သူတို့ပြောတဲ့ – ဖွင့်ထားသောရင်းမြစ် Open Source
Open Source ကို ပွင့်လင်းရင်းမြစ်၊ ဖွင့်ထားသောရင်းမြစ်လို့ မြန်မာဘာသာပြန် ထားတာကို မှတ်သားဖူးပါတယ်။ ”Open Source ကို အခမဲ့လို့ အဓိပ္ပါယ်ပြန်ရင် မဟုတ်သေးဘူး။ အခမဲ့လို့ပြောရုံနဲ့ မလုံလောက်ဖူးဖြစ်နေတယ်။ ကျွန်တော်က Software တစ်ခုကို ရေးတယ်။ သူ့သဘာဝအရ Bug ရှိတယ်။ Software က ကြီးလာရင် ဒီ Bug ကို ကျွန်တော်တစ်ယောက်ထဲ စုံလင်အောင် Fit မလုပ်နိုင်ဘူး။ Open Source က အဲဒီလိုမဟုတ်ဘူး။ လူတိုင်းက Bug တွေကို လိုက်ရှင်းနိုင်တယ်။ အဲဒီအခါမှာ Software ရဲ့ အရည်အသွေးက တက်သွားတယ်။ ဒီနေရာမှာ Open Source ဆိုတာ အလကားပေးနိုင်တဲ့ အဆင့်ကို ကျော်သွားတယ်။” လို့ ကိုအိ မောင်က စာရေးသူရဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ လက်ရှိ ကာလမှာ Open Source ကို တွင်တွင်ကျယ်ကျယ် စိတ်ဝင်စားမှု မရှိကြသေးပါ။Windows ကိုလည်း သူ့ရဲ့တန်ဖိုးအတိုင်း ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး အသုံး ပြုနေကြခြင်း မဟုတ်သေးပါ။ မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ အကြောင်းကိစ္စတွေဟာ ယခုကာလမှာ အသက်ဝင်ခြင်း မရှိသေးပေမယ့် မကြာတော့တဲ့ ကာလတစ်ခုမှာ အသက်ဝင်လာပါတော့မယ်။ ဒါကြောင့် မူပိုင်ခွင့်ဥပဒေတွေနဲ့လည်း လွတ်ကင်း၊ အသုံးပြုရလည်း အဆင်ပြေနိုင်မယ့် Open Source အသိုက်အမြုံကို တိုထိမြည်း စမ်းကြည့်စေချင်ပါတယ်။ Open Source ဆိုတဲ့ ဖွင့်ထားသောရင်းမြစ်များထဲမှာ နယ်ပယ်စုံအတွက် အကျိုးများစေမယ့် ရင်းမြစ်ကောင်းတွေ ရှိနေပါတယ်။ စာဖတ်သူအနေနဲ့ မြည်းစမ်းတိုထိ ကြည့်ပါ။ ဒါကြောင့် Open Source နဲ့ပတ်သက်ပြီး သူတို့ဘာတွေ ပြောကြသလဲဆိုတာကို နားထောင်ကြည့်ရအောင်။
ကိုကိုရဲ
သူဟာ Open Source တစ်ခုဖြစ်တဲ့ Ubuntu နဲ့စပ်လျဉ်းပြီး ပြောဆိုလုပ်ကိုင်နေ သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ Open Source အပေါ်အမြင်က -
Open Source က Close Source မတူဘူး။ Close Source တွေက သာမန်အသုံး ပြုသူတွေအသုံးပြုဖို့ အဆင်သင့်ဖြစ်နေမယ်။ သူက အသုံးပြုသူအဆင်ပြေအောင် တတ်နိုင်သလောက်ထုတ်ပေးထားတယ်။ အသုံးပြုသူအနေနဲ့ အဆင်မပြေခဲ့ရင် သူ့ထက်အဆင်ပြေတဲ့ Version ကို ဝယ်ရတယ်။ ဒါမှမဟုတ်ရင် သူတို့ဆီကို အ ဆင်မပြေတဲ့ Bug တွေ ပြန်ပို့ရတယ်။ Bug တွေကို နောက်ထပ် Version တစ်ခုမှာ ပြင်ကောင်းပြင်ပေးမယ်။ ဝယ်သုံးတဲ့ User မဟုတ်ခဲ့ရင် ပြင်ပေးချင်မှလည်း ပြင် ပေးလိမ့်မယ်။
ဆော့ဝဲလ်တစ်ခုဟာ အများအဆင်ပြေအောင်လုပ်ထားတဲ့ ဆော့ဝဲလ် တစ်ခုဖြစ်ပေမယ့် ကိုယ့်အတွက် အဆင်ပြေချင်မှ ပြေလိမ့်မယ်။ Close Source တွေကို အဆင်မပြေလို့ ပြန်ပြင်ချင်တယ်ဆိုရင် သူတို့ဆီကို အကြောင်းကြားရ တယ်။ သူတို့ဆီက တစ်ယောက်ယောက်က ပြင်ပေးမှပဲ ပြုပြင်လို့ရတယ်။ Open Source က အဲဒီလိုမဟုတ်ဘူး။ ကိုယ်လေ့လာထားတဲ့အပေါ်မှာ မူတည်ပြီး အစ အဆုံးကိုယ်နဲ့ကိုက်ညီအောင် ပြန်ပြင်ပြီး သုံးလို့ရတယ်။
မိုးလှိုင်ည
သူကတော့ အွန်လိုင်းပေါ်မှာ စာပေရေးသားနေသူတစ်ဦးဖြစ်ပြီး Open Source ကို စိတ်ဝင်စားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူပြောတဲ့ Open Source က -
ကျွန်တော်တို့က Open Source ကို စိတ်ဝင်စားတယ်။ အကယ်၍ ကျွန်တော်တို့ အနေနဲ့ Windows ကို ဝယ်သုံးရတော့မယ်ဆိုရင် ဝယ်ပြီးတော့ သုံးနိုင်မနိုင်ဆို တာ ရှိတယ်။ အွန်လိုင်းပေါ်မှာ စာပေရေးတဲ့အခါမှာ Windows ထဲက Toolsတွေ ကိုပဲ သုံးနေရတယ်။ Open Source ကို ပြောင်းသုံးနိုင်ဖို့ အရေးတကြီး စဉ်းစား နေရတယ်။ Windows ကို ဝယ်သုံးရတော့မယ်ဆိုရင် အခက်အခဲရှိနိုင်တယ်။ ဒီလိုအခြေအနေမျိုးမှာ Open Source ကိုပဲ အသုံးပြုဖို့များတယ်။
Open Source ပြောင်းသုံးဖို့ အစပိုင်းမှာ အခက်အခဲရှိနိုင်ပါတယ်။ Windows ကို နှစ်ပေါင်းများစွာအသုံးပြုလာရာကနေ Open Source တစ်ခုခုကို ပြောင်းသုံးလာရမယ်ဆိုရင် အားထုတ်ရမယ်။ ဒီအခြေအနေကို ကျော်သွားနိုင်ရင် Windows နီးပါးလောက်ကို ကျွန်တော်တို့ သုံးလို့ ရမယ်။
ဝယ်သုံးရတော့မယ်ဆိုတဲ့ အချိန်ကျမှ Open Source တစ်ခုခုကို သုံး မယ်ဆိုရင် အခက်အခဲရှိနိုင်တယ်။ မူပိုင်ခွင့်ကို ချိုးဖောက်ပြီး Windows ကို အ သုံးပြုနေရတယ်ဆိုတာ အများစုက မသိဘူး။ အခုအချိန်မှာ ကျယ်ပြန့်အောင် လေ့ကျင့်ထားရင် ပြောင်းသုံးရမယ့်အချိန်မှာ လွယ်လွယ်ကူကူ အပြောင်းအလဲကို သွားနိုင်မယ်။ မပြောင်းလို့ မဖြစ်တော့တဲ့ အချိန်မှပြောင်းမယ်ဆိုရင် အပြောင်း အလဲမှာ နာကျင်ခံစားရလိမ့်မယ်။ အပြောင်းအလဲကို လိုက်လျောညီထွေစွာနဲ့ သွားမယ်ဆိုရင် အပြောင်းအလဲက ပြေလျှော့မယ်။
မင်းယွန်းသစ်
သူ့အနေကလည်း မြန်မာဝီကီရေးသားခြင်းနဲ့ Web Development လုပ်ခြင်းတို့ ကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သူကလည်း Open Source ကို -
ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့အထဲမှာ Open Source တွေ ရှိတယ်။ Mozilar Firefox, PHP, CMS(Contect Management System)တို့က Open Sourceတွေ ပဲ။ Open Source ရဲ့ သဘောက စုပေါင်းလုပ်ဆောင်မှုပဲ။ စုပေါင်းပြီးတော့ Development လုပ်တဲ့အခါကျတော့ တစ်ဦးတစ်ယောက်တည်း လုပ်တာထက် ဆော့ဝဲလ်က ပိုပြီးတော့ ကောင်းလာတယ်။ သုံးရတာလည်း စိတ်ချရတယ်။ အ သုံးပြုမယ့်သူတွေရဲ့ တကယ်အသုံးတည့်မယ့်အချက်တွေ ထပ်ထပ်ပြီး တိုးလာတဲ့ အတွက်ကြောင့် Open Source တွေကို သုံးရတာပိုပြီး အဆင်ပြေတယ်။
Open Source မှာလည်း အားနည်းချက်၊ အားသာချက်ရှိတယ်။ ဒါပေ မယ့် အများက ဝိုင်းပြီးတော့ Development လုပ်တဲ့အတွက်ကြောင့် ပြဿနာ အများကြီးမရှိဘူး။ Open Source သုံးရတာ သုံးပျော်တယ်။ Open Source မှာ Opreation System တွေလည်း အများကြီးပဲ။ လိုချင်တာထက် ပိုနေတဲ့ Add On တွေလည်း အများကြီးပဲ။
CMS တွေကို စမ်းသပ်အသုံးပြုတဲ့အခါ သူ့ရဲ့ Resource တွေကို Offical Website မှာတင်မကပဲ Forum တွေမှာလည်း ရနိုင်တယ်။ Developerတွေ အများကြီးက ဝိုင်းပြီးလုပ်ထားတဲ့အတွက်ကြောင့် ကိုယ်လိုချင်လို့ရှိရင် အလွယ် တကူနဲ့ သူတို့ဆီမှာ ရှာဖွေလို့ရတယ်။
ထူးတေဇာ
သူကလည်း Open Source ကို အသုံးပြုပြီး Web Design တွေကို ရေးဆွဲနေတဲ့ သူတစ်ဦးပါ။ သူရဲ့ Open Source အပေါ်အမြင်က -
Open Source ကို သိထားသင့်တယ်။ ဒီမှာ ဆော့ဝဲလ်တွေကို ဈေးသက်သက်သာ သာနဲ့ ဝယ်လို့ရနေတယ်။ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ်ဆိုရင် ဝယ်လို့မရတော့ ဘူး။ အဲဒီကျရင် သူတို့က Office ဆိုရင်လည်း Open Office ကိုပဲ သုံးခိုင်းတယ်။
တချို့ Open Source တွေဆိုရင် အခကြေးငွေပေးပြီး ဝယ်သုံးရတာ ထက်ပိုကောင်းတဲ့ဟာတွေ ရှိတယ်။ Open Source အများစုက Platform မရွေး ဘူး။ Linux မှာလည်း သုံးလို့ရတယ်။ Windows မှာလည်း သုံးလို့ရတယ်။ Mac မှာလည်း သုံးလို့ရတယ်။ တစ်ခုသိထားရင် ဘယ် Opreation System မှာ မဆို သုံးလို့ ရတယ်။ အားလုံးက တစ်ပုံစံတည်း ဖြစ်နေတယ်။ သူတို့ရဲ့ Source Code တွေကို ပေးထားတဲ့အတွက်ကြောင့် လေ့လာလို့ရတယ်။ ရေးချင်တယ်ဆို ရင်လည်း ရေးလို့ရတယ်။
Open Source ကို လေ့လာထားသင့်တယ်။ မကြာခင်အချိန်အတွင်း မှာ မြန်မာနိုင်ငံက မူပိုင်ခွင့်ဥပဒေသက်ရောက်တော့မယ်။ အဲဒီအချိန်ကျမှ လေ့ လာမယ့်အစား အစောကြီးကတည်းက ကြိုတင်ပြီးလေ့လာထားမယ်ဆိုရင် အကောင်းဆုံးပဲ။
ဟန်ဇော်
(အိုင်တီဇင် နည်းပညာ ဂျာနယ် ၊ ၂၅ ၊ ၀၁ ၊ ၂၀၁၁)
Facebook comments:



၂၅ရက် ၁ လ ၂၀၁၁ ခုနှစ်က အိုင်တီဇင်ဂျာနယ်မှာ ရေးသားခဲ့တဲ့ အင်တာဗျူးဆောင်းပါးပါ။ mmitpro မှာလည်း တင်ခဲ့ဖူးပါတယ်။.