ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ

ကျွန်တော်တို့ အခြေခံအဆင့်ကနေ ဘယ်လို ရုန်းထွက်ကြမလဲ။ အခြေခံ အဆင့်ဆိုတာ ဘာကို ခေါ်တာလဲ။ နည်းပညာ နယ်ပယ်မှာ အဆင့်တွေကို ဘယ်လိုခွဲလဲ စသည်ဖြင့် မေးခွန်းတွေ တစ်ခုပြီး တစ်ခု ကိုယ်ကိုကိုယ် ပြန်မေးကြည့် ပါတယ်။ ဘယ်လိုမှ အဖြေရှာ မရပါဘူး။ ဒီလိုနဲ့ အဖြေရမလားဆိုပြီး အင်တာနက်မှာ ရှာကြည့်ပြန်တော့လည်း အဖြေက ရေရေရာရာ မတွေ့ပါဘူး။ အဲဒီတော့ မဖြစ်သေးပါဘူး ဆိုပြီး မေးခွန်းကို ပြောင်း မေးကြည့် ပါတယ်။ ကျွန်တော်တို့ အခြေခံ အဆင့်ကနေ ဘာကြောင့် မတက်နိုင်တာလဲ၊ ဘယ်လို အတားအဆီးတွေ ရှိနေပါသလဲ စသည်ဖြင့် မေးခွန်းတွေ ပြောင်းမေးကြည့်မှ ကျွန်တော်တို့ အခြေခံအဆင့်ကနေ မတက်နိုင်ရခြင်း အကြောင်းအရင်းခံတွေ အများကြီး တွေ့လာပါတော့တယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ် တာလည်း ပါသလို အခြေခံအဆင့်က ရုန်းထွက်လိုသူတွေကိုပါ အချင်းချင်း အပြန်အလှန် အကူအညီ ပေးတဲ့အနေနဲ့ ဒီပို့စ်ကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ အားနည်းချက်များ လိုအပ်ချက်များ ရှိပါက ထောက်ပြ ဝေဖန်ပေးစေလိုပါတယ်။

ပထမဦးဆုံး ကျွန်တော်အမြင်အရ အခြေခံအဆင့်ကနေ ရုန်းထွက်နိုင်သူကို ပုံဖော်ကြည့်ပါ့မယ်။ လူတစ်ယောက်က Apache, PHP, MySQL စသည်ဖြင့် တွဲစပ်နေတဲ့ အတွဲအစပ်တစ်ခုကို အစကနေ လေ့လာမယ် ဆိုပါတော့။ ခုမှ စမယ့်သူအတွက်တော့ လေ့လာစရာတွေ အများကြီး ဖြစ်နေပါလိမ့်မယ်။ ဒီလို လေ့လာနေရင်း၊ လက်တွေ့လည်း စမ်းသပ်နေရင်း တစ်ချိန်မှာ အဲဒီ နည်းပညာကို လိုက်မှီသွားတဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်လာ ပါလိမ့်မယ်။ အဲဒီလို လိုက်မှီပြီဆိုရင် ကိုယ့်အတွက် အဲဒီနည်းပညာ အသစ်ထွက်တိုင်း အသစ်ထွက်တဲ့ Feature ကို နားလည်အောင် အသုံးချတတ်အောင် Upgrade လုပ်နေဖို့ပဲ လိုပါတော့တယ်။ အဲဒီလို အခြေအနေမှာဆိုရင် အချိန်နှင့် အမျှ Upgrade လုပ်နေစရာလည်း မလိုတော့ပဲ အချိန်ကာလ တစ်ခုခု ကြာမှသာ Upgrade လုပ်ဖို့ လိုပါတော့တယ်။ ဒီလိုပါပဲ WordPress Theme Developer တွေအနေနဲ့ 2.9.x series နဲ့ လုပ်ကိုက် ဆောင်ရွက်နေတာ အချိန်တွေ မနည်းတော့ပါဘူး။ ခုမှ 3.0 ထွက်မှာပါ။ အဲဒီလို ထွက်တဲ့ အခါကျရင်လည်း ဘာတွေ အသစ်ဖြစ်လာလဲ၊ ဘာတွေ အသစ်ပါလာလဲ စသည်ဖြင့် လေ့လာပြီး Adapt လုပ်လိုက်ရုံပါပဲ။ ဒီလို အဆင့်ကို ရောက်ပြီဆိုရင် အခြေခံအဆင့်က ရုန်းထွက်နိုင်ပြီလို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော့် ယူဆချက် သက်သက် ဖြစ်ကြောင်း ဝန်ခံပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ ဆိုတဲ့ အချက်တွေကို သုံးသပ်ကြည့်ရအောင် …

(၁) ငယ်ရွယ်စဉ်ကတည်းက တွေးတောဆင်ခြင်ခြင်းဆိုင်ရာ သင်ကြားမှုများ အားနည်းခဲ့ခြင်း

နည်းပညာဆိုတာ အရင်းခံက အတွေးပါ။ Thinking ပါ။ Thinking ဆိုတဲ့နေရာမှာလည်း ပုံမှန် သမာရိုးကျအတွေး (Linear Thinking) နဲ့ မလုံလောက်ပါဘူး။ သမာရိုးကျ မဟုတ်တဲ့ (Non-linear Thinking) တွေ များများ တွေးတတ်မှ အလုပ်ဖြစ်ပါတယ်။ အဲဒီလို တွေးတတ်ဖို့ဆိုတာ ငယ်ငယ်ကတည်းက သင်ယူလာဖို့ လိုပါတယ်။ လိုင်းတား၊ ဘာမှမစဉ်းစားပဲ ဒီအတိုင်း အလက်ကျွတ်ပြီး ဖြေလာတဲ့ အလေ့အထတွေက ဦးနှောက်တွေကို သေသွားစေပါတယ်။ နည်းပညာကို သင်မယ် ဆိုတော့မှာ အသည်းအသန် တွေးရပါတော့တယ်။ အဲဒီမှာ အတွေးအတွက် အချိန်တွေ ပေးရပါတော့တယ်။

ကျွန်တော် နယ်မြို့ငယ်လေး တစ်မြို့မှာ ရှစ်တန်းတက်တုန်းက ဆရာနှစ်ယောက်ကို ဂါရဝပြု သတိရမိပါတယ်။ မြန်မာစာဆရာနဲ့ သချင်္ာဆရာပါ။ မြန်မာစာ ဆရာရဲ့ နာမည်က ဦးအောင်သန်းဦး ဖြစ်ပြီး အမြဲတမ်း ပန်းနာရင်ကျပ်နဲ့ နဘန်းလုံး နေရပါတယ်။ ကျွန်တော်တို့မှာ ဆရာနဲ့ စာသင်ချင်လွန်းလို့ ဆရာ နေကောင်းတဲ့ အချိန်အထိ ပြုစုတဲ့သူက ပြုစု ရေပူရေချမ်း ကမ်းတဲ့သူက ကမ်းပြီး စောင့်ရပါတယ်။ ဆရာစာသင်တဲ့ ပုံစံကို ကျွန်တော် ပြောပြပါ့မယ်။ ဆရာက မြန်မာကဗျာတွေကို သင်တော့မယ့်ဆိုရင် အရင်ဆုံး တယောပြားလေးနဲ့ထိုးပြီး ကဗျာကို အရင်ဆိုပြပါတယ်။  အဲဒီကဗျာကို ရေးတုန်းက ကဗျာဆရာရဲ့ ပုံရိပ်ကို မျက်စိထဲ မြင်လာအောင်၊ ကဗျာဆရာရဲ့ ခံစားချက်ကို ဖမ်းဆုတ်မိလာအောင်၊ ဘာကြောင့် ဒီလိုကဗျာတွေ ထွက်အံကျလာရသလဲ စတဲ့ ပုံရိပ်တွေကို အရင် သင်ပေးပါတယ်။ အဲဒီလိုသင်ပေးပြီးမှာ ကဗျာကို ရှင်းပြပါတယ်။ ဒီတော့ ကျွန်တော်တို့မှာ ကဗျာကို ခံစားတတ် စဉ်းစား တတ်လာပါတယ်။ ကိုယ့်ဘဝတွေနဲ့ မတူတဲ့ ဘဝတွေကို Alternative Thinking လုပ်လို့ ရလာပါတယ်။

နောက်ဆရာ တစ်ယောက်က ဆရာဦးကြည်ဝင်းပါ။ သချင်္ာဆရာပါ။ ဆရာက စာသင်တော့မယ် ဆိုတာနဲ့ Blackboard ကို နှစ်ပိုင်းပိုင်း လိုက်ပါတယ်။ တစ်ပိုင်းက ကြိုက်တဲ့သူ ထွက်တွက်ဖို့ တစ်ပိုင်းကတော့ သူတွက်ပြဖို့ပါ။ အဲဒီလို ကြိုက်တဲ့သူ ထွက်တွက်ဆိုတာနဲ့ ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရယ် အမြဲတမ်း ဒိုင်ခံထွက်တွက်ကြပါတယ်။ အဲဒီလို တွက်တဲ့အခါမှာ သူနဲ့ မတူအောင် တွက်နိုင်ရင် ဆရာအရမ်း ပျော်ပြီး ချီးမွန်းခန်းဖွင့်လို့ကို မဆုံးတော့ပါဘူး။ အဲဒီလို မတူတဲ့ တွက်နည်းနှစ်ခုကို နှိုင်းယှဉ်ပြီး ပြန်ရှင်းပြလေ့ ရှိပါတယ်။ သူနဲ့ တွက်နည်း တူနေတယ် ဆိုရင်တော့ Alternative Ways တွေကို ပြောပြပြီး တွက်ခိုင်းလေ့ ရှိပါတယ်။ ဒီလို ဆရာကောင်းနှစ်ဦးနဲ့ ကြုံခဲ့တဲ့အတွက် နည်းပညာနယ်ပယ်မှာ မတောက်တစ်ခေါက် တွေးတတ်လာတာလို့ပဲ ကျွန်တော်ကိုယ် ကျွန်တော် ယူဆပါတယ်။

ငယ်စဉ်ကတည်းက တွေးတတ်အောင် မသင်လာခြင်းဟာ မိဘတွေနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို တွေးတတ်အောင် သင်ပေးဖို့ထက် အလွတ်ကျက်ဖို့ အားပေးတတ် ကြပါတယ်။ ဒီတော့ တွေးဖို့ထက် ကျက်ဖို့ အားသန် သွားပါတော့တယ်။ ဒီလို အတွေးကို တားစီးလိုက်ခြင်းဟာ နည်းပညာနယ်ပယ်မှာ အခြေခံအဆင့်က မတက်စေတဲ့ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံး အတားအဆီးပဲလို့ ကျွန်တော် ယူဆပါတယ်။ တိုးတက်နေတဲ့ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် ငယ်စဉ်ကတည်းက တွေးတတ်အောင်၊ Literal Thinking လို ခက်တဲ့ အတွေးတွေကို တွေးတတ်အောင် စနစ်တကျ သင်ပေးနေတာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကလေးတွေအနေနဲ့ ငယ်စဉ်ကတည်းက တွေးတတ်နေတော့ နည်းပညာနဲ့ ထိတွေ့တဲ့အခါ တွေးနည်းတွေကို တန်းသုံးရုံပါပဲ။ ဒီတော့ အချိန်တိုတိုအတွင်းမှာ နည်းပညာနဲ့ ယဉ်ပါးတဲ့သူ ဖြစ်သွားပါ တော့တယ်။

(၂)  အင်္ဂလိပ်စာဖတ်နိုင်မှု အားနည်းခြင်း

ဒါကတော့ ဟိုးကတည်းက ခုအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပါ။ ဆယ်နှစ်လောက် အင်္ဂလိပ်စာ သင်လာပြီး ဘာကြောင့် မတတ်ရတာလဲ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါဘူး။ တကယ်တော့ ဆယ်နှစ်မလိုပါဘူး။ နှစ်နှစ် သုံးနှစ်နဲ့ အတိုင်းအတာ တစ်ခုအထိ ပြောနိုင် ဖတ်နိုင် ရေးနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ဒီလို အင်္ဂလိပ်စာ မဖတ်တတ်တော့ အိုင်တီကို ထိမယ်ဆိုတာနဲ့ တိုင်ပတ်ပါတော့တယ်။ အိုင်တီကို တိုက်ရိုက်လေ့လာလို့ ရရမယ့်နေရာမှာ အင်္ဂလိပ်စာက လာခံနေတော့ အင်္ဂလိပ်စာတတ်အောင် ပြန်သင်နေရပါတယ်။

ဒီနေရာမှာ မြန်မာလို ဖတ်လို့ရအောင် ရှာမယ်ဆိုရင်တော့ မလွယ်ပါဘူး။ ဘာသာပြန်တဲ့သူတွေ ပြန်ဖို့ မမှီလောက်အောင် နည်းပညာစာအုပ်တွေက အထွက် မြန်ပါတယ်။ အဲဒီလို ထွက်သမျှတွေကလည်း အင်္ဂလိပ်လိုပဲ ရေးထားတော့ အင်္ဂလိပ်စာ မဖတ်တတ်ရင် လေ့လာလို့ မရတော့တဲ့ အခြေအနေ ရောက်သွား ပါတော့တယ်။ သင်တန်းသွားတတ်တော့ ဆရာသင်တဲ့အတိုင်း ရပါတယ်။ ကိုယ့်ဘာသာ လေ့လာမယ်ဆိုတော့ Self-study လုပ်မယ်ဆိုတော့ အားလုံးက အင်္ဂလိပ်လိုတွေပဲ တွေ့ပြီး တစ်နေပါတော့တယ်။

(၃) နယ်ပယ်တစ်ခုတည်းကို စူးစိုက်သင်ယူမှု အားနည်းခြင်း

ကျွန်တော် ကွန်ပျူတာ အခြေခံတက်ပြီးတဲ့ အချိန်ကို သွားသတိရပါတယ်။ အဲဒီအချိန်တုန်းက ဟိုလူ့ကို မေးတော့ Graphic Design၊ ဒီလူ့ကို မေးတော့ Programming အဲဒီလို နည်းလမ်းမျိုးစုံ အကြံမျိုးစုံကြားမှာ ဘယ်ဟာ လုပ်ရမှန်း မသိဖြစ်ခဲ့ဘူးပါတယ်။ အဖေတွေ အမေတွေကလည်း မင်းကွန်ပျူတာ သင်နေတာ ဘာလုပ်စားမှာလဲ စသည်ဖြင့် Pressure တွေပေးလာတော့ စိတ်ဓာတ်တွေ ကျလာပါတယ်။ ဒီလိုနဲ့ နယ်ပယ်တစ်ခုကို သီးသီးသန့်သန့် မရွေးတတ်တော့ပဲ ဟိုလူလာ ဟိုလူနဲ့ ယောင်၊ ဒီလူလာ ဒီလူနဲ့ ယောင် ယောင်ခြောက်ဆယ် ဖြစ်နေပါတော့တယ်။ ဒါတောင် ကျွန်တော်တို့တုန်းက ကွန်ပျူတာနဲ့ ပတ်သက်ရင် နယ်ပယ်တွေ အများကြီး မရှိသေးပါဘူး။ အခွင့်အလမ်းလည်း အင်မတန် နည်းသေးတဲ့ အချိန်ပါ။ ခုချိန်ဆိုရင်တော အခွင့်အလမ်းလည်း များလာသလို နယ်ပယ်တွေလည်း များလာပါတယ်။ ဒီတော့ ပိုပြီး ယောင်လို့ကောင်း လာပါတယ်။ ကျွန်တော်တို့တုန်းက ယောင်ခြောက်ဆယ် ခုချိန်ဆိုရင်တော့ ယောင် ၂၀၀ လောက်ဖြစ်နေပြီ ထင်ပါတယ်။

ကွန်ပျူတာ စလေ့လာခါစက သူငယ်ချင်း တစ်ယောက်ကို သတိရပါတယ်။ အဲဒီတုန်းက သူ့ကြောင့်ပဲ ကျွန်တော် ကွန်ပျူတာ တက်ဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ သူစပေးတဲ့အတိုင်း ကွန်ပျူတာကိုပဲ တစ်ဆင့်ခြင်း တက်ခဲ့ပေမယ့် သူကတော့ ဟော်တယ်သင်တန်း ဆိုလည်း သွားတက်ပါတယ်။ ဟိုသင်တန်းကောင်းတယ် ဆိုလဲ သွားတက်ပါတယ်။ အစကတော့ သူတက်တဲ့အတိုင်း လိုက်တက်ကြည့်ပါသေးတယ်။ နောက်တော့ စိတ်မပါတော့တာနဲ့ သူနဲ့ လိုက်မတက် ဖြစ်တော့ပါဘူး။ အဲဒီအချိန်တုန်းကတော့ သူနဲ့ စကားပြောတဲ့အခါ အင်မတန် အားကျရပါတယ်။ ဟိုဟာဆိုလည်း သူမပြောနိုင်တာ မရှိ၊ ဒီဟာဆိုလည်း သူမသိတာ မရှိ လက်ဖက်ရယ်ဝိုင်းမှာ အမြဲဦးဆောင်လေ့ ရှိပါတယ်။ ခုနောက်ပိုင်း ပြန်တွေ့တော့ တက်စီ မောင်းနေတယ်လို့ သိရပါတယ်။ ကျွန်တော်လည်း အရမ်းအံ့သြပြီး သူ့ကို မေးကြည့်ပါတယ်။ အရင်တုန်းက တက်ခဲ့တာတွေ မသုံးတော့ ဘူးလားဆိုတော့ သူက ပြန်ပြောပါတယ်။ အခု အသုံးတည့်နေတယ်တဲ့၊ တက်စီ စီးတဲ့ Passenger က ကွန်ပျူတာသမားဆို ကွန်ပျူတာ အကြောင်း ပြောတယ်တဲ့။ ဟော်တယ်က ဆိုရင် ဟော်တယ်အကြောင်း ပြောတယ်တဲ့။ သူနဲ့ အဆင်မပြေတဲ့ Passenger မရှိဘူးလို့ ဆိုပါတယ်။

ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ နည်းပညာတစ်ခုကို လိုက်မှီသွားတဲ့ အခြေအနေဆိုတာ နယ်ပယ်တစ်ခုတည်းကို ကွက်ပြီး သူနဲ့ ဆက်စပ် ပတ်သက်နေတာတွေ တွဲစပ်လေ့လာမှသာ ဖြစ်နိုင်တာပါ။ အဲဒီလိုမဟုတ်ပဲ နယ်ပယ်စုံ လေ့လာနေရင်တော့ ဟိုနေရာမှာလည်း အခြေခံ၊ ဒီနေရာမှာလည်း အခြေခံပဲ ဖြစ်နေပါလိမ့်မယ်။

ဆက်ပါဦးမယ် ….

Advertisement

Go to Smartblog Theme Options -> Ad Management to enter your ad code (300x250)

Facebook comments:

62 Responses to “ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ”

  1. May 25, 2010 at 3:36 PM #

    မှန်လိုက်လေခြင်းဗျာ …. ။ နံပါတ်(၃) အချက်ကတော့ တော်တော်လေးကို ထိရောက်တယ်။ Generalist နဲ့ Specialist Topic နဲ့တောင် ခပ်ဆင်ဆင်ပဲ။ ဟိုဟာဆိုလဲ ပေါ်ပြူလာဖြစ်လို့ လိုက်လုပ်လိုက်။ ဒီဟာဆိုလဲ ဟော လူတွေလုပ်နေကြတယ် လိုက်လုပ်မှ ။ ဟိုလူကတော့ ဒါတွေ လုပ်တတ်နေပါလား ငါလဲ ဘာလို့မလုပ်နိုင်ရမှာလဲ ။ .. အစသဖြင့် Concerntrate မရှိပဲ တွေဝေနေတာဟာ … လိုရာခရီးကို အနှောင့်အယှက် ဖြစ်စေတာ အမှန်ပဲဗျ။ IT ဆိုတဲ့ နှစ်လုံးတည်းပေမယ့် အရမ်းကျယ်ပြန့်လွန်းတဲ့ လောကကြီးမှာလဲ ကိုယ်ဝါသနာပါတဲ့ အပိုင်းကိုပဲ ထွန်းထွန်းပေါက်ပေါက် လုပ်သွားတာ အကောင်းဆုံးပဲ။ ဦးတည်ချက်ထားပြီး လျှောက်ဖို့ပါပဲဗျာ။ ဦးတည်ချက်များပြီးတော့ ဘယ်ကိုဒိုးမလဲ၊ ဒီကိုဒိုးကြည့်မယ်၊ ဟိုကို ဒိုးကြည့်မယ်ဆိုရင်တော့ အဲဒီမှာ(တစ်)ပြီးတော့ ရှေ့ဆက် မတက်တော့ဘူး …။ အခြေခံဘဝမှာတင် (တစ်)နေတာပေါ့ဗျာ။ Speicalist ဖြစ်ခွင့် မရှိတော့သလိုပေါ့။ ကျေးဇူးဗျာ Post အတွက် … :D … ။ များများ ရေးပေးဗျာ ဒီလိုပို့စ်လေးတွေ … ။

    • May 25, 2010 at 3:49 PM #

      ခုလို မှတ်ချက်ပေးတဲ့အတွက် ကျေးဇူးပဲ ကိုခွန်ရေ …

  2. May 25, 2010 at 3:40 PM #

    ကြိုက်တယ်ဗျာ ဒီနေရာလေးကို >>>
    “အခု အသုံးတည့်နေတယ်တဲ့၊ တက်စီ စီးတဲ့ Passenger က ကွန်ပျူတာသမားဆို ကွန်ပျူတာ အကြောင်း ပြောတယ်တဲ့။ ဟော်တယ်က ဆိုရင် ဟော်တယ်အကြောင်း ပြောတယ်တဲ့။ သူနဲ့ အဆင်မပြေတဲ့ Passenger မရှိဘူးလို့ ဆိုပါတယ်။”

    အားပေးနေတယ်ဗျာ ဆက်ရေးပါ အကို :)

    • May 25, 2010 at 3:49 PM #

      သူကတော့ Taxi Specialist ဖြစ်နေလေရဲ့ဗျာ … :D

  3. nandar
    May 25, 2010 at 4:14 PM #

    တော်တော်ကို မှန်တာတွေရေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ တကယ်ကို ယောင်ခြေက်ဆယ်နဲ့ စခဲ့တာပါ။ အခုထိလည်း ယောင်နေတုန်းလို့ထင်ပါတယ်။ အကုန်လုံးကို သိချင်နေတဲ့ စိတ်ကတော်တော်ဆိုးတယ်။ အဲဒါကြောင့်ပဲ ယောင်နေတာထင်ပါတယ်။ အခုလိုမျိုး post လေးတွေတင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

    • May 25, 2010 at 4:25 PM #

      အခုလို မှတ်ချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် :)

  4. May 25, 2010 at 5:03 PM #

    ကောင်းလိုက်တဲ့ post ဗျာ… ဖတ်ရင်း ဖတ်ရင်း.. ကိုယ့်စောင်းပြောနေသလားတောင်ထင်ရတယ်.. ကျနော် ယောင်တာက IT တစ်ခုထဲတင်ဟုတ်ဖူး.. Music ပါ ထထ ယောင်နေလို့ ပိုဆိုးတယ်.. :D အခုတော့ ယောင်တဲ့ အဆင့်တင်မကဖူး.. ကြောင်တဲ့ အဆင့်လောက်ရောက်နေပီ… သတိပေးလိုက်သလိုပါပဲ.. ကျေးဇူးအရမ်းတင်ပါတယ်ဗျာ.. :)

    • May 25, 2010 at 5:40 PM #

      ယောင်တိုင်းလည်း ထူးချွန်အောင် လုပ်နိုင်တဲ့ ဂူးဂူးက တစ်ခုခုကိုသာ အတိအကျ ယောင်လိုက်ဗျာ :D

  5. ZT
    May 25, 2010 at 5:39 PM #

    ဒီပို့စ်ရဲ့ ရည်ရွယ်ချက်နဲ့ တင်ပြပုံကို ကျွန်တော် သဘောကျတယ် – ကိုသီဟ တွေးတဲ့အတွေးက ” ကျွန်တော်တို့ အခြေခံ အဆင့်ကနေ ဘာကြောင့် မတက်နိုင်တာလဲ၊ ” ဒီမေးခွန်းကိုပဲ ကျွန်တော်လည်း တစ်ခြားဘက်ကနေပြီး တွေးနေမိတာ ဆယ်စုနှစ် တစ်နှစ်ရှိတော့မယ်။ တော်တော်လည်းကြာခဲ့ပါပြီ – ကျွန်တော် တွေးမိတာက နည်းပညာနယ်ပယ်မှာ ဥပမာ – ကွန်ပြူတာ ဆိုလည်း ကွန်ပြူတာ အလျောက် နိုင်ငံတကာမှာ နည်းပညာသစ်တွေ ဆိုတာ တစ်နေ့တစ်မျိုးနီးပါး မရိုးနိုင်အောင်ကို ပေါ်ထွက်နေကြတယ်။ ကိုယ်တွေကျတော့ သူတို့လို နည်းပညာကို ဖော်ထုတ်ဖို့ နေနေသာသာ သူတို့ ဖော်ထုတ်ထားတဲ့ နည်းပညာကိုပဲ နားလည်နိုင်အောင်ကို မနည်း အမှီလိုက်နေရတယ်။ ဒီ အခြေခံ အဆင့်ကနေကို မတက်နိုင်တော့ဘူး။

    ဘာကြောင့်လည်း ဆိုတာ ကျွန်တော် တွေးကြည့်မိတော့ ကိုသီဟ တွေးမိသလိုပဲ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေ အားနည်းနေတာ – ရှိနေတဲ့ ကျွမ်းကျင်သူတွေ အနေနဲ့လည်း နိုင်ငံခြားထွက် ဘာထွက် – ဘယ်မှမထွက်ပဲ နိုင်ငံတွင်းမှာ ရှိနေပြန်တဲ့ ကျွမ်းကျင်သူတွေ ကျပြန်တော့လည်း ကိုယ်သိသလောက် ကိုယ့်လူမျိုးကို ပြန်လည် ပို့ချနိုင်မှု အားနည်း – တစ်ချို့ ပို့ချချင်ပေမယ့် အချိန်မပေးနိုင် – အချိန်ပေးနိုင်တဲ့ သူကျပြန်တော့ ဝါသနာမပါ – စတာတွေရယ် – သင်ကြားမှုပိုင်းတွေက Creative thinking မဖြစ်တာတွေရယ် – ဒါတွေကို အခြေခံ အနေနဲ့ ကျွန်တော်လည်း သွားတွေ့မိတယ်။ ၁ဝ နှစ်လောက် သင်လာပြီး E ကို မနိုင်သေးတာ ကတော့ ကိုယ်တိုင်ကြိုးစား အားထုတ်မှုရယ် သင်ကြားမှုပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်ပဲ လို့ ထင်မိတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်တွေ အထက်တန်းတက်တော့ ၁ဝ နှစ်လောက် သင်လာခဲ့ပြီး လက်တန်းရေးနိုင်နေရမယ့် Essay ကို How are u ? I hope u are well. As for me, i’m fine … ဆိုပြီး စာပိုဒ်အစမှာ ရေးရတယ် ဆိုတဲ့ အသိနဲ့ by heart ကျက်ခဲ့ရသေးတာကို ပြန်သတိရမိသေးတယ်။ ကျက်ထားတဲ့ စာပိုဒ်အစတော့ ရပါရဲ့ စာကိုယ်လည်းရောက်ရော မရေးတတ်တော့ဘူး။ ဒါတွေက လူငယ်တစ်ယောက်ရဲ့ အတွေးကို ဘောင်ခတ်ပစ်လိုက်တာပဲ။ ဒါက အထက်တန်းမှ ဘောင်ခတ်ခံရတာ မဟုတ်ဘူး။ မူလတန်းက စပြီး ဘောင်ခတ် ခံရတာ -

    မူလတန်း ကလေးတစ်ယောက် မေးခွန်းနဲ့ အဖြေတစ်ခု ကျက်နေတာ ကျွန်တော်ကြားမိခဲ့ဖူးတယ်။ ကျွန်တော့် တူမလေးပါ။ သင်၏ အိမ်တွင် မည်သည့် သီးပင် စားပင်များ စိုက်ပျိုးထားပါသနည်း။ တကယ်တော့ ကလေးက နေတဲ့ အိမ်က တိုက်ခန်း။ ဘယ်နေရာမှ ဘာမှ စိုက်မထားဘူး။ ဒါပေမယ့်လည်း ကလေးက စာကို အော်ကျက်နေတယ်။ ကျွန်မ၏ အိမ်တွင် ကျွဲကောပင် ၊ သရက်ပင်၊ မာလကာပင်နှင့် ဗူးပင်များ စိုက်ပျိုးထားပါသည်တဲ့။ ကျွန်တော် ကလေးကို မေးကြည့်တယ်။ သမီးအိမ်က ဘာမှမှ စိုက်မထားတာ ကျွန်မအိမ်တွင် မည်သည့် အပင်မျှ စိုက်ပျိုးမထားပါလို့ပဲ ဖြေပေါ့ ဆိုတော့။ ဒါ ဆရာမ ဖြေပေးထားတဲ့ အတိုင်းပဲ ကျက်ရမှာ – သူဖြေပေးထားသလို မကျက်ရင် စာမေးပွဲ ဖြေတဲ့အခါ သမီး အမှတ်ဘယ်ရမှာလဲတဲ့။ အမှတ်ဆိုတာ ဘာလဲ ?? ကျွန်တော် မေးကြည့်ချင်တယ်။ လူတစ်ယောက်ရဲ့ မှန်ကန်တဲ့ အတွေးကို မှန်သလား မှားသလား ဆုံးဖြတ်ပေးတာကို အမှတ်လို့ သတ်မှတ်တာ မဟုတ်ဘူးလား။ ခုကျတော့ …. ။

    ဒါတွေကို ပြောရင် တော်တော် ရှည်ဦးမှာပါ။ ကျွန်တော် ဆက်မပြောတော့ပါဘူး။ ဆရာ ဆရာမ ပေးတဲ့ စာကို ကြက်တူရွေးနှုတ်တိုက်ကျက်ပြီး စာမေးပွဲတွေ တစ်တန်းပြီး တစ်တန်းအောင်ခဲ့တာတွေကလည်း Alternative Thinking မရတဲ့ အဓိက အချက်တွေပဲလို့ ကျွန်တော်ထင်မိတယ်။ ခုနောက်ပိုင်းအရွယ်ရလာတော့ လူက ဘယ်လို ဖြစ်လာလဲ ဆိုရင် တစ်ခုခုကို Create လုပ်ရတော့မယ် ဆိုတဲ့ အခါ ကိုယ်ကိုယ်တိုင် တွေးပြီး ဖော်ထုတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိတော့ဘူး။ တစ်ခုခု ကို အကောင်အထည်ဖော်ခိုင်းရင် ကိုယ်လုပ်မယ့် ဟာနဲ့ ပုံစံတူ ( တကယ်လို့ ပုံစံတူ မဟုတ်ရင်တောင် အနီးစပ်ဆုံး ) ဘယ်သူ ဖန်တီးထားပြီးသား ရှိမလဲ လိုက်ရှာတယ်။ တွေ့ရင် ပုံစံတူ ကူးတယ်။ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ တွေးခေါ်နိုင်မှု ပုံဖော်နိုင်မှု စွမ်းအားကို ဘယ်သူမှ မဖော်ထုတ်ချင်ကြတော့ဘူး။ ဖော်ထုတ်ဖို့ကိုလည်း အားမသန်ကြတော့ဘူး။ ဖော်ထုတ်နိုင်ဖို့ကိုလည်း မဝံ့ရဲကြတော့ဘူး။ ပြောရရင်တော့ အများကြီးပေါ့ဗျာ –

    ဒီလို အတွေးမျိုးတွေကို အတွေးထဲမှာတင် မထားပဲ ချပြနိုင်တာ ချီးကျူးပါတယ်။ နောက်ထပ် တွေးထင်မိသလောက် ” ကျွန်တော်တို့ အခြေခံ အဆင့်ကနေ ဘာကြောင့် မတက်နိုင်တာလဲ၊ ” ဆိုတဲ့ အတွေးလေးတွေလည်း ဆက်ပေးပါဦး – ဒီလို အတွေးကောင်း ၊ စာကောင်းတွေကို ဖတ်ရှု့ နားလည်ပြီး အခြေခံ အဆင့်ကနေ ရုံးထွက်နိုင်မယ့် ယုံကြည်ချက် တစ်ချို့တော့ ကျွန်တော်တို့တွေ ရနိုင်ကောင်းပါရဲ့။

    ZT.

    • May 25, 2010 at 5:46 PM #

      ကောင်းလိုက်တဲ့မှတ်ချက်ဗျာ … ကျေးဇူးတင်ပါတယ်ခင်ဗျာ … ကျွန်တော် ဆက်ရေးမယ့် အခါကျရင်လည်း မှတ်ချက်လေးတွေ ချီးမြှင့်ပါဦးခင်ဗျ …

    • naykhantzaw
      August 12, 2010 at 12:22 PM #

      အရမ်း မှန်တာပေါ့ အကိုရာ .. မြန်မာ ပြည်ရဲ့ နာမည်ကြီး အဆိုတော် တော်တော်များများ Copy တွေ နဲ့ နာမည်ကြီးနေတာက သက်သေ ပေါ့ ။

    • September 13, 2010 at 11:36 PM #

      အဲဒါအမှန်ပါပဲဗျာ…. ကျက်တူရွေး နှုတ်တိုက် ကျက်သလို ကျက်ခဲ့ရတဲ့ အချိန်တွေကို နှမြောတယ်ဗျာ…..
      ကျွန်တော် ၁ဝတန်းဖြေခါနီးမှ သိလိုက်ရတာဗျ.. ကျွန်တော့်အဘွားက ကျောင်းအုပ်ဆရာမကြီး အငြိမ်းစား (ကြုံတုံးကြွားတာမဟုတ်ပါဘူးဗျာ) ပြောတာ.. စာဆိုတာ ကျက်ဖို့မဟုတ်ဘူးတဲ့ မှတ်ဖို့ပဲတဲ့
      စာမေးပွဲခန်းထဲမှာ ကျက်ထားသမျှဖြေရင် စာရွက်များတာပဲရှိမယ်.. အမှတ်ရမှာမဟုတ်ဘူး.. မှတ်ထားတာတွေဖြေမှ အမှတ်ရမှာတဲ့… ၁ဝ တန်းဖြေခါနီးမှသိလိုက်ရတော့ စိတ်နာတယ်ဗျာ.. အသိနောက်ကျသွားလို့..
      အခုလည်း ကျွန်တော့်ညီတွေကို ပြောနေရတယ်.. စာကိုမကျက်နဲ့နားလည်အောင်လုပ်လို့ဆိုပြီး…
      ကျေးဇူးဗျာ.. ဒီပို့စ် လေးတင်တာကို……..

  6. တောင်ပေါ်သား
    May 25, 2010 at 6:05 PM #

    မှားနေရင် ခွင့်လွတ်ဗျို့ !
    ကျနော်တို့က အခြေခံက မတက်တာမဟုတ်ဘူး ဗျ ..
    အခြေခံကဘာလဲ ဆိုတာကိုမသိ ခဲ့ တာ …
    ( ဥပမာပေါ့ဗျာ )
    networking လေ့လာတယ်ဆိုတဲ့ လူတစ်ယောက်က
    TCP/IP ကိုကောင်းကောင်းမသိဘူး routing protocol ဆိုတာဘာလဲ မသိဘူး
    ဆိုလိုရင်းကတော့ သီအိုရီ တွေ ကိုမသိပဲ configuration လုပ်တက်ရုံ နဲ့တင် တတ်ပီကွ လို့ ထင်နေကြတာ ဆိုးတာ
    ပရိုဂရမ်းမင်းလဲတူတူပါပဲ ဗျာ ..
    memory ဘယ်လို allocate လုပ်လဲ …data structure ကဘယ်လို ..scheduling ကဘာလဲ မသိဘူး (မှားရင်မှားမယ်ဗျို့ ကျနော်လဲ သေချာမသိဘူး ကြားဘူးနားဝ နဲ့ဥပမာ ပေးတာ :P )
    သင်လဲမသင်ခဲ့ရဘူး

    အဲ့ဒီတော့ product အသစ် (ကျနော်တို့ဆီတော့ နည်းပညာအသစ်လို့ ခေါ်တယ်ပေါ့ဗျာ ) ထွက်လာပီဆို အဲ့ဒီ product ကိုသုံးတတ်ဖို့ကို မနဲ လိုက်လေ့လာနေရတယ် .. သင်တန်:တွေပတ်တက် ပီးတော့ …
    (ကျနော်တို့ဆီမှာ စာစီစာရိုက်တောင်သင်တန်: ရှိတယ်ပြောလို့ အထူးအဆန်: ဝိုင်းကြည့်တာခံရသေး )
    အဲ့.. ကောင်းကောင်းသုံးတတ်ပီဆို ဆရာဖြစ်ပီ …..specialist ပဲ အဲ့ဒါ …
    ့ အရမ်းကြိုးစားတဲ့ လူက developer လောက်တော့ဖြစ်လာတာပေါ့ ဗျာ …
    ဒါဖြစ်အောင်လုပ် လို့ ခိုင်းရင်တော့ ဖြစ်အောင်လုပ်တက်တယ် ဗျ
    ဒါပေမယ့် သူများနဲ့ရှင် လိုက်တော့ (ဘွဲ့ရခြင်း တူတူနော် ) သိသာတယ်ဗျို့ အဝေးကြီးမှာကျန် နေတာ
    (အဲ့ဒါကိုယ်တွေ့ဗျို့ တော်တော်ခံရခက်တယ် :P )

    အဲ့ဒီတော့ အဲ့ဒီ အခြေခံ (သီအိုရီ ) ဆိုတာတွေကို ဘာလဲဆိုတာသိအောင်လုပ်ပီး နဲနဲဖြစ်ဖြစ် တော့လေ့လာသင့်တယ် ထင်တာပဲဗျာ
    …ကဲ မှားရင်လဲမှားမယ် ဗျာ ကျနော်လဲ ထင်တာလေး ဝင်လျှာရှေ ကြည့်တာ :P

    • May 25, 2010 at 8:13 PM #

      အခြေခံသီအိုရီတွေ သင်ယူမှုအားနည်းခြင်း ဆိုတဲ့အချက်ကို နောက်အပိုင်းမှာ ရေးဖို့ ရှိတယ်ခင်ဗျ … ခုလို ထောက်ပြဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်

  7. May 25, 2010 at 9:32 PM #

    အပေါ်မှာ ကို ZT ပြောခဲ့တဲ့ စာပိုက်လေးတစ်ခု အားကျတယ်ဗျာ .. **How are u ? I hope u are well. As for me, i’m fine* ဆိုတဲ့ဟာလေးပေါ့ …. ၁ဝ တန်းတုန်းကဆို Essay ရေးတဲ့အခါ အဲဒါနဲ့ပဲ အစချီရတယ် မှတ်နေတာဗျာ .. ဟား ဟား … ။ ဒီစာပိုဒ်က ကျနော်တို့ မြန်မာပြည်မှာဆို Essay ရေးဖို့ ပုံသေနည်း ပေးလိုက်တဲ့အတိုင်းပဲ အကုန်လုံး ဒီအတိုင်းပဲ သွားနေတယ် .. ။ ကျနော် အထက်တန်းကျောင်းတုန်းက Essay ရေးတုန်းက အဲဒါပဲ သုံးခဲ့တာပဲ :D ။ ဒီခေတ်ထဲရောက်လာတဲ့အခါ အဲဒီစာသားပေါ်မှာ ဟာသလုပ်ပြီးတောင် ပြောဆိုနေကြပြီ။ ဒါပေမယ့် သုံးနေကြတုန်းပဲ လားတော့ မသိပါဘူး .. ။ :D အခုတော့ တိုးတက်သွားလောက်ပါပြီ။

    • May 25, 2010 at 9:42 PM #

      ခုထက်ထိ ဒီတိုင်းပါပဲဗျာ … How are you? I hope you are well. As for me, I’m fine. ပါပဲ … :D

      • kookyin
        May 26, 2010 at 4:04 PM #

        “How are you? I hope you are well. As for me, I’m fine” is not in essays writing. We taught in letter writing.

        • May 26, 2010 at 6:58 PM #

          Thanks for your correction! :)

        • ZT
          May 26, 2010 at 8:53 PM #

          ဟုတ်ပဗျာ – ရေးချင်ဇောနဲ့ လောကြီးသွားတာ Essay နဲ့ Letter တောင် ကွဲမကွဲ သတိမထားမိတော့ဘူး – ကျွန်တော်ပြောချင်တာ Letter မှာရေးတာကို ပြောတာ :)

    • May 26, 2010 at 11:43 AM #

      Back when I was in high school, even some students use the default address when writing letter, No.10 Inya Road. lol.

    • June 2, 2010 at 7:26 PM #

      “How are u ? I hope u are well. As for me, i’m fine” က Letter မှာ။
      “My name is … I am … years old” ကတော့ Essay မှာ။ အဟက်ဟက်..
      ကျွန်တော်တို့လည်း ဒုတိယနှစ်ရောက်တာတောင် အဲလိုကျက်ခိုင်းတဲ့ဆရာမှတွေနဲ့တွေ့နေတုန်းဗျို့… :D
      မြန်မာနိုင်ငံမှာ ဆရာ၊ဆရာမ အရည်အချင်းက အရင်မြှင့်သင့်နေပြီ။ နို့မို့ဆို ၊ ဆရာက ညံ့တော့ ၊ တပည့်ကပိုညံ့ ၊ အဲဒီ့ ညံ့တဲ့တပည့်က ဆရာပြန်ဖြစ် ၊ သူ့တပည့်က သူ့ထက်ပိုညံ့။ အညံ့တွေ စုကုန်ပီ။ ဟူး…
      ကြက်တူရွေးမှတ်မှတ်ပြီး ၊ ကြက်တူရွေးရွတ်ရွတ်မှ အမှတ်ပေးတဲ့ ပညာရေးစနစ်ကြီးကို တော်လှန်သင့်ပီ… စက်မှုတော်လှန်ရေးလို ၊ ပညာရေးတော်လှန်ရေးကြီး မြန်မာနိုင်ငံမှာ ပေါ်လာသင့်တယ်..

      အချိန်ရမှ Comment တွေ သေချာရေးပါဦးမယ်..

      စာကြွင်း။ ။ Myanmar Tutorial က ရေးအားတော်တော်တက်လာတာဘဲ။ ဆက်ထိန်းပြီး ၊ ဆက်တိုးတက်အောင် လုပ်သွားပါဗျို့။

      • ဂယက်
        August 30, 2010 at 3:02 PM #

        မြန်မာ့ပညာရေးလောက ရဲ့ အဓိကမောင်းနှင်အားတွေဖြစ်တဲ့ ဆရာ၊ဆရာမတွေထဲမှာ အရည်အချင်းရှိတဲ့သူတွေ နည်းလာတယ်။ generation by generation လို့ပဲ ပြောရမလားမသိ။ အဓိက ကတော့ ကွန်ပျူတာ ပညာရေးလောကမှာ အရည်အချင်းရှိတဲ့သူတွေနည်းတယ် လို့ပဲပြောချင်တော့တယ်ဗျာ။ ဒါသင်၊ ဒါဖတ်၊ ဒါဖြေ၊ ဒီဘွဲ့ရ ၊ နင်တို့လဲ ငါ့လိုလုပ်။ ဒီလိုနဲ့ inherit လုပ်ရင်း လုပ်ရင်းနဲ့ တနည်းပြောရရင် signal ကျလာကုန်သလိုပဲ လို့ မြင်မိပါတယ်။ အရည်အချင်းရှိတဲ့ဆရာတွေကလည်း ကိုယ့်လောက် မတက်တဲ့ အုပ်ချုပ်သူတွေရဲ့ လက်အောက်မှာ ထိုက်သင့်တဲ့ ခံစားခွင့် ရရင်ရ၊ မရရင် အပြင်ကို လေဟုန်စီးသွားကြတာ များပါတယ်။ ကျွန်တော့်အမြင် သက်သက်ပါ… ကျေးဇူးတင်ပါတယ်။

  8. May 25, 2010 at 10:55 PM #

    တကယ်ကောင်းတဲ့ ပို့စ်လေးပါပဲဗျာ။ ကျွန်တော်လည်း အဲဒီလို ယောင်နေတာ တော်တော်ကြာပေါ့ဗျာ။ Flash နဲ့ သူများလုပ်ထားတာတွေ မိုက်တယ်ဆို Flash ကိုလုပ်လိုက်။ photoshop နဲ့ လုပ်ထားတာ ကောင်းတဲ့ ဟာလေး တွေ့ပြန်တော့လည်း photoshop ပိုင်း လှည့်သွားပြန်ရော။ jquery ခေတ်စားလာပြန်တော့လဲ အဲဒီဘက် လိုက်ပြန်ရော။ အဲလိုနဲ့ပဲ အခြေခံကကို မတက်တော့ဘူး ဖြစ်နေတာ။ ဒီပို့စ်လေးအတိုင်းတော့ ကိုယ့်ဘာသာ တစ်ခါတစ်ခါ မေးမိသား။ အခုတော့ နောင်တရပြီး တစ်ခုကိုပဲ ဘုရင့်နောင် ဖောင်ဖျက်သလို လုပ်မှဆိုတာ သိလာပါပြီ။ ဒီလိုပို့စ်လေးတွေကို အချိန်ပေးပြီး ရေးသားပေးတဲ့အတွက် တကယ်ကျေးဇူးတင်တယ်ဗျို့။ အော် စကားမစပ်ဗျာ ကျွန်တော်တို့တုန်းကလဲ How are you? I hope you are well. As for me, I’m fine….. ပါပဲ :)

  9. May 26, 2010 at 9:23 AM #

    nice post… ကျွန်တော်ကတော့ အခြေခံကမတက်တာ ကိုယ်လုပ်ချင်တာဖြစ်ချင်တာကို သေချာမသိလို့ပဲ ယူဆမိတယ်…
    သူများလုပ်လို့လိုက်လုပ်တာဆိုရင် အခြေခံသိသွားရင် စိတ်ကုန်သွားပြီး ဆက်မလုပ်ဖြစ်တော့ဘူး… ခက်တာက အဲဒီ ကိုယ်လုပ်ချင်တဲ့ဟာဆိုတာကြီးကလဲ လွယ်လွယ်နဲ့မသိနိုင်ဘူးဗျ… အစ်ကိုပြောသလို ငယ်ငယ်ကတည်းက တွေးတတ်အောင် လေ့ကျင့်လာမှသာ ကိုယ့်အတွင်းစိတ်ထဲက passion ကိုဖော်ထုတ်နိုင်မယ်ထင်တယ်… မဟုတ်ရင်တော့ ဒီလိုပဲ ယောင်နေရင်းနဲ့ပဲ တစ်နေ့နေ့မှာ တွေ့မယ်လို့ မျှော်လင့်ရတာပဲ… ဒါကိုသိပြီဆိုရင်တော့ အခြေခံအဆင့်က တက်နိုင်မယ်လို့ ထင်ပါတယ်…

  10. creativefox21
    May 26, 2010 at 9:47 PM #

    တကယ်ဖြစ်ချင်တဲ့ စိတ်လေးရှိရင် ဖြစ်တယ်လို့ ထင်ပါတယ်ဗျာ။ ကိုယ်ကိုကိုယ်တိုင်းမယ့် indicator တစ်ခုလိုမယ်ဗျ။ ဘယ်အဆင့်ရောက်ချင်တယ်၊ ဘယ်သူ့ကိုအားကျတယ် ဆိုပြီး small goal လေးတွေချပြီး လုပ်သွားရင် မြန်မြန် pro ဖြစ်မယ်လို့ ထင်တယ်ဗျ။ တော်တော်များများက ဘာလုပ်ချင်တယ်ဆိုတာ မသိဘဲ အင်တာနက်ထဲက ဘာလုပ်လို့ရတယ်ဆိုတာတွေနဲ့ အချိန်ကုန်နေလို့ beginner ကနေမတက်ဖြစ်ကြတာလို့ ထင်တယ်ဗျ။

    • May 26, 2010 at 10:12 PM #

      “အင်တာနက်ထဲက ဘာလုပ်လို့ ရတယ် ဆိုတာတွေနဲ့ အချိန်ကုန်နေလို့ Beginner ကနေ မတက်တာ” ဒါလည်း မှတ်သားစရာပဲဗျို့ … :)

    • May 27, 2010 at 11:20 PM #

      Nice point about the goals. Yes. It’s important to have the goal.
      And that goal should be as specific as possible.
      If your goal is to become a programmer it’s not specific enough.
      If your goal is to just to rich. Then it’s not specific also.

      You must set a goal yourself how much money exactly you want and by when.
      If you set your mind to commit to that goal exactly then your brain will see things differently will think differently and so do your actions. Then you’ll find opportunities to success. Opportunities will not come to you unless you look and find them. Most people spend their whole life without such goals and wait for opportunities to come to them. They just want to rich but they don’t have an exact number of how much money they want. Nothing will happen to most of them. They will just remain in this rat race till they die. Even if they win lottery it may not last longer on their hand.

      So wake up. Try to find out what you love to do.
      Set goals of what exactly you want to become.
      It’s as simple as nobody builds an important building without any blueprints. Your future is far more important than any other building. So don’t go ahead to future without any goals (Dreams). Dreams-plans-actions is your actual winning formula.
      I could go on talking about this but let me stop here.
      Sorry if it’s off topic. I’m a fan of self help and motivational books also.

      • May 27, 2010 at 11:53 PM #

        I’m also a fan of self-help and motivational books. My favorite books are “7 Habits of highly effective people”, “8 Habits” and “7 Habits of highly effective family”. All are written by Stephen Covey. :D

        • Ko Phyoe
          May 28, 2010 at 4:23 PM #

          Stephen Covey. ရေးထားတဲ့ “7 Habits of highly effective people”, “8 Habits” and “7 Habits of highly effective family”. ကိုမြန်မာလိုဘာသာပြန်ထားတဲ့ E-Book ကိုဘယ်ဆိုဒ်မှာ ရှိမလည်း မသိဘူးဗျ ။ သိတဲ့သူများရှိရင် လမ်ညွန်းပေးပါ ။ ကျေးှဇူးတင်စွာဖြင့် …..

          • May 28, 2010 at 4:47 PM #

            ကျွန်တော်တော့ မတွေ့ဘူးခင်ဗျ … 7 Habits of Highly Effective People ကတော့ ရှိမယ်ထင်တယ်။ ကျန်တာတွေ့ မတွေ့မိဘူး။ E-Book တော့ မတွေ့မိပေမယ့် ဘာသာပြန်ထားတော့ တွေ့ဖူးတယ်ခင်ဗျ။ ဆရာကျော်ဝင်းကတော့ 7 Habits of Highly Effective Teens ကို နှစ်ဆယ့်တစ်ရာစု သားရွှေဥဆိုပြီး ဘာသာပြန်ထားပါတယ်။

      • August 2, 2010 at 10:38 PM #

        thanks your comment . i like your idea and future plan.
        yes, it is important. . thanks brother,
        i want to listen some words from you for active .

  11. everkayw
    May 27, 2010 at 5:47 PM #

    အကိုပြောတဲအထဲမှာ literal thinkingက ကျွန်တော်တို့ဆီမှာမရှိသလောက်ရှားပါတယ်။ပြီးတော့ self-studyကမရှိဘူးလေ။ဒီဆောင်းပါးကို ပိုပြီးတော့လူတွေဖတ်ဖြစ်အောင်လုပ်ပေးပါ။

    • June 2, 2010 at 7:31 PM #

      self-study မရှိတာကတော့ တော်တော်ဆိုးတယ်ဗျာ။
      ကျွန်တော့် ဖိုရမ်မှာလည်း ကျွန်တော်နဲ့ နည်းနည်းခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဲဒီ့ကိစ္စပြောရင်း သူက self-study မကောင်းဘူးဆိုတာ ခံငြင်းလို့ စကားများရင်း မိတ်တောင် ပျက်သွားတယ်။
      ကျွန်တော်ကတော့ စေတနာနဲ့ self-study လုပ်ဖို့ အကြံပေးတာကို ၊ သူကတော့ အထင်မှားသွားလေရဲ့။
      မြန်မာနိုင်ငံသားတွေက အဲလိုတွေ အတွေးမှားနေကြတော့လည်း အခက်သားဗျ။

      • June 5, 2010 at 3:41 PM #

        အဲဒါ မြန်မာ :P

        • ဂယက်
          August 30, 2010 at 3:11 PM #

          self-study ဘယ်ကောင်းမှာတုန်း၊ အကုန် ကိုယ့်ဟာကိုယ် လုပ်ရတဲ့ဟာကြီးကိုနော် :D

          • September 13, 2010 at 11:42 PM #

            ဟုတ်ပါ့ဗျာ… ကျွန်တော်ဆို အကိုတွေကတည်းကစခဲ့တဲ့ Self-Study ကို ဆက်လက်ထမ်းပိုးနေရတုန်းဆိုတော့ မသိတာ ရှိကျော်သွား.. သိတာရှိရောချ.
            လုပ်နေရတယ်ဗျာ… သူများတစ်ရက် ကိုယ် တစ်လ ပဲ

            :)

  12. Lwan Maung
    May 27, 2010 at 8:09 PM #

    ကိုသီဟ ပြောတဲ့ အချက် ၃ ချက်လုံးက တကယ်ဖြစ်နေပါတယ် ကျွန်တော်တို ့ ကွန်ပျူတာ ကျောင်းမှာ C++ ကော Java ကောကို တစ်တန်းလုံးနီးပါး ကျက်ဖြေကြပါတယ်။ တစ်ခါတစ်ခါ programming ကိုသေသေချာချာ ဖြေတဲ့သူတွေကတောင် သူတို ့ထက် Error တွေတက်နေတယ်ဗျ တစ်ခုတော့ ရှိတယ် Programming ကိုသေသေချာချာဖြေတဲ့သူတွေကိုတော့ အထင်မသေးတတ်ကြဘူးဗျ Programming အပေါ်နည်းနည်း အကောင်းမြင်တဲ့ သဘောပေါ့ သေချာတာကတော့ Literal Thinking မရှိကြပါဘူး English နဲ ့ပတ်သတ်ရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း Ebook တွေဖတ်ရင် သေသေချာချာမဖတ်တတ်ပါဘူး အရင်ကတော့ တစ်လုံးချင်းစီကို Dictionary မှာလိုက်ရှာပါသေးတယ် နောက်တော့ ကိုယ့်ဘာသာ စာတစ်ကြောင်းလုံးဖတ်ပြီး ဒီစာလုံးက ဘာအဓိပ္ပါယ် ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားပြီးဖတ်တယ်ဗျ Networking သမား အစ်ကိုတစ်ယောက်တောင် IELTS တက်နေတယ်ဗျ ကျောင်းမှာ IELTS ဆိုတာ အလွယ်ဆုံးဘာသာဗျ Blank တွေ Choice တွေက Text Book ထဲကအတိုင်း တိုက်ရိုက်မေးတာလေ နံပါတ်စဉ်ကျက်သွားရင် ဖြေနိုင်တယ် ဆယ်တန်းပြီးရင် တက္ကသို်လ်အတွက် အလွယ်ဆုံး ဘာသာက English လို ့တောင် ဆိုရမလိုပဲ နောက်တစ်ချက်အနေနဲ ့လဲ ကျွန်တော် သေသေချာချာလေ့လာမယ်လို ့လုပ်ထားတာ Java ပါ အခုတော့ PHP ဖြစ်နေပါပီ C# အတွက်လည်း Visual Basic 2008 အခွေ လိုက်ရှာနေတာ ကျွန်တော်ပဲ အခုတောင် Programming ကိုနည်းနည်း စိတ်ပျက်သလိုပဲ ဒါပေမယ့် ကိုသီဟ အားပေးလို ့လုပ်တုန်းပါပဲ နောက်ဆုံးတော့ IT Taxi မဖြစ်ပါစေနဲ ့လို ့ဆုတောင်းရမှာပဲ :D Basic အဆင့်ကမတက်သေးတဲ့ ကောင်လေးတစ်ယောက်ပေါ့ဗျာ :) ဘာလို့ အခြေခံအဆင့်ကမတက်သေးတာလဲ ရေးပြီးရင် အခြေခံအဆင့်က ဘယ်လိုတက်မလဲဆိုတာလေးပါ ဆွေးနွေးပေးပါဦးဗျာ ဒီပို့စ် ရေးပေးတဲ့ ကိုသီဟကိုလဲကျေးဇူးတင်ပါတယ်။

  13. May 28, 2010 at 9:50 PM #

    အရမ်းကောင်းတဲ့ ဆိုဒ်လေးပါဗျာ အခုမှပဲ ဝင်လည်ဖြစ်တယ် အခြေခံ အဆင့်က မတက်ဖြစ်တဲ့ အကြောင်းလေးတွေ မှတ်သားသွားပါတယ်ဗျာ

  14. May 29, 2010 at 7:15 AM #

    တကယ်ကို ကောင်းတဲ့ ပိုစ်လေ းဗျာ.. ။

    မှတ်သား သွားတဲ့ အပြင် ကိုသီဟ ဆီက ဒီပိုစ်လေးကို ကူးယူခွင့်လေး ပါ တောင်းချင်ပါတယ်..။ ကျွန်တော်တို ့ကျောင်း ဘလော့လေးမှာ သူငယ်ချင်းတွေကို ပြန်ရှယ်ဖို ့ပါ..။

    အောက်က ကွန်းမန် ့မှာ.. ကို ZT ရဲ့ မှတ်ချက်လေးပါကူးချင်သေးတာဗျာ..။

    အောက်ကလည်း credit ထည့်ပေးပါမယ် ။

    • May 29, 2010 at 7:51 AM #

      ဟုတ် … ကျွန်တော်တို့ ဒီမှာ ရေးထားပြီးသားပါခင်ဗျ … ကူးယူဖော်ပြလို့ရပါတယ်။

      http://www.myanmartutorials.com/about/

  15. yinkhonthan
    May 29, 2010 at 5:16 PM #

    ကျွန်တော်က ဒီဆိုဒ်လေးကို သုံးဖြစ်တာ မကြာသေးပါဘူး စုံအောင်လည်း မဖတ်ဖြစ်သေးဘူး…ကျွန်တော်က ခေါင်းစဉ်လေးကို ဖတ်ပြီး သဘောကျသွားလို့ ပြီးအောင် ဝင်ဖတ်ဖြစ်လိုက်တာပါ၊ ကျွန်တော်အတွက်တော့ တစ်ကယ့်ကို သတိပေးစကားအဖြစ် ဆုံးမပေးလိုက်သလို ခံစားရပါတယ်။ ကျွန်တော်ကိုယ်တိုင် အခုထိ ယောင်၆ဝကျော်လို့ ကို သီဟ ပြောသလို ယောင်၂၀ဝ ထဲတောင်ရောက်နေပါပြီ။ အခုထိ ဘယ်သင်တန်းတွေတက်ပြီး ဘာကို အဓိကလုပ်ချင်မှန်းကို မသိသေးတဲ့ ဆုံးဖြတ်ချက်ကို စိတ်ညစ်နေမိတယ်။ အခုလို ဒီ ခေါင်စဉ်လေးကို ဖတ်လိုက်မိတော့ ဖတ်ရင်းဖတ်ရင်းနဲ့ ကိုယ့်ကိုများ တည့်တည့်ပြောနေသလို ခံစားရတယ်။ အခုလို သတိပေး ဆောင်းပါးလေးတွေကို တင်ပေးတဲ့ ကိုသီဟ ကျေးဇူးအထူးတင်ပါတယ်ဗျာ။ အပေါ်က အကိုတွေ၊ အမတွေ commentပေးထားသလိုပဲ ကျွန်တော်တို့အနေနဲ့ အခြေခံအဆင့်ကတက်အောင် ဘယ်လိုမျိုး လမ်းကြောင်းလေးတွေ လုပ်သင့်လည်းဆိုတဲ့ ခေါင်စဉ်လေးမျိုးကို မျှော်လင့်နေမယ်နော်။

    • June 2, 2010 at 1:55 PM #

      ကို yinkhonthan က အခု မြန်မာပြည်မှာလား။ ဘာလုပ်ချင်မှန်းကို မသိသေးရင်တော့ ကိုယ်ဘာကို စိတ်ဝင်စားလဲဆိုတာကို အရင်စဉ်းစားဖို့ အကြံပေးချင်ပါတယ်။

      ကိုယ်ဘာကို တကယ်စိတ်ဝင်စားလဲဆိုတာကို သိဖို့ ဘယ်လိုလုပ်မလဲ ဆိုတာကို အရင်ပြောရမယ်ထင်တယ်။ IT လောက နဲ့ပဲ ဥပမာပေးမယ်နော်။ programming သင်တန်းသွားတက်တယ် ထားပါတော့။ အတန်းထဲမှာ ဆရာသင်တာ နားထောင်မယ်။ စာမေးပွဲအောင်ဖို့ အတွက် စာတွေကျက်ပြီး သွားဖြေရုံနဲ့ တကယ်စိတ်ဝင်စားတယ်လို့ ပြောလို့မရသေးပါဘူး။

      ဆိုပါတော့ဗျာ … program တစ်ခုကို ပုံစံအမျိုးမျိုးနဲ့ ရေးလို့ရပါတယ်။ အမှန်အကန် စိတ်ဝင်စားတဲ့သူဟာ အဲဒီ program ကို ရေးလို့ရတဲ့ နည်းမျိုးစုံကို ကိုယ်တိုင်စမ်းရေးလိမ့်မယ်။ စူစမ်းချင် စိတ်များလိမ့်မယ်။ မသိလို့ ဆရာတစ်ယောက်ကို မေးရင်တောင်မှ အဖြေကို ဘဝင်မကျရင် နောက်တစ်ယောက်ကို သွားမေးမယ့်လူမျိုး။ ပြီးတော့ စဉ်ဆက်မပြတ် ကိုယ်တိုင်လေ့လာမှုကိုသာ အဓိက အားထားတဲ့လူမျိုး။

      စကားတစ်ခွန်းရှိတယ်ဗျာ။ “ရူးသွပ်တယ်” ဆိုတာလေ။ အောင်မြင်ချင်ရင်တော့ ရူးသွပ်ရမယ်။ တစိုက်မတ်မတ်လုပ်ချင်စိတ် ရှိရမယ်။ အဲဒါတွေ တစ်ခုမှမရှိဘူးဆိုရင်တော့ လိုင်းပြောင်းဖို့ အကြံပေးပါရစေ။ ကိုယ်တကယ် စိတ်မပါရင် ဘယ်အရာပဲလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူးလေ။

      လိုင်းပြောင်းတယ်ဆိုတာက ဒီလိုပါ။ VB လေ့လာနေရင်းနဲ့ အဆင်မပြေဘူးဆိုရင် JAVA ပြောင်းကြည့်။ မကြိုက်ဘူးဆိုရင် PHP စမ်းကြည့်။ အဲဒီသဘောပါ။ နောက်ဆုံး programming မရဘူးဆိုရင် networking ပေါ့။ အကြမ်းဖျင်းအားဖြင့် ဥပမာပေးကြည့်တာပါ။ တစ်လိုင်းပဲ လိုက်ပေါ့ဗျာ။ ဘယ်သူမှ လိုင်းပေါင်းစုံမကျွမ်းနိုင်ပါဘူး။ ဟိုစပ်စပ် ဒီစပ်စပ်သိရုံနဲ့ အဆင်မပြေဘူးဗျ။ သိသင့်တာတွေလည်း သိထားပေါ့။ တသီးတသန့် ကိုယ့်လိုင်းမှာလည်း pro ဖြစ်နေမှ အဆင်ပြေမယ်။

      ဒီဘလော့ဂ်မှာ စာလာဖတ်နေတယ်ဆိုကတည်းက လမ်းကြောင်းလေးတော့ တွေ့နေရလောက်ပါပြီ။ ကိုအိမောင် နဲ့ ကို saturngod တို့ရေးတဲ့ စာတွေဖတ်ကြည့်ဦးပေါ့။ idea ရလာမှာပါ။ အဆင်ပြေပါစေ။

  16. June 6, 2010 at 12:43 AM #

    \အဖေတွေ အမေတွေကလည်း မင်းကွန်ပျူတာ သင်နေတာ ဘာလုပ်စားမှာလဲ\
    အဲဒီအတိုင်း အမေးခံနေရပြီး …အဲဒီဒဏ်မခံနိုင်တော့ရင် ဦးတည်ချက်လွဲသွားမှာ ကြောက်နေပြီး(အကိုပြောတဲ့ ဥပမာလို့) programming Lineပဲလိုက်ချင်တာပါ….

  17. ဆီညော်
    June 7, 2010 at 5:26 AM #

    အပေါ်ကတစ်ယောက်ရေးထားတဲ့ ဆရာတွေရဲ့ အရည်အချင်းကို အရင်မွန်းမန် ဖို့ဆိုတဲ့ အချက်ကို ထောက်ခံပါတယ်။
    ကျနော် nytimes က opinion ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရပါတယ်။ အဲဒီဆောင်းပါးမှာ စာရေးသူက ကျနော်တို့ မြန်မာကို ဒီလို isolate လုပ်ပြီး ထားမယ့်အစား နည်းနည်းချင်းစီ ပူးပေါင်းပြီး မိမိတို့ဘက်ကို တွဲခေါ်သင့်တယ်လို့ အကြံပေးထားပါတယ်။ အထူးသဖြင့် အမေရိကားနဲ့ အနောက်နိုင်ငံကြီးတွေအနေနဲ့ မြန်မာပြည်ပညာရေးကို ကူညီထောက်ပံ့သင့်ပါတယ်တဲ့။ လစဉ် ကျောင်းဆရာတွေ အချင်းချင်း တွေ့လို့ရတဲ့ language exchange programs တွေ လုပ်ပေးသင့်တယ်တဲ့။ ဒါအပြင် မြန်မာပြည်က လူငယ် ကျောင်းသားတွေ ကို cultural exchange လို အစီအစဉ်တွေလုပ်ပြီး မိမိတို့နိုင်ငံကြီးတွေမှာ လာပြီး ပညာသင်ခွင့်တွေပေးသင့်တယ်လို့ အကြံပေးထားတယ်။
    (cultural exchange program ကို အမေရိကန်က မြန်မာပြည်မှာ စလုပ်ပေးနေပြီကြားတယ်။)

  18. July 29, 2010 at 9:00 PM #

    တကယ်ကောင်းတဲ့ post ပါပဲ။ကျွန်တော်က myanmartutorials ရဲ့ ပရိတ်သတ်ပါ။
    ကျွန်တော်နဲ့တော့ ကွက်တိပါပဲ။ တကယ်ကို (programming ) စိတ်ကုန်နေတဲ့အချိန်မှာ ဒီ post ကိုဖတ်မိပါတယ်။ ငယ်ငယ်ကအောက်သက်မကျေခဲ့တာတွေ ကို ပြန်တွေးမိတော့ တော်တော် နောင်တရမိတယ်။
    အခုတော့ ပြင်သင့်တာတွေပြင်ဖို့အားရှိသွားပါပြီ။ နောက်ပြောချင်တာက ပညာရေးစနစ်ပေါ့လေ။ ဒါတွေပြောရင် ဒေါတွေပါမှာစိုးလို့ ။ ပြောရရင် ငယ်ငယ်က ကျွန်တော်တို့လည်း (ကြက်တူရွေးတွေ) လိုပါပဲ ။ How are you? I hope you are well. ဘာညာပေါ့ ဒါပါမှ letter လို့ ထင်သကိုး ကိုသီဟ ပြောသလို ကျွန်တော်တို့ရဲ့ အတွေးတွေကို ဘောင်ခတ်လိုက်သလို(ခတ်လိုက်တာပါလေ) ပါပဲ။ ကျွန်တော်ဆက်ရေးရရင် မကောင်းတော့ဘူး(ကောင်းမှမကောင်းပဲကို):D. ဒါပါပဲခင်ဗျာ ။
    ကျေးဇူးတင်ပါတယ် ကိုသီဟ ရေ ဆက်ရေးပါဦး။ php နဲ့ ပတ်သက်တာလေးတွေလည်း ဆက်လက်ပြီးတော့ ရေးပါဦးလို့တောင်းဆိုပါရစေ။
    myanmartutorials ဒီထက်မကအောင်မြင်ပါစေ. . . .။

  19. Giraffe
    August 2, 2010 at 9:45 AM #

    ပိုစ့်လေးက ကောင်းပါတယ်… ဘာတွေဖြစ်နေပြီး… ဘာတွေလိုအပ်နေတယ်ဆိုတာထောက်ပြထားလို ့ ပညာရပါတယ်…

    ကျွန်တော်က အပေါ်က အကိုတွေတာကို ထောက်ခံပါတယ်…

    လွင်မိုး (အောင်စည်သူကျော်) … ပြောတာတွေက မှန်ပါတယ်…

    ဒါပေမယ့် programming နဲ ့ပတ်သက်ပြီးနည်းနည်းပြောချင်လို ့ပါ….

    programming ဆိုပြီး… language အမျိုးမျိုး သင်နေကြတာကို တွေ ့ ရပါတယ်…
    language ထက် application area က ပိုအရေးကြီးတယ်လို ့ထင်ပါတယ်…
    အခု programmer တွေ က application area ကို specific မထားတဲ ့အတွက်… အခက်အခဲတွေတွေ ့နေရတယ်လို ့မြင်ပါတယ်….

    for example:

    database အတွက်ဆိုရင်… front-end-back-end suite / combination (C++/MySQL, java/postgreSQL, C#/postgreSQL, etc…)
    အမျိုးမျိုးရှိပါတယ်.. ဒါပေမယ့် ဘာ language ဘဲဖြစ်ဖြစ် algorithm / logic က အတူတူပါဘဲ…

    image processing အတွက်ဆိုရင်လဲ… အမျိုးမျိုးရှိပါတယ်

    internet application… အတွက်က suite သက်သက်… (.php, .xml….)

    networking အတွက်ဆိုရင်လဲတမျိုးပေါ့…..

    ………..
    ကျွန်တော်ပြောချင်တာက… application area specific ကို လိုက်ပြီး algorithm နဲ ့ logic ကို အဓိကထားဖို ့ပါ…

    ကိုယ်က graphic design/ image processing ကိုစိတ်ဝင်စားတဲ ့သူ က MySQL လို Database အတွက်အဓိကထား တဲ ့ back-end program တွေ လေ့လာစရာမလိုပါဘူး…

    ဒါပေမယ့် တချို ့ဟာတွေက ဆက်စပ်နေလို ့ အနည်းငယ်တော့ general သိထားဖို ့လိုအပ်ပါတယ်…

    ကျွန်တော့် အတွေ ့အကြုံအရ ပြောတာပါ… မှားရင်ခွင် ့လွှတ်ပါ…

    Giraffe

  20. ko thet
    August 2, 2010 at 2:22 PM #

    lol … same as me.. i learned java, php & mysql. now i worked as asp.net developer using vb and ms sql. :D

  21. idiot
    August 13, 2010 at 9:07 PM #

    yeap….I like so much this topic…thank you brother Thiha … When we start to learn Algorithm…. Most of guys don’t care about that…however if we don’t understand algorithm we can never dive deeply inside OOP concepts that is the different between some of Myanmar computer student (Like me ) and Western Computer Student………and than if u don’t understand digital Signal processing….I hope our TCP/IP knowledge will still going only graphical user interface Configuration… understanding digital Signal processing give deeply understanding about TCP/IP ( i know that when i finished school :) ……….one thing that make me very very sorrow in my heart is….. MOST OF MYNMAR PRO(They call them self)..ever speak out in Seminars…if u want to Programmer you don’t need to know about Networking….and If u wanna to become network engineer ..dun need to know about Programming…………………..they should not say like that…that can can give a lot of misleading to our young and novice IT learners…….another thing is ..>>IF U WANT TO LEARN PROGRAMMING STARTING TO LEARN FORM VB.NET OR C#… NO NEED TO KNOW C/C++ ….However in real world c/c++ market is bigger than vb.net,java,C#,AsP.net……..ONLY SOFTWARE ENGINEERS WHO WORK IN FORTUNE 500 IT COMPANY RECOMMEND PROFICIENT IN THESE TWO PROGRAMMING LANGUAGE ever MAKE BETTER UNDERSTANDING ANY LANGUAGEs…………………………huuu………..Yin lay dae pyar….

  22. August 16, 2010 at 7:00 AM #

    Hi,
    Thank you four your commet your idea is very good try hard ,give up

  23. August 19, 2010 at 7:56 PM #

    အဲဒီလိုယောင်လည်လည် … မဖြစ်ပဲ ကျွန်တော်က ကိုယ်ဝါသနာပါတဲ့ Design လိုင်းကို အပိုင်တွယ်လိုက်ပြီး Printing Designer လုပ်ကိုင်နေရာကနေ ခုလည်း … Web Designer ဆိုတဲ့ အလုပ်က နေရာတကာလိုနေပြန်တော့ … ကိုယ်လည်း Web Design လေ့လာရပြန်ရော … Web Design ပြီးရင်ရော ဘာတွေလာဦးမလဲမသိပါဘူးဗျာ … အဆုံးမရှိဘူး ဆိုတဲ့ ပညာကို လိုက်မိမှတော့ ပြန်လှည့်လို့မကောင်းတော့ဘူး … ပြေးနေရင်လည်း လိုက်နေရတော့မှာပဲ …
    လူဆိုတော မောဖို့ဖြစ်လာတာပါ … ဘုရားပြောထားတယ် … နဖူးကချွေးခြေမကျမှ ဗိုက်ပြည့်ရမယ်တဲ့ … Air-Con လေးနဲ့ချွေးမထွက်ပေမဲ့ … အထဲမှာတော့ တစ်နေ့တစ်နေ့ ထိုင်ရာမထ နိုင်ပဲဗြောင်းဆန်နေတယ် … တစ်ဝမ်းတစ်ထွာကနေ နှစ်ဝမ်းနှစ်ထွာ … သုံးဝမ်းသုံးထွာလေးတွေ ပါလာရင်တော့ … ဘာတွေဆက်လုပ်ကြမလဲမသိတော့ဘူး … လူတွေလည်း အသက်က ကြီးလာပြီ … ဦးနှောက်က အခြေခံအဆင့်တွေနဲ့ ရမ်းတုပ် နေရတဲ့သူတွေလည်းမနည်းပါဘူး … ဟိုတစ်ယောက်တောင် ရှစ်တန်းမအောင်ပဲ ဟိုဟာချုပ်မှူးကြီးလုပ်နေတယ်ဆိုပဲ … အဲဒီလိုလူတွေ ကျွန်တော်တို့ကို ပညာရေး ခင်းကျင်းပေးခဲ့လို့ … သူမတူအောင် ချာနေတာ … ကိုယ်ဂဂျောင်ဖတ်နေလို့ အပြစ်တင်တာမဟုတ်ပေမဲ့ … အခြေခံပညာ အထက်တန်းကျောင်း အောင်ကတည်းက … ဒီခေတ်ကြီးရဲ့ အခြေခံပညာရေး တွေကို ပိုင်နိုင်ခဲ့ရမယ်ဆိုတာ သူများနိုင်ငံက ကျောင်းသားတွေသိတောင်မသိလိုက်ရဘူး … ဒီလိုဒုက္ခတွေမကြုံခဲ့ရလို့ …

  24. September 30, 2010 at 5:53 PM #

    ကျဒီပို့စ် ကိုကြိုက် တယ်၊မှန်တယ်။

  25. October 1, 2010 at 2:49 PM #

    ကို သီဟရေ …

    အခြေခံ အဆင့်က မတက်နိုင်တာက တက်ဖို့ ဆိုတဲ့ ခွန်အားတွေ စိုက်မထုတ်ကြတာလည်း အဓိက ပါတယ် ဗျ ။ ကျွန်တော့် အမြင် အပေါ်က ပြောရရင် ကျွန်တော်တို့တွေက သိတာလေးတွေလောက်နဲ့တင် ကျေနပ်နေကြတာ အကျင့်ပါသလို ဖြစ်နေပြီ ဗျ ။ ဘယ်လောက်ပဲ ဖွင့်ပေးပေး မမေးကြတော့တဲ့ အတွက်လည်း စိတ်မကောင်းဘူးဗျ ။ မေးစရာတွေ ရင်ထဲအပြည့် ရှိပြီး မမေးတတ်ကြ ၊ မမေးရဲကြ ဒါနဲ့ပဲ နှစ်တွေသာ ကြာလာတယ် ဘယ်လိုမှ အခြေခံက မတတ်ကြ ဖြစ်တာပေါ့ဗျာ ။ ဒီမှာ တစ်ခုပဲ အကြံပေးချင်ပါတယ် ဗျာ ။ အခြေခံ အဆင့်က တတ်ချင်ရင် အကြောင်းအရာတစ်ခုကို တကယ်ပဲ နှစ်နှစ်ကာကာ Foundation ခိုင်ခိုင်နဲ့ စတင်လေ့လာခဲ့ဖို့ အကြံပေးချင်ပါတယ် ဗျာ ။ ဘယ်ပညာကိုပဲ သင်ယူယူ အမြန်တတ်ဖို့ဆိုတာကို ဘေးဖယ်ထားပြီး နှေးနှေးမှန်မှန် တက်လာကြဖို့ကိုပဲ တိုက်တွန်းလိုပါတယ်ဗျာ ။

    • October 1, 2010 at 2:51 PM #

      ကိုသီဟရေ ..
      ကျွန်တော့်အမြင်ပြောရရင် ဟု ပြင်ဆင်ပေးပါရန် …

  26. zonmie
    December 6, 2010 at 4:35 PM #

    ဟုတ်ပ..ဟုတ်ပ။ အခုပဲ အဲဒါကို တွေးနေတာ..။ တသက်လုံး အသားကျလာခဲ့တဲ့. ကျက်ဖြေ အောင်ပြီးတဲ့နောက် သူများ နိုင်ငံမှာ ကျောင်းသွားတက်..။ လိုချင်တာ concept ဆိုတော့.. ပျားတုပ်..။ တွေးတဲ့ အလေ့မရှိခဲ့တော့… အချိန်ယူရ..။ စာတွေပိ။ ပတ်လည်ကို ရိုက်နေတာပဲ။

  27. Ninja
    March 12, 2011 at 12:40 PM #

    ကိုသီဟ ‌ရေးထားတဲ့ အချက် သုံးချက်‌ပေါ့……..
    (၁) ငယ်ရွယ်စဉ်ကတည်းက ‌တွေး‌တော ဆင်ခြင်ခြင်းဆိုင်ရာ သင်ကြားမှုများ အားနည်းခဲ့ခြင်း
    (၂) အဂင်္လိပ်စာ ဖတ်နိုင်မှု အားနည်းခြင်း
    (၃) နယ်ပယ်တစ်ခုထဲကို စူးစိုက်သင်ယူမှု အားနည်းခြင်း

    အဲ့ဒီ အချက်‌တွေ အပြင်‌ပေါ့……. ကျွန်‌တော် တစ်ချက်‌လောက်ထပ်ဖြည့်ချင်တယ်ဗျ…
    အဲဒါက‌တော့…..

    “ဘာသာတရားနဲ့ အရှက်အ‌ကြောက်” ‌ပေါ့ဗျာ…

    ကျွန်‌တော့်အထင် ဒါက အဓိကလို့‌တောင်‌ပြောလို့ ရ‌လောက်တယ်ဗျ……….
    အကိုတို့အားလုံး သိကြတဲ့အတိုင်း ကျွန်‌တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုဆို‌တော့ ကျွန်‌တော်တို့ ငယ်ငယ်ကတည်းက လိမ္မာ‌ရေးခြား ရှိ‌အောင်
    သင်လာရတယ်။ ဘုရားရှစ်ခိုးရမယ်…. လူကြီးသူမဆရာသမားကို ရို‌သေရမယ်…. စသဖြင့်‌ပေါ့ဗျာ။
    ကျွန်‌တော်တို့ ဗုဒ္ဓဘာသာဝင်‌တွေဆိုတာကလည်း အန‌န္တော အနန္တ ငါးပါးကို အရမ်းရို‌သေတာဆို‌တော့ဗျာ…. ဘုရား၊ တရားနဲ့ သံဃာကလွဲလို့ ကျွန်‌တော်တို့
    လူငယ်‌တွေအ‌ပေါ် အလွှမ်းမိုးဆုံးက မိဘနဲ့ ဆရာပဲ…
    ကျွန်‌တော်‌ပြောချင်တာက ကျွန်‌တော်တို့ဟာ ငယ်ငယ်ကတည်းက ကျွန်‌တော်တို့ မိဘနဲ့ ဆရာကို ဘုရားနဲ့ တစ်ဂိုဏ်းထဲ ထားပြီး ကိုးကွယ်ရ‌တော့
    မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ကြားမှာ အ‌ကြောက်တရားနဲ့ ‌လေးစားမှုဆိုတာကြီးက ကြီးစိုး‌နေတယ်ဗျ။
    ‌ပြောသင့်တာ မ‌ပြောရဲ၊ ဆိုသင့်တာ မဆိုရဲနဲ့ ဆို‌တော့ ကျွန်‌တော်တို့မှာ ထုံသွားတယ်ဗျ။ နံပါတ်(၁) အချက်မှာ ကိုသီဟ ‌ပြောသလို‌ပေါ့။

    ကျွန်‌တော်တို့ ‌ကျောင်းစ‌နေကတည်းက ဆရာ၊ ဆရာမ‌တွေက အလွတ်ကျက်ခိုင်း။ ပြီးရင်‌ဖြေခိုင်း။ မိဘ‌တွေကလည်း
    သားသမီး၊ ဘာကို ဝါသနာပါတယ်။ ဘာကို စိတ်ဝင်စားတယ်ဆိုတာ မ‌လေ့လာ။ ‌ကျောင်းမှာ အဆင့်ထိပ်‌ရောက်‌နေရင် ပြီး‌ရော။
    သားသမီးကလည်း မိဘဆိုတဲ့ အရှိန်အဝါ၊ ဆရာဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ‌ကြောက်ပြီး ဘာမှ မ‌ပြောရဲ၊ မဆိုရဲ။ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ကြားမှာ
    ပွင့်လင်းမှုမရှိ။
    အ‌ခြေခံက‌နေမတက်နိုင်တာဆိုတာ အဲဒီက စတာပဲလို့ ကျွန်‌တော်ထင်တယ်ဗျ။
    ကျွန်‌တော်က ဘာသာတရားကို ‌စော်ကား‌နေတာလည်း မဟုတ်ပါဘူး။ မိဘနဲ့ ဆရာ‌တွေကို ခွန်းတုန့်မခံ ပြန်‌ပြောခိုင်း‌နေတာလဲ မဟုတ်ပါဘူး။
    ‌သေချာစဉ်းစားကြည့်ရင်‌ပေါ့။ မိဘကလည်း သားသမီးကို ‌လေ့လာ၊ သားသမီးကလည်း မိဘကို ‌ပြောသင့်တာ‌ပြော(ကိုယ်က ဘာဖြစ်ချင်တယ်၊ ဘာကို မလုပ်ချင်ဘူး)
    ‌ပေါ့။ ပွင့်လင်းမှု ရှိသင့်ပါတယ်ဗျာ။ မိဘနဲ့ သာသမီး၊ ဆရာနဲ့ တပည့်ကြားက ‌ပေါင်းကူးတံတား‌လေးတစ်ခု‌ပေါ့။
    ဒါ‌ပေမဲ့ တစ်ချို့ မိဘ‌တွေကျ‌တော့လည်း ‌ပြောရခက်တယ်ဗျာ။ သားသမီးက သူတို့ကို တစ်ခုခု‌ပြောလိုက်ရင် သူတို့ကို ပြန်‌ပြောတယ်၊ ‌စော်ကားတယ်လို့ ထင်‌နေတတ်တယ်။

    ပြီး‌တော့ ကျွန်‌တော့် သူငယ်ချင်းတစ်‌ယောက်‌ပြောဖူးတဲ့ စကား‌လေးပါ။
    “ငါတို့ မိဘ‌တွေရဲ့ လူငယ်ဘဝနဲ့ ငါတို့ ခု လက်ရှိအ‌ခြေအ‌နေမှာ တူညီတာတစ်ခုပဲ ရှိတယ်။ အဲဒါက အသက်ကြီးလာတာ။ အဲ့ဒါတစ်ခုပဲ တူ‌တော့တယ်။
    ကျန်တာ‌တွေက တစ်ခုမှမတူ‌တော့ဘူး။” တဲ့ဗျာ။
    သူ‌ပြောတာလည်း မှန်တယ်ဗျ။
    ဒါကို တစ်ချို့ မိဘ‌တွေက လက်မခံနိုင်ကြဘူး။ ခုချိန်ထိ ‌ရှေးရိုးစွဲ‌နေတဲ့ မိဘ‌တွေ တစ်ပုံတစ်ပင်ကြီးဗျ။
    ကျွန်‌တော်တို့ ခုချိန်မှာ လူငယ်‌တွေအပါအဝင် လူကြီးမိဘ‌တွေကိုပါ ပြင်‌ပေးရမယ်ထင်တယ်ဗျ။
    ပြီးရင် ဆရာ‌တွေ၊ ဆရာမ‌တွေ(ကို SYKO ‌ပြောသလို‌ပေါ့)။ ဒါမှ သူတို့က ‌နောက်တက်လာမယ့် မျိုးဆက်သစ်လူငယ်‌လေး‌တွေကို ပြုပြင်‌ပေးနိုင်မှာ‌ပေါ့။
    ဒီလိုဆိုရင် IT နယ်ပယ်မှ မဟုတ်ပါဘူး။ နယ်ပယ်အားလုံးအတွက် အကျိုးရှိမယ်လို့ ကျွန်‌တော် ထင်တယ်ဗျာ။
    ကျွန်‌တော့် ထင်မြင်ချက်‌တွေက အမှားပါခဲ့တယ်ဆိုရင်လည်း ပြုပြင်‌ပေးကြပါလို့။

    Ninja

  28. April 19, 2011 at 7:57 PM #

    မင်္ဂလာပါ ကိုသီဟခင်ဗျား
    အကိုရေးတဲ့ ဒီစာပိုဒ်တွေက ကျွန်တော်နဲ့တော့ ကွက်တိကိုဖြစ်လို့နေပါတယ်အကို။
    ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော် ဒီဆောင်းပါးကိုဖတ်ပြီး ကိုယ်တိုင်ပြင်ဆင်သင့်တာတွေကိုပြင်ရတော့မှာပါ။

    (၁) ငယ်ရွယ်စဉ်ကတည်းက တွေးတောဆင်ခြင်ခြင်းဆိုင်ရာ သင်ကြားမှုများ အားနည်းခဲ့ခြင်း

    နည်းပညာဆိုတာ အရင်းခံက အတွေးပါ။ Thinking ပါ။ Thinking ဆိုတဲ့နေရာမှာလည်း ပုံမှန် သမာရိုးကျအတွေး (Linear Thinking) နဲ့ မလုံလောက်ပါဘူး။ သမာရိုးကျ မဟုတ်တဲ့ (Non-linear Thinking) တွေ များများ တွေးတတ်မှ အလုပ်ဖြစ်ပါတယ်။ အဲဒီလို တွေးတတ်ဖို့ဆိုတာ ငယ်ငယ်ကတည်းက သင်ယူလာဖို့ လိုပါတယ်။ လိုင်းတား၊ ဘာမှမစဉ်းစားပဲ ဒီအတိုင်း အလက်ကျွတ်ပြီး ဖြေလာတဲ့ အလေ့အထတွေက ဦးနှောက်တွေကို သေသွားစေပါတယ်။ နည်းပညာကို သင်မယ် ဆိုတော့မှာ အသည်းအသန် တွေးရပါတော့တယ်။ အဲဒီမှာ အတွေးအတွက် အချိန်တွေ ပေးရပါတော့တယ်။

    ငယ်စဉ်ကတည်းက တွေးတတ်အောင် မသင်လာခြင်းဟာ မိဘတွေနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို တွေးတတ်အောင် သင်ပေးဖို့ထက် အလွတ်ကျက်ဖို့ အားပေးတတ် ကြပါတယ်။ ဒီတော့ တွေးဖို့ထက် ကျက်ဖို့ အားသန် သွားပါတော့တယ်။ ဒီလို အတွေးကို တားစီးလိုက်ခြင်းဟာ နည်းပညာနယ်ပယ်မှာ အခြေခံအဆင့်က မတက်စေတဲ့ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံး အတားအဆီးပဲလို့ ကျွန်တော် ယူဆပါတယ်။ တိုးတက်နေတဲ့ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် ငယ်စဉ်ကတည်းက တွေးတတ်အောင်၊ Literal Thinking လို ခက်တဲ့ အတွေးတွေကို တွေးတတ်အောင် စနစ်တကျ သင်ပေးနေတာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကလေးတွေအနေနဲ့ ငယ်စဉ်ကတည်းက တွေးတတ်နေတော့ နည်းပညာနဲ့ ထိတွေ့တဲ့အခါ တွေးနည်းတွေကို တန်းသုံးရုံပါပဲ။ ဒီတော့ အချိန်တိုတိုအတွင်းမှာ နည်းပညာနဲ့ ယဉ်ပါးတဲ့သူ ဖြစ်သွားပါ တော့တယ်။

    လေးစားလျက်
    အောင်မျိုး

  29. Su Maw
    November 30, 2011 at 3:42 PM #

    ကျွန်မ အမြင်ပြောရရင် ကျွန်မတို့ အခြေခံက တိုးတက်ဖို့ key point

    ကို မေ့နေတာလား..မသိတာလားမသိဘူး…သူငယ်တန်းကတည်းက သင်လာတဲ့ eng က ၁၀တန်းသာ

    ပြီးသွားတယ်..ဘာမှလည်းတတ်မလားဘူးဆိုတာလေးကို ပြောပြချင်ပါတယ်…ဆရာလုပ်တယ်လို့တော့

    မထင်ပါနဲ့နော်…

    (၁) မိမိသိထားတဲ့ vocabulary တွေကို knowledge အဖြစ်ပဲ ထားကြပြီး နေနေလို့ အဲဒီအဆင့်ကနေ

    မတက်ကြတာပါ…

    (၂) knowledge ကို application လုပ်ဖို့မေ့နေတယ်..application လုပ်မှ thinking

    ဖြစ်လာမှာပေါ့..ဘယ်နေရာမှာသုံးမယ်ဆိုပြိီး..အဲဒီလို တွေးလာတတ်မှ critical thinking ဖြစ်လာမှာပါ..
    .
    (၃) နောက်မှ thinking ကနေ တတ်သွားပြီး self-confidence..making right

    decision..တွေရလာမှာပါ

    (၄) အဲဒီလို နဲ့ စာတစ်ပိုဒ်ကို ဖတ်ပြီး summary ရေးနိုင်တဲ့ အဆင့်ကို ရောက်ကြမှာပါ…summary

    မရေးနိုင်သရွေ့တော့ ငါဒီ lesson ကိုမတတ်သေးဘူးသာမှတ်လိုက်ပါတော့..

    (၅) နောက်ဆုံးမှာတော့ synthesis..analysis..ကိုရောက်ပြီး နွားခြေရာခွက်ထဲက

    လွတ်နိုင်ပြီလို့ ပြောလို့ရပါတယ်…အမှားပါသွားရင် တောင်းပန်ပါတယ်..အမြင်..အတွေးလေးကို ပြောပြ

    ရုံ သက်သက်ပါ…

Trackbacks/Pingbacks

  1. အမှား | Saturngod - May 25, 2010

    [...] မရဘူးဗျ။ MMTU မှာ ရေးထားတဲ့ အခြေခံက ဘာလို့ မတက်သေးတာလဲ ဆိုတဲ့ အထဲမှာ ကျွန်တော့် အမြင်တော့ [...]

  2. ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ (၃) | Myanmar Tutorials - May 30, 2010

    [...] [...]

  3. ဘာကြောင့် အခြေခံအဆင်ကနေ မတက်နိုင်တာလဲ | KYAUKPADAUNG - October 5, 2010

    [...] http://www.myanmartutorials.com [...]

  4. (၆)လပြည့် မှတ်တမ်း | Myanmar Tutorials - January 8, 2011

    [...] [...]

  5. ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ (၂) | Myanmar Tutorials - January 27, 2011

    [...] [...]

Leave a Comment

*