ကိုနေဘုန်းလတ်နှင့် အင်တာဗျုး အပိုင်း(၂)
နောက်တစ်ခု မေးလိုတာက ကိုနေဘုန်းလတ် ပြောသွားတဲ့ အထဲက Connectivity နဲ့ ပတ်သတ်လို့ ကိုယ်နေဘုန်းလတ် ပြောသွားတဲ့အထဲမှာ ရန်ကုန်မှာ၊ မန္တလေးမှာ ဘားကမ့်ပွဲတွေကို ချိမ့်ချိမ့်သဲ ကျင်းပနေရုံနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့ ကွင်းဆင်းဖို့ လိုတယ်ဆိုပြီးတော့ ပြောသွားတဲ့ အနေအထားမှာ အဲဒီမှာ ဘလော့ပလက်ဖောင်း အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ အထောက်အပံ့ ပေးနိုင်မလဲ။ အဲဒီဟာ တစ်ခုတည်းနဲ့ ရမလား၊ လုံလောက် နိုင်ပါ့မလားခင်ဗျ။
မလုံလောက်ပါဘူး။ ဘလော့တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ သတင်းအနေနဲ့ပါ သွားရမှာပါ။ ကျွန်တော်တို့ ဘယ်တွေ သွားနေတယ်၊ ဘာတွေလုပ်နေတယ် စတာတွေကို သတင်းအနေနဲ့ တင်ရပါမယ်။ တစ်ချို့ကျတော့လဲ ကျွန်တော်တို့လို ကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်တယ်၊ တစ်ချို့ကျတော့လဲ မလုပ်နိုင်ဘူး။ တစ်ချို့ကျတော့လဲ ငွေရေးကြေးရေးပဲ ဖြစ်ဖြစ်၊ တစ်ခြားလိုအပ်တာတွေ ကူညီတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ အဲဒီလို ကိစ္စတွေအတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ် ဆိုတာမျိုးတွေကတော့ သတင်းအနေနဲ့ သွားရမယ်။ ပျံ့နှံ့မှုကလဲ လိုအပ်တယ်။ ကိုယ့်ဆီကို လာဖတ်တဲ့ ကိုယ့်ဘလော့ ပရိသတ်တွေသိရုံနဲ့တော့ မလုံလောက်တော့ဘူး။ ဒါမျိုးကျတော့ လူတွေကို ပျံ့နှံ့စေချင်တဲ့ဟာမျိုး လူတွေများများ သိဖို့လိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီတော့ Social Network နဲ့ Social Media ကို အားကိုးပြီး Facebook ကနေတစ်ဆင့် အသိပေးမယ်။
ဟုတ်ကဲ့။ နောက်တစ်ခု ကျွန်တော်မေးလိုတာက ဥပဒေတွေအပိုင်းပါ။ Electronic Act လိုဟာမျိုးတွေက ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် တကယ်တန်း အကာအကွယ်ပေးရပါမယ်။ ဥပမာ – ကျွန်တော်တို့ Intellectual Property တွေကို အကာအကွယ်ပေးရမယ်။ ဒါပေမယ့် တကယ်တန်း လက်ရှိရှိနေတဲ့ ပုံစံက အဲဒီလို ပုံစံမဟုတ်ဘူးလို့ ကျွန်တော်တော့ ထင်တယ်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်လိုတောင်းဆိုကြမလဲ။ အဲဒီအပေါ်မျာ ဘယ်လို မြင်သလဲဆိုတာ ပြောပြပေးပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်တာ ရိုးရိုးသားသား ယုံကြည်တာကတော့ဗျာ သူတို့တွေလဲ မသိကြဘူးဗျ။ တစ်ချို့ဟာတွေ အိုင်တီပိုင်းအရ အားနည်းတာတွေ ရှိနေပါတယ်။ နည်းပညာပိုင်းဆိုင်ရာ Knowledge နဲ့ ပတ်သက်ပြီးတော့ အားနည်းတာတွေ ရှိနေပါတယ်။ လွှတ်တော်အမတ်တွေ ဆိုရင်လဲ ကျွန်တော် ဖတ်ရသလောက် ပြင်ချင်စိတ်ရှိတယ်။ အိုင်တီနဲ့ ပတ်သက်ပြီး Law တွေကို ပြင်ဖို့ ပြောဖို့အတွက် ဆန္ဒရှိတယ်။ ဒါပေမယ့် သူတို့မှာ အိုင်တီနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေတဲ့ အခါကြတော့ ဘယ်လိုပြောရမှန်း မသိဘူးဆိုတာမျိုးတွေ ကျွန်တော် ဖတ်ရပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အိုင်တီသမားတွေ အနေနဲ့ မဖြစ်မနေထွက်ပြီး ပြောကို ပြောရတော့မယ်။ အဲဒီ လိုအပ်ချက်ကတော့ အသေအချာ ရှိနေပါတယ်။ ဘယ်လိုပုံစံနဲ့ ထွက်ပြောမလဲဆိုတဲ့ နေရာမှာ တစ်ဦးခြင်း တစ်ယောက်ခြင်းစီအနေနဲ့ Facebook လိုနေရာမျိုးမှာ တင်လိုက်တာမျိုး၊ နောက် Blog လိုနေရာမျိုးမှာ တင်လိုက်တာမျိုးနဲ့တော့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ Host တစ်ခု ဖြစ်ဖို့ လိုနေပါတယ်။ ကျွန်တော် ဖြစ်စေချင်တာကတော့ အဖွဲ့အစည်းကြီးကြီးတွေပေါ့ဗျာ။ အိုင်တီနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း ကြီးကြီးတွေက ဒါမျိုးတွေကို Research လုပ်ပြီးတော့ စာတမ်းပြုစုပြီးတော့ တစ်နည်းနည်းနဲ့ လမ်းကြောင်း တစ်ခုခုနဲ့ ပို့သင့်ပါတယ်။ အဲဒီလိုမျိုး မျှော်လင့်ပါတယ်။ ဒါပေမယ့် သူတို့ မလုပ်နိုင်ရင်တော့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အနေနဲ့တော့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ Law တွေနဲ့ ပတ်သက်ပြီးတော့ Reseach လုပ်မယ်။ အရှေ့တောင်အာရှမှာ ရှိတဲ့ နိုင်ငံတွေက Electronic Act တွေနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် နှိုင်းယှဉ်ပြီးတော့ လေ့လာမယ်။ လေ့လာပြီးတော့ ဘယ်လိုဖြစ်သင့်တယ်။ သူတို့ကို တင်ပြပါမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ ဖြစ်ဖြစ်၊ လွှတ်တော်ထဲကိုပဲ ဖြစ်ဖြစ်၊ အစိုးရကိုပဲ ဖြစ်ဖြစ် ဒါတွေကို ဒီလိုတွေ ဖြစ်သင့်တယ် ဆိုတာမျိုးတွေ ပြောပါမယ်။ စာတမ်းတွေ ပို့တာမျိုးတွေ လုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်မှာလဲ ဖြစ်သလို အခြားအဖွဲ့တွေ အနေနဲ့လဲ ဒါမျိုး လုပ်မယ်ဆိုရင် လုပ်သင့်ပါတယ်။
ဟုတ်ကဲ့ခင်ဗျ။ အဲဒီနေရာမှာ ကျွန်တော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လေ့လာကြည့်တော့ ကျွန်တော်တို့မှာ Freedom of Expression ဆိုတာလဲ ရှိနေပြီ၊ အဲဒီအပြင် မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည် ဆိုတဲ့ အချက်တွေလဲ ပါပြီးသား ဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် အခြေခံဥပဒေဆိုတာ လုပ်ထုံးလုပ်နည်း မဟုတ်သေးလဲ အခြေခံထားတဲ့ ဥပဒေဆိုတော့ လုပ်ထုံးလုပ်နည်းအတွက် ဥပဒေတွေ ထွက်လာဖို့ လိုပါတယ်။ အဲဒီလို ဥပဒေဖြစ်ဖို့ ဆိုတာကလဲ လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက တင်မှ ဖြစ်လာမှာဆိုတော့ ဘာတစ်ခုမှ တင်တာမတွေ့သေးတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါကို သုံးသပ်ကြည့်မယ်ဆိုရင် လွှတ်တော်ထဲမှာ အိုင်တီနဲ့ ပတ်သက်ပြီး နှံစပ်ပတ်သက်သူ မရှိသေးဘူးလို့ ယူဆရပါတယ်။ ကျွန်တော် အိုင်တီ နည်းပညာနယ်ပယ်မှာ မျိုးဆက်ဟောင်းတွေ ရှိပါတယ်။ မျိုးဆက်သစ်တွေ ရှိပါတယ်။ အားလုံးယူဆတဲ့ အနေအထားအရတော့ မျိုးဆက်ဟောင်းတွေအနေနဲ့ အဲဒီလို ကိစ္စတွေ လုပ်သင့်တယ်လို့ ယူဆကြပါတယ်။ လူကြီးတွေ သွားသင့်တယ်၊ ဝင်သင့်တယ်၊ အခု မဝင်ကြဘူး စသည်ဖြင့် အသံတွေ ကြားနေရပါတယ်။ အဲဒီလို အခြေအနေမှာ ကျွန်တော်တို့ မျိုးဆက်သစ်တွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲ။ အဲဒီအပေါ်မှာ ကိုနေဘုန်းလတ်ရဲ့ အမြင်ကို သိချင်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပိုင်းရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ တစ်ပိုင်းက အိုင်တီနည်းပညာနဲ့ ထိစပ်ပတ်သက်သူတွေ နားလည်တတ်ကျွမ်းတဲ့သူတွေကို လွှတ်တော်ထဲပို့မလား။ ဒါမှမဟုတ် လွှတ်တော်ထဲ ရောက်နေတဲ့သူတွေကိုပဲ ဒါတွေနဲ့ ပတ်သက်ပြီး နောက်ကနေ Support လုပ်မလား။ အဲဒီလို နှစ်ပိုင်းရှိပါတယ်။ အခုလောလောဆယ် အနေအထားအရတော့ တော်တော်များများလဲ လွှတ်တော်ထဲ ရောက်သွားပြီ။ လာမယ့် ၄၈ နေရာကလဲ အခုမှစပြီး လုပ်မယ်ဆိုရင်လဲ ဘာမှ ထပ်ထည့်လို့ မရတော့ပါဘူး။ အဲဒီအခါကြတော့ အခုလက်ရှိကာလမှာ ဘယ်လိုပုံစံနဲ့ သွားရမလဲဆိုရင် ကျွန်တော်ဘာသာ ကျွန်တော်တို့ အပြင်မှာ Think Tank သဘောမျိုး ဖြစ်ဖြစ်၊ Elite Group သဘောမျိုး ဖြစ်ဖြစ် လုပ်ထားမယ်။ လုပ်ပြီးတော့ စာတမ်းတွေ ထုတ်မယ်။ ရောက်သွားပြီးသား လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ စာတမ်းတွေကို တင်တာမျိုး၊ ဥပဒေကြမ်းရေးဆွဲဖို့ တိုက်တွန်းတာမျိုး၊ ရေးဆွဲပြီး တင်ခိုင်းတာမျိုးတွေ လုပ်ရပါမယ်။ ပထမအဆင့်အနေနဲ့ အဲဒီလိုပဲ လုပ်လို့ရဦးမယ်လို့ မြင်ပါတယ်။
ဒုတိယအဆင့်မှာတော့ ၂၀၁၅ မှာ တကယ်နားလည် တတ်ကျွမ်းတဲ့သူတွေကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲ ရောက်သွားအောင် ပို့မယ်၊ ပို့မလားဆိုတဲ့ အချက်ကို စဉ်းစားလို့ ရလာပါမယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာလဲ ဒါမျိုးကြတော့ ပါတီနိုင်ငံရေး ဖြစ်သွားပြီပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့ အကိုတို့ရော အကိုတို့လို အိုင်တီ နယ်ပယ်က လူတွေကိုရော ဒါမျိုးဖြစ်သင့်တဲ့သူတွေကို လုပ်ဖို့ တိုက်တွန်းရပါမယ်။ ဒါမျိုးက အိုင်တီပဲ ကျွမ်းကျင်နေလို့ မရပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတိုင်းအတာ တစ်ခုအထိ နှံ့စပ်ပတ်သက်ဖို့လဲ လိုပါတယ်။ နိုင်ငံရေးလဲ စိတ်ဝင်စားရမယ်ဗျာ။ အဲဒီလိုလူမျိုးတွေကို သေချာတာ တစ်ခုကတော့ ပါတီ တစ်ခုထဲ ဝင်ခိုင်းရမှာပေါ့။ ပါတီတစ်ခုထဲ ဝင်ခိုင်းမယ် အဲဒီကတစ်ဆင့်၊ ပါတီဆိုတာလဲ အနိုင်ရနိုင်တဲ့ ပါတီမျိုးပေါ့ဗျာ။ ကချော်ကချွတ် ပါတီမှာ သွားဝင်ခိုင်းရင်လဲ ပို့လိုက်တာပဲရှိပြီး လွှတ်တော်ထဲ ရောက်မှာ မဟုတ်ဘူး။ တကယ် အနိုင်ရတဲ့ပါတီထဲ ဝင်ဖို့၊ ပြောဖို့၊ လုပ်ဖို့၊ လွှတ်တော်ထဲ ရောက်သွားရင်လဲ အိုင်တီနဲ့ ပတ်သက်ပြီးတော့ စွမ်းစွမ်းတမံလုပ်ဖို့ တွန်အားပေးရပါမယ်။ အဲဒါမျိုးကို အိုင်တီနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်မယ်ဆိုရင်လဲ လုပ်ဖို့ သင့်တယ်ပေါ့ဗျာ။ အခုဟာကတော့ မမှီတော့ပါဘူး။
နောက်တစ်ခု ကျွန်တော် မေးလိုတာက အိုင်တီဖွံဖြိုးမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါ၊ ကျွန်တော်တို့ နိုင်ငံက အခုအချိန်မှာ အတိုင်းအတာ တစ်ခုအထိ ပွင့်လင်းလာတယ်လို့ ပြောလို့ရပါတယ်။ အဲဒီလို ပွင့်လင်းလာရင် Investment တွေ လာမယ်။ နောက်တိုးတက်လာမယ်လို့ ကျွန်တော် ထင်တယ်ဗျ။ ဒါပေမယ့် အဲဒါတွေ အချိန်ယူရပါမယ်။ အနည်းဆုံး နှစ်နှစ် သုံးနှစ် လေးငါးနှစ် စသည်ဖြင့် အချိန်ယူရပါမယ်။ အဲဒီလို အချိန်ယူနေတဲ့ အချိန်အတွင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်လာမှာက NGO တွေပါ။ အဲဒီလို NGO တွေအနေနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍမှာ ဘယ်လို ပါဝင်ဆောင်ရွက်လို့ ရနိုင်မယ်ဆိုတာ သိလိုပါတယ်။ NGO ဆိုတဲ့ နေရာမှာ ပြည်တွင်း NGO သော်လည်းကောင်း INGO သော်လည်းကောင်းပေါ့။ အဲဒီလို NGO တွေရဲ့ အခန်းကဏ္ဍဟာ အိန္ဒိယလို နိုင်ငံမှာဆိုရင် အတော်လေးကို ထိထိရောက်ရောက် လုပ်နိုင်နေတာ တွေ့ရပါတယ်။ ဥပမာ – ရွာတွေမှာ ကွန်ပျူတာတွေ သွားထားပေးတယ်။ သူတို့ ပေါ်လစီအရ အတွင်းကနေ အပြင်ကို မသွားဘူး။ အပြင်ကနေ အတွင်းကို ပြန်ဝင်မယ်ပေါ့ဗျ။ ကျေးလက်ဒေသကနေ တစ်ဆင့် မြို့ဖက်ကို ပြန်ချဉ်းကပ်တဲ့ သဘောပါ။ ဟိုးအဝေးကြီးကနေ ပြန်ချဉ်းကပ်မယ်ပေါ့။ အဲဒီလို ချဉ်းကပ်တဲ့နေရာမှာလဲ သူတို့ဆီမှာ အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ ရှိနေတာတွေ့ရပါတယ်။
ဟုတ်ကဲ့ပါ။ ကျွန်တော် ကိုယ်တိုင်လဲ ခုနက လုပ်မယ်လို့ ပြောပြီးဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ နယ်ကို ဆင်းကိုဆင်းရပါမယ်။ တိုင်းပြည်တိုးတက်တယ်ဆိုတာ တစ်နေရာတည်း ကွက်ပြီး တိုးတက်နေလို့ မရပါဘူး။ နယ်တွေ ကျန်ခဲ့လို့ မရပါဘူး။ နယ်တွေ ဆင်းရပါမယ်။ အင်တာနက်ရတဲ့ နေရာရှိမယ်။ မရတဲ့ နေရာရှိမယ်။ မရတဲ့နေရာတွေမှာ ရအောင် လုပ်ရမယ်။ ကွန်ပျူတာနဲ့ အကျွမ်းတဝင် မရှိတဲ့နေရာတွေမှာ အကျွမ်းတဝင် ရှိလာအောင် လုပ်ရမယ်။ ကျွန်တော် အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့က လူငယ်တွေဗျ။ စီးပွားရေး လုပ်ငန်းရှင်တွေ မဟုတ်ပါဘူး။ အဲဒီတော့ လုပ်မယ်ဆိုရင်တောင် ကျွန်တော်တို့ ငွေရေးကြေးရေးအရ အများကြီးစိုက်ထုတ် လုပ်နိုင်စွမ်း မရှိပါဘူး။ လူ့စွမ်းအားတွေ ကျွန်တော်တို့ အစွမ်းကုန် ပေးနိုင်ပါတယ်။ တတ်သလောက် မှတ်သလောက် သင်ပေးနိုင်ပါတယ်။ ခုနက အကိုပြောသလို နယ်ဆင်းပြီး စာတွေသင်ပေးနိုင်ပါတယ်။ ဒါပေမယ့် နယ်ဆင်းပြီး ကွန်ပျူတာ တစ်ယောက် တစ်လုံး မပေးနိုင်ပါဘူး။ ကျွန်တော်တို့လို NGO တွေ အနေနဲ့ပေါ့။ အဲဒီလို အခြေအနေကျတော့ Connectivity တွေ အရေးကြီးလာပြန်ပါတယ်။ ကျွန်တော်တို့ လုပ်မယ်ဆိုတဲ့ အလုပ်တွေကို ကျွန်တော်တို့က တကယ်လုပ်မှာဗျ။ ဒါတွေကို ယုံကြည်လား၊ ကုမ္ပဏီ တစ်ခုအနေနဲ့ရော အခုလို ကိစ္စတွေမှာ တကယ့်ကို ပူးပေါင်း ပါဝင်ချင်လား။ တိုင်းပြည်ကို တကယ်ဖွံ့ဖြိုးတိုးတက်စေချင်လား။ အဲဒါမျိုးသာ သေချာပြီဆိုရင်တော့ ကျွန်တော်တို့က ကြိုဆိုပါတယ်။ ကျွန်တော်တို့ ချိတ်ဆက်ပြီး အလုပ်လုပ်မယ်။ သေချာတာ တစ်ခုက ကျွန်တော်တို့က စာသင်ပေးနိုင်တယ်။ နောက် လူကိုင်တိုင် ပါဝင်ပတ်သက် နိုင်တယ်။ တစ်ဖက်ကလဲ တစ်ချို့ကုမ္ပဏီတွေ ငွေရေးကြေးရေး တတ်နိုင်တာ ရှိမယ်။ ကွန်ပျူတာတွေ လှူမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကွန်ပျူတာ ကုမ္ပဏီကြီးတွေက လှူမယ်ပေါ့။ ကျွန်တော်တို့က ဘာမှအကျိုးအမြတ်ယူမှာ မဟုတ်ပါဘူး။ ဆယ်လုံးလှူတယ်ဆိုရင် အဲဒီမှာ ဆယ်လုံးသွားပေးခဲ့မှာပဲ။ အဲဒီလိုဖြစ်လာဖို့တော့ ကျွန်တော်တို့ ချိတ်ဆက်ရမှာပဲ။ အဲဒီလို ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့နေရာမှာ အရေးအကြီးဆုံးကတော့ ယုံကြည်မှုပဲ။ အဲဒီ ယုံကြည်မှုကို ဆိုတဲ့နေရာမှာ အဖွဲ့ကို ခုတုံးလုပ်ပြီး စီးပွားရေးလုပ်တာမျိုးတွေ ငွေရေးကြေးရေး ကိစ္စ အရှုပ်အရှင်းတွေ ဖြစ်လာမျိုးတွေက အရမ်းအရေးကြီးပါတယ်။ အဲဒီလို ကိစ္စတွေ ဖြစ်လာပြီဆိုလို့ကတော့ ယုံကြည်မှုပျက်ပါပြီ။ ယုံကြည်မှုပျက်ရင် ဘယ်သူမှ တွဲပြီးအလုပ်လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ကျွန်တော့် သူငယ်ချင်းတွေ စုပြီး လုပ်ကြမယ့် ကိစ္စတစ်ခုကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ကြော်ငြာပါမယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်တွေကို ချပြမယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်း ပါဝင်ဖို့ Welcome ပါ။ ကျွန်တော် Welcome လုပ်ပါတယ်။ အားလုံးက ယုံကြည်တဲ့ အနေအထားအထိရောက်အောင်လဲ ကျွန်တော် သွားပါမယ်။ အခြားသော NGO အဖွဲ့များနှင့်လဲ အဲဒီလို ယုံကြည်မှုရှိတဲ့ အဖွဲ့အစည်းဖြစ်လာအောင် တည်ဆောက်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါမှလဲ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်လို့ ရလာမှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့ခင်ဗျ။ အဲဒီလို NGO တွေ အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာ ဥပမာ – စာသင်ပေးတဲ့ နေရာမှာပေါ့။ အချင်းချင်း လက်ဆင့်ကမ်းလို့ ရအောင်အထိ သင်ပေးမှာလား။ ဒါမှမဟုတ် Introductory Level မိတ်ဆက် အဆင့်ကို သွားမှာလား။ ဘယ်လိုပုံစံမျိုးတွေ ဖြစ်သင့်တယ်ဆိုတာ ပြောပေးပါဦးခင်ဗျ။
ကျွန်တော်တို့ စလုပ်တဲ့နေရာမှာတော့ Introductory Level ကိုအဓိကထား သင်ပေးရမယ်ထင်ပါတယ်။ Short Course တွေပဲ အရင်ပေးနိုင်မယ်၊ အနည်းဆုံး နှစ်ရက်၊ သုံးရက်၊ ငါးရက်ပေါ့ဗျာ။ အဲဒီလိုပေးပြီးတဲ့ နောက်မှာ အဲဒီအထဲကမှ တကယ် စိတ်ဝင်စားတဲ့သူ တကယ့်ကို Talent ရှိတဲ့ လူငယ်လေးတွေကို စာရင်းပြုစုမယ်။ ရန်ကုန်လို မန္တလေးလို နေရာတွေမှာ ပြန်ခေါ်ပြီးတော့ အခြားရှိနေပြီးသား Advanced သင်တန်းကြီးတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ထားမယ်ဗျာ။ ချိတ်ထားပြီးတော့ သူတို့က စကော်လာ ဘယ်လောက်ပေးနိုင်မလဲ၊ ကျွန်တော်တို့ အဖွဲ့အတွက်ကို သင်တန်း တစ်ခုကို ဘယ်နှစ်ယောက် ပေးနိုင်မလဲ ဆိုတာမျိုး တွေ လိုက်ချိတ်ပါမယ်။ အဲဒီလို စပွန်ဆာပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ နယ်ဆင်းထားရင်း တွေ့လာတဲ့ Talent ရှိတဲ့ လူငယ်တွေကို ပြန်ခေါ်မယ်၊ ရန်ကုန်ခေါ်မယ် မန္တလေးခေါ်မယ်။ ခေါ်ပြီး ဒီဖက်မှာ Advanced တွေ တက်ခိုင်းမယ်။ အဲဒီလို တက်ခိုင်းတဲ့ အချိန်မှာ ကျွန်တော်တို့ နေစရိတ်၊ စားစရိတ်၊ သင်တန်းစရိတ်ကတော့ မပေးရဘူးဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။ နေစရိတ်၊ စားစရိတ်က ကျွန်တော်တို့ အဖွဲ့က တာဝန်ယူတယ်။ အဲဒီလို ပုံစံမျိုးတွေ သွားဖို့ ရှိပါတယ်။ Advanced Level တွေအတွက်တော့ ကျွန်တော် အဲဒီလို စဉ်းစားထားပါတယ်။
နောက် ကျွန်တော် စဉ်းစားထားတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အိုင်တီနဲ့ ပတ်သက်တဲ့ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အိုင်တီနဲ့ ပတ်သက်ပြီး ဘယ်လိုလမ်းကြောင်းတွေ ရှိတယ်။ ဘာတွေလုပ်လို့ရတယ် အဲဒါမျိုးတွေ မိတ်ဆက် ပေးတာမျိုးတွေ လုပ်ပေးဖို့ ရှိပါတယ်။ ရှိနေတဲ့ သင်တန်းတွေ အလုပ်တွေနဲ့ Connection တွေ ချိတ်ပြီးတော့ ကူညီဆောင်ရွက်ပေးမယ်၊ စသည်ဖြင့် လုပ်ပေးဖို့ ရည်ရွယ်ထားတာတွေ အများကြီး ရှိပါတယ်။ အခု ကျွန်တော်တို့ တွေ့နေတဲ့ အနေအထားအရ နယ်တွေက တက်လာတယ်၊ ရန်ကုန်မှာ မန္တလေးမှာ ဘာတွေသိရမယ်၊ ဘာတွေ လုပ်လို့ရတယ် ဆိုတာတွေ မသိပဲ ရောင်တောင် ပေါင်တောင် ဖြစ်မယ့်အနေအထားက ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့ခင်ဗျ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့် အတွေ့အကြုံ တစ်ခုပြောချင်ပါတယ်။ ကျွန်တော် Myanmar Tutorials မှာ စာတွေရေးတော့ နယ်က လူငယ်တွေ ဖတ်ကြပါတယ်။ အများအားဖြင့်တော့ အင်တာနက်ကဖေးမှာ တာဝန်ထမ်းဆောင်ရင်း၊ အဲဒီကနေ တစ်ဆင့် သိပြီး ဖတ်ကြတယ်ဗျ။ အဲဒီလို ဖတ်ကြတဲ့အခါမှာ ကျွန်တော့်ဆီ ရောက်လာကြတာတွေ ရှိပါတယ်။ အဲဒီလိုရောက်လာကြ သင်တန်းလာတက်ကြရင်း သူတို့ Myanmar Tutorials က ပို့စ်တွေကို ပရင်ထုတ်ထားတာတွေ ပြကြပါတယ်။ ကျွန်တော်အနေနဲ့ ထိရောက်မှုအတိုင်းအတာကို သိရှိခံစားမိပြီး ပျော်တယ်ဗျ။ နောက် အိန္ဒိယ နိုင်ငံမှာ စစ်တမ်းကောက်ယူချက်တွေအရ မြို့ပေါ်က ကလေးတွေနဲ့ နယ်ဖက်က ကလေးတွေ ထူးချွန်တဲ့ အပေါ်မှာ အကဲဖြတ်ချက်အရ နယ်ဖက်ကလူတွေ ပိုများနေတာ တွေ့ရတယ်ဗျ။ အဲဒါ ထူးထူးခြားခြား ပုံစံတစ်ခုပါ။ အပြင်ဖက် အဝန်းအဝိုင်းက ထူးချွန်တဲ့သူတွေ ထွက်လာတာ တကယ့်ကို ထူးခြားပါတယ်။ အဲဒီလို ကိုနေဘုန်းလတ်အနေနဲ့ နယ်ဖက်တွေကို ဆင်းမယ်ဆိုတော့ အရမ်းကိုကောင်းတဲ့ အစီအစဉ်ပါလို့ ပြောချင်ပါတယ်။
ဟုတ် ကျွန်တော် နောက်ဆုံး ရပ်မိရပ်ဖတွေကို ပြောချင်တာက ကိုယ့်ကလေးတွေ အိုင်တီနဲ့ ထိတွေ့နိုင်ဖို့ အတွက် ရပ်မိရပ်ဖတွေမှာ တာဝန်ရှိပါတယ်။ ကျွန်တော် ဟိုတစ်လောက ရောက်ခဲ့တဲ့ မြစ်ချေမှာဆိုရင် အင်တာနက်မရှိပါဘူး။ အဲဒီက လူကြီးတွေကို အင်တာနက် ကဖေးဆိုင် ဖွင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လူကြီးတွေ အနေနဲ့ အဲဒီလိုမျိုးတွေကို ကြိုးစားသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ အိုင်တီလောက ဖွံ့ဖြိုးရေးအတွက် အရေးပါတယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့ ဘာတွေမှန်း သိချင်မှလဲ သိပါလိမ့်မယ်။ ဒါပေမယ့် ကလေးတွေအတွက် အရေးပါတယ်ဆိုတာကို သိပြီး ကလေးတွေအတွက် ရည်ရွယ်ပြီး အင်တာနက် ကဖေးတွေပေါ်လာအောင် ဝိုင်းပြီးတော့ လုပ်ကြဖို့ လိုအပ်ပါတယ်။
နောက်ဆုံး တစ်ခုကျွန်တော် မေးချင်တာက ကျွန်တော် တပည့်တစ်ယောက်ပါ။ သူက ရခိုင်ကပါ။ သူ့အနေနဲ့ အင်တာနက်ကဖေးမှာ ဝင်လုပ်လိုက်တော့ Internet Community နဲ့ ထိစပ်လာပါတယ်။ အဝန်းအဝိုင်းထဲ ဝင်နိုင်လာပါတယ်။ သူဖြစ်စေချင်တာ တစ်ခုကို ကျွန်တော့်ကို ပြောပြပါတယ်။ သူတို့ဆီမှာ ကိုနေဘုန်းလတ်တို့ ပြောသလိုမျိုးတွေ လုပ်ချင်ပါတယ်။ အဲဒီလို လုပ်ချင်တဲ့အခါမှာ ကိုနေဘုန်းလတ်တို့ကို ဆက်သွယ်လို့ ရနိုင်ပါသလား။
ဟုတ်ကဲ့ ဆက်သွယ်လို့ရပါတယ်။ ဘယ်လိုပုံစံနဲ့ လုပ်လို့ရမယ်ဆိုတာကို တိုင်ပင်ပါမယ်။ ဥပမာ – အင်တာနက် ကဖေးတစ်ခုမှာ စီစဉ်ပေးမလား။ အဲဒီလိုဆိုရင် ကျွန်တော်တို့က လူပဲသွားလိုက်ရုံပဲ။ အဲဒီလိုမျိုးတွေ စီစဉ်ပေးချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကိုနေဘုန်းလတ်ကို ကျွန်တော်ကရော မြန်မာကျူတိုရီရယ်ကပါ ကျေးဇူးတင်ပါတယ်ခင်ဗျ။
Facebook comments:



