Interview with Ko Myat Thwin
ကိုမြတ်သွင်ရေ မင်္ဂလာပါခင်ဗျာ။ ခုလို အင်တာဗျူးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကိုမြတ်သွင်ကို ကိုငွေထွန်း မိတ်ဆက်ပေးလို့ သိခဲ့တာပါ။ ကျွန်တော့်ကို မိတ်ဆက်ပေးတုန်းက မြန်မာပြည်မှာ ဝီကီအရေးဆုံးလူ အဖြစ်ပါ သိခဲ့ရပါတယ်။ ကျွန်တော် အရမ်းကို စိတ်ဝင်စားမိပါတယ်။
ကျွန်တော် Wikipedia ကို သိနေခဲ့တာကြာပါပြီ။ အင်တာနက် စသုံးကတည်းက ဆိုပါတော့။ တစ်ခုခု သိချင်လို့ Google မှာ ရှာလိုက်တာနဲ့ ထိပ်ဆုံးနေရာက ပြပေးနိုင်တာ Wikipedia ပါပဲ။ ဒါကြောင့် ပိုပြီး ရင်းနှီးလာတာပါ။ နောက်ပိုင်း Wiki ဖတ်ရတဲ့ အလေ့အထကို စွဲလမ်းနှစ်သက်လာပါတယ်။ ဝီကီမှာ ရေးထားတဲ့ စာတွေဟာ အင်မတန် ရှင်းလင်းပြီး ဖတ်လို့ အင်မတန်ကောင်းပါတယ်။ နောက်ပိုင်းမှာ my.wikipedia.com ကို ရောက်ဖြစ် ပါတယ်။ အဲဒီကြမှ တကယ့် Wikipedia က အထောက်အပံ့ ပေးထားတဲ့ မြန်မာဝီကီ ရှိပါလားဆိုတာကို သိခဲ့ရပါတယ်။ နဂိုကတည်းက ဝီကီကို ကြိုက်တတ်တဲ့ ကျွန်တော်က မြန်မာဝီကီကိုလည်း ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအပြင် ဝင်ရေးချင်စိတ်တွေလည်း ဖြစ်လာပါတယ်။ ဒါပေမယ့် ဝင်ရေးဖို့ ကြိုးစားတိုင်း အကြောင်း အမျိုးမျိုးနဲ့ မရေးဖြစ်ခဲ့ပါဘူး။
ကျွန်တော် တစ်ခါက စာတစ်ပုဒ် ဖတ်ဖူးပါတယ်။ ဂျပန်နိုင်ငံမှာ ဝီကီရေးကြလွန်းလို့ ရုံးတွေမှာ ဝီကီ မသုံးရဘူးလို့ ပြဌာန်းထားတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဝီကီရေးကြဖို့ လှုံ့ဆော်မှုတွေ အများကြီး လုပ်ရမယ့် ပုံပါပဲ။ တကယ်တန်း ဝီကီရေးဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့လို အင်တာနက်ကို နေရာတကာ မသုံးနိုင်တဲ့သူတွေအတွက် ပိုဆိုးပါတယ်။ အဲဒီအပြင် ပရဟိတ စိတ်ဓာတ် အင်မတန် ကြီးမားဖို့လည်း လိုပါတယ်။ အဲဒီအတွက် ဝီကီရေးကြသူများကို အရမ်းလည်း ကျေးဇူးတင်မိသလို အရမ်းလည်း အားကျဂုဏ်ယူမိပါတယ်။ ကိုမြတ်သွင်တို့လို ပရဟိတစိတ်ဓာတ် ကြီးမားတဲ့ ဝီကီရေးတဲ့သူတွေနဲ့ သိခွင့်ရတာကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခြား ကိုမြတ်သွင်လိုပဲ ဝီကီရေးကြသူများကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်လို့ ဒီနေရာကနေပဲ ပြောပါရစေ။ ကဲ ကိုမြတ်သွင်ရေ ကျွန်တော်တို့ အင်တာဗျူးလေး စလိုက်ရအောင် …
ထုံးစံအတိုင်း Myanmar Tutorials နဲ့ မိတ်ဆက်ပေးပါဦးခင်ဗျ။ ကိုမြတ်သွင်ရဲ့ အကြောင်းလေး အကျဉ်းချုပ် လောက်ပေါ့။ (အထူးသဖြင့် ကွန်ပျူတာ နည်းပညာနဲ့ ထိစပ်ခဲ့တဲ့ ဘဝလေးကို သိချင်ပါတယ်။)
ကျွန်တော်က ကွန်ပျူတာ မပေါ်ခင်ကတဲက လက်နဲ့ရေးတဲ့ ဂရပ်ဖစ် ဒီဇိုင်နာ တစ်ယောက်ပါ။ ၁၉၉၅-ခုနှစ် လောက်မှာ ကွန်ပျူတာနဲ့ ဒီဇိုင်းစတင်ဆွဲပါတယ်။ အဲ့ဒီအချိန်တုန်းက မြန်မာစာ ဒီဇိုင်းစာလုံးတွေ မျိုးစုံ မပေါ်သေးတော့ ကိုယ့်စိတ်ကြိုက် ဖောင့်တွေ တီထွင် ရေးသားခဲ့ပါသေးတယ်။ ၂၀၀၇-ခုနှစ်မှာ အင်တာနက်နဲ့ ကျွန်တော် ရင်းနှီးလာပါတယ်။
ကိုမြတ်သွင်ရဲ့ ဝီကီရေးသမားဘဝ အစကို သိချင်ပါတယ်။ ဘာကြောင့် ဝီကီရေးတာကို စိတ်ဝင်စား ခဲ့ပါသလဲ။ ဘယ်လို စိတ်ဓာတ်တွေ ခံစားချက်တွေကြောင့် ဝီကီကို စရေးဖြစ်ခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။ ဝီကီသမားတစ်ယောက်ရဲ့ ရင်ဖွင့်သံတွေကို ကြားချင်ပါတယ်။ (အဓိကတော့ ဝီကီသမား တစ်ယောက်ရဲ့ ဘဝ အစဆိုပါတော့)
၂၀၀၈-ခုနှစ်၊ သြဂုတ်လထုတ် ပါဆင်နယ်ကွန်ပျူတာ မဂ္ဂဇင်းထဲမှာ ပါတဲ့ ဝီကီပီးဒီးယား အကြောင်း ဖတ်ပြီး စိတ်ဝင်စားတာနဲ့ စရေးခဲ့တာပါ။ ကျွန်တော် စရေးတော့ ပိတောက်ဖောင့်နဲ့ရေးတဲ့ မိုင်ဝီကီ မဟုတ်သေးပါဘူး၊
ဇော်ဂျီနဲ့ ရေးရတဲ့ ဝီကီမြန်မာမှာပါ။ ကျွန်တော်လေ့လာထားတဲ့ ဘာသာရေးထဲက ၃၁-ဘုံ အကြောင်းလေးကို ခေတ်လူငယ်တွေ လေ့လာနိုင်အောင် စတင် ရေးသားခဲ့တယ်။ အစကတော့ ဘာရယ်မဟုတ်ပါဘူး၊ ရေးရင်းနဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက လာဖတ်ကြပြီး အားပေးကြတယ်။ အဲ့ဒီမှာ ကျွန်တော် စဉ်းစားမိတာ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေ လေ့လာနိုင်အောင် မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ရေးသင့်တယ်၊ မြန်မာအကြောင်း မြန်မာတွရေးမှပဲ ပိုပြီးမှန်ကန် ပြည့်စုံမယ်လို့ ယူဆပြီး ဘာသာရေးတင် မကဘူး၊ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကိုပါ ဆက်လေ့လာ ရေးသားဖြစ်ခဲ့ပါတယ်။ ခုတော့ စွယ်စုံ ဖြစ်နေပါပြီ။
ဝီကီရေးတဲ့အခါမှာ ကြုံရတဲ့ အခက်အခဲတွေကို သိချင်ပါတယ်။ ဝီကီကို ဘယ်လိုရေးတယ်၊ ဘယ်လို အခက်အခဲတွေ ရှိတယ်၊ ဘာသာစကား အခက်အခဲ၊ နည်းပညာ အခက်အခဲ စတာတွေကို အသေးစိတ် ပြောပြပေးပါ။
အစမှာ ဝီကီရဲ့ ရေးသားပုံတွေကို မသိတော့ သူများရေးထားတာတွေ ဖွင့်ပြီး လေ့လာခဲ့တယ်။ ဓာတ်ပုံဘယ်လို တင်တယ်၊ ဇယားဘယ်လို ချတယ်၊ ကဏ္ဍ ဘယ်လို ခွဲမယ်၊ Link ဘယ်လို သွားတယ် ဆိုတာတွေကိုပေါ့။ ရေးတာ များလာတော့ ဝီကီဆိုတာ ဖိုရမ်တို့၊ ဘလော့ခ်တို့လို မဟုတ်ဘဲ၊ စွယ်စုံကျမ်း ဆန်အောင် ရေးရတာပါလား ဆိုတာ သိလာပါတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာကို စာဖတ်သူများက ဖတ်ကြပြီး သူတို့စိတ်ထဲ ဘဝင်မကျတာ၊ မှန်ကန်မှု မရှိဘူးထင်တာတွေကို (ပြောရေးဆိုရာမှာ) ရေးသားပြီး မှာထားလေ့ရှိတယ်။ အဲ့ဒီအခါ သူတို့ထောက်ပြမှုကို ကျွန်တော်က သေချာအောင် လေ့လာမှု လုပ်ရပါတယ်။ အထောက်အထားနဲ့ ပြန်လည် ရှင်းပြရပါတယ်။ ဒါဟာ ကျွန်တော့အတွက်လည်း သေချာ လေ့လာဖြစ်သလို၊ အကြောင်းအရာ တွေကလည်း တိကျမှန်ကန်မှု ပိုရှိလာပါတယ်။
အခက်အခဲက တခြားဘာသာစကားမှ မြန်မာလို ပြန်တဲ့ နေရာမှာ ရေးသားသူ အချင်းချင်း တိုင်ပင်ပြီး အဖြစ်သင့်ဆုံးကို ဆုံးဖြတ်ရပါတယ်။ ( ဥပမာ ပြောရရင် ….ဒီနေ့ အွန်လိုင်းမှာ ရေပန်းစားနေတဲ့ WikiLeaks ကိုပဲကြည့်ပါ။ ဝီကီလိ လား၊ ဝီကီလိခ် လား၊ ဝီကီလိ(ခ်) လား၊) ဇော်ဂျီနဲ့ရေးတဲ့ ဝီကီကတော့ နိုင်ငံတကာ ဝီကီတွေနဲ့ ချိတ်ဆက်ထားခြင်း မရှိတော့ နဲနဲ ဘောင်ကျင်းတယ်လို့ ဆိုရမလားပဲ၊ နောက်ပြီး ဇော်ဂျီဟာ ယူနီကုဒ် မဟုတ်တော့ အာတီကယ်တွေ ပြန်ရှာတဲ့နေရာ၊ အက္ခရာ စဉ်တဲ့နေရာမှာ နဲနဲ အခက်အခဲရှိတယ်၊ ဒါပေမဲ့ ဇော်ဂျီက လူသုံးများတော့ ရေးတဲ့သူ များလာမယ်လို့ ယူဆမိပါတယ်။
မိုင်ဝီကီကြတော့ ဝီကီအဖွဲ့အစည်းက အသိအမှတ်ပြုထားလို့ နိုင်ငံတကာ ဝီကီတွေနဲ့ ချိတ်ဆက်ထားပြီး အကြောင်းအရာ တစ်ခုကို ဘာသာမျိုးစုံနဲ့ လေ့လာလို့ ရတာပေါ့။ ပိတောက်ဖောင့်က ယူနီကဒ်ဖြစ်တော့ Article တွေ ပြန်ရှာတဲ့နေရာမှာ အနည်းစပ်ဆုံးဖော်ပြပေးတယ်။ အက္ခရာစဉ်တဲ့ နေရာမှာလည်း စွယ်စုံကျမ်းလို အစဉ်ပြေတယ်။ နောင်တစ်ချိန် မြန်မာစာကို တစ်ခြားဘာသာ ပြောင်းရင်လည်း လွယ်သွားတာပေါ့။ ဝီကီရေးတဲ့သူတွေထဲမှာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ သိပ်မရှိသေးတော့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတတွေ နည်းနေပါသေးတယ်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ရေးရင် သူတို့လည်း ပိုမှတ်မိမယ်၊ ဖတ်သူတွေ အတွက်လည်း ဗဟုသုတပို တိုးပွားမယ်။
နည်းပညာ အခက်အခဲကတော့ သိပ်မရှိပါဘူး။ အဂ်လိပ်ဝီကီကို လေ့လာပြီး၊ မြန်မာဝီကီကို ဘယ်လိုTemplate ပုံစံ သွားမလဲ စဉ်းစားရုံပါပဲ။
ဝီကီရဲ့ အကျိုးကျေးဇူးတွေကို သိချင်ပါတယ်။ အဲဒီနေရာမှာ ဖတ်တဲ့သူတွေဖက်က အကျိုးကျေးဇူး၊ ရေးတဲ့သူတွေ ဖက်က အကျိုးကျေးဇူး နှစ်ခုလုံးကို သိချင်ပါတယ်။ ဖတ်သူတွေက သေချာပေါက် အကျိုး ရလဒ်တွေ ရှိဖို့ သေချာပေမယ့် ရေးသူတွေဖက်ကတော့ အကျိုးကျေးဇူး ဆိုတာထက် ပရဟိတ စိတ်ဓာတ်ကို အရင်းတည်ကြရပါတယ်။ ဒါပေမယ့် စာရေးဆရာဆိုရင်လည်း စာရေးဆရာ အလျောက် ပီတီအကျိုး၊ ပရဟိတ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ၊ ဘယ်လို စိတ်ဓာတ် ခွန်အားတွေ ရရှိနိုင်တယ်ဆိုတာ သိလိုပါတယ်။
ဝီကီရဲ့ အကျိုး ကျေးဇူးတွေကတော့ တော်တော် များပါတယ်။ ဖတ်တဲ့သူတွေ အတွက်ကတော့ ဘက်စုံ ဗဟုသုတတွေ ရမယ်။ ရှာရတာ လွယ်ကူတော့ ကိုယ်သိချင်သော အကြောင်းအရာကို မြန်မြန်ရောက်တယ်။ သုတေသန ကျမ်းပြုသူတွေ၊ စာရေးဆရာ၊ သတင်းထောက်တွေ အတွက်လည်း ကိုးကားစရာတွေ ရနိုင်ပါတယ်။ အကြောင်းအရာ တူတွေကို ကဏ္ဍအလိုက် ထားတာမို့ ကျယ်ကျယ်ပြန့်ပြန့်လေ့လာ နိုင်ပါတယ်။ ရေးတဲ့ သူတွေကလည်း ကိုယ်လေ့လာ၊ တတ်သိထားတာတွေကို ပြန်လည် ရေးသားထားတဲ့အတွက် အများအတွက် ပရဟိတအကျိုး ဖြစ်ပါတယ်။ စာပေကိုလည်း ပိုလေ့လာဖြစ်တယ်။ လိုအပ်လို့ သိချင်တာ ပြန်ရှာရင်လည်း အလွယ်တကူ သိရတယ်။ ရေးတဲ့သူ ဝီကီသမား အချင်းချင်းလည်း ရင်းနှီးမှုများ ရလာပါတယ်။ ရေးတဲ့သူတွေက နိုင်ငံတကာမှာရှိတော့ နိုင်ငံတကာမိတ်ဆွေ အပေါင်းအသင်း များလာပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ဝီကီဖတ်တဲ့သူလည်း အင်မတန်နည်းသလို၊ ရေးတဲ့သူက ပိုလို့တောင် နည်းမယ် ထင်ပါတယ်။ သူများနိုင်ငံတွေမှာဆိုရင် ဝီကီဆိုတာ အဓိက အခန်းကဏ္ဍကို ရောက်လာတဲ့အတွက် ပိုက်ဆံနဲ့ ထုတ်ရောင်းတဲ့ စွယ်စုံကျမ်းတွေတောင် ရပ်ကုန်ကြတဲ့ အထိပါပဲ။ တကယ်တန်းပြောရရင် ဝီကီဆိုတဲ့ အွန်းလိုင်းစွယ်စုံကျမ်း မပြောနဲ့ တကယ့် အပြင်က စွယ်စုံကျမ်းတွေကိုတောင် ဖတ်တာ နည်းလာတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်မှာတော့ အရင်တုန်းက စွယ်စုံကျမ်းတွေ အတွဲလိုက် ဝယ်ဖတ်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို စာအုပ် စွယ်စုံကျမ်း ဖတ်တဲ့ အလေ့အထ၊ အွန်လိုင်း စွယ်စုံကျမ်း ဖတ်တဲ့ အလေ့အထ အားနည်းနေတာ ဘာကြောင့်လို့ ကိုမြတ်သွင် ထင်ပါသလဲ။ အဲဒီလို အလေ့အထတွေ တိုးပွာလာအောင် ကျွန်တော်တို့ ဘာတွေ လုပ်သင့်ပါသလဲ။
ဝီကီကို ဖတ်ဖို့၊ ရေးဖို့ နေနေသာသာ သိတဲ့သူတောင် နည်းနေပါသေးတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ နိုင်ငံမှာ အွန်လိုင်းသုံးသူ နည်းနေသေးတာကြောင့်လို့ ယူဆပါတယ်။ အင်္ဂလိပ် ဝီကီဆိုရင် အကြောင်း အရာပေါင်း သုံးသန်းကျော် ရှိနေပါပြီ၊ ထိုင်းနိုင်ငံတောင် ဝီကီအကြောင်းအရာ ခြောက်သောင်းကျော်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာဝီကီက လေးထောင်ကျော်ပဲ ရှိသေးတော့ အများကြီး ကြိုးစားရေးကြရဦးမှာပါ။
စွယ်စုံကျမ်း ဖတ်တဲ့ အလေ့အထ နည်းတာကတော့ ဒီနေ့ခေတ် Entertainment မီဒီယာတွေက မျိုးစုံလာတယ်၊ စာအုပ်တွေကလည်း စျေးနှုန်းတွေ မြင့်လာတဲ့ အချက်တွေကြောင့်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ငယ်ငယ်ကလို စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုပြီး စာအုပ်ပြပွဲတွေ၊ စာပေဗိမာန်က စာအုပ်တွေကို စျေးပေါပေါနဲ့ ထုတ်ဝေရောင်းချပေးတာ၊ လူတွေ စာပေဖတ်ချင်လာအောင် စာကြည့်တိုက်တွေ ထားရှိပြီး၊ စာဖတ် ချင်လာအောင် ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ရင်တော့ စာဖတ်တဲ့ အလေ့အထ တိုးပွာလာမယ်လို့ ထင်ပါတယ်။
စာအုပ်စွယ်စုံကျမ်းပဲ ဖြစ်ဖြစ်၊ အွန်လိုင်း စွယ်စုံကျမ်းပဲ ဖြစ်ဖြစ် အဓိက ပေးနိုင်တာက ပညာအရင်းအနှီးတစ်ခု ဖြစ်တဲ့ ဗဟုသုတ (Knowledge) ပါ။ အဲဒီတော့ အဲဒီလို Knowledge ဆိုတာ ခုချိန်မှာ ပြောပြော နေတဲ့ Knowledge Age ဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အဲဒီလို စွယ်စုံကျမ်းတွေကပေးတဲ့ Knowledge တွေက ဘယ်လောက်အထိ အရေးပါတယ်။ လူတစ်ဦးချင်းစီရဲ့ အသိပညာကို ဘယ်လောက် အထိ မြှင့်တင်ပေးသွားနိုင်တယ် ဆိုတာကို သိချင်ပါတယ်။
Knowledge ဆိုတဲ့ ဗဟုသုတကတော့ လူတိုင်းအတွက် အနည်းနဲ့အများ အရေးပါပါတယ်။ ဒီနေ့ခေတ်မှာ ဗဟုသုတ အသစ်တွေက ပိုမို တိုးပွားလာတော့ လေ့လာနိုင်မှ တော်ကာကျမှာပါ။ မလေ့လာနိုင်ရင်တော့ ခေတ်နောက် ကျန်ခဲ့မှာပဲလေ။ လူတွေမှာ အသိပညာ ဗဟုသုတတိုးတက်မှ အတတ်ပညာအတွက်လည်း အထောက်အကူ ပြုမှာပါ။ လူတစ်ဦးချင်းစီရဲ့ အသိပညာတိုးတက်လာသည်နှင့်အမျှ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးမှာလဲ တိုးတက်လာနိုင်ပါတယ်။
အခမဲ့ စွယ်စုံကျမ်း ဖြစ်တဲ့ Wikipedia လည်းရှိသလို အခပေးရတဲ့ စွယ်စုံကျမ်းတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ အခမဲ့လည်းဖြစ် လူတစ်ကာလည်း တည်းဖြတ်နိုင်တဲ့ Wikipedia က ပိုပြီး အောင်မြင်တာ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
အဲဒါကတော့ လူတိုင်းပါဝင် ရေးသား၊ တည်းဖြတ်နိုင်ပြီး လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ အတွက်ကြောင့် အောင်မြင်တာပါ။
Wikipedia ဆိုတာ Web 2.0 လို့ခေါ်တဲ့ ကိုယ်တိုင် ပါဝင် ပတ်သက်ခွင့်ရှိတဲ့ နောက်ပြီး Online Collaborative လို့ခေါ်တဲ့ အွန်လိုင်းပူးပေါင်းဆောင်ရွက်မှုရဲ့ ပြယုဒ်လည်း ဖြစ်ပါတယ်။ အဲဒီလို ကိုယ်တိုင် အလွယ်တကူ ပါဝင်လို့ရတဲ့ အနေအထားကိုလည်း သိချင်ပါတယ်။ ဘယ်လို ပါဝင်နိုင်တယ်၊ ဘယ်လို စည်းကမ်းတွေရှိတယ်၊ ဘယ်လိုတွေ လိုက်နာရတယ်၊ နောက် ဘယ်လို အကူအညီတွေ ရှိတယ် စသည်ဖြင့် သိချင်ပါတယ်။ (အဓိကကတော့ ခုမှ ဝီကီစရေးမယ့် သူတွေအတွက် အသုံးဝင်မယ့် နည်းစနစ်တွေ သိချင်ပါတယ်)
ဝီကီမှာ ပါဝင်ချင်ရင်တော့ ပထမဆုံး ဝီကီမန်ဘာဖြစ်အောင် အကောင့်လုပ်ပါ။ ဗဟိုစာမျက်နှာရဲ့ အောက်နားမှာ အကူအညီပေးဘို့ရာ ညွှန်းထားတာတွေ ရှိပါတယ်။ နိဒါန်းကို အရင် သဘောပေါက်အောင် ဖတ်ပါ။ နားမလည်တာရှိရင် မေးနိုင်တဲ့ နေရာနဲ့ ဝီကီရဲ့ မူ မဏ္ဍိုင်(၅)ရပ်ကိုလည်း ဖတ်နိုင်ပါသည်။
ရေးသားပုံ၊ ရေးသားနည်းများကိုလည်း အကူအညီမှာ ရှင်းပြထားပါတယ်။ အကြောင်းအရာကို ဖတ်ရင်း တည်းဖြတ်မယ်၊ စာသားတွေများနေလို့ အကျဉ်းချုပ်ရေးမယ်ဆိုရင်လည်း ဆိုလိုရင်း အနှစ်သာရ မပျောက် သွားအောင် တည်ဖြတ်ခြင်း အတိုချုပ်ကိုလည်း ရေးပေးထား ပါသေးတယ်။ စမ်းရေးရန် စာမျက်နှာလည်း ပေးထားပါတယ်။ ဒါမှမဟုတ် ဝီကီဝိုင်းတော်သားတွေကို ဆရာကြီးလုပ်ပြီး အကြံပေးချင်၊ ဆွေးနွေးချင်တယ် ဆိုရင်လည်း မြန်မာဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်ကို ဒီနေရာမှာပဲ ဖွင့်ထားပါသေးတယ်။ ဝီကီရဲ့ သဘောက လွတ်လပ်ပါတယ်။ ဖတ်မယ်၊ ရေးမယ်၊ မှားနေရင် ပြင်ပေးမယ်၊ ဘဝင်မကျရင် အပြုသဘော ဆွေးနွေးမယ်။ အရေးအသားတွေက ဘက်မလိုက်ပဲ သမာသမတ်ကျစွာ ရေးရမယ်။ တဆင့် ကူးခွင့်ပေးတယ်၊ ဒါပေမဲ့ ဝီကီက ကူးတာကို ညွှန်းပေးရမယ်။ ပုံတင်ရင် ကိုယ်ပိုင်ပုံ ဖြစ်ရမယ်။ ဒီလောက်ပါဘဲ။
ကျွန်တော်တို့ ဘလော့တွေ၊ ဖိုရမ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ ပြန့်ကျဲနေတဲ့ အချက်အလက်တွေကို ဝီကိုလို နေရာမှာ ပေါင်းထည့်လို့ရနိုင်မလား၊ ဝီကီမှာ ရေးမယ်ဆိုရင် ဘယ်လို အကြောင်းအရာ မျိုးတွေ ရေးလို့ရလဲ၊ ကျွန်တော်တို့ အင်တာနက်စာမျက်နှာက စာတွေနဲ့ ဝီကီကို ပေါင်းစပ်မယ်ဆိုရင် ဖြစ်နိုင်မလားဆိုတာကို သိချင်ပါတယ်။
ဝီကီမှာ ရေးမယ်ဆိုရင် ဗဟုသုတရမဲ့ အကြောင်းအရာ မျိုးစုံကို ရေးနိုင်ပါတယ်။ ဘလော့တွေ၊ ဖိုရမ်တွေ၊ အင်တာနက်စာမျက်နှာတွေမှာ ပြန့်ကျဲနေတဲ့ အချက်အလက် တွေကို ဝီကိုလို နေရာမှာ ပေါင်းထည့်လို့ရပါတယ်။ ဒါပေမဲ့ အကိုးအကား ခိုင်လုံရမယ်၊ စကားပြောနဲ့ ရေးလို့ မရဘူး၊ စွယ်စုံကျမ်းဆန်အောင် ပြန်ရေးရမယ်၊ သတင်း သဘောမျိုးလည်း မဟုတ်ဘူး။ တစ်ခါတစ်လေ သတင်းထဲကနေ ကိုးကားစရာလေးတွေ ရတတ်တယ်။ ဆောင်းပါးဆိုရင်လည်း တိုက်တယ်နဲ့ မကိုက်ညီတဲ့ အပိုစာသားတွေ၊ မလိုအပ်တဲ့ ခံစားချက်တွေကို ဖယ်ပြစ်ရပါမယ်။ ဖြစ်နိုင်ရင် လိုရင်းကိုပဲ ဖတ်တဲ့သူ ရှင်းအောင် ရေးတာ ပိုကောင်းပါတယ်။
ခုလို စိတ်ရှည်လက်ရှည် ဖြေပေးတဲ့ ကိုမြတ်သွင်ကို ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။
Facebook comments:




ပွယုဂျ ..