Interview with Ko Chit (MyanmarITPro)

ကိုချစ်ရေ မင်္ဂလာပါခင်ဗျာ

ကိုချစ်ကို ကျွန်တော် စပြီးသိခဲ့တာကတော့ MITP က Ko Chit created this Ning Network ဆိုတာလေးက စပြီး သိခဲ့ပါတယ်။ အဲဒီလို MyanmarITPro  ဆိုတဲ့ Network တစ်ခုကို Ning ပေါ်မှာ စတင်ပြီး မိတ်ဆက်ပေးခဲ့သူလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကိုချစ်စခဲ့တဲ့ Ning အခြေခံ MITP နောက်ပိုင်းမှာ Ning Network သုံး မြန်မာစာဆိုက်တွေ အများကြီး ပေါ်ထွက်လာခဲ့တာ သတိထားမိပါတယ်။

Myanmar Tutorials မှာတော့ ကိုချစ်ကို မသိတဲ့ ညီငယ်၊ ညီမငယ်တွေ ရှိနိုင်တဲ့အတွက် Myanmar Tutorials ပရိသတ်နဲ့ မိတ်ဆက် ပေးပါဦးခင်ဗျ။

ကိုသီဟရေ မင်္ဂလာပါဗျာ။ ကျွန်တော်နာမည် ကိုချစ်ပါ။ အရင်တုန်းကတော့ မြန်မာပြည်မှာ ချစ်ထွန်းဖေလို့ သိတာများပါတယ်။ ကျွန်တော် အိုင်တီလုပ်ငန်းကို ကျောင်းစတက်တဲ့အချိန်ပေါ့။ ၁၈ နှစ် ၁၉ နှစ်ကနေဆိုရင် အခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်လောက် ရှိပါပြီ။ စင်္ကပူမှာလည်း ကျောင်းတက်ခဲ့ပါတယ်။ မြန်မာပြည်မှာလဲ ကုမ္ပဏီ ကွန်ပျူတာလုပ်ငန်းတွေ Inforithm တို့ ဗုဒ္ဓဝင်တို့ စတဲ့ ပရောဂျက်တွေနဲ့ မြန်မာပြည်မှာ ၂၀၀၁ အထိ လုပ်ခဲ့ဘူးပါတယ်။ အမေရိကန်ကို ရောက်တာတော့ ကိုးနှစ်လောက် ရှိပါပြီ။ ဒီမှာတော့ Management နဲ့ Technology Colsulting လို့ခေါ်တဲ့ အကြံပေးမှု ဝန်ဆောင်မှုကုမ္ပဏီတွေမှာ ကျွန်တော်လုပ်ပြီးတော့ အိုင်တီ နည်းပညာ အကြံပေးအနေနဲ့ လုပ်ကိုင်နေပါတယ်။

MyanmarITPro ကို စတင်ဖြစ်ခဲ့တဲ့ ကိုချစ်ရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

၂၀၀ရခုနှစ်လောက်က ကျွန်တော် စင်္ကာပူကို ခဏ အလည်ရောက်တဲ့ အချိန်မှာ ကျွန်တော့် မိတ်ဆွေ ကိုဝေဖြိုးနဲ့ စကားပြောကြရင်းနဲ့ အဲဒီမှာရှိတဲ့ မိတ်ဆွေဟောင်း သူငယ်ချင်းဟောင်းတွေ ပြန်တွေ့ပေါ့။ လူလေးငါး ဆယ်ယောက်လောက် တွေ့ကြရင်းနဲ့ ကျွန်တော် ဒီကိုပြန်ရောက်လာတဲ့အခါမှာ အဲဒီအချိန်မှာ Google က Open Social စပြီး Launch လုပ်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ Ning ကလဲ စပြီး Market လုပ်တဲ့အချိန်။ ကျွန်တော်လည်း အဲဒါတွေကို တွေ့တော့ စင်္ကာပူမှာ တွေ့တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို မတွေ့ကြတာကြာပြီး ဝေးနေကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တွေ့ထိ ဆက်စပ်နေဖို့ Social Media ရဲ့ Social Network ရဲ့ သဘာဝလေးကို သဘောကျတာနဲ့ ကိုဖြိုးကို စည်းရုံးပြီး ကျွန်တော်တို့ နှစ်ယောက်စခဲ့တာပါ။ ဒီတော့ ကိုဖြိုးရယ် ကျွန်တော်ရယ် နှစ်ယောက်ပေါ့ Co-founder အနေနဲ့ Ning ကနေ MyanmarITPro ဆိုပြီး စခဲ့တာပါ။ အဲဒီတော့ ကျွန်တော့်ရဲ့ စဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အဓိက အိုင်တီပညာရပ်နဲ့ လုပ်ကိုင်နေတဲ့ မြန်မာပြည်ကလူတွေက တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေကြတယ်။ မြန်မာပြည်ထဲက ညီအကိုတွေ၊ နောက် Generation ပေါ့၊ အိုင်တီသမားတွေလည်း အများကြီး ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်နိုင်လို့ ရှိရင် ပညာလည်း ဖလှယ်နိုင်မယ်၊ အဆက်အသွယ်လည်း ရမယ်၊ တစ်ယောက်နဲ့ တစ်ယောက်လည်း ကောင်းတဲ့ အကြံဉာဏ်တွေ ပေးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့ပါ။ ရှင်းရှင်းလေးပါ။ လူတွေကို အခြေခံထားတဲ့ Network အနေနဲ့ စခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ Myanmar Site တွေမှာ Forum, Blog စသည်ဖြင့် အများကြီး ရှိလာနေပါပြီ။ အဓိက မေးချင်တဲ့ အပိုင်းက Pro Network ပါ။ Pro Network တစ်ခုမှာ Collaborative Platform တစ်ခုဖြစ်လာအောင်၊ တကယ့် ပရိုကွန်ယက်တစ်ခု ဖြစ်လာအောင် ဘာတွေပြည့်စုံဖို့ လိုအပ်ပါသလဲ။

ဟုတ်ကဲ့ ဒီနေ့ ကျွန်တော်တို့ အားလုံး ဆိုက်တော်တော်များများမှာ ကြုံတွေ့နေရတဲ့ အနေအထားမှာ ကျွန်တော်မြင်တာတော့ ပရို ကွန်ယက်တစ်ခု (Pro Network) ဖြစ်ဖို့အတွက် အချက် (၃)ချက်လိုပါတယ်။

နံပါတ် (၁)က ပါဝင်တဲ့ မင်ဘာတွေရဲ့ တကယ့်ကို တက်တက်ကြွကြွ ပါဝင်နေတဲ့ မင်ဘာတွေရဲ့ Profile နဲ့ သူတို့ရဲ့ Background၊ ပရိုလို့ပြောတဲ့အတွက်ကြောင့် လူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ဒါပေမယ့် ၈ဝ% လောက်က တကယ့် လက်တွေ့နယ်ပယ်၊ လုပ်ငန်းနယ်ပယ်က လူတွေ များလို့ရှိရင် Profile တွေ များလို့ရှိရင် တကယ့် ပရိုနက်ဝက်တစ်ခု ပိုပြီးပီပြင်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ Beginner တွေကို ချန်ထားခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဓိက ပရိုတွေကို Focus လုပ်ချင်တဲ့ သဘောပါ။ အဲဒီတော့ Pro Network ဖြစ်ဖို့ တကယ့် ပရိုတွေ ပါဝင်ဖို့လိုပါတယ်။

နံပါတ်(၂) အချက် ကျွန်တော်မြင်တာကတော့ သူတို့ရဲ့ ပူးပေါင်းပါဝင်တဲ့ နေရာမှာ Quality Contents ပေါ့။ ဒီအတိုင်း ကျွန်တော်တို့ ထမင်းစားရေသောက် ပြောနေကြတဲ့ Composition တွေ၊ ဒိုင်ယာလော့တွေ ဖိုရမ်မှာ ရှိနေမယ့်အစား တကယ့် Serious ဖြစ်တဲ့ Debate၊ ဥပမာ အိုင်တီပေါ်လစီ၊ Software Engineering Trend၊ Outsourcing၊ Innovation စတာတွေ ပြောကြမယ်၊ Mobile Platform မှာ သွားရင် ဘယ်လို ရှိမလဲ စတဲ့ တကယ့် Topic တွေကို ထိထိရောက်ရောက် ဦးဆောင် ဆွေးနွေးနိုင်ဖို့ Quality of Contents ပေါ့။ အဲဒီလို Content တွေ ပါဝင်နေတဲ့ ဖိုရမ်တွေ၊ ဘလော့ရေးသားချက်တွေဟာ Pro Network တစ်ခုရဲ့ အဆင့်အတန်းကို သတ်မှတ်တဲ့ ကဏ္ဍလို့ ကျွန်တော် မြင်ပါတယ်။

နံပါတ်(၃) အချက်ကတော့ နည်းနည်းပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒီဖက်က အခြား နိုင်ငံတွေမှာတော့ တွင်တွင်ကျယ်ကျယ် ရှိပါတယ်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် ဒီနိုင်ငံမှာ Project Management နဲ့ ပတ်သက်တဲ့ Network တွေ Collaborative Site တွေမှာ ဆိုရင် သူတို့တွေက Virtually အွန်လိုင်းမှာပဲ ဆိုက်ပေါ်မှာပဲ တွေ့ကြတာ ရှိသလို၊ သူတို့ရဲ့ Special Interest Group တွေ၊ သူတို့ရဲ့ Chapter တွေ၊ သူတို့ရဲ့ မြို့တွေမှာ Face-to-face ပေါ့၊ လူလူချင်း ပရိုတွေအချင်းချင်း တွေ့ကြဆုံကြပြီးတော့  Collaborative လုပ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အနေအထားတွေ အများကြီး ရှိကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အတွက် နံပါတ် (၃) Quality ကတော့ တကယ့် Pro Network တစ်ခု ဖြစ်လာအောင်ဆိုရင် Pro Network မှာ တွေ့ကြဆုံကြတဲ့ ပရိုတွေအနေနဲ့ အွန်လိုင်းမှာလဲ Content ကောင်းကောင်းတွေ ရှိမယ်၊ အဲဒီလိုပဲ Pro Network ကတစ်ဆင့် တွေ့ဆုံချိတ်ဆက်ကြပြီး သူတို့ နေတဲ့ နိုင်ငံတွေမှာ အပြင်မှာ တွေ့ကြဆုံကြမယ်၊ ပြောဆိုဆွေးနွေးကြမယ်၊ ပူးပေါင်းဆောင်ရွက် နိုင်ကြမယ်ဆိုရင် ပိုပြီးကောင်းမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့နေရာမှာလည်း အလုပ်အကိုင်တွေ၊ ပညာဖြန့်ဝေမှုတွေ၊ လက်တွေ့ရင်းနှီးမှုတွေ လုပ်နိုင်ရင် ပိုပြီးထိရောက်တဲ့ တကယ့် Pro Network တစ်ခု ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လိုချင်တဲ့ Collaborative Platform၊ Learning Platform တစ်ခုကို အဲဒီသုံးချင်အပေါ် မူတည်ပြီး တည်ဆောက်မယ်ဆိုရင် တကယ့်ကို ပြည့်စုံကောင်းမွန်တဲ့ Pro Network တစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ပရိုကွန်ယက်တစ်ခုမှာ ပါဝင်ပတ်သက်တဲ့ ပရိုတစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ်၊ Beignner တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်ပါသလဲ။

ကျွန်တော်မြင်တာကတော့ နံပါတ် (၁) ကတော့ မိတ်ဆွေ အပေါင်းအသင်းပေါ့၊ မိမိနေတဲ့ နိုင်ငံ တစ်ခုတည်းတင် မကပါဘူး၊ နိုင်ငံတကာမှာရှိတဲ့ မိမိနဲ့ စိတ်တူ ကိုယ်တူ၊ ဝါသနာတူတွေ၊ စိတ်ဝင်စားမှု တူသူတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

နံပါတ် (၂)ကတော့ အကြံပေးမှု လမ်းညွှန်မှုတွေ၊ ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါမှာ ပူးပေါင်း ရှာဖွေပေးတာမျိုးတွေ၊ ပြဿာနာတွေကို အစအဆုံး ဖြေရှင်းပေးတာမျိုးတွေ မဟုတ်တောင် ဘယ်နေရာကို သွားကြည့်လိုက်၊ ဘယ်ဝက်ဆိုက်ကို သွားကြည့်လိုက်၊ ဘယ် Software ကို စမ်းကြည့်လိုက်၊ ဘယ် Website ကတော့ ဘယ်လိုကောင်းတယ် စသည်ဖြင့် လမ်းညွှန်မှုလေးတွေကို ပရိုပဲဖြစ်ဖြစ်၊ Beginner ပဲ ဖြစ်ဖြစ် အကျိုးရှိပါတယ်။

နောက်တစ်ချက် နံပါတ် (၃)ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့၊ Pro Network ပေါ်မှာ တော်တဲ့ ကောင်းတဲ့သူတွေ တွေ့တဲ့အခါ တစ်ချို့အလုပ်လေးတွေ ခိုင်းကြည့်၊ လုပ်ကြည့် စသည်ဖြင့် ကျွန်တော်တို့ ချိတ်ဆက်ပြီး ပူးပေါင်းလုပ်ကြည့်တာတွေ ရှိပါတယ်။ အဲဒီလိုမျိုး တစ်ခြားသူတွေလည်း လုပ်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်းတွေပါ Pro Network ပေါ်ကနေ ရလာနိုင်ပါတယ်။

အဲဒီတော့ ပရိုကွန်ယက်မှာ ပါဝင်ပတ်သက်နေတဲ့ ပရိုပဲဖြစ်ဖြစ် Beginner ပဲ ဖြစ်ဖြစ် ရလာမယ့် အကျိုးကျေးဇူး တွေကတော့ မိတ်ဆွေ အပေါင်းအသင်း၊ အကြံပေးလမ်းညွှန်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းလို့ ဆိုနိုင်ပါတယ်။

MITP မှာ ပရိုကွန်ယက်ကို တစ်ဖက်ကလည်း သွားဖို့လိုသလို၊ တစ်ဖက်ကလည်း Learning Platform ကိုလည်း လွှတ်လို့ မရပါဘူး။ Network တစ်အားဆန်သွားရင် Learning Platform အတွက် အားနည်း သွားနိုင်မလား၊ အဲဒီလိုပဲ Learning Platform ဖက်သွားလွန်းရင်ကော Pro Network ဆိုတဲ့ အနှစ်သာရ ပျောက်သွားနိုင်ပါသလား၊ အဲဒီအပေါ်မှာ ကိုချစ် အမြင်လေး သိချင်ပါတယ်။ Pro Network နဲ့ Learning Platform ကို အချိုးအစားညီညီ သွားနိုင်ဖို့ ဘာတွေလိုအပ်မယ်ဆိုတာ သိချင်ပါတယ်။

ဒါကတော့ ကျွန်တော်တို့ လက်ရှိနောက်ဆုံး အနေအထားမှာ ကျွန်တော်တို့ အဓိကဆွေးနွေးနေတဲ့ အပိုင်းပါ။ ဒီမေးခွန်းနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ ကျွန်တော် စင်္ကာပူနဲ့ မြန်မာပြည်က မင်ဘာတွေနဲ့ ဆွေးနွေး ပြောဆိုနေတာတွေ ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့အခုချိန်မှာ Ning ပေါ် အခြေခံ ထားတဲ့အတွက် Social Network၊ Pro Network ဖက်ကို အားသာနေတဲ့ သဘောရှိပါတယ်။ Learning ဖက်မှာ ကြည့်ရင်တော့ ဒီလောက်ကောင်းတဲ့ ပလက်ဖောင်းတော့ မဟုတ်ပါဘူး။ Learning ဖက်ကို သွားချင်တယ် ဆိုရင်တော့ အခြား Drupal လို၊ အခြား CMS နဲ့ LMS Based သွားတဲ့ စနစ်မျိုး ကျွန်တော်တို့ သွားရပါတယ်။ အဲဒီလိုသွားမယ်ဆိုရင် Social Network ဖက်၊ Pro Network ဖက်မှာ အဲဒီလောက်ထိ ကောင်းနိုင်မယ်လို့ မထင်ပါဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ စိတ်ကူးနဲ့ အကြံဉာဏ်ကတော့ Pro Network ကိုသွားတဲ့ Ning လိုအခြေခံတဲ့ ပလက်ဖောင်းကို ဆက်ထားပြီး တစ်ဖက်မှာလည်း Drupal လိုဟာကို အခြေခံထားတဲ့ Learning Platform တစ်ခုကို Sister Site လို့ ခေါ်လို့ရမယ်ထင်ပါတယ်၊ လုပ်စေချင်ပါတယ်။ လိုအပ်နေတဲ့ Branch တစ်ခုကို ဖြည့်ဆည်းပေးတဲ့ အခြားဆိုက်တစ်ခု အနေနဲ့ ဖြစ်စေချင်ပါတယ်။

ကျွန်တော် စဉ်းစားထားတာတော့ ၂ဝ၁၁ မှာ ကျွန်တော် စင်္ကာပူကို သွားဖို့ ရှိပါတယ်။ အဲဒီမှာ MyanmarITPro က အဖွဲ့တွေနဲ့တွေ့ဖို့ ဆွေးနွေးဖို့ ရှိပါတယ်။ ကျွန်တော် စဉ်းစားထားတာတော့ အချက် (၃) ချက်အနေနဲ့ ဦးတည်သွားပါမယ်။

နံပါတ် (၁) အနေနဲ့ အခုလက်ရှိ ရှိပြီးသား Pro Network ကို Content Quality ကောင်းကောင်း၊ ဒီထက်ပိုပြီး အင်အား ကောင်းကောင်း သွားမယ်။

နံပါတ် (၂)ကတော့ ခုနက ပြောခဲ့တဲ့ Learning Platform အတွက် နောက်ထပ် ဆိုက်တစ်ခု တည်ဆောက်နိုင်အောင်၊

နံပါတ် (၃) ကတော့ Myanmar ITPro Webinar၊ နိုင်ငံတကာမှာရှိတဲ့ တကယ့် လုပ်ငန်းတွေမှာ လုပ်နေတဲ့ ညီအကိုတွေ၊ Professional တွေက တစ်ပတ် တစ်ခါဖြစ်ဖြစ် Webinar အွန်လိုင်းပေါ်မှာ Conference လုပ်ကြပြီးတော့ ပညာရပ်တွေကို ရှင်းပြမယ်၊ ဖလှယ်ကြမယ်၊ အဲဒါတွေကို Record လုပ် သိမ်းဆည်းပြီးတော့ Pro Network မှာ အိုင်တီပညာကို လေ့လာနေတဲ့သူတွေ ပရိုတွေကို အခမဲ့ဖြန့်ဝေပေးမယ်၊ ပြည်တွင်းက ဆွေးနွေးမှုတွေ ကိုလည်း Record လုပ်ပြီး တစ်ခြား နယ်ဒေသတွေကို ဖြန့်ဝေပေးနိုင်အောင် ကြိုးစားသွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ Webinar အတွက်လည်း အကြံပေးဖို့ လုပ်ဖို့ရှိပါတယ်။

အဲဒီလိုဆိုရင်တော့ Social Network နဲ့ Learning Platform ကို ကောင်းကောင်းပေါင်းနိုင်တဲ့ အနေအထား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဆက်ပါဦးမယ် …

Facebook comments:

5 Responses

  1. [...] ဖန်တီးပေးလို့ရတယ်။ ကိုချစ် ရဲ့ Interview မှာ US မှာ Statup တွေကို ဘယ်လို [...]

  2. [...] ဖန်တီးပေးလို့ရတယ်။ ကိုချစ် ရဲ့ Interview မှာ US မှာ Statup တွေကို ဘယ်လို [...]

  3. [...] ဖန်တီးပေးလို့ရတယ်။ ကိုချစ် ရဲ့ Interview မှာ US မှာ Statup တွေကို ဘယ်လို [...]

  4. [...] ဖန်တီးပေးလို့ရတယ်။ ကိုချစ် ရဲ့ Interview မှာ US မှာ Statup တွေကို ဘယ်လို [...]

Leave a comment


*