းပညာနဲ့ အတွေးအခေါ်တွေက ထွက်လာမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် အခြေခံလောက်ကို တော့ တတ်နိုင်ရင် သင်တန်းယူလိုက်ပါ။ သင်တန်းယူပြီးလို့ Level တစ်ခုလောက်ရောက်သွားရင် တော့ Self-Study ကိုသာလုပ်ပါလို့ အကြံပေးချင်ပါတယ်။ တန်းပြီးတော့ ငါက Self-Study ကောင်းလို့ Self-Study သာ လုပ်နေမယ်ဆိုရင်တော့ အချိန်ကုန် လူပင်ပန်းဖြစ်ပါလိမ့်မယ်။
မြန်မာစကားပုံတောင် ရှိပါသေးတယ်။ “ ဆရာ မပြ နည်းမကျ “ ဆိုပြီးတော့လည်းရှိပါတယ်။ သင်တန်းကြီးပဲလည်း အားလုံး လိုက်တက်နေစရာမလိုပါဘူး။ တက်နေရင်လည်း ဘယ်တော့မှ ပြီးတော့မှာမဟုတ်ပါဘူး။ ကျွန်တော်ရေးခဲ့တဲ့ Shweyoe နဲ့ My-Collections ကလည်းသင်တန်းတွေက သင်ပေးထားတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကို လေ့လာပြီးတော့ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး ကိုယ့်ဘာသာကို လေ့လာနိုင်စွမ်း ရှိလာတဲ့အထိတော့ သင်တန်းကိုယူလိုက်ပါ။ ပြီးမှာသာ ကိုယ့်ဘာသာကို ကြိုးစားပြီးလေ့လာပါလို့အကြံပေးချင်ပါတယ်။
.NET Platform ဖက်ကို ရွေးချယ်ဖြစ်ခဲ့ပုံလေး သိချင်ပါတယ်။ အဲဒီ Platform ဖက်မှာလဲ Desktop Platform နဲ့ Web Platform ဆိုပြီး နှစ်ခုရှိတဲ့အတွက် နောက်အနာဂတ်မှာ ဘယ်အပိုင်းကို အဓိကထား လေ့လာဖြစ်မလဲဆိုတာ သိချင်ပါတယ်။ အဲဒီအပြင် Desktop Application တွေနဲ့ပတ်သက်တဲ့ အလားအလာ၊ Web Application တွေရဲ့အလားအလာ တွေကို သိချင်ပါတယ်။
.Net Platform ကိုဘယ်လိုရွေးချယ်ခဲ့သလဲ ဆိုတာကတော့ ကျွန်တော်အပေါ်မှာပြောခဲ့သလိုပါပဲ။ အဲ့ဒီတုန်းကတော့ စာမေးပွဲဖြေချင်စိတ် ရှိနေတာနဲ့ ရွေးချယ်ဖြစ်သွားတယ်လို့ဆိုရပါမယ်။ အခုတော့ MCPD အထိဖြေပြီးသွားပါပြီ။ နောက်မှသာ .Net ကိုဆက်လေ့လာရင်းနဲ့ဘဲ အရမ်းကို ကြိုက်သွားတာပါ။ သူကတော်တော် Powerful ဖြစ်တယ်လို့ ဆိုရမယ်။ သူမလုပ်နိုင်တာ ဘာမှမရှိသလောက်ပဲ။ အဲ့ဒါတွေကို လေ့လာရင်းနဲ့ သိခဲ့ရတဲ့ အတွက်ကြောင့် နောက်ပိုင်းမှာ .Net နဲ့ပက်သက်တဲ့လိုင်းကိုပဲ တောက်လျောက်လိုက်ခဲ့ပါတယ်။
.Net ဘက်မှာဘဲ ယေဘုယျ ပြောရရင် နှစ်ပိုင်းရှိပါတယ်။ Desktop နဲ့ Web ဆိုပြီးတော့ပါ။ အဲ့ဒီနှစ်ပိုင်းမှာကတော့ နောက်အနာဂတ်မှာ ကျွန်တော့်အမြင်ပြောရရင်တော့ Web ပိုင်းကိုအဓိက ထား လေ့လာဖြစ်မယ်လို့ထင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အခုနောက်ပိုင်းမှာက ကွန်ပျူလောကမှာ သွားနေတဲ့ လမ်းကြောင်းက Web နဲ့ Mobile ပိုင်းကို သွားနေတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း Mobile Devices တွေကလည်း Desktop နီးပါးတောင် အလုပ်လုပ် လာနိုင်ပြီလို့ ဆိုလို့ရပါတယ်။ Tablet တွေဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက Desktop Computer နီးနီး လောက်တောင်လုပ်ဆောင်နိုင်လာတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ Web အပိုင်းနဲ့ ပြောရရမယ်ဆိုရင်တော့ ကျွန်တော့်အထင်တော့ နောက်ပိုင်းမှာ Desktop Application တွေကို Web ပေါ်မှာတင် Desktop ကပုံစံအတိုင်း အလုပ်လုပ်နိုင်လာမယ်လို့ ထင်ပါတယ်။ အခုတောင် Photoshop ကိုတောင် Web ပေါ်မှာ Desktop အတိုင်း သုံးလို့ရနေပြီလို့ ကြားပါတယ်။ နောက်ပိုင်းမှာလည်း Browser တစ်ခုရှိရုံနဲ့ အားလုံးကို Web ပေါ်မှာဘဲအလုပ်လုပ် နိုင်တဲ့အထိ ဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။ OS ကြီး တစ်ခုလုံးကိုတောင် Web ပေါ်မှာ Run နိုင်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကွန်နက်ရှင် နဲ့ဆိုရင်တော့ Desktop Applications ကသာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်။ 8kb နှုန်းနဲ့ကတော့ ဘယ်လိုမှ စောစောက ပြောသလို Run နိုင်မှာမဟုတ်ပါဘူး။ အကယ်၍ Web ပေါ်မှာ စောစောကပြောသလို Run နိုင်ခဲ့ရင်တော့ မြန်မာနိုင်ငံက သုံးနိုင်မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံလည်း ဒီထက် အများကြီး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက Web အတွက် Cloud နည်းပညာက အခုနောက်ပိုင်းမှာ အရမ်း ခေတ်စားလာတဲ့ အတွက်ကြောင့် နောက်ပိုင်းမှာ Desktop Application တွေရဲ့အလားအလာ ကတော့မှေးမှိန်သွားမယ်လို့ ထင်ပါတယ်။
MyCollection ကို စဖြစ်ခဲ့ကြပုံလေးကို ကျွန်တော် မှတ်မိသေးတယ်ဗျ။ ကျွန်တော်သုံးနေတဲ့ Mac မှာ Code Collection လုပ်နိုင်တဲ့ App လေးတစ်ခုရှိတယ်။ အဲဒီလိုမျိုး Windows ဖက်မှာ မရှိသေးဘူး ဆိုတာကနေစပြီး ကိုဇော်မင်းစိုးကလည်း လိုနေတာနဲ့ စဖြစ်ကြတယ်ပေါ့ဗျာ။ အဓိက ပြောချင်တာက ကျွန်တော်တို့မှာ Desktop Application ပိုင်းမှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ အိုင်ဒီယာတွေ အများကြီး ကျန်နေသေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီတော့ ရွှေရိုးကို ရေးဖြစ်ခဲ့ပုံ၊ MyCollections ကို အဆင့်ဆင့် တည်ဆောက်ခဲ့ပုံတွေ သိချင်ပါတယ်။
ဟုတ်တယ်ဗျ။ အဲ့ဒီတုန်းကလည်း ကျွန်တော်ကလည်း မှတ်တဲ့ Software လေးတွေကိုရေးချင်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က Website တွေကိုမွှေနှောက်တတ်တဲ့ အကျင့်ရှိတယ်။ အဲ့ဒီမှာဘာသွားဖြစ်သလဲဆိုတော့ ကျွန်တော် သွားမိခဲ့တဲ့ Website တွေထဲမှာ အရေးကြီးတဲ့ Website Links တွေကို Notepad နဲ့မှတ်မှတ်ထားတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါမှာ အဲ့ဒီအရေးကြီးတဲ့ Links တွေကိုပြန်ရှာချင်တယ်ဆိုရင် ဘယ်မှာမှ ရှာလို့မတွေ့တော့ဘူး။ဒီတော့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်တာပေါ့ဗျာ.. ပြန်ရှာရတာပေါ့။ အဲ့ဒါကတစ်ချက်အပါအဝင်ပေါ့။ နောက်ပြီးတော့ ကျွန်တော် ASP.Net နဲ့ Website တွေရေးရင်လည်း မှတ်ရတာက များတဲ့အတွက်ကြောင့် တစ်ခါတစ်လေမှာ ကိုယ်အသုံးများတဲ့ Codes လေးတွေကမေ့မေ့သွားတယ်ဗျ။ ASP.Net တင်မဟုတ်ပါဘူး။ Windows Form ရေးရင်လည်း ဒီလိုပါဘဲ။ သိတဲ့အတိုင်းဘဲဗျာ။ ကွန်ပျူတာ ဆိုတာက မှတ်ရတာ နည်းတာမှမဟုတ်တာ။ SQL Syntax တွေကော… Logic တွေကော…. စသဖြင့်ပေါ့ဗျာ… ဒီတော့ လူပဲ ကြာရင်မေ့တာပေါ့။ အဲ့ဒါလည်း တစ်ချက်အပါအဝင်ပေါ့။
နောက်တစ်ချက် ကအဲ့ဒီလို Software က Mac ဘက်မှာ ကောင်းကောင်းရှိတယ်။ Windows အတွက်က ကောင်းကောင်း မရှိတာလည်းပါတယ်။ တစ်နေ့ Morris နဲ့စကားပြောဖြစ်တော့လည်း သူကပြောတယ် အဲ့ဒီလို Codes လေးတွေကိုမှတ်ပေးတဲ့ Software လေးရှိရင် ကောင်းမယ်ဆိုပြီးတော့ ပြောတယ်။ ဒီတော့ အားလုံးကလည်း ဒီလိုမျိုးလေးတွေကို လိုချင်နေကြတာဆိုတော့ ကျွန်တော်လည်း တတ်နိုင်သလောက် ရေးကြည့်ပေးမယ်ဆိုပြီးတော့ ရေးကြည့်ရင်းနဲ့ နောက်ဆုံး My-Collections ဆိုပြီးတော့ဖြစ်လာတာပါ။ Free လည်းပေးထားတဲ့အတွက်ကြောင့် အသုံးပြုနေတဲ့သူတွေ ဆီကပြန်ကြားရတာကတော့ သူတို့သုံးရတာ အရမ်းအဆင်ပြေတယ်ဆိုတာကို သိရတဲ့ ကျွန်တော် ရေးပေးရကျိုးနပ်တယ်လို့ဆိုရပါမယ်။
My-Collections ကိုဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတော့ အရင်ဆုံး အသုံးပြုချင်တဲ့သူတွေဆီကနေ သူတို့ဘယ်လို လိုချင်တယ်ဆိုတာကို မေးပါတယ်။ သူတို့ လိုချင်တဲ့ပုံစံကို ဖြစ်မဖြစ် အင်တာနက် မှာ ရှာကြည့်ပါတယ်။ ဖြစ်တယ်ဆိုတော့ မှ အားလုံးကို အရင်ဆုံး Frame တွေချပြီးတော့မှ စဉ်းစားကြည့်ပါတယ်။ Program စမရေးခင် ခေါင်းထဲမှာ နောက်ဆုံး Product ထွက်လာတဲ့အထိ ကို အရင်ဆုံး အတွေးနဲ့တွေးထားပါတယ်။ အဲ့ဒီအတွက်ကြောင့်ဘာ အကျိုးရသလဲဆိုတော့ နောက်ဆုံးထွက်လာတဲ့ Product မှာအမှားအယွင်းကင်းသွားပါတယ်။ ကိုယ့်ခေါင်းထဲမှာ အားလုံးပြီးစီး သွားပြီဆိုတော့မှ Coding ပိုင်းကို စကိုင်ပါတယ်။ အမှန်အတယ်က ဒါက Project ကသေးလို့ပါ။ ကြီးတဲ့ဟာတွေဆိုရင်တော့ UML တွေနဲ့သေချာဆွဲပါတယ်။
အဲ့ဒီလိုအဆင့်ဆင့် တွေးပြီးတော့မှ ရေးခဲ့တာပါ။ Coding ရေးတာကမကြာပါဘူး။ အားလုံး အချောသတ်အထိ ၂ ပတ်လောက်ပဲကြာတယ်။ ဒါတောင် Design ကကိုယ့်ဘာသာ ကိုယ်ချနေလို့။ အချိန် နည်းနည်းကြာသွားတာက Syntax highlighting ဘက်မှာ တစ်ပတ်လောက်တော့ ကြာသွားတယ်။ ဘာကြောင့်လဲဆိုတော့ Data တွေအတွက်က ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး.. ကျွန်တော် ကောင်းကောင်း တတ်ပေမဲ့ အရောင်လေးတွေ ခြယ်ဖို့ကျတော့ ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး။
ဒီတော့ မရေးခင် လိုက်ရှာကြည့်ပါတယ်။လိုက်ရှာကြည့်တော့ ကိုသန့်သက်ခင်ဇော် ပြောတဲ့ ScintillaNET ကိုတွေ့ပါတယ်။ သူ့ကိုပထမ သုံးကြည့်ပါတယ်။ သိပ်မကြိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာဖောင့်က အရောင်လေးတွေနဲ့ အဆင်မပြေပါဘူး။ မြန်မာဖောင့် ကိုထည့်လိုက်ရင် အရောင်တွေ ပျောက်သွားပါတယ်။ ဒီတော့ နောက်ထပ်ထပ်ရှာကြည့်လိုက်တော့ ICSharp TextEditor ကိုတွေ့ပါတယ်။ သူ့ကိုသုံးကြည့်လိုက်တော့ ပိုတောင် ဆိုးသွားပါတယ်။ မြန်မာ ဖောင့်ကို ပေါ်ကို မလာတော့တာပါ။ ဒီတော့ စောစော ScintillaNET ကိုဘဲ ပြောင်းသုံးလိုက်ပါတယ်။ အဲ့ဒီမှာကြတော့ မြန်မာဖောင့်ကို မပေါ်ပေါ်အောင် အတင်း လုပ်ယူထားပါတယ်။ ScintillaNET အကြောင်းကို သိချင်တယ်ဆိုရင်တော့ http://scintillanet.codeplex.com/ မှာသွားရောက် လေ့လာနိုင်ပါတယ်။ အဲ့ဒီ အရောင်းလေးတွေကို ကိုယ့်ဘာသာကိုယ် xml နဲ့ရေးမယ်ဆိုရင်ရပါတယ်။ ဒါပေမဲ့ အချိန်အရမ်းကုန်ပါတယ်။ လူလည်းပင်ပန်းတဲ့ အတွက်ကြောင့် Plugin လေးဘဲ သုံးလိုက်တော့ပါတယ်။ ရေးတုန်းကတော့ ရေးလိုက် Error တက်လိုက်… အင်တာနက်မှာ လိုက်ရှာလိုက်နဲ့… ဒီလိုပဲရေးခဲ့တာပါ။
အရမ်းကြီး ခက်သလားဆိုတော့ မခက်ပါဘူး။ လွယ်သလား ဆိုတော့လည်း မလွယ်ပါဘူး။ အားလုံး ပြီးစီးသွားဖို့ကတော့ တစ်လကြာပါတယ်။ Testing လုပ်တဲ့အခါမှာလည်း အချိန် တစ်ပတ်လောက် ပေးပြီးတော့ စမ်းထားပါတယ်။ စက်ပေါင်းစုံ… လူပေါင်းစုံနဲ့ စမ်းထားတဲ့အတွက်ကြောင့် ထုတ်လိုက်တဲ့အခါမှာလည်း Bugs တွေသိပ်မတွေ့ရတော့ပါဘူး။ အခုထိတော့ Bug ကို ပြန်ပို့ပေးတဲ့လူ မရှိသေးပါဘူး။
နောက်ပိုင်းမှာ Upgrade လုပ်ရင်တော့ ပြင်စရာတွေရှိပါတယ်။ အခုကတော့ ရွှေရိုး အကြောင်းကို ဆက်ပြောသွားပါမယ်။
ရွှေရိုး လုပ်လိုက်တဲ့ အကြောင်းက တခြားမဟုတ်ပါဘူး.. အဲ့ဒီမှာပြောထားသလို Windows မှာ Dictionary တွေထဲမှာ စိတ်တိုင်းမကျလို့ ကိုယ့်ဘာသာကို သုံးချင်လို့ ကိုယ့်ဘာသာ ကိုယ်ရေးလိုက်တာပါ။ ထုတ်ပေးဖို့လည်း အစီအစဉ်မရှိပါဘူး။ နောက်တော့ ဆရာနဲ့တွေ့တော့မှ ထုတ်ပေးလိုက်… သုံးချင်တဲ့သူတွေ ရှိတယ်ဆိုတော့မှ ထုတ်လိုက်တာဖြစ်ပါတယ်။ နောက်တစ်ခုက ဘယ် Dictionary မှ စာလုံး အသစ်ထပ်ထည့်လို့မရတဲ့ အတွက်ကြောင့် အဲ့ဒီဖန်ရှင်လေးပါ ထည့်ပေးလိုက်တာဖြစ်ပါတယ်။
ဇော်ဂျီနဲ့ အရင်စထုတ်လိုက်တဲ့အခါ အောင်မြင်တဲ့အတွက်ကြောင့် ယူနီကုတ် နဲ့ ပြောင်းထုတ်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ဘယ်အဘိဓာန် မှစာလုံး အသစ်ထပ်ထည့်လို့မရတဲ့ အတွက်ကြောင့် အဲ့ဒီဖန်ရှင်လေးပါ ထည့်ပေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ တတ်နိုင်ရင် ယူနီကုတ် နဲ့ဘပဲ သုံးစေချင်ပါတယ်။ Dictionary တစ်ခုဖန်တီးတာ ကဘာမှမခက်ပါဘူး… Data Source ရှိရင်ပဲ လွယ်လွယ်ကူကူနဲ့ ဖန်တီးလို့ရပါတယ်။
အခုတော့ ရွှေရိုးကို Version 2.0 ထုတ်ဖို့ကြိုးစားနေပါတယ်။ ဘာတွေအသစ်ပါလာမလဲဆိုတော..
- စကားလုံးတွေကို အသံထွက်ပေးနိုင်ပါမယ်။
- စကားလုံးတွေကို ပါးစပ်က အသံဖြင့်ပြောရုံနဲ့ ရှာနိုင်ပါမယ်။
- English စာသားတွေကို အသံဖိုင်ကို စာပိုဒ်လိုက် ပြောင်းလဲပေးနိုင်ပါမယ်။
အဲ့ဒီလိုပြောင်းလဲတဲ့အခါမှာလည်း အသံအတိုးအကျယ်… အသံအမြန်နှုန်းတွေကိုပါ မိမိစိတ်ကြိုက် ချိန်ညှိနိုင်မှာဖြစ်ပါတယ်။
ဆိုပြီးတော့ သုံးမျိုးလောက် အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒါကိုလည်း Free ပေးမှာပါဘဲ…။ ဒါနအဖြစ်နဲ့ လှုတဲ့သဘောပါဘဲ။ ဘာ အခကြေးငွေမှ မမျှော်လင့်ပါဘူး။ အသုံးပြုတဲ့ သူတွေကျေနပ်တယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်။
နောက်တစ်ခုက အိုင်ဒီယာတွေ အများကြီး ကျန်သေးတယ်ဆိုတာ မှန်ပါတယ်။ အဓိက အရေးကြီးတာက အိုင်ဒီယာပဲ ဖြစ်ပါတယ်။ အိုင်ဒီယာ ရှိရင် နည်းပညာက နောက်ကနေလိုက်လို့ရပါတယ်။ နောက်ထပ် အိုင်ဒီယာတွေ တွေးမိရင်လည်း ထပ်ရေးဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သုံးတဲ့သူတွေထဲကလည်း လုပ်ချင်တဲ့..ကောင်းတဲ့ အိုင်ဒီယာလေးတွေ ရှိရင်လည်းကျွန်တော့် dk92ster@gmail.com ကိုပေးပို့ အကြံပေးပါလို့ဖိတ်ခေါ်ပါတယ်။
.NET Platform ဖက်မှာ အခုနောက်ပိုင်း အရမ်း Hot ဖြစ်လာတဲ့ အပိုင်းက .NET MVC လို့ ထင်ပါတယ်။ အဲဒီအပိုင်းကိုရော ရှေ့ဆက်သွားဖို့ အစီအစဉ် ဘယ်လိုရှိလဲဆိုတာ သိချင်ပါတယ်။ နောက် ASP.NET နဲ့ ASP.NET MVC မှာ ကွာခြားသွားတဲ့ အဓိကအချက်လေးတွေကို သိချင်ပါတယ်။
အဲ့ဒါကတော့ အမှန်အတိုင်းပြောရရင် ဟုတ်တယ်ဗျ။ .Net MVC က ASP.Net နောက်ပိုင်းမှာပေါ်တယ်ဆိုပေမဲ့…အခုနောက်ပိုင်းမှာ ပိုပြီးတော့ နာမည်ကြီးလာတာကိုတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင် ASP.Net ဆိုတာက Microsoft ကနေ သုံးတဲ့ Developer တွေကို လွယ်ကူအောင် ဆိုပြီးတော့ တမင်သက်သက် Tools တွေကို Drag and Drop လုပ်လို့ရအောင် လုပ်ပေးထားတာလို့ ဆိုရမယ်။ အဲ့ဒါကို ASP.Net Engine ကနောက်ကွယ်မှာ လိုက်လုပ်ပေးသွားတာ။
MVC ကျတော့ အဲ့ဒီလို မဟုတ်တော့ဘူး… Model တွေ… View တွေနဲ့…Controller တွေနဲ့သွားတာပါ။ MVC ပိုင်းကိုတော့ ကျွန်တော် မရသေးပါဘူး.. ရှေ့ဆက်လေ့လာဖို့ကတော့ ရှိပါတယ်။ အခုကတော့ Windows applications ပိုင်းမှာပဲ လည်နေပါတယ်။ အဲ့ဒီလိုလည် နေခြင်းကလည်း ASP.Net အတွက်ပါ အထောက်အကူ ပြုပါတယ်။ ASP.Net နဲ့ ASP.Net MVC ရဲ့ခြားနားချက်ကို ပြောရမယ်ဆိုရင်တော့ ဘာဆို ဘာမှမဆိုင်တာလို့ ပြောလို့ရပါတယ်။ ASP.Net နဲ့ PHP ကွာသလို ကွာပါတယ်။ သူကဘာနဲ့သွားတာသလဲဆိုတော့ ASP.Net MVC က PHP နဲ့သွားတူပါတယ်။
အမှန်အတိုင်းပြောရရင် ASP.Net MVC က ASP.Net ထက်ပိုပြီးတော့ Web ပိုင်းမှာပိုပြီးတော့ အစစ်အမှန်လို့ ပြောလို့ရပါတယ်။ အမှန်တကယ် Web ရဲ့ Nature တွေကို သုံးထားတဲ့အတွက်ကြောင့် ASP.Net လေ့လာပြီးသား လူတစ်ယောက်က ASP.Net MVC ကိုထပ်လေ့လာမယ်ဆိုရင် တော့ အားလုံး အစက ပြန်လေ့လာရမှာဘဲ ဖြစ်ပါတယ်။ လမ်းကြောင်းက မျဉ်းပြိုင်နှစ်ကြောင်း သွားသလိုကိုမတူပါဘူး။
ကျွန်တော်က ခုလောလောဆယ် Open Source Platform ဖက်ကို ရောက်နေသူလို့ ဆိုနိုင်ပါတယ်။ အရင်တုန်းကတော့ .NET သမားလို့ ပြောလို့ရပါတယ်။ အဲဒီမှာ ကျွန်တော် တစ်ခု မေးလိုတာက .NET ရဲ့ လေ့လာတဲ့ ပုံစံနဲ့ PHP လို Open Source တွေ လေ့လာတဲ့ပုံစံ မတူတာလေး သတိထားမိပါတယ်။ .NET မှာဆိုရင် ကျွန်တော် အရင်ဆုံး လေ့လာတာက Framework ကို သေသေချာချာ အရင်လေ့လာရပါတယ်။ အဲဒီလို Framework အဆင့်ကို သေသေချာချာ လေ့လာပြီးမှသာ Implementation ပိုင်းကို လေ့လာရတဲ့ ပုံစံရှိပါတယ်။ ဒါပေမယ့် Open Source Platform တွေမှာတော့ Framework ဆိုတာ နောက်ဆုံးနားလောက် ရောက်မှာ လေ့လာရတဲ့ ပုံစံဖြစ်နေပါတယ်။ အဲဒီအပေါ်မှာ လူတွေက .NET သမား၊ Open Source သမားဆိုပြီး ကွဲပြားသွားပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို သဘောရပါသလဲ။ ကျွန်တော်တို့ နှစ်ဖက်လုံးသွားလို့ မရနိုင်ဘူးလား ဆိုတာသိချင်ပါတယ်။
အဲ့ဒါကတော့ ဟုတ်ပါတယ်။ Language တွေကိုလေ့လာတဲ့အခါမှာ Framework ကနေစလေ့လာရမယ်လို့ တသွေမတိမ်း မှတ်ထားလို့တော့ မရပါဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုနဲ့တစ်ခု ကိုလေ့လာတဲ့အခါမှာ တူတာဆိုလို့ Concept ပိုင်း နဲ့ OOP ပဲရှိပါလိမ့်မယ်။ Syntax နဲ့ Programming Implementation ပိုင်းတွေကတော့ တစ်ခုနဲ့တစ်ခုမတူပါဘူး။ .Net ကိုလေ့လာမယ်ဆိုရင်တော့ တန်းပြီးတော့ Windows Form ကြီး… ASP.Net ကြီးကို တန်းရေးလို့မရပါဘူး။ အရင်ဆုံး .Net Framework ကိုအရင်ဆုံး နားလည်အောင် လေ့လာရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ .Net Application တွေအားလုံးက Framework ပေါ်မှာ Implementation လုပ်နေတဲ့အတွက်ကြောင့် Framework ကိုမလေ့လာလို့ကို မရတာဖြစ်ပါတယ်။ တစ်ချို့ကို မြင်ဘူးပါတယ်။ .Net Framework ကိုမလေ့လာဘဲနဲ့… Windows applications ကိုတန်းရေးကြပါတယ်။အဲ့ဒီတော့မှ သူတို့ဘာသွားတွေ့လဲဆိုတော့ OOP Feature တွေကို မသုံးတတ်တာ… နောက်ပြီးတော့ Framework ပေါ်က Class တွေအကြောင်းကို မသိတာတွေ…အဲ့ဒါတွေကို ကြုံနေကြတာကို ကျွန်တော်တွေ့ရပါတယ်။ ဒါကြောင့် .Net ကိုလေ့လာမယ်ဆိုရင်တော့ .Net Framework ကိုသာအရင်ဆုံး နားလည်အောင် လေ့လာပါလို့ အကြံပြုချင်ပါတယ်။
OpenSource ပိုင်းထဲက PHP ပိုင်းမှာတော့ PHP Framework ကိုမလေ့လာဘဲနဲ့… တန်းပြီးတော့ CI ကိုလေ့လာမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ပြီးတော့မှ PHP Framework ကိုလေ့လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။.Net ပိုင်းမှာတော့ အဲ့ဒီလိုလုပ်လိုက်ရင်တော့ ဘာမှနားလည်မှာမဟုတ်ပါဘူး။
.Net သမားနဲ့ OpenSource သမားနဲ့ကွဲပြားသွားတယ်ဆိုတဲ့အပေါ်မှာ ကျွန်တော့်အမြင်ပြောရရင် ဘာမှတော့ သိပ်မထူးပါဘူး။ဘာကြောင့်လဲဆိုတော့ ဥပမာ အနေနဲ့ပြောရရင် တစ် ရယ် တစ်ရယ် ပေါင်းရင် နှစ်ထွက်ပါတယ်။ဘယ်နေရာမှ သုံးထွက်မနေပါဘူး။အဲ့ဒါကို .Net ဘက်ကိုလေ့လာတဲ့သူဆိုရင် အဲ့ဒီ 1+1=2 ဆိုတာကို ဖြစ်အောင် .Net ဘက်မှာဘယ်လိုပေါင်းလဲဆိုတဲ့ Syntax လေးကိုလေ့လာလိုက်ရင်ရပါပြီ။ PHP ကိုလေ့လာနေတဲ့ သူဆိုရင်လည်း PHP ဘက်မှာ 1+1=2 ဆိုတာကိုဖြစ်အောင် PHP မှာဘယ်လိုပေါင်းသလဲဆိုတဲ့ Syntax လေးကိုလေ့လာလိုက်ရင်ရပါတယ်။ အဓိက စဉ်းစားတဲ့ Logic တွေအားလုံးက အတူတူပါဘဲ။ တစ်ချို့ကတော့ အလကားပေးတဲ့ OpenSource ပိုင်းကို အလကားသုံးရလို့ ပိုကြိုက်တယ်ဆိုတာမျိုးတွေလည်းရှိပါတယ်။ အဲ့ဒါကတော့ လူတစ်ဦး တစ်ယောက်ရဲ့ ခံယူချက်နဲ့ အကြိုက် ဘဲလို့ဆိုနိုင်ပါတယ်။
နှစ်ဘက်စလုံးသွားလို့မရနိုင်ဘူးလားဆိုတော့…ရပါတယ်…အခုတောင် မြန်မာနိုင်ငံမှာ .Net ကော.. JAVA ကော… PHP ကောတတ်တဲ့သူတွေ အများကြီးပါဘဲ… ဒါနဲ့ကျွန်တော် အရင်တုန်းက သွားမေးဖူးပါတယ်။ အစ်ကိုတို့ Syntax တွေကို မရောဘူးလားဆိုတော့… ဘာပြောတယ်မှတ်လဲ.. ဟ..ဟေ့ကောင် အဲ့ဒီလိုရောမှာကြောက် လို့ ဘာမှကိုမမှတ်ထားဘူးတဲ့… အဲ့ဒီလိုပြန်ဖြေပါတယ်။ အစကတော့ ကျွန်တော်လည်း သူတို့ပြောတာကို နားမလည်ပါဘူး။ နောက်တော့မှ Programming ပိုင်းမှာ Technique ကအရေးမကြီးဘူးဆိုတာကို သဘောပေါက်လာပါတယ်။ သူတို့မှတ်ထားတာက 1+1=2 ဆိုတာလောက်ပါဘဲ…Concept ကိုဘဲမှတ်ထားပါတယ်။ အဲ့ဒီအချက်တွေကတော့ ကျွန်တော့်အတွက် မှတ်သားစရာလေးတွေဘဲဖြစ်ပါတယ်။ ကျွန်တော်လည်းနောက်ထပ် လေ့လာစရာ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်က ပညာလောဘ ကတော်တော်ကြီးတာ… အကုန်လုံးတတ်ချင်တာ… ဒါကြောင့် အသားကုန် လေ့လာတော့ အချိန်တိုအတွင်းမှာ Level အတိုင်းအတာ တစ်ခုအထိ ရောက်လာတာဖြစ်ပါတယ်။
အဲ့ဒီလိုရောက်လာဖို့အတွက်လည်း အရင်ဆုံး ကျွန်တော်က သင်တန်းယူခဲ့ပါတယ်။ သင်တန်းတွေထဲမှာ Gusto မှာအခြေခံနဲ့ Microsoft စာမေးပွဲအတန်းတွေတက်ခဲ့ပါတယ်။ Gusto က ဆရာ တင်မောင်မောင်ရင်တို့ ဆရာမ အိနှင်းဖြူ တို့ကလည်း ကျွန်တော်လိုချင်သမျှ မေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးခဲ့ပါတယ်။ ဆရာတင်မောင်မောင်ရင်ကတော့ ကျွန်တော် ဘာမေးမေး ရအောင်ဖြေပေးခဲ့တာတွေကလည်း ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ Web ပိုင်းမှာ Design ပိုင်းကိုသင်ပေးခဲ့တဲ့ MyanmarLinks ကဆရာ သီဟ ကိုလည်းကျေးဇူးတင်ပါတယ်။ အဲ့ဒီလို ရောက်လာအောင် ကျွန်တော့်ကို လမ်းပြပေးခဲ့တဲ့ ဆရာ..ဆရာမ တွေအားလုံးကိုလဲ အထူးကျေးဇူးတင်ပါတယ်။
နောက် ကျွန်တော် ဆွေးနွေးလိုတာက Programming Technique တွေနဲ့ ပတ်သက်ပြီးတော့ပါ။ အားလုံးအတူတူပဲလို့ ကျွန်တော်ထင်ပါတယ်။ Technique ကို သိတဲ့အခါ ရေးရတာ ပိုပြီးလွယ်သွားသလို တစ်ခုနဲ့ တစ်ခု ကူးပြောင်းရတာ ပိုလွယ်တယ်ဆိုတာ တွေ့ရပါတယ်။ ဥပမာ ကျွန်တော် လေ့လာခဲ့တဲ့ ပုံစံတစ်ခုကို ပြောရမယ်ဆိုရင် ဒီ Programming Language ကို လေ့လာတယ် အဲဒီမှာရှိတဲ့ Technique တွေကို တစ်ခြား Language တွေမှာလဲ သုံးမယ်ဆိုတာ သိနေပါတယ်။ အဲဒီတော့ Programming Technique တွေကို လေ့လာပုံနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
အဲ့ဒါကိုပြောရမယ်ဆိုရင် ကျွန်တော်အပေါ်မှာ ပြောခဲ့သလိုပါဘဲ…အားလုံးအတူတူပါဘဲ…ရေးပုံရေးနည်း…Syntax Structure ပိုင်းလောက်ဘဲကွာသွားတာပါ။ ဥပမာ အနေနဲ့ပြောရရင် ကျွန်တော်တို့ .Net ပိုင်းမှာ Looping အတွက် for, while, do while, for each စသဖြင့်ရှိတယ်ဗျာ… အဲ့ဒီလိုရှိတာကိုလည်း PHP မှာလည်း ရှိတယ်။ JAVA မှာလည်းရှိတယ်။ ကုန်ကုန်ပြောရင် Programming Language လို့ခေါ်တဲ့ အရာအားလုံးမှာ ရှိတယ်ဗျ။
အဲ့ဒီတော့ ကျွန်တော်ပြောချင်တာက .Net က Looping ကိုသေချာသိထားတဲ့ သူတစ်ယောက်က PHP ကိုလေ့လာမယ်ဆိုရင် Looping အတွက်ကသူကအရင်ကတည်းကသိထားတဲ့ ပုံစံအတိုင်းဘဲလေ။JAVA ကိုလေ့လာမယ်ဆိုရင်လည်း JAVA မှာ လည်း looping တွေရှိတာဘဲ။အဲ့ဒါတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးသင့်သလဲဆိုတာ လောက်ကို လေ့လာလိုက်ရင် ရပြီလို့ ဆိုလိုချင်တယ်ဗျ။ တစ်ချို့ကတော့ Programming Language တစ်ခုခုကို လေ့လာလိုက်ပြီးတော့ နောက်တစ်ခုကိုလေ့လာမယ်ဆိုရင် သူတို့အရင်ကလေ့လာထားတဲ့ ဟာတွေကို အကုန်လွင့်ပစ်ခဲ့တာမျိုးတွေကို လည်း ကျွန်တော်တွေ့ဖူးပါတယ်။
အဲ့ဒီလိုမလုပ်ဘဲနဲ့…ကိုယ်အရင်က လေ့လာထားတာ တွေကို တစ်ခုခုကို လေ့လာလိုက်ပြီးတော့ နောက်တစ်ခုကိုလေ့လာမယ်ဆိုရင် သူတို့အရင်ကလေ့လာထားတဲ့ ဟာတွေကို အကုန်လွင့်ပစ်ခဲ့တာမျိုးတွေကို လည်း ကျွန်တော် တွေ့ဖူးပါတယ်။ အဲ့ဒီလိုမလုပ်ဘဲနဲ့ ကိုယ်အရင်က လေ့လာခဲ့တဲ့ Logic လေးတွေကိုပြန်သယ်သွားပြီးတော့ လေ့လာမယ်ဆိုရင် Language Independence ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် Language တွေကို လေ့လာမယ်ဆိုရင် အဓိကက Logic နဲ့ Concept မိအောင်ဘဲ လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။ Coding တွေကိုအလွတ်မှတ်တာ ထက်စာရင် အဲ့ဒီလို Concept မိအောင် သေသေချာချာ လေ့လာစေချင်ပါတယ်။ လေ့လာတဲ့အပိုင်းမှာလည်း .Net ပိုင်းကို မြန်မာလိုလေ့လာချင်တဲ့သူတွေအတွက်လည်း MyanmarTutorials မှာ ကို Stringlive တို့.. ကိုကျော်စွာ တို့…နောက် ကျွန်တော်ရေးထားတဲ့ ပို့စ်တွေလည်း အများကြီးရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ASP.net အကြောင်းကို Tutorials လေးတွေရေးပေးဖို့ရှိပါတယ်။
.NET မှာကြတော့ ခက်တာက Programming Technique မှာ တစ်ခြားဟာတွေထက် အများကြီးပိုလာပါတယ်။ အဲဒီလို ပိုလာတဲ့အပိုင်းတွေက Windows Specific Features တွေအပေါ်မှာ စဉ်းစားပြီး Program ရေးရတာမျိုးတွေ ရှိလာပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို ပေါင်းစပ်လေ့လာအသုံးချတယ်။ ဘယ်လို လေ့လာတယ်ဆိုတာ သိချင်ပါတယ်။
.Net မှာတခြားအပိုင်းတွေထက်အများကြီးပိုလာတယ်ဆိုတာက မှန်ပါတယ်။ အရင် C++ ကိုလေ့လာခဲ့တဲ့သူဆိုရင် တန်းပြီးတော့ C#.Netတို့ VB.Net တို့ကိုတန်းပြီးတော့ရေးမယ်ဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ C#.Net တို့ VB.Net တို့ကိုရေးမယ်ဆိုရင် Windows API တွေဘာတွေကိုတော့ လေ့လာထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ အသုံးပြုသူတွေအတွက် အဆင်ပြေပြေ လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် လုပ်ပေးဖို့ဆိုတာ ကလည်း အရေးကြီးပါတယ်။ Products တစ်ခုထုတ်မယ်ဆိုရင် ကိုယ်ထုတ်ထားတဲ့ Product ကိုအသုံးပြုမဲ့သူတွေက အလွယ်ကူဆုံးဖြစ်ရင်သူတို့က ပိုကြိုက်ပါတယ်။ ဒါကြောင့် API ပိုင်းတွေကိုပါလေ့လာဖို့လိုပါတယ်။ နောက်ပြီးတော့ UI Design ပိုင်းကိုပါထပ်ပြီးတော့ လေ့လာထားဖို့လိုပါတယ်။ C#.Net နဲ့ရေးမယ်ဆိုရင် Visual Studio ထဲမှာ ရှိတဲ့ Tools တွေကိုအသင့်ယူသုံးလို့ရပါတယ်။ Drag and Drop ကိုအသုံးပြုနိုင်တဲ့အတွက်ကြောင့် .Net ရေးတဲ့သူတွေအတွက် ပိုပြီးတော့ လွယ်လွယ်ကူကူရေးနိုင်ပါတယ်။ အဲ့ဒီ Tools တွေထဲမှာပါတဲ့ Property တွေ Method တွေကိုအသုံးပြုတတ်ဖို့ဆိုတာကို ကျွန်တော်က MSDN ထဲကဘဲ လေ့လာခဲ့ပါတယ်။ MSDN ထဲမှာမရှိတဲ့ အရာတွေကိုတော့ အင်တာနက်မှာ သွားပြီးတော့ လေ့လာခဲ့ပါတယ်။ နောက်ဆုံး လုံး၀မတွေ့တော့ဘူးဆိုရင်တော့ ကျွန်တော် stackoverflow မှာသွားပြီးတော့ မေးပါတယ်။ မေးတဲ့အခါမှာလည်း မတွေ့ရင်တော့ နောက်ဆုံး ကိုယ့်ဘာသာကို စမ်းပါတယ်။ အဓိက ပြောချင်တာက အဲ့ဒီအရာတွေကို ဘယ်သင်တန်းတွေမှာ မသင်ပါဘူး။Self-Study လုပ်နိုင်ဖို့ကတော့ ကွန်ပြူတာ လောကမှာအရေးကြီးဆုံးလို့နိုင် ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် သာအားကိုးကြပါလို့ အကြံပြုချင်ပါတယ်။
ခုလို အင်တာဗျူးကို သေသေချာချာ ဖြေပေးတဲ့အတွက် ကိုဇော်မင်းစိုးကို ကျေးဇူးအများကြီးတင်ပါတယ်။ Myanmar Tutorials မှာလဲ ဒီထက်ပိုပြီး Contribute လုပ်နိုင်ပါစေ။ နည်းပညာနဲ့ ပတ်သက်ရင်လဲ ဒီထက် အများကြီးတိုးတက်အောင်မြင်ပြီး အများအကျိူးဆောင်နိုင်တဲ့ နည်းပညာသမားကောင်းတစ်ယောက် ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းလိုက်ပါတယ်ခင်ဗျ။
Facebook comments:




Sir, You should also link back to his posts in Myanmartutorials.
http://www.myanmartutorials.com/author/zawmin/
Please add that too …
Edited. ^^
ဆရာ ကိုဇော်မင်းစိုး ခင်ဗျာ ကျွန်တော်က နယ်ကပါ ၊ အသက်က ၄၆ နှစ်ရှိပါပြီ ၊ ဆရာ့ဆီက အကူအညီတောင်းခြင်လို့ပါ ဒီအသက်အရွယ်ရောက်မှ သင်တန်းတက်ရမှာလဲ မသင့်တောလို့ပါ ၊ ကျွန်တော် က visual basic studio ကို အနည်းငယ် ရေးတတ်အောင်လေ့လာထားပါတယ် ၊ access 2007 ကိုလည်း အနည်းငယ်လေ့လာထားတာ ရှိပါတယ်
ကျွန်တော် ပြောခြင်တာက ကုန်စုံဆိုင်လို ဆိုင်တစ်ဆိုင်အတွက် computer cash account လေးတစ်ခုရေးခြင်လို့ပါ
သဘောကတော့ ဆိုင်ရှိပစ္စည်းစာရင်း ၊ နေ့စဉ်အရောင်းစာရင်း ၊ အရောင်းဘောက်ချာ စသည်တို့ကို တည်ဆောက်လိုပါသည် ၊ နည်းအမျိုးမျိုးဖြင့် လိုက်လံ ရှာဖွေ လေ့လာသောလည်း အချိန်ကုန်ခဲ့သည်မှာ (၂)နှစ်ခန့်ရှိပါပြီ
ဆရာ့နေနဲ့ အသေးစိတ် မရှင်းပြနိုင်လျှင် လမ်းကြောင်းလေး တစ်ခု ရှင်းပြပေးစေလိုပါသည် ၊ ဆရာ ရေးထားသည် များကိုလည်း ဖတ်ဖြစ်ပါသည် ၊ ဆရာ့ကို အားကိုးပါသည် ၊ ကျေးဇူးပြု၍ အချိန်ရလျှင် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။
ကျန်းမာ ချမ်းသာပါစေ
Wow. ကိုဇော်မင်းစိုးကို အသက်ကြီးပြီထင်နေတာထင်တယ်။ ကိုဇော်မင်းစိုးက ငယ်ငယ်လေးပဲရှိသေးတာ။ ကျွန်တော်အထင် ၁၉ – ၂၀ လောက်ပဲရှိဦးမယ်။ :p