ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ (၃)

ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ပူးပေါင်းပြီး အဖြေရှာ ဖြစ်ခဲ့ပါတယ်။ Let’s collaborate ဆိုတဲ့ Myanmar Tutorials ရဲ့ ဆောင်ပုဒ်နဲ့ အညီ မှတ်ချက်များ ချီးမြှင့်ပြီး ပူးပေါင်း အဖြေရှာခဲ့ကြတာ ခုဆိုရင် အတိုင်းအတာ တစ်ခုအထိ ပုံပေါ် လာပြီလို့ ယူဆလို့ရပါတယ်။ ကျွန်တော်တို့တွေ ဘာတွေ ပြုပြင်ဖို့ လိုနေလဲဆိုတဲ့ အချက်တွေကိုလည်း အတိုင်းအတာ တစ်ခုအထိ ပုံဖော်နိုင်ခဲ့ ကြပါတယ်။ ခုလို ဝိုင်းပြီး အဖြေရှာပေးခဲ့ ကြတဲ့အတွက် အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီလို ပူပေါင်း အဖြေရှာ သင့်တာတွေက ဒီတစ်ခုတည်းတင် မဟုတ်ပါဘူး။ အခြား အရေးကြီးတဲ့ အခန်းကဏ္ဍတွေလည်း အများကြီး ရှိပါသေးတယ်။ ခုမှ ဒီပို့စ်ကို စဖတ်မယ့်သူတွေ ဇာတ်ရည် မလည်မှာ စိုးတဲ့အတွက် အရင်ပို့စ်တွေကို ပြန်ညွှန်း လိုက်ပါတယ်။

ကျွန်တော့် အနေနဲ့ ရှေ့ဆက်ပြီး ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ ဆိုတဲ့အချက်ကို ရှေ့ဆက်ပြီး အတွေး ဆန့်ချင် ပါသေးတယ်။ ဒါကြောင့် အပိုင်း (၃) ကိုဆက်ပြီး ရေးလိုက်ရတာပါ။ ကျွန်တော်ရေးတဲ့နေရာမှာ လိုအပ်ချက်များရှိရင် ထောက်ပြ ဝေဖန်ချင်တယ် ဆိုရင် ဝေဖန်ပေးပါ။ ထပ်ဖြည့်ချင်တဲ့ အချက်တွေရှိရင်လည်း ထပ်ဖြည့်ပေးပါလို့။

အလုပ်အကိုင် အခွင့်အလမ်း အားနည်းခြင်း

ဒါကတော့ ကျွန်တော်တို့ဆီမှာ သိပ်မထူးတဲ့ ကိစ္စတစ်ခုပါ။ အလုပ်အကိုင် အခွင့်အလမ်း နည်းတယ် ဆိုတဲ့နေရာမှာ တန်အောင် မပေးနိုင်တာ၊ တန်အောင် မရတာဆိုတဲ့ အချက်တွေလည်း ပါမယ်ထင်ပါတယ်။ အလုပ်ရှင်အနေနဲ့ ပေးနိုင်တဲ့ ပမာဏကလည်း နည်းသလို အလုပ်လုပ်မယ့် သူအတွက် ပြန်ရမယ့် Reward ကလည်း နည်းနေပါတယ်။ ဒါကြောင့် ပြည်တွင်းအလုပ်ဆို စိတ်မဝင်စားကြတော့ပဲ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ကြရပါတယ်။ နိုင်ငံခြားမှာ ဘယ်လိုလုပ်မယ်၊ ဘာတွေတတ်မှ ဖြစ်မယ်ဆိုတာတွေ သိတဲ့သူတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ပေမယ့် မသိသူတွေ အတွက်ကြတော့ ဘယ်လို ပြင်ဆင်ရမှန်း မသိတော့ပဲ၊ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုး အများတကာ အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။ ကိုယ့် Talent က ဘယ်နေရာမှန်း မသိပေမယ့် အဆင်ပြေတဲ့နေရာကို ဝင်တိုးကြရပါတယ်။ အဲဒီလို ဟိုနေရာ ဝင်တိုးလိုက်၊ ဒီနေရာ ဝင်တိုးလိုက်နဲ့ ယောင်သွားကြတဲ့ သူတွေလည်း မနည်းပါဘူး။ သူများတွေ AutoCAD ဆို လိုက် AutoCAD၊ သူများတွေ Graphic ဆို လိုက် Graphic၊ အဲဒီလိုနဲ့ အခြေခံ အဆင့်က မတက်တော့ပါဘူး။ ပိုက်ဆံတတ် နိုင်တဲ့သူတွေက သင်တန်းတွေ တက်နိုင်ကြပေမယ့် ပိုက်ဆံမတတ်နိုင် သူတွေကတော့ ကိုယ်ဘယ်လိုမှ မမျှော်မှန်းခဲ့တဲ့ လမ်းတွေကို ရွေးရပါတော့တယ်။

အလုပ်အကိုင် အခွင့်အလမ်း အားနည်းခြင်း ဆိုတဲ့ အချက်ကတော့ နိုင်ငံတိုးတက်မှု အပေါ်မှာ တိုက်ရိုက် မှီခိုနေပါတယ်။ နိုင်ငံ တိုးတက်မှု ကောင်းလေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လေပါပဲ။ ခုလို Information Age မှာ နိုင်ငံတိုးတက် လာတယ်ဆိုရင် သတင်းအချက်အလက် နည်းပညာလည်း ကျွဲကူးရေပါ တိုးတက် လာတာပါပဲ။ အဲဒီလို တိုးတက်ပြီ ဆိုတာနဲ့ သတင်း အချက်အလက် နည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ပွင့်လာမှာပါ။ ဒီ အခြေအနေ ရောက်ရင်တော့ ငါ့အကိုကြီးက System Analyst၊ လစာ ဘယ်လောက်ရတယ်။ ငါ့ ဦးလေးက Game Developer၊ လစာက ရေလည် လန်းတယ်။ ငါ့ အမကတော့ Graphic Designer၊ လစာကတော့ မမေးနဲ့ ဆိုတာမျိုးတွေ ဖြစ်လာ ပါလိမ့်မယ်။ ဒါဆိုရင် လူငယ်တွေအနေနဲ့ ကလေး ဘဝကတည်းက အားကျစရာ၊ အတုယူစရာတွေ ဖြစ်ပြီး ဘယ်လို လျှောက်လှမ်း ရမယ်ဆိုတဲ့ Guide Lines တွေလည်း ရလာမှာ ဖြစ်ပါတယ်။ ခု အခြေအနေမှာတော့ မမှီတဲ့ ပန်း တုံးခုလှမ်း ဆိုသလို နိုင်ငံခြားက စံနှုန်းတွေအတိုင်း လိုက်နေကြ ရပါတယ်။ လူစွမ်းကောင်း တွေကတော့ မိုးပျံပြီး မမှီတဲ့ပန်းကို ခူးနိုင်ပေမယ့် လူစွမ်းကောင်း မဟုတ်သူ တွေကတော့ ပန်းခြောက်လေးတွေ ကောက်ပြန် ဆိုသလို အလုပ်ဖြစ်တယ် ဆိုရုံလောက် သွားနေကြရပါတယ်။

အခြေခံအဆင့်နှင့် အဆင့်မြင့်အဆင့် ကြားတွင် အဆက်ပြတ်နေခြင်း

ကျွန်တော့်အမြင်အရ အခြေခံအဆင့်ဆိုတာ လူတိုင်းတတ် နိုင်တယ်လို့ လက်ခံထားပါတယ်။ ဒါပေမယ့် အဆင့်မြင့်ပိုင်း ပြောရရင် Professional ပိုင်းမှာတော့ လူတိုင်း တတ်နိုင်တယ်လို့ လက်မခံပါဘူး။ ပုံတူကူးချနိုင်တဲ့ အဆင့်ကို အဆင့်မြင့် အဆင့်လို့ လက်ခံရင်တော့ ကျွန်တော် ပြောတာမှား နေပါလိမ့်မယ်။ ကျွန်တော်ဆိုလိုတဲ့ အဆင့်မြင့် အဆင့်ဆိုတာ ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိတာကိုပြောတာပါ။ လူတစ်ယောက်ဟာ အိုင်တီမှာ အခြေခံအဆင့်တွေ ဖြစ်တဲ့ စာစီစာရိုက်၊ အင်တာနက်၊ အီးမေးလ် စသည်ဖြင့် မည်သူမဆို တတ်နိုင်ပါတယ်။ ဒါပေမယ့် သူထက်မြင့်တဲ့ အဆင့်တွေကို တတ်ဖို့ဆိုတာကတော့ သေချာပေါက် ပြောဖို့ ခက်သွားပါပြီ။ လူတစ်ယောက်က Graphic Design တွေ ဖြစ်တဲ့ Photoshop စတာတွေကို သင်ပြီး သူများလုပ်ထားတဲ့ အတိုင်း တစ်သွေမတိမ်း လိုက်လုက်နိုင်မယ်၊ ဒါပေမယ့် ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိဘူးဆိုရင်တော့ အခြေခံ အဆင့်မှာပဲ ရှိသေးတယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီလို မှားယွင်းစွာ ရွေးချယ်မိတဲ့သူတွေ မနည်းပါဘူး။ ကိုယ်တိုင် တီထွင်နိုင်စွမ်းကို ဘယ်လိုမှ ဖော်ထုတ်လို့ မရတော့ပဲ တစ်ခြား နည်းလမ်း တစ်ခုကိုလည်း ရွေးချယ်ခွင့် မရှိတော့တဲ့သူတွေ အများကြီးပါ။

အဲဒါဘာကြောင့်လဲ ဆိုတာကို ကျွန်တော် အနေနဲ့ အဖြေရှာကြည့်ပါတယ်။ အဲဒီလို အဖြေရှာကြည့်တဲ့အခါမှာ အချက်တစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ အခြေခံအဆင့်နဲ့ အဆင့်မြင့် အဆင့်ကြားမှာ အဆက်ပြတ် နေတာကြောင့်လို့ ကျွန်တော် ယူဆပါတယ်။ အခြေခံအဆင့် ဆိုတာတွေ တက်ပြီး သင်ပြီးတဲ့အချိန်မှာ တစ်ခါတည်း အဆင့်မြင့် အဆင့်တွေကို တန်းတက်ကြပါတယ်။ တကယ်တော့ အဲဒီနေရာမှာ အခြေခံအဆင့် ထက်လည်း မြင့် အဆင့်မြင့် အဆင့်လည်း မရောက်သေးတဲ့ ကြားအဆင့်တစ်ခု အရင်ဖြတ်သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီလို ကြားခံအဆင့်ဆိုတာ ဘာကို ခေါ်တာလဲလို့မေးရင် အလွယ်ဆုံး အဖြေကတော့ မိမိကိုယ်ကိုနဲ့ ကိုယ်သွားမယ့် နယ်ပယ်ကို စမ်းစစ်တဲ့ အဆင့်လို့ ဖြေရမှာ ဖြစ်ပါတယ်။ ကိုယ်သွားမယ့် နယ်ပယ်မှာ ဘာတွေရှိလဲ စသည်ဖြင့် လေ့လာတဲ့ အဆင့်ပါ။ ပြီးရင် အဲဒီ နယ်ပယ်တွေကို ထိတွေ့ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီတာကို ရှာတဲ့အဆင့် ဆိုရင်လည်း မမှားပါဘူး။ အဲဒီအဆင့်ကြတော့ သင်တန်းသွားတက်လို့ အဆင်မပြေတော့ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ အင်တာနက်ပါပဲ။ အင်တာနက်ထဲမှာ ဝင်မွှေကြည့်ပါ။ အားလုံးကို အကြမ်းသဘော နားလည်အောင်၊ သိအောင် လေ့လာကြည့်ပါ။ စမ်းသပ်ကြည့်ပါ။ ပြီးရင် ကိုယ်နဲ့ ကိုက်မကိုက် သေသေချာချာ စမ်းစစ်ကြည့်ဖို့ပါ။ အဲဒီလို စမ်းစစ်ပြီး ကိုယ်နဲ့ ကိုက်တယ်၊ ကိုယ်ကလည်း အမှန်တကယ် ဝါသနာပါတယ် ဆိုမှသာ ရှေ့ဆက်ပြီး အဆင့်မြင့် အဆင့်တွေ တက်သင့်ပါတယ်။ အခြေခံအဆင့်ကို မျက်စိမှိတ်ပြီး ဖြတ် မမှားဘူးလို့ ဆိုနိုင်ပေမယ့် အဆင့်မြင့်အဆင့် ဆိုရင်တော့ မျက်စိဖွင့် နားစွင့်ပြီး သေချာမှာ သွားဖို့ပါ။

အခြေခံ သီအိုရီများ သင်ယူမှုအားနည်းခြင်း၊ နားလည်မှု အားနည်းခြင်း

ကျွန်တော်တို့ ကွန်ပျူတာ သင်တုန်းက သီအိုရီတွေ သင်ပြီဆိုရင် အင်မတန် စိတ်ပျက်ပါတယ်။ ကွန်ပျူတာ ဆိုတာကြီးကို သင်ရင် ကီးဘုတ်ကို ထိလိုက်မှ လက်တွေ့ လုပ်လိုက်မှ နေသာထိုင်သာ ရှိပါတယ်။ အဲဒီလိုနဲ့ အခြေခံကျတဲ့ သီအိုရီတွေကို ပစ်ပယ်မှန်း မသိ ပစ်ပယ်လာ ပါတော့တယ်။ ကွန်ပျူတာနဲ့ ထိနေတယ်ဆိုရင် မျက်လုံးတွေ ပြူးနေသလောက် သီအိုရီဆိုတာနဲ့ စာအုပ်နဲ့ မျက်နှာနဲ့ မခွာတော့ပါဘူး။ စာအုပ်ပေါ် မှောက်အိပ်နေတာ လေ။ ဒီလို သီအိုရီကို မသင်ချင်တာ အပြင်က သင်တန်းတွေမှာမှ မဟုတ်ပါဘူး။ သီအိုရီတွေ အဓိက သင်ပါတယ် ဆိုတဲ့နေရာမှာတောင် လိုင်းတားပြီး ကျက်တာကလွဲလို့ သီအိုရီသဘောကို သိအောင် မသင်ကြတော့ပါဘူး။ အပြင်သင်တန်းတွေကတော့ ဟိုးအရင်က ဆရာကြီးတွေသာ အမိုက်ခံပြီး သင်နေဆဲ ဖြစ်ပေမယ့် ခုနောက်ပိုင်း သင်တန်းတွေမှာတော့ ဘယ်သူမှ သီအိုရီ ပိုင်းကို မထည့်ကြတော့ပါဘူး။ ကိုယ်က ထည့်ချင်ဦးတော့ အလကား အချိန်ကြီး ဖြစ်နေတဲ့အတွက် လစ်လျူရှုထားရပါတယ်။

အဲဒီလို သီအိုရီအခြေခံတွေ မသင်တော့ပဲ လက်တွေ့တွေပဲ ကစ်လာတော့ တကယ့် အဆင့်မြင့်ပိုင်းကို ကူးမယ်ဆိုတော့ တိုင်ပတ် ပါတော့တယ်။ အဆင်မြင့် ပိုင်းဆိုတာ သီအိုရီပိုင်းနဲ့ လက်တွေ့ပိုင်းကို ပေါင်းစပ်ပြီး အသစ်ထွင်ရတဲ့ သဘောပါ။ ကိုယ်က သီအိုရီကို ကောင်းကောင်းကြီး ပစ်ထားခဲ့သမျှ အဲဒီအချိန်ကျမှ အခြေခံအဆင့် အဆင့်မြင့်ပိုင်းကို မတက်တော့ပါဘူး။ တစ်နေပါတော့တယ်။ ဒီအတွေ့အကြုံက ကျွန်တော် ကိုယ်တိုင် ခံစားရတဲ့ အဖြစ်ပါ။ အဆင့်မြင့်မြင့် နားလည်နိုင်စွမ်းကို ရချင်လာတဲ့အခါ သီအိုရီတွေ ပစ်ထားမိသမျှ နောင်တ ရလာပါတယ်။ ဒီလိုနဲ့ သီအိုရီပိုင်းတွေ ပြန်ဖတ် လက်တွေ့နဲ့ ပြန်ပေါင်းထုတ်ရပါတယ်။ အဲဒီလို ပြန်ပေါင်းထုတ်တာ ခုချိန်ထိကို အစပ်အဟပ် မတည့်နိုင်သေးတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် သီအိုရီဆိုတာ စံတွေ ကိုယ်က အဲဒီ စံတွေကို ချဉ်းကပ်နေရတာ။ ဒီတော့ ဖြည်းဖြည်းချင်း ချဉ်းကပ်မှ ရမယ်ဆိုပြီး ရသေ့ စိတ်ဖြေ လုပ်နေရပါတယ်။

အပြောင်းအလဲ မြန်ဆန်လွန်းခြင်း

နည်းပညာလောကမှ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ အချက်ကလည်း ကျွန်တော်တို့တွေ အခြေခံအဆင့်က မတက်အောင် တားဆီးထားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ်က ဒါလေးလေ့လာ ကောင်းတုန်း ဒိတ်အောက် သွားတာမျိုးတွေ ကြံုဖူးကြပါလိမ့်မယ်။ ကိုယ်က အားနဲ့ မာန်နဲ့ ကစ်မယ် ချမယ် ဆိုပြီး နေမအား ညမအား လုပ်နေပေမယ့် တကယ်တန်း ချပြမယ့် အချိန်ကြတော့ သူများတွေက ကိုယ်ထက် ကောင်းတာတွေ ချပြပြီး နေတာတွေလည်း တွေ့ရကြံုရ တတ်ပါတယ်။ ဒီလိုမျိုး အတွေ့အကြံုကတော့ ကိုယ်တွေမှ မဟုတ်ပါဘူး။ တစ်ခြားနိုင်ငံက သူတွေလည်း ကြံုရပါတယ်။ Windows 98 မှာတုန်းကလိုပေါ့ Web Trend တွေ ကောင်းလာတော့မယ် ဆိုတာသိလို့ ကုမ္ပဏီငယ်လေးတွေကော ကုမ္ပဏီကြီး တွေပါ စီးပွားရေး အကျိုး အမြတ်ကြီးကြီးကို မျှော်မှန်းပြီး Internet Browser တွေ အပြိုင်တီထွင်ကြပါတယ်။ Windows 98 လည်း ထွက်လာရော Internet Browser ကို အလကား ထည့်ပေးလိုက်တော့ အကုန် နောက်ကောက် ကျကုန်ပါတယ်။

ကိုယ်က ဒီနည်းပညာ ကောင်းတယ်၊ ဒီအချိန်မှာ အလုပ်ဖြစ်တယ် ဆိုပြီးသင်နေုတုန်း အခြေခံအဆင့်က မတက်သေးဘူး။ နောက်တစ်ခု ထပ်ပေါ် လာပါတယ်။ အဲဒီလို ပေါ်လာတဲ့ အသစ်က ကိုယ်သင်နေတာနဲ့ ဆက်စပ်နေတာဆိုရင်တော်ရဲ့ လုံးဝ အဆက်အစပ် မဲ့သွားတာမျိုး ဆိုရင် သေပြီ ဆရာလို့ အော်ရမယ့် အခြေအနေပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကြံုဖူးပါတယ်။ ကိုယ်က ရိုးရိုး Web Form တွေ လေ့လာနေတဲ့ အချိန်မှာ MVC ဆိုပြီး ပေါ်လာတော့ Framework တွေ ပေါ်လာတော့ လုံးဝ အသစ်၊ နည်းပညာအသစ်ကို တည့်တည့်ကြီးကို တိုးပါတော့တယ်။ ကိုယ်က VB6 ကို လေ့လာနေတုန်း VB.NET ကို ပြောင်းသွား သလိုမျိုးပေါ့။ အဲဒီလို အပြောင်းအလဲ မြန်ဆန်တဲ့ သဘောကို လက်ခံပြီး အမှီလိုက်မလား မလိုက်နိုင် ရင်တော့ နှမလက်လျော့ နေလေတော့ပဲ။ နည်းပညာဆိုရင် နယ်ပယ်စုံပါပဲ။ Hardware ကော Software ပါ အပြောင်းအလဲ မြန်ဆန်လွန်းပါတယ်။

ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း

ကျွန်တော်တို့တွေ အရမ်းတော် ကြပါတယ်။ ဒါပေမယ့် သွားကြည့်လိုက် တစ်ယောက်တည်း။ တစ်ကောင်းတည်း ဒါပေမယ့် ခြင်္သေ့ဆိုတာတွေ မနည်းပါဘူး။ အဲဒီလို ခြင်္သေ့တွေ ဖြစ်နေတဲ့ အတွက်လည်း တစ်ဂူတည်း ဘယ်တော့မှ နှစ်ကောင် မအောင်းတော့ပါဘူး။ ဆရာကြီးတွေ ပေါင်းပြီ ဆိုရင်လည်း ဆရာကြီးများ လှေစီး ခရီးထွက်ကြသည်၊ ထို့ကြောင့် လှေကြီး နစ်သွားသည် ဆိုသလိုတွေပဲ ဖြစ်နေတတ်ပါတယ်။ ဗေထိ ဆိုကတည်းက ကွဲကြပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက် နိုင်စွမ်းမဲ့နေတာလည်း ကျွန်တော်တို့ အခြေခံအဆင့်က မတက်စေတဲ့ အချက်ထဲမှာ ပါပါတယ်။ အိုင်တီဆိုတာ မပူးပေါင်းရင် ဘယ်လိုမှ ခရီးမရောက်ပါဘူး။ တစ်ယောက်တည်း ပြန်လန်နေအောင် တော်ပါစေ။ မပူးပေါင်း မဆောင်ရွက် နိုင်ရင် နိုင်ငံတကာနဲ့ မယှဉ်နိုင်ပါဘူး။ အဲဒီလို မယှဉ်နိုင်ရင် အခြေခံအဆင့် မတက်တာနဲ့ အတူတူပါပဲ။ ဒါကတော့ တစ်ဦးခြင်း တစ်ယောက်ခြင်းစီတဲ့ အများဆိုတဲ့ အခြေခံအပေါ်မှာ မြင်တဲ့ အမြင်ဖြစ်ပါတယ်။ တစ်ကောင်တည်း ခြင်္သေ့တွေ အနေနဲ့ အခြေခံအဆင့်က လွတ်ထွက်သွားနိုင် ပေးမယ့် အများသဘောမှာတော့ အခြေခံအဆင့် နွံထဲက ထွက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

နည်းပညာ အသစ်တွေ တစ်ခုပြီး တစ်ခုထွက်တယ်။ သွားကြည့်လိုက် နည်းတဲ့ Team တွေ မဟုတ်ပါဘူး။ Outsourcing တွေလည်း အများကြီး လုပ်ထားသလို သူတို့ရဲ့ Team ကလည်း ကိုယ်တွေမှာ ရှိတဲ့ Team တွေ ဘာမှမဆိုင် လောက်အောင် ကြီးမားကြပါတယ်။ အပိုင်းအကန့်အလိုက် တာဝန်ယူနိုင်ကြသလို ပြန်လည် ချိတ်ဆက်တဲ့ နေရာမှာလည်း အံဝင်ခွင်ကျ ဖြစ်အောင် စီစဉ်ထားနိုင်ကြပါတယ်။ ကျွန်တော်တို့မှာ အဲဒီလို အပိုင်းအကန့်အလိုက် တာဝန်ယူ ကြမယ်ဆိုရင် ပြန်ပေါင်းတဲ့အပိုင်းမှာ ဘယ်လိုမှာ ပေါင်းလို့မရတော့တာ များပါတယ်။ အဲဒီတော့ တစ်ဦးတည်း အစအဆုံး လုပ်တာ ကောင်းတယ်ဆိုပြီး ခြင်္သေ့တွေက ကစ်ကြပါတယ်။ Project ဆိုတာနဲ့ Team Leader ပဲ ဒိုင်ခံရေးတာ ထုံးစံလို ဖြစ်နေပါပြီ။ သူတို့လို Team အကြီးကြီးတွေ မလုပ်နိုင်တာ ထားတော့ နှစ်ယောက် တစ်ပိုင်း Team တွေမှာတောင် ဘယ်လိုမှ ပေါင်းလို့ မရနိုင် ဖြစ်နေ တတ်ပါတယ်။ ဒါကလည်း Activities တွေ မရှိတဲ့ ဘဝမှာ ကြီးပြင်းခဲ့ရတာဆိုတော့ ခက်တော့လည်း ခက်သား၊ IQ တွေကတော့ မြင့်ပါရဲ့ EQ ကတော့ မလေ့ကျင့်ခဲ့ရတော့ Team Building မှာ အခက်တွေ့ပါတော့တယ်။

ကျွန်တော် စဉ်းစားမိသလောက်ကတော့ ဒီလောက်ပါပဲခင်ဗျ။ နောက်တစ်ဆင့်မှာတော့ အခြေခံအဆင့်ကနေ ဘယ်လို ရုန်းထွက်ကြမလဲ ဆိုတဲ့ အချက်ကို လေ့လာ ကြမယ်လို့ မျှော်မှန်း ထားပါတယ်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ …

Facebook comments:

19 Responses

  1. ZT says:

    စာကိုဖတ်ရင်း တဖြည်းဖြည်းနဲ့ ကျဉ်းထဲ ကျပ်ထဲ ကို ရောက်လာသလို ခံစားရတယ် – ပြောချင်စိတ်တွေများပြီး ဘာပြောရမှန်းကို မသိတော့လောက်အောင်ပါပဲ – ကိုယ်တွေကတော့ မိဘရဲ့ လမ်းညွှန်ပြသမှုကြောင့် လတ်တလောအခြေအနေနမှာ ယောင်ချာချာတော့ ဖြစ်မနေခဲ့ဘူး ဆိုပေမယ့် လူဆိုတာ တစ်သက်လုံး ကိုယ်တစ်ယောက်တည်း ရပ်တည်သွားရမှာ မဟုတ်ဘူး – ကိုယ့်နောက်မှာ မိဘ နဲ့ မျိုးဆက် ဆိုတာတွေ လိုက်လာမယ် – အရေးကြီးဆုံးကတော့ မျိုးဆက်ပဲ – ကိုယ်တွေက အထိုက်အလျောက် နေရာတစ်ခု ရခဲ့ပြီ – ဒါပေမယ့် ကိုယ့်မျိုးဆက်က လာတော့မယ် – ကိုယ့်မျိုးဆက် ကောင်းစားဖို့ နဲ့ ပညာရေး တက်လမ်းကောင်းဖို့ဆို ဘာလုပ်ကြမလဲ – ကျွန်တော့် အသိတော်တော်များများကို လိုက်မေးကြည့်ဖြစ်တယ် – မိဘတွေ တတ်နိုင်ရင် တတ်နိုင်သလောက် ” ကျွန်တော်၊ ကျွန်မကတော့ ကလေးကို နိုင်ငံခြားလွှတ်ပြီး ကျောင်းထားမယ် – ဘာဘွဲ့ ညာဘွဲ့ ယူခိုင်းမယ် ” ပြောကြတဲ့ သူတွေချည်းပဲ – ကျွန်တော် အပြစ်မပြောလိုပါဘူး – မိဘတိုင်း သားသမီးကို ကောင်းစားစေချင်ကြတာ ချည်းပါပဲ – ဒါပေမယ့် ရေရှည်ကို ကျွန်တော်တို့ စဉ်းစားကြည့်တော့ မျိုးဆက် တစ်ခု ကောင်းစားဖို့ ကိုယ့်မျိုးဆက်ကို နိုင်ငံခြားလွှတ်ခြင်း မလွှတ်ခြင်းဆိုတာ ကိုယ့်မျိုးဆက်အတွက် တိုးတက်မှု တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ကိုယ်စေလွှတ်သင်ကြားခိုင်းလိုက်တဲ့ ကိုယ့်မျိုးဆက်က နိုင်ငံ့အတွက် နောင်တစ်ချိန်မှာ ပြန်အကျိုးမပြုနိုင်ဘူးဆိုရင်တော့ ဒါဟာ ကိုယ့်လူမျိုးအတွက် ပျက်စီးဆုံးရှုံးမှု ( ဝါ ) ဆုတ်ယုတ်မှု တစ်ခုပါပဲ။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်ပြီး လူတန်းစား ( ၂ ) လွှာကို လေ့လာကြည့်မိတယ် –

    တစ်လွှာက မြန်မာနိုင်ငံ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တစ်ခုခုကနေ ဘွဲ့ရခဲ့ကြပြီး နိုင်ငံခြားထွက် အလုပ်လုပ်နေကြတဲ့ လူတန်းစား အလွှာ – သူတို့တွေကို လေ့လာကြည့်တော့ တော်တော်များများက ကိုသီဟ ထောက်ပြခဲ့သလို အလုပ်အကိုင် အခွင့်အလမ်း အားနည်းခြင်း ဆိုတာတွေ ၊ စီးပွားရေး အကျပ်အတည်းဆိုတာတွေကြောင့် ထွက်လာကြတာ – သူတို့တွေထဲက တော်တော်များများဟာ ကျွန်တော့်အမြင်နဲ့ ပြောရရင် မြန်မာပြည်ကို ချစ်တယ် – မြန်မာပြည်မှာ နေချင်တယ် – အခြေအနေအကြောင်းကြောင်းကြောင့်သာ နိုင်ငံခြားမှာ လာနေပြီး လုပ်ကိုင်နေကြရတာ – တစ်ကယ်လို့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အားသာချက်တွေ ရှိလာမယ်ဆိုရင် သူတို့တွေ ပြန်လာကြမှာပဲ – အဲလို နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်နေကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ အတွက် ကျွန်တော်မစိုးရိမ်ဘူး – သူတို့တွေက လတ်တလောမှာ ( – ) ပြနေပေမယ့် ဆုတ်ယုတ်မှုထဲမှာ မပါဝင်ဘူး တစ်ချိန်ချိန်မှာ သူတို့တွေဟာ ကိုယ့်လူမျိုးအတွက် ( + ) ပြန်ဖြစ်လာနိုင်တယ်။

    နောက်တစ်လွှာကကျတော့ လူငယ်တွေ – သူတို့လေးတွေက အထက်တန်း အောင်ပြီးတော့ အပေါ်မှာပြောခဲ့တဲ့ သားသမီးကို ဖြစ်ထွန်းစေချင်တဲ့ မိဘမျိုးတွေရဲ့ ထောက်ပံ့မှုနဲ့ နိုင်ငံခြားမှာ ကျောင်းလာတက်ကြ ဘာကြ – ကျွန်တော် သတိထားမိသလောက် အထက်တန်းဆိုတာ ကလေးသာသာ အရွယ်ပဲ – ဒီလိုအရွယ်မှာ ( ကိုယ့်လူမျိုး တိုးတက်ဖို့ ဘာဖို့ဆိုတာ ဝေးလို့ ) လူ့လောကအကြောင်းတောင် ကောင်းကောင်းနားမလည်သေးတဲ့ အချိန် ကိုယ့်နိုင်ငံထက် အများကြီးတိုးတက်တဲ့ နိုင်ငံတစ်ခုကိုချေချမိသွားတော့ တော်တော်များက အဲ့နိုင်ငံမှာ သာယာသွားကြတယ် – ပြောရရင် ဦးနှောက်ကို ဆေးဆိုးခံလိုက်ရတယ်ပဲ ပြောရမလား – လုံခြုံတဲ့ မြန်မာ့ယဉ်ကျေးမှုကို ကျဉ်းကျပ်မှု တစ်ခုလို မြင်လာတယ် – အရာရာမပြည့်စုံနိုင်သေးတဲ့ နိုင်ငံ့အခြေအနေကို စက်ဆုပ်လာတယ် – အချိန်တန် ပညာစုံလို့ မိဘက သားရယ် ပြန်လာပါဆိုရင် လုံးဝကို ပြန်မလာချင်ကြတော့ဘူး – ဒါ ကျွန်တော့် ကိုယ်တွေ့ မိသားစုထဲက ဖြစ်ရပ်တစ်ခုကို ထုတ်နှုတ်ပြတာပါ – အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အားနည်းချက်ရှိလို့ နိုင်ငံရပ်ခြားမှာ လတ်တလော အလုပ်လုပ်ကိုင်နေကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေတိုင်းကို Brain Drain ဖြစ်တယ်လို့ ကျွန်တော်ကတော့ မခံယူဘူး – သူတို့မှာ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်ရှိတယ် – သူတို့ ဘဝအတွက် ရပ်တည်ချက် တစ်ခုရပြီးတဲ့ အချိန်ရောက်ရင် မြန်မာဆိုတဲ့ သူ့လူမျိုးအတွက် သူတို့ ပြန်စဉ်းစားကြမှာပဲ – မြန်မာနိုင်ငံကို ပြန်လာကြမှာပဲ – ပြန်မလာနိုင်ရင်တောင် နိုင်သလောက်တော့ သူတို့ ထောက်ပံ့နေကြမှာပဲ – ကျွန်တော် နှမျောမိတာ မစဉ်းစား မဆင်ခြင်နိုင်သေးတဲ့ အရွယ်မှာ ဦးနှောက်ဆေးဆိုးခံလိုက်ရပြီး ကိုယ့်နိုင်ငံကို ခြေပြန်မလှည့်ချင်ကြတော့တဲ့ ကလေးတွေပဲ – သူတို့တွေက လတ်တလောမှာသာ ကလေး ဖြစ်ကောင်း ဖြစ်မယ် – နောင်တစ်ချိန် တကယ်လို့များ သူတို့သာ ပညာရှင်ဖြစ်လာရင် ဆေးဆိုးခံလိုက်ရတဲ့ ဦးနှောက်တစ်စုံနဲ့ ပညာရှင်တစ်ယောက်ဟာ နိုင်ငံအတွက် အားကိုးရပါတော့မလား ?? သူတို့တွေကတော့ နိုင်ငံ့အတွက် ဆုတ်ယုတ်မှု လက္ခဏာပါပဲ။

    အသိပညာရှင် အတတ်ပညာရှင်တစ်ယောက် Brain Drain ဖြစ်တာထက် – တတ်လမ်းရှိတဲ့ လူငယ်တွေ ကိုယ့်နိုင်ငံကို ကိုယ်အထင်မကြီးကြတော့တာ ကျွန်တော်ခံစားရ အခက်ဆုံးပဲ – ကျွန်တော့် အသိတစ်ယောက်က ပြောတယ် – မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ အင်္ဂလိပ်စာ နိုင်ငံခြားရောက်တော့ တစ်လုံးမှ သုံးစားလို့ မရပါဘူးကွာ တဲ့ – ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ် – ကျွန်တော် သူ့ကို မေးခွန်းတစ်ခု မေးကြည့်ချင်မိတယ် – မင်းအခုရေးနေတဲ့ အင်္ဂလိပ်စာလုံးတွေထဲက အေဘီစီဒီ ဆိုတာကို မင်းငယ်ငယ်တုန်းက ဘယ်လူမျိုး ဆရာ – ဆရာမက သင်ပေးခဲ့တာလဲလို့ – စိတ်ထဲက မေးခွန်းပါ တကယ်တော့ မမေးဖြစ်ခဲ့ပါဘူး။

    ကိုယ့်နိုင်ငံအပေါ် အထင်မကြီးတဲ့ စိတ် – သူများနိုင်ငံသား သူများစကားကိုမှ ( လေ့လာချင်စိတ်ထက်ပိုပြီး ) လေးစားအားကျ အထင်ကြီးတဲ့စိတ် – ကိုယ်ကိုယ်တိုင် မြန်မာတစ်ယောက် ဖြစ်နေရက်နဲ့ ကိုယ့်လူမျိုးအပေါ် နုံချာတယ်လို့ မသိစိတ်က သတ်မှတ်ပြီးသား ဖြစ်နေတဲ့ သူတွေ မြန်မာလူမျိုးကြားမှာ တဖြည်းဖြည်း များများလာတာလည်း ကိုယ့်လူမျိုး တဖြည်းဖြည်း အောက်ရောက်ရောက် သွားခြင်းရဲ့ အခြေခံ အချက်တစ်ချက်ပဲလို့ ထင်မိတယ်။ အခြေခံအဆင့်က မတက်နိုင်တဲ့ တစ်ချက်လို့ပဲ ပြောရမှာပေါ့လေ။ ကျွန်တော်တို့ အခြေခံအဆင့်ကနေ တက်နိုင်ဖို့ ဆိုရင် သူများနိုင်ငံကို အထင်ကြီးပြီး အားကျနေယုံ သူတို့လုပ်သမျှ ကောင်းလိုက်တာလို့ ငေးပြီး သာယာနေယုံ – သူတို့ဖန်တီးမှုတွေထဲမှာ အဆင်ပြေလိုက်တာကွာ ဆိုပြီး နစ်မျောနေယုံ တစ်ခုတည်းနဲ့ မရနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ အတူ အခြားတစ်ဖက်မှာလည်း သူနဲ့ယှဉ်တွဲထားတဲ့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိဖို့ ဆိုတာလည်း လိုသေးတယ်လို့ ကျွန်တော်မြင်မိတယ်။

    ကျွန်တော် အများကြီး ရေးချင်ပါသေးတယ်။ ခုလောလောဆယ် ဆွေးနွေးထားတာ ” အလုပ်အကိုင် အခွင့်အလမ်း အားနည်းခြင်း ” ဆိုတာနဲ့ ဆက်စပ်ပြီးပဲ ဆွေးနွေးခဲ့တာပါ။ ခေါင်းစဉ်တစ်ခု ဖတ်ပြီးတိုင်း ခေါင်းထဲ ပေါ်လာတဲ့ ပြောချင်တဲ့ စကားတွေတော့ အများကြီးပေါ့လေ – ဒါပေမယ့် ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့မယ်။ ကိုသီဟရဲ့ ဖော်ပြချက်တွေထဲကနေ ရရှိလာတဲ့ – အတွေးတစ်ခု အတွက် ကျေးဇူးပါဗျာ –

    ZT.

    • Thiha says:

      ဆွေးနွေးသွားတဲ့ အချက်တွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ခုဆို အချက်တစ်ခုတည်းအပေါ် ဆွေးနွေးသွားတာပဲ ရှိပါသေးတယ်။ တစ်ခြားအချက်တွေကိုလည်း ဆွေးနွေးပေးပါဦးခင်ဗျ …

  2. saturngod says:

    Windows 98 မှာတုန်းကလိုပေါ့ Web Trend တွေ ကောင်းလာတော့မယ် ဆိုတာသိလို့ ကုမ္ပဏီငယ်လေးတွေကော ကုမ္ပဏီကြီး တွေပါ စီးပွားရေး အကျိုး အမြတ်ကြီးကြီးကို မျှော်မှန်းပြီး Internet Browser တွေ အပြိုင်တီထွင်ကြပါတယ်။ Windows 98 လည်း ထွက်လာရော Internet Browser ကို အလကား ထည့်ပေးလိုက်တော့ အကုန် နောက်ကောက် ကျကုန်ပါတယ်။

    ဒါပေမယ့် ရေရှည်မှာတော့ Firefox , Opera တို့ ဆက်လက်တည်ရှိနေတာပဲ။ Netscape browser ရှုံးသွားပေမယ့် firefox ကို အသစ်မွေးဖွားခဲ့တာပဲ။ Opera ကလည်း အချို့နိုင်ငံတွေမှာ အသုံးအများဆုံးဖြစ်နေသေးတာပဲ။ ဥပမာ ။ ။ အင်ဒိုအတွက် website ဆွဲပေးရမယ်ဆိုရင် Opera ကို Standard ထားပြီးရေးရတယ်။ အဲလိုမျိုး Trend လေးတွေက ရှိသေးတာပဲ။ Webkit ရဲ့ opensource ကြောင့် Chrome ပေါ်လာသေးတာပဲဗျ။ နောက်ကျတယ်စောတယ်ဆိုတာထက် ကိုယ်တိုင် ရှေ့က ဦးဆောင်ပြီး နည်းပညာမထုတ်နိုင်သေးသ၍ နောက်ကနေ အမြဲလိုက်ပြီး အမြဲနောက်ကျနေအုံးမှာပဲ။

    • Thiha says:

      သူတို့တွေအနေနဲ့ အဲဒီလို နောက်ကျပြီး ပြန်လိုက်နိုင်ခဲ့ကြပေမယ့် အဲဒီ ဂိမ်းထဲကို ကျွန်တော်တို့ ဝင်ဖို့ကျတော့ မလွယ်တော့ ပြန်ဘူးဗျာ … သူတို့တွေက ရှုံးရင်လည်း လူတွေက ပိုပြီး စည်းလုံးလာကြသလို နိုင်ရင်လည်း မကွဲသွားကြဘူး။ ကျွန်တော်တို့မှာက ရှုံးလည်းကွဲ နိုင်လည်း ကွဲပဲဆိုတော့ …

      • saturngod says:

        အားရင် ကွဲခြင်း အကြောင်းလေး တစ်ခုလောက်ရေးအုံးဗျ… ဘာကြောင့် ကွဲရတာလဲ… အဲဒါကို အဖြေရှာဖို့ လိုတယ်.. မြန်မာ အချင်းချင်းလုပ်ရင်တော့ ကွဲတာ များတယ်.. မြန်မာနဲ့ တရုတ်ဆိုရင်တော့ ကွဲတာ ရှားတယ်ဗျ..

        • Maverick says:

          How about Indians and Burmese?

        • အောင်ကြီး says:

          ၂ ယောက်ရှိရင် တစ်ဖွဲ့ ၃ ယောက်ရှိ ၂ ဖွဲ့ကွဲ ဆိုသလိုပေါ့ဗျာ။ ဗိုလ်အောင်ဒင် ရုပ်ရှင် ကြည့်ဖူးမယ်ဆိုရင်တော့ အဲဒီ ထဲက ရာမ ရဲ့ပုံစံအတိုင်းဖြစ်မယ်ထင်တယ်ဗျ။

        • SYKO says:

          ဘာကြောင့်ကွဲလဲ ၊ ဘာလို့ စုမရလဲဆိုတာ ကျွန်တော်လည်း စဉ်းစားမိသလောက်ရေးထားပါတယ်။
          http://www.myanmaritresource.info/article-page-f107/it–article-t3332.htm

          မှတ်ချက်။ ။ [not Ads] ပါခင်ဗျာ။ Ads လို့ ယူဆရင်တော့ တောပ့် ပစ်တစ်ခုအနေနဲ့ ကျွန်တော် ဒီမှာကူးပြီးဖော်ပြပေးပါမယ်။ လက်ခံတယ်ဆိုရင်တော့ ဒီ မှတ်ချက် ဆိုတာလေး ဖျက်ပြီးတင်လိုက်လို့ရပါတယ်ခင်ဗျာ။ အဆင်ပြေတဲ့ ပေါ်လစီနဲ့ ဆောင်ရွက်ပါ။ နားလည်ပါတယ်။ :)

  3. everlearner says:

    အကွဲအပြဲကိစ္စကတော့ အများအကျိုးနဲ့ ကိုယ်ကျိုး ဘယ်ဟာကို ဦးစားပေးကြမလဲ ဆိုတဲ့ ပြဿနာနဲ့ တွေ့တဲ့အခါမှာ စတာပဲထင်တယ်…. ကျွန်တော်တို့အများစုမှာ အဲဒီအချက်နှစ်ခုက အမြဲတမ်းရောထွေးနေတယ်… ဖြစ်သင့်တာက အများအကျိုးအတွက် အရေးကြီးတယ်ဆိုတဲ့ အချိန်မှာ ကိုယ်ရေးကိုယ်တာနဲ့ ပုဂ္ဂလိကခံစားချက်တွေကို ခဏဘေးဖယ်ပြီး ဝိုင်းလုပ်သင့်တယ်လို့ မြင်ပါတယ်…

    ဥပမာဗျာ – မြန်မာလူငယ်တွေ (အထူးသဖြင့် MZ က member တွေ) ဝိုင်းပြီး Dictionary အတွက် လုပ်ကြတယ်… အဲဒီအထဲမှာ အပြင်မှာ ကြည့်လို့မရတဲ့ အချင်းချင်းမတည့်တဲ့ သူတွေလည်း ပါချင်ပါမှာပဲ (ဥပမာ ပြောတာနော်)… ဒါပေမယ့် အများအတွက် အားလုံးအတွက် အဆင်ပြေ၊ အကျိုးရှိတယ်လို့ ယုံကြည်စိတ်နဲ့ ကိုယ်ပိုင်အချိန်တွေထဲက ဝိုင်းလုပ်ကြတာ… နောက်ဆုံး အောင်မြင်သွားတာပဲ… နိုင်ငံတကာက Community Project, Opensource Project တွေမှာ ဒီသာဓကတွေကို ပိုမြင်နိုင်ပါတယ်…

    အကွဲအပြဲဖြစ်ကြတဲ့ နောက်တစ်ချက်ကတော့ လုပ်ငန်းတစ်ခု တစ်ကယ်အောင်မြင်သွားတဲ့အခါ “ဒီ ပရောဂျက်မှာ ငါလည်း ဘယ်လို Contribute” လုပ်ခဲ့တာ ဆိုတဲ့ ဂုဏ်ယူစိတ်မျိုး မွေးတာထက် “ဒါ ငါလုပ်တာ” ဆိုပြီး တစ်ယောက်ထဲ နာမည်ယူချင်တဲ့သူတွေ များရင်လည်း ကျန်တဲ့သူတွေက နောက်ဘယ်တော့မှ ဝိုင်းလုပ်ချင်မှာ မဟုတ်တော့ဘူး…

    MZ Dictionary project လို Community ကနေ Contribute လုပ်တဲ့ Project တွေကို များများလုပ်ပြီး… အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရင်… မြန်မာအိုင်တီ ညီအကို မောင်နှမ တွေကြားမှာ “အများအတွက် ပူးပေါင်းဆောင်ရွက်ကြတဲ့ အလေ့အကျင့်ကောင်း” တွေ တစ်ယောက်ချင်းစီမှာ ပိုဖြစ်ထွန်းလာမယ် ထင်ပါတယ်… Community တစ်ခု အကျိုးဖြစ်ထွန်းလာပြီဆိုရင် အဲဒီ Community နဲ့ ပတ်သက်နေတဲ့သူတွေလည်း အကျိုးခံစားကြရတာပါပဲ…

    နောက်တစ်ခုကတော့ စီးပွားရေးလုပ်ငန်းတွေမှာ အများနဲ့ဝိုင်းလုပ်ပြီး ခံစားခွင့်ကိုလည်း အများနဲ့ ခံစားတဲ့ စနစ်ပါ.. ကမာ္ဘမှာ နာမည်ကြီးနေတဲ့ Apple, Microsoft, Sun စတဲ့ ကုမ္ပဏီကြီး တွေအားလုံးမှာ Founder က တစ်ယောက် နှစ်ယောက်ထဲ ဖြစ်ပေမယ့်၊ လုပ်ငန်းပိုအောင်မြင်ချင်တဲ့အခါမှာ Share Holder တွေ၊ Contributor တွေကို ဖိတ်ခေါ်ကြတာပါပဲ… သူတို့တွေမှာက စီးပွားရေးအရဖြစ်ဖြစ်၊ ကျန်တဲ့ ပညာရေး လူမှုရေးအရဖြစ်ဖြစ် အများအတွက် အကျိုးရှိတဲ့ အလုပ်တွေမှာ ဝိုင်းလုပ်တတ်ကြတဲ့ အကျင့်ကောင်းတွေ စွဲစွဲမြဲမြဲ ရှိနေကြပြီဗျ… ကျွန်တော်တို့အတွက်လည်း နောက်မကျသေးပါဘူးဗျာ…

  4. nandar says:

    ပြောသွားတယ့်အချက်တွေက အလွန်ကို အကျိုးရှိပါတယ်။ အခြေခံ သီအိုရီများ သင်ယူမှုအားနည်းခြင်း၊ နားလည်မှု အားနည်းခြင်း ဆိုတဲ့ အချက်မှာ ကွန်ပျူတာ တက္ကသိုလ် က စာတွေက အလွန်ပင်အသုံးဝင်တယ်ဆိုတာ ကို ကွန်ပျူတာကျောင်းဆင်းတိုင်းတော်တော်နားလည်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီစာတွေ အသုံးဝင်မှန်း ကျောင်းတက်စဉ် က လုံးဝမသိခဲ့ ကြတာအမှန်ပါ။ စာမေးပွဲ နီးရင် ဒီတိုင်းကျက်ပြီးဖြေလာကြတာပဲ သဘောတရားဆိုတာဘာမှန်းမသိတဲ့ အခြေအနေပါ။ အဲဒီလို ပြောလို့ သင်ခဲ့တဲ့ ဆရာ၊ဆရာ မတွေကို အပြစ်တင်တာလို့လည်း မဆိုလိုစေချင်ပါဘူး။ သူတို့ လည်းသူတို့ သိသလောက် အတတ်နိုင်ဆုံးပေးကြပါတယ်။ ဒါပေမဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ စိတ်မှာ ကို က ကျက်ဖြေ အချိန်တန်ရင် ဘွဲ့၁ခုရမယ်ဒါပါပဲ။ ကျောင်းလည်းပြီးရောဒီဘွဲ့ နဲ့ လည်း အသက်မွေးဝမ်းကျောင်းပြုသူရှားပါတယ်။ ဒီဘွဲ့ နဲ့ အလုပ်လျှောက်မယ်ဆိုတော့လည်း အပြင်မှာ များသောအားဖြင့် က Application ပိုင်းတွေ ပဲ ဖြစ်ပါတယ်။ ကျောင်း မှာ က သင်တာက Theory ဒီမှာ တင်တော်တော် ကွဲသွားပါတယ်။ ကွန်ပျူတာ ကျောင်းဆင်း ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြု နေတဲ့သူ ဟာ အလွန်နည်းတဲ့ အရေအတွက်ပဲ ရှိပါတယ်။ တော်တော်လေးကို ဇွဲကောင်းကောင်းနဲ့ ဆက်လက်လေ့လာနိုင်မှသာ ဖြစ်နိုင်မှာပါ။ ဒီမှာ မန္တလေးနဲ့ ရန်ကုန်ရဲ့ ကွာခြားချက်လေးကို နဲနဲ ပြောပြချင်ပါတယ်။ မန္တလေး မှာ Software house တို့ ၊ software outsource ရေးတာတို့ က အလွန်ကိုရှားတဲ့အလုပ်ပါ။ သင်တန်းတွေကတော့ပေါပါတယ် ။ ဒါပေမဲ့ ရန်ကုန်က သင်တန်းတွေရဲ့ အရည်အသွေးကို မီတဲ့သင်တန်းဆိုတာမရှိသလောက်ရှားပါတယ်။ အပေါ်ယံ သင်ပြီးပြီးသွားတာပါပဲ။ ဘာအနှစ်မှ မကျန်ရစ်ပါဘူး။ အဲဒါကြောင့် မို့ မန္တလေး ကကျောင်းပြီးသူတော်တော်များများ(ပိုက်ဆံတတ်နိုင်သူများသာ) ရန်ကုန်မှာ သင်တန်းတက်ပြီးအလုပ်လုပ်ကြရပါတယ်။ နိုင်ငံခြားနဲ့ ကွာတာက နောက်မှ ပါ ။ မြန်မာနိုင်ငံ တွင်းမှာကိုတော်တော်ကွာခြားကြပါတယ်။ မန္တလေး မှာလည်း ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်ဆိုလို့ လစာ ၃၅၀၀ဝ နဲ့ ၅၀၀၀၀(အမြင့်ဆုံးလို့ ထင်ပါတယ်) ကြားရတဲံ့ သင်တန်းမှာ ဆရာမ၊ဆရာ ပြန်လုပ်တဲ့ အလုပ်ပဲရှိပါတယ်။ တချို့တွေဆို အဲဒီထက် လစာမြင့် တဲ့တခြားအသက်မွေးဝမ်းကျောင်းကို ပြောင်းကြပါတယ်။ ပြီးတော့ မန္တလေး မှာ ကြုံတွေ့ခဲ့ရတာလေး ပြောပြချင်ပါတယ်။ ကွန်ပျူတာအသင်းကလုပ်တဲ့ MCPA EXAM ဆိုရင် ရန်ကုန်မှာ ဖြေဆိုသူ ၁၀ဝကျော်ရှိပါတယ်။ မန္တလေးမှာ တော့ ၂ဝ ကျော်ကျော်လောက်ပဲရှိပါတယ်။ နောက်တခုက ရန်ကုန်မှာ PHP ဆိုတာသိလို့ သင်တန်းတွေ ဖွင့် သိတဲ့ သူက သိနေတဲ့အချိန်မှာ မန္တလေး မှာ မကြားဘူးသေးတဲ့ လူတွေအများကြီးပါ။ စာဖတ်အားနည်းကြတာကလည်းအပြစ်တခုလို့ ဆိုနိုင်ပါတယ်။ ဒါတွေက မန္တလေးမှာ ဖြစ်ပျက်နေတာပါ။ ရန်ကုန်ရောက်လာတော့ အလုပ်လျှောက်ပြန်တော့လဲ စစချင်း ပေးတဲ့ ၅၀၀၀ဝ ဆိုတာ စားစရိတ် ၊ နေစရိတ်တောင် မလောက်တဲ့ လစာပါ။ တော်တော်များများ ဒုက္ခခံ ကြရပါတယ်။ တော်တော်လေးကို ဇွဲ၊ ငွေရှိမှ ကိုယ်လိုချင်တဲ့ ကွန်ပျုတာအလုပ်ကို လုပ်လို့ ရမယ့် အနေအထားပါ။ အလုပ်လုပ်မယ်ဆိုတော့လည်း အလုပ်ရှင်တွေက အလုပ်သင်ဆိုရင်မခန့်ချင်ကြပါဘူး။ သူတို့ ဘက်က ကြည့်ရင်လည်းမမှားပေမဲ့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း အခုမှ ဘွဲ့ရပြီးကာစ ဘာမှ အတွေ့အကြူံမရှိတဲ့သူတွေပါ။ အကယ်၍ သာ ကြည့်တတ်မယ်ဆိုရင် ဒီလိုလူတွေကို Training ကောင်းကောင်းပေးပြီး ကိုယ့် company အတွက် လူမွေးသင့်တယ်လို့ထင်ပါတယ်။ စကားမစပ် ဂျပန်မှာ ဖြစ်နေတဲ့ IT Company က အလုပ်ခေါ်ယူမှု လိုအပ်ချက်ကို သိသလောက်ပြောပြချင်ပါတယ်။ ဂျပန်မှာ အလုပ်လျှောက်ရင် ဘယ်company မှ အလုပ်မလုပ်ဘူး သေးတဲ့ Fresher Graduate ကို ဦးစားပေးခေါ်ယူကြပါတယ်။ ပြီးရင် သူတို့ Training 3 months သို့မဟုတ် သူတို့ စည်းမျဉ်းအရTraining ပေးပါတယ်။ ပြီးရင်တော့အဲဒီလူဟာ အဲဒီ Company ရဲ့ အမြဲတန်းဝန်ထမ်းဖြစ်သွားပါတယ်။ မြန်မာနိုင်ငံ ကိုလည်းအဲဒိလိုလေးဖြစ်စေချင်ပါတယ်။ အခု ဖြစ်နေတာက တတ်ပြီးသားလူကိုပဲ ခေါ်ကြတဲ့ အတွက် အခုမှ ကျောင်းဆင်းကာစလူတွေကတော့ တော်တော်လေးဒုက္ခရောက်ကြရပါတယ်။ အလုပ်ပေးနိုင်မှုက လည်းတော်တော်လေးနည်းပါတယ်။ နောက်ဆုံးမှာ တော့ နိုင်ငံခြားကို သာထွက်ကြရပါတော့တယ်။ ဖြစ်နေတာလေးတွေကို ပြောပြထားတာပါ။ ဆွေးနွေးချက် ခေါင်းစဉ် နဲ့ သွေဖယ်သွားခဲ့ ရင် အတွက်တောင်းပန်ပါတယ်နော်။

    အခြေအနေတော်တော်များများကိုလည်းအခုလို ဝိုင်းဝန်းဆွေးနွေးကြရင် တော်တော်လေးကိုအကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

    • Thiha says:

      ခုလို အသေးစိတ် ဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးပါ။ ဆွေးနွေးချက် ခေါင်းစဉ်နဲ့ သွေဖယ်သွားတာမျိုး မရှိပဲ အကျိုးရှိစေတဲ့ ဆွေးနွေးချက်တွေပါပဲ။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

  5. Stringlive says:

    တကယ်လိုအပ်သော Team Work ..

    ကျွန်တော် ဟိုနေ့က Technology အသစ်တစ်ခုကို လေ့လာဖို့ လုပ်ခဲ့ပါတယ် ။ ဒါနဲ့ .. Online မှာ ရှာကြည့်တော့ အဲဒီ Technology ဟာ ဘာသာပြန်ပေးထားတာလေး တွေ့ခဲ့ရပါတယ် ။ တော်တော်ဝမ်းသာသွားပါတယ် ။ ဖြစ်စေချင်တာတစ်ခုက တကယ်လို့များ တစ်ယောက်တစ်ပိုင်း ဘာသာပြန်ပေးနိုင်မယ်ဆိုရင် MS ရဲ့ ခေတ်ရှေ့ပြေးနေတဲ့ Technology တွေကို အချိန်တို အတွင်း လိုက်လို့ မှီနိုင်မှာပါ ။ အခု ကျွန်တော် လိုက်ကြည့်တော့ တကယ်ပဲ ဘာသာပြန် Post တွေဟာ မတူညီတဲ့ Website တွေမှာ သွားသွား ထပ်နေတာကို တွေ့ရပါတယ် ။ အာလုံး Knowledge Sharing လုပ်နေသူတွေ ဟာ တူညီတဲ့ အချက်တစ်ချက် ရှိပါတယ် ။ ဘာလို့ အချိန်ကုန် ငွေကုန်ခံ ပြီး Knowledge Sharing လုပ်နေကြပါသလဲ ။ အဖြေက ရှင်းပါတယ် ။ တတ်စေချင်လို့ပါ ။ ကိုယ်သိသလို တခြားလူတွေကိုလည်း သိသွားစေချင်တဲ့ စေတနာပါ ။ ဒီမှာ တစ်ခုပြောချင်တာက အဲလို Knowledge Sharing လုပ်နေသူတွေကို ဘယ်လို Organize လုပ်ကြမလဲ ။ များသောအားဖြင့် ဒိုင်ခံ တင်ပေးနေတယ် ဆိုပေမယ့် အဲဒီလူ မအားရင် Knowledge Sharing က မဖြစ်တော့ဘူးလား ။ အဲဒီ အတွက် Team Work ဆိုတာလည်း Knowledge Sharing လုပ်ပေးနေသူတွေ အတွက် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့ ပါတယ် ။

    • Thiha says:

      ဟုတ်တယ်ဗျ အဲဒီလို ထပ်နေတာတွေ ကျွန်တော်လည်း သတိထားမိတယ်၊ Smashing Network လိုမျိုး စုစည်းနိုင်ရင် ကောင်းမယ်ဗျ … လောလောဆယ် MZ Blog Network တော့ ချိတ်ထားပြီးသားပါ။ တစ်ခြား နည်းပညာ ဆိုက်တွေနဲ့လည်း Network ချိတ်ထားနိုင်ရင် ကောင်းမယ်ထင်တယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ Knowledge Sharing လုပ်တဲ့နေရာမှာ မထပ်တော့ဘူးပေါ့။ ကျွန်တော်တို့ Myanmar Tutorials အနေနဲ့ကတော့ လက်လှမ်းမှီသမျှ နေရာတွေကို လိုက်ကြည့်ပြီး ထပ်နေရင် မရေးတော့ပဲ ညွှန်းပဲ ညွှန်းလိုက်ပါတယ်။ ဖိုရမ်တွေထဲ အထိတော့ ဘယ်လိုမှ လိုက်မကြည့်နိုင်တဲ့ ပြဿနာတော့ ရှိနေပါတယ်။

  6. သာထက်အောင် says:

    အခြေခံအဆင့်ကနေ မတက်နိုင်တဲ့အကြောင်း ဆောင်းပါး သုံးပုဒ်စလုံး ကိုဖတ်ဖြစ်ပါတယ်။
    တင်ပြတဲ့အကြောင်းအရာ၊ ဆွေးနွေးချက်များကိုလည်း သဘောကျပါတယ်။
    ဖတ်ရင်းဖတ်ရင်း အတွေးတွေကို တိုးပွားစေတာ အမှန်ပါပဲ။ အတွေးတွေ တိုးလာတော့ ပိုမြင်လာပါတယ်။
    ဒီဆောင်းပါးများဟာ အိုင်တီသမားတွေ အတွက်သာ ရည်ရွယ်တယ်ထင်ပါတယ်။
    အခြေခံစီးပွားရေး စနစ်မှာ အိုင်တီအပြင် တစ်ခြား လုပ်ငန်းတွေလည်း ရှိကြပါသေးတယ်။
    အဲဒီ ကန်ဒ တွေအကြောင်းလဲ ထည့်စဉ်းစားသင့်ပါတယ်။ scope ကိုနည်းနည်း ချဲ့ကြည့်ဖို့ပေါ့။
    လူငယ်တွေ ဘာ့ကြောင့် အိုင်တီကိုချည်း စွတ်သွားနေကြသလား၊ ဘာ့ကြောင့် သွားနေကြသလဲဆိုတာလဲ စဉ်းစားစရာပါ။
    ဒါမှမဟုတ်ကျွန်တော်တို့ဟာ ကွန်ပြူတာ လောကကိုချည်းကြည့်နေသလား၊ အမြင်ကျဉ်းနေသလားဆိုတာလည်း
    စဉ်းစားသင့်ပါတယ်။

    • Thiha says:

      ဒီဆောင်းပါး သုံးခုလုံးက အိုင်တီသမားတွေအတွက်ပဲ ရည်ရွယ်တယ်ဆိုတာ အမှန်ပါပဲခင်ဗျာ … အခြားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမြင်ချဲ့ကြည့်သင့်တယ်ဆိုတဲ့ အချက်ကိုလည်း လက်ခံပါတယ်ခင်ဗျ။ ကျွန်တော် ကျွမ်းကျင်တဲ့ ကျင်လည်တဲ့ နယ်ပယ်က နည်းပညာနယ်ပယ်တစ်ခုတည်း ဖြစ်နေတယ်။ အဲဒါကြောင့် ဒီ Scope တစ်ခုတည်းကို ဖမ်းပြီး ရေးလိုက်ရတာပါ။ ခုလိုမျိုး ထောက်ပြဝေဖန်တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  7. ဟုတ်တယ်ဗျို့ အို်င်တီ ဆိုတာ ပူးပေါင်းဆောင်ရွက်မှ ပိုပီးတိုးတက်မယ်ဆိုတာမှန်တယ်…ခြင်္သေံ့တစ်ကောင်ထဲတော်နေလို့
    ဘယ်ဖြစ်မလဲ….ခြင်္သေ့က နောက်လိုက်ငယ်သားတွေကို တော် အောင် လည်းလုပ်ပေးမှ ပိုပီးတိုးတက်မှာပေ့ါ…

  8. Lwan Maung says:

    အခြေခံ သီအိုရီ သင်ယူမှု အားနည်းခြင်း၊ လေ့လာမှုအားနည်းခြင်းဆိုတာကတော့ လုပ်ငန်းခွင်ကျမှသိလိမ့်မယ်ထင်တယ်ဗျ Software Enginnering ဆိုတာကို ဘယ်မှာအသုံးဝင်လဲဆိုရင် MCPA FSE ဖြေတော့မှ အသုံးဝင်မှန်းသိတာ ကျွန်တော်က လုပ်ငန်းခွင်မလုပ်ဘူးတော့ ဘယ်မှာအသုံးဝင်မှန်းမသိသေးတာလဲပါပါတယ် ပြီးတော့ ကျွန်တော် ပုသိမ်မှာ အခမဲ ့ ပြန်သင်ပေးတယ်ဗျ အဲ့တော့ SE ကို သီအိုရီသင်ရင် လူမရှိတာများပြီး မေးခွန်းဟောင်း ပြန်ကျင့်မယ်ဆိုရင် လူပြည့်နေတတ်ပါတယ် လက်ရှိ လူငယ်တွေကတော့ Certificate ကိုအဓိက ထားနေကြတာပါ အဲ့ဒါလည်းပါလိမ့်မယ်ထင်တယ် Team Work ကျတော့လည်း စာအတူတူကြည့်ဖို ့ကမလွယ်ဘူး လုပ်ငန်းခွင်ကျတော့မှ အတူတူကြိုးစားတာက ပိုအဆင်ပြေလိမ့်မယ်ထင်တယ်ဗျ စာအတူတူကြည့်ရင် တစ်ယောက်ကြည့်တာက နည်းပြီး နောက်တစ်ယောက် လေ့လာထားတာက ပိုနေတာတွေ ပြဿနာတွေဖြစ်တတ်တယ်ဗျ အဲ အဲ့နှစ်ယောက် Project တစ်ခုကို အတူတူလုပ်ကြည့်တာကတော့ အဆင်ပြေတယ်ဗျ လေ့လာမှုကတော့ ကိုယ်တိုင် Self-study ကပိုအဆင်ပြေမယ်လို ့ ထင်ပါတယ်

  9. manawphyulay says:

    သေချာဖတ်ချင်လို့ ကူးသွားပါတယ်ရှင်။ တိုက်ရိုက်ကြာကြာဖတ်လို့အချိန်မရှိလို့ပါနော်။ ဆက်လက်ရေးပေးပါဦး။

  10. eieei says:

    လူတွေ့ကိုယ်လူ အချင်းချင်းကို အထင်သေးကြတာကို
    ဒါကြောင့် ဘယ်မှာဖြစ်ဖြစ် ကြားလူတွေက ပါမြဲပေါ့

Leave a comment


*