မြန်မာဝီကီပီးဒီးယားနှင့် ပရဟိတစိတ်ထားသူ
my.wikipedia.org ကို အားသွန်းခွန်စိုက်ရေးသားနေတဲ့ ဝီကီပီးဒီးယားရေးသားသူ (Wikipedian)တွေ အများကြီးရှိပါတယ်။ သူတို့ဟာ ဝီကီပီးဒီးယားမှာ အခုလိုအား သွန်ခွန်စိုက်ရေးသားနေတယ်ဆိုတာကလည်း သူတို့အတွက် ဝီကီကနေ စီးပွားရေးအရ အကျိုးအမြတ်တစ်စုံတရာ ရရှိနေလို့ မဟုတ်ပါဘူး။ အချိန်တွေများစွာ ပေါများနေလို့ မဟုတ်သလို ရေးသားသူတစ်ချို့ဟာ အိုင်စီတီအသိုင်းအဝန်းထဲက မဟုတ်ပဲ၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ဝါသနာအရ ရေးနေကြတယ်ဆိုတာကို တွေ့ရ ပြန်တယ်။ သူတို့ရဲ့ အားလပ်ချိန်ကို ဝီကီရေးသားခြင်းပရဟိတအတွက် အသုံးပြု ကြတယ်ဆိုတာလည်း တွေ့ရတယ်။
Wikipedia ဆိုသည်မှာ Wiki နှင့် Encyclopedia နှစ်မျိုးကို ပေါင်းပြီး ခေါ်ဆိုတဲ့ အွန်လိုင်းစွယ်စုံကျမ်းတစ်ခု ဖြစ်ပါတယ်။ ဝီကီကို ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပြီး လွတ်လပ်ပွင့်လင်းစွာနဲ့ အကြောင်းအရာမှန်သမျှကို ဖွင့်ပေးထားတဲ့ အွန်လိုင်းစာမျက်နှာတစ်ခုလည်း ဖြစ်ပါတယ်။ ဝီကီကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Wikimedia Foundation က ထူထောင်ထားခြင်းဖြစ်ပါ တယ်။ ၂၀၀၁ ခုနှစ်မှာ ဂျင်မီဝေးလ်စ်နဲ့လာရီဆန်းဂါးတို့ဟာ Wikipedia ကိုစတင် လွင့်တင်ခဲ့ပြီး ယခုကာလမှာ ဘာသာစကားမျိုးစုံနဲ့ ကိုးကားနိုင်တဲ့ အွန်လိုင်းစွယ်စုံ ကျမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
လက်ရှိကာလမှာ မြန်မာဘာသာစကားနဲ့ ဖတ်ရှုနိုင်တဲ့ ဝီကီပီးဒီးယား နှစ်ခုရှိနေပါတယ်။ တစ်ခုက my.wikipedia ဖြစ်ပြီး ကျန်တစ်ခုက myanmarwikipedia.co.cc ဖြစ်ပါတယ်။ my.wikipedia ဟာ Wikimedia Foundation ရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ISO က လက်ခံတဲ့ မြန်မာယူနီကုတ်ဖောင့်ကို အသုံးပြုထားပါတယ်။ myanmarwikipedia.co.cc ကိုတော့ မြန်မာအိုင်စီလူငယ် တစ်ချို့က ၂၀၀၈ ခုနှစ် ဇူလိုင်မှာ ဇော်ဂျီဖောင့်ကို အသုံးပြုပြီး လွှင့်တင်ခဲ့ပါတယ်။
မြန်မာဝီကီပီးဒီးယားတိုးတက်ရေး စိတ်ဝင်စားသူများဟာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာက တွေ့ဆုံခဲ့ကြပြီး ၂၀၁၁ ခုနှစ် ဇူလိုင်မှာ မြန်မာဝီကီမှာ အကြောင်းအရာပေါင်း တစ်သောင်းခွဲ ရှိလာဖို့ ရည်မှန်းချက်ထားခဲ့ကြပါတယ်။
မြန်မာဘာသာစကားနဲ့ ဖတ်ရှုနိုင်တဲ့ my.wikipedia မှာ ပါဝင်ရေးသားနေကြတဲ့ ရေးသားသူများထဲက ကိုမြတ်သွင်(Mayor MT)နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ယခုနှစ် နှစ်ဆန်းပိုင်းကလည်း သူ့ကို ဝီကီရေးသားသူများထဲက စံပြလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါကြောင့် ကိုမြတ်သွင်ကို မြန်မာဝီကီပီးဒီးယားရေးသားခြင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံများကို မေးမြန်ဖြစ် ခဲ့ပါတယ်။ ကိုမြတ်သွင်က ပြန်လည်ဖြေကြားပေးခဲ့တဲ့ ဖြေဆိုချက်များကို ဖတ်ရှုလေ့လာကြည့်ကြရအောင်။
ဝီကီကို ကြိုးစားရေးဖြစ်တယ်
ဝီကီမှာ လွတ်လပ်တာကို သဘောကျတယ်။ ရေးတဲ့သူကရေးတယ်၊ ပြင်တဲ့သူက ဝင်ပြင်သွားတယ်။ အဲဒါကို ကျေးဇူးတင်တယ်။ ရေးရင်နဲ့ ဝါသနာတူတွေ ပေါင်းစည်းမိလာကိုလည်း တွေ့ရတယ်။ တစ်ခြားသူရေးတဲ့ အကြောင်းအရာ တစ်ခုကို ကိုယ်က မသိတော့ ဖတ်ကြည့်မိတယ်။ ကိုယ့်အတွက် ဗဟုသုတရတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာကို တစ်ခြားသူက ဖတ်ကြည့်လိုက်ရင် သူလည်း ဗဟုသုတ ရသွားတယ်။ ဒီလိုနဲ့ ဝီကီရေးသားရတာကို ပိုပြီး ဝါသနာပါလာတယ်။
Book For All ဆိုတဲ့ စကားကို ဆောင်းပါးတစ်ခုထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုဒ်(Wiki)ကို ပြန်ကြည့်လိုက်တော့ Wiki For All ကို စဉ်းစားမိတယ်။ ဝီကီဟာ အများအတွက် အကျိုးရှိတယ်။ Wiki ကို လူတိုင်းဝင်ဖတ်လို့ အကျိုးယုတ်မသွားဘူး။ ဗဟုသုတ များလာမယ်။ ဝီကီရေးရင်း နဲ့ လူတွေအတွက် အထောက်အကူပြုနိုင်တယ်ဆိုတာကို သိလာတယ်။ ဒါကြောင့် ဝီကီကို ကြိုးစားပမ်းစားရေးဖြစ်ခဲ့တယ်။
ဝီကီရေးလို့ ရရှိလာတဲ့ အကျိုးကျေးဇူး
အင်္ဂလိပ်ဝီကီမှာ အကြောင်းအရာသုံးသန်းကျော် ရှိနေတယ်။ ကျွန်တော်တို့ ဝီကီက အခုမှ လေးထောင်ကျော်ပဲ ရှိသေးတယ်။ အများကြီး ကြိုးစားလုပ်ရမယ့် အပိုင်းတွေ ရှိတယ်။ ကိုယ့်နိုင်ငံရဲ့အကြောင်းကို ကိုယ်ပဲသိတယ်။ ကျွန်တော်တို့ နိုင်ငံအကြောင်းကို အင်္ဂလိပ်တွေ၊ အမေရိကန်တွေ၊ ဂျပန်တွေ မသိဘူး။ ကျွန်တော်တို့နိုင်ငံအကြောင်းကို ကျွန်တော်တို့ပဲ ထဲထဲဝင်ဝင်သိတယ်။ မြန်မာ တွေက ကိုယ်တတ်နိုင်သလောက် ကိုယ့်နိုင်ငံအကြောင်းကို ရေးပေးသင့်တယ်။ မြန်မာမှာ တိမ်မြုပ်သွားနိုင်မယ့် အကြောင်းအရာတွေ ရှိနေတယ်။ မြန်မာ့ကစား နည်းဖြစ်တဲ့ မြန်မာ့စစ်တုရင်ဆိုရင် တိမ်မြုပ်သွားပြီ။ ဒီပစ္စည်းတွေကို ဝယ်ဖို့ မ လွယ်တော့ဘူး။ ဒီလိုနိမ်မြုပ်သွားတဲ့ ကစားနည်းတွေ ရှိနေတယ်။ ဟို့ခေတ်က မြန်မာကစားနည်းတွေကလည်း တိမ်မြုပ်သွားပြီ။ ဒါတွေကို ကျွန်တော်တို့က ဖော် ထုတ်ပြီး တင်ထားပေးမယ်ဆိုရင် ကျွန်တော်တို့ လူမျိုးတင်မကပဲ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေ၊ နိုင်ငံတကာမှာရှိနေတဲ့ မြန်မာကို စိတ်ဝင်စားတဲ့သူတွေ လေ့လာလို့ရမယ်။
ဝီကီနှစ်ခု ဘာကြောင့်ရှိ
ယူနီကုတ်နဲ့ရေးတဲ့ my.wikipedia.org နဲ့ ဇော်ဂျီနဲ့ရေးတဲ့ myanmarwikipedia.co.cc နှစ်ခုစလုံးကို ထားရတဲ့အကြောင်းအရင်းက ဇော်ဂျီနဲ့ရေးချင်တဲ့သူအတွက်လည်း အဆင်ပြေ အောင် အပေါက်တစ်ပေါက် ဖွင့်ပေးထားတဲ့ သဘောပါ။ လာသမျှ Data တွေကို လည်း တတ်နိုင်သမျှ (နှစ်ဖက်လုံးမှာ ရှိနေအောင်) ပြောင်းထည့်ပေးတယ်။ ယူနီ ကုတ်ဖက်ကလာတဲ့ဟာကို ဇော်ဂျီဖက်ကို ပြောင်းထည့်ပေးတယ်။ ဇော်ဂျီဖက်က လာတဲ့ အကြောင်းအရာကို ယူနီကုတ်ဖက်ကို ပြောင်းထည့်ပေးတယ်။ ဘယ်ဖက် ကလာလာ ဖတ်တဲ့သူတွေအတွက် အဆင်ပြေအောင်လုပ်ပေးထားတယ်။
ဇော်ဂျီမှာ ရေးနေကြတဲ့ ရေးအားနဲ့ ယူနီကုတ်မှာ ရေးနေတဲ့ ရေးအား က တူတူပဲ။ ဇော်ဂျီဖက်မှာ ရေးတဲ့သူတွေဟာ ဇော်ဂျီကို ပိုပြီးအသုံးများတဲ့အ တွက်ကြောင့် ဝင်ပြီးတော့ ရေးကြမယ်လို့ ယူဆတယ်။ တကယ်တမ်းကျတော့ မဟုတ်ဘူးဗျ။ ဇော်ဂျီဘက်ကလည်း ဒီလောက်ပတ်ဝန်းကျင်ပဲ ရှိတယ်။ ယူနီကုတ် ဘက်မှာလည်း ဒီလောက်ပတ်ဝန်းကျင်ပဲ ရှိတယ်။ တူတူပဲ။ တက်မလာဘူး။ သူ့နှုန်းအတိုင်းပဲ သွားတယ်။
အကြောင်းအရာ တိုးတက်နှုန်း
ဝီကီကို စပြီးသတိထားမိတာက ၂၀၀၆ ခုနှစ်က။ တစ်နှစ်ကြာတဲ့အချိန်မှာ အ ကြောင်းအရာပေါင်း ရှစ်ရာလောက် ရခဲ့တယ်။ ဝီကီကို လူသိလာတဲ့အခါမှာ အကြောင်းအရာ နှစ်ထောင်လောက် ဖြစ်လာတယ်။ တစ်နှစ်ကို မျှမ်းမျှအနေနဲ့ အကြောင်းအရာ တစ်ထောင်လောက် တက်တယ်။ ဒါက အခုသုံးလေးနှစ်မှာ ကျွန်တော်ချိန်ကြည့်လိုက်တာ။ တစ်နှစ်လုံးမှာမှ အကြောင်းအရာ တစ်ထောင် တက်တယ်ဆိုရင် တစ်သောင်းရဖို့ နောက်ထပ် ၁၀ နှစ်စောင့်ရမယ်။ ဒီအတိုင်းက မဟုတ်သေးဘူး။ အားရစရာလည်း မကောင်းဘူး။ ဝီကီနဲ့ပတ်သက်တဲ့ အစည်း အဝေးတွေ လုပ်တယ်။ သေသေချာချာတိုင်ပင်ပြီး လုပ်လိုက်နိုင်တဲ့အတွက် ကျွန် တော်တို့ ရည်မှန်းချက်တစ်ခုထားနိုင်ခဲ့တယ်။
တစ်ခြား ဝီကီတွေနဲ့ ချိတ်ဆက်မိတဲ့အခါ
my.wikipedia က အင်္ဂလိပ်ဝီကီနဲ့ချိတ်ဆက်ထားတဲ့အတွက် တစ်ခြားမှာရှိနေတဲ့ ဝီကီတွေနဲ့ ကူးလူးဆက်ဆံဖို့ အဆင်ပြေတယ်။ သူတို့ရဲ့ အကြောင်းအရာနဲ့ ကျွန် တော်တို့ရဲ့ အကြောင်းအရာတွေ တူညီနေရင် ချိတ်ဆက်(Link)ပေးလို့ ရတယ်။ ဥပမာ-ကျွန်တော်က မြန်မာ့နဂါးအကြောင်းကို သိလိုရေးလိုက်တယ်။ Dragon ဆိုတာလည်း နဂါးပဲ။ အင်္ဂလိပ်ဝီကီမှာရှိတဲ့ Dragon နဲ့ ချိတ်ပေးလိုက်နိုင်မယ်။ တရုတ်ဝီကီကို ကြည့်လိုက်လို့ရှိရင်လည်း တရုတ်နဂါးအကြောင်းကို သိလာမယ်။ နဂါးဆိုတဲ့ အကြောင်းအရာတစ်ခုကိုပဲ ဘာသာစကားပေါင်းစုံက အမြင်တွေနဲ့ ကျွန်တော်တို့ ကြည့်လို့ရမယ်။ my.wikipedia က ကွန်ယက်လို ဖြစ်နေတော့ ပိုပြီး အားစိုက်ဖြစ်တယ်။ myanmarwikipedia မှာကတော့ Wikimedia Foundation က အသိအမှတ်ပြုထားတာ မဟုတ်တဲ့အတွက်ကြောင့် ချိတ်ဆက်(Link)ပေးလို့ မရဘူး။ သူက နည်းနည်းဘောင်ကျဉ်းတယ်။
နိုင်ငံတကာကဝီကီနဲ့ ချိတ်ဆက်ထားတဲ့အတွက်ကြောင့် တစ်ချို့ဓာတ် ပုံတွေကို သီးခြားတင်နေစရာ မလိုတော့ဘူး။ သူတို့ဆီက ဓာတ်ပုံဖိုင်နာမည်ကို ဒီဖက်မှာထည့်လိုက်ရင် တစ်ခါတည်း ပုံပေါ်လာတယ်။ my.wikipedia မှာ ရေးရ တာ ပိုပြီးတော့အဆင်ချောတာကို တွေ့ရတယ်။
လူတွေ သိလေ ပိုရေးလေ
နည်းပညာကို နားမလည်လို့ မရေးချင်ဘူးဆိုပြီး ဝင်မရေးကြတဲ့သူတွေ အများ ကြီးပဲ။ နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဘားကမ့်ပွဲမှာ လိုက်ပြီး ရှင်းပြဖို့ စိတ်ကူးထားတယ်။ ဒီလိုလုပ်မှပဲ ဝီကီမှာရေးတဲ့သူ ပိုများလာမယ်။ ကျွန် တော်တို့ရည်မှန်းထားတဲ့ အကြောင်းအရာပေါင်း တစ်သောင်းခွဲလည်း ရလာမယ်။ ရေးသားသူများပြားမှပဲ မြန်မာဝီကီမှာ အကြောင်းအရာတွေ များပြားလာလိမ့် မယ်။ ရေးတဲ့သူ သုံးလေးငါးယောက်လောက်ပဲ ရှိနေမယ်ဆိုရင် အဲဒီရည်မှန်းချက် ကိုရောက်ဖို့ သိပ်မလွယ်ဘူး။ တစ်နေ့ကို အကြောင်းအရာ သုံးဆယ့်ငါး၊ လေး ဆယ်လောက်တက်မှပဲ ရည်မှန်းချက်ကို ရောက်နိုင်မယ်။
ဝီကီမှာ စံနှုန်းမီတဲ့ ယူနီကုတ်ကို သုံးတဲ့အခါ
မြန်မာဝီကီမှာ မြန်မာယူနီကုတ်ကို အသုံးပြုတဲ့အတွက် Sorting စီတဲ့ အပိုင်းမှာ အဆင်ပြေတယ်။ Searching မှာ ရှာတဲ့အခါလည်း စာလုံးပေါင်းလေး နည်းနည်း မှားသွားတာတို့ ဒါမှမဟုတ် Space Bar ပုတ်ထားလို့ စာကြောင်းလေးတွေ ကျဲ နေတာမျိုးတွေမှာ အနည်းစပ်ဆုံး ပြန်ပြပေးနိုင်တယ်။ အကြောင်းအရာတစ်ခုဟာ ထပ်နေဆိုတာ သိပ်မရှိဘူး။ ရှာဖွေတဲ့အခါမှာလည်း ပိုပြီးတော့ လွယ်ကူတယ်။ Sorting စီဖို့အတွက်လည်း က ခ ဂ ဃ င ကို ညွှန်းပြနေစရာမလိုဘူး။
ဇော်ဂျီနဲ့ ရေးတဲ့အခါကျတော့ ရှာဖွေတဲ့နေရာမှာ ကွန်ပျူတာရဲ့ စံနှုန်း မကိုက်ညီတဲ့ ဖောင့်ဖြစ်နေတဲ့အတွက်ကြောင့် သူက မပြပေးနိုင်ဘူး။ အနည်းစပ် ဆုံးလည်း မပြပေးနိုင်ဘူး။ ဥပမာ-ဝင်းဦးဆိုတဲ့ စကားလုံးကို ရိုက်တဲ့အခါ ဝင်းဦရဲ့ ၀လုံးကို ၀လုံးအစား သုညနဲ့ ရိုက်ထားမိမယ်။ နောက်တစ်ခါ ၀လုံးနဲ့ ရိုက်လိုက် တဲ့အချိန်မှာ ပထမတစ်ခါက သုညနဲ့ရိုက်ထားမိတဲ့ဝင်းဦးကို မပြတော့ဘူး။ သူက မပြတော့တဲ့ အခါကျတော့ ဝင်းဦးဆိုတဲ့ အတ္ထုပ္ပတိမရှိသေးဘူးဆိုပြီး ထပ်ဖြည့် ပေးလိုက်တယ်။ အဲဒီမှာ အကြောင်းအရာတစ်ခုက နှစ်ခုဖြစ်သွားတယ်။ Sorting စီပြန်တော့လည်း သုညကြီးနဲ့ မှားရိုက်ထားတဲ့အကြောင်းအရာက သပ်သပ် ထပ်ပြီး ပေါ်လာတယ်။ ဒီလိုမျိုး အားနည်းချက်တွေကို သိလာသလို။ my.wikipedia မှာ ရေးနေတဲ့ ယူနီကုတ်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ပိုပြီးတော့ သိလာ တယ်။
မျိုးဆက်သစ်ကို လက်ဆင့်ကမ်းမယ်
ဗဟုသုတရတဲ့ စာပေတွေကို အွန်လိုင်းပေါ်မှာ တင်ထားပေးမှ မျိုးဆက်သစ်တွေ ပိုပြီး လက်လှမ်းမီလာမယ်။ ကွင်းဆက် ချိတ်ဆက်မိမယ်။ လေ့လာလို့ ရမယ်။ ကျွန်တော်တို့ အခုလို လေ့လာနိုင်တယ်။ ဖတ်ရှုနိုင်တယ် ဆိုတာကလည်း ကျွန် တော်တို့ထက်စောတဲ့မျိုးဆက်က စာပေကိုသေချာပြုစုခဲ့လို့ အခုလို လေ့လာလို့ရ နေတာဖြစ်တယ်။။ နောက်လာမယ့် မျိုးဆက်အတွက် ပြုစုထားပေးဖို့ ကျွန်တော် တို့ကမှ မလုပ်ခဲ့ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်တို့က လုပ်ပေးရမယ်။ နောင် တက်လာမယ့် လူငယ်တွေက ဒါတွေကိုဖတ်ပြီး လက်ဆင့်ကမ်း သယ်ဆောင် သွားရမယ်။ ဝီကီကို တတ်နိုင်သလောက် ရေးပေးသွားရမယ်။ ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်လို့လည်း ယူဆပါတယ်။
ဝီကီရေးပြီး ပရဟိတလုပ်တယ်
ဝီကီမှာအကြောင်းအရာတွေ အများကြီးရအောင်ဆိုပြီး ကြိုးစားပမ်း စားနဲ့ရေးခဲ့တယ်။ အခုလို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်တယ်။ ပီတိဖြစ်တယ်။ ဂုဏ်လည်း ယူတယ်။ ဝီကီကို အများအတွက် ပရဟိတလုပ်ငန်းတစ်ခုလို သဘော ထားပြီး ရေးပါတယ်။ ကျွန်တော့ကို ဂုဏ်ပြုတဲ့အတွက် ကျွန်တော်လုပ်ရကျိုး လည်း နပ်ပါတယ်။
ဟန်ဇော်
အိုင်တီဇင် နည်းပညာဂျာနယ်
(အမှတ် ၂ ၊ ၁၈ ရက်။ ၁ လ ၊ ၂၀၁၁ ခုနှစ်)
Facebook comments:




အိုင်တီဇင်ဂျာနယ်မှာ ရေးသားခဲ့တဲ့ အင်တာဗျူးဆောင်းပါးပါ။ mmitpro မှာလည်း တင်ခဲ့ဖူးပါတယ်။.
ကိုဟန်ဇော်
ကျေးဇူးပြုပြီး Features Image လေးတင်ပေးပါ။ လောလောဆည်တော့ http://my.wikipedia.org/wiki/Wikipedia:နိဒါန်း မှာပုံနှစ်ပုံရှိတာ မြန်မာနိုင်ငံအလံကအဆင်မပြောတာမို့ နောက်တစ်ပုံကိုပဲယူသုံးထားလိုက်ပါတယ်။ နည်းနည်းတော့ကြည့်ရဆိုးနေပါတယ်။ အစ်ကိုပဲ သင့်တော်မယ့်ပုံတစ်ပုံလောက်ရှာပြီးတင်ပေးပါခင်ဗျာ။
ကျွန်တော် ပြောင်းလိုက်ပြီဗျို့
အိုင်တီသမားတွေအနေနဲ့ ဆွေးနွေးသင့်တာက ဖောင့်တခုထဲကို တသက်မတ်ထဲ သုံးရမယ့်ကိစ္စပဲ။
နဂိုထဲက အင်တာနက်ပေါ်မှာ မြန်မာလို ရေးထားတဲ့ အကြောင်းအရာ နည်းနေရတဲ့ကြားထဲ ဖောင့်တွေက ကွဲလွဲနေလို့ ဖတ်မရတာတွေလည်း ရှိလာပြန်တယ်။ ဂူဂယ်မှာ ရှာပြန်ရင်းလည်း ကိုယ်ရိုက်လိုက်တဲ့ ဖောင့်အပေါ်မူတည်းပြီး ရလာဒ်တွေက ကွဲတယ်ဗျာ။
အရင်ကတည်းက မြန်မာဝီကီ ဖစ်လာရင် ဝိုင်းရေးပေးမယ့်ဆိုတဲ့ ဆန္ဒရှိပေမယ့် အဲဒီ ဖောင့်အကွဲ အလည်းတွေကြောင့် စိတ်ဓါတ်ကျသွားတယ်။