ကျွန်တော် ဘာကြောင့် ယူနီကုဒ်သုံးရတာလဲ
ကျွန်တော် ဒီအကြောင်းကို ပြန်ရေးဖြစ်တဲ့အကြောင်းက ယူနီကုဒ်နဲ့ ပတ်သက်ပြီး ပြောစရာလေးတွေ ရှိလာလို့ပါ။ ကျွန်တော် ယူနီကုဒ် ဘာကြောင့်သုံးရသလဲဆိုတဲ့ ကျွန်တော့ခံယူချက်နဲ့ ပတ်သက်ပြီး Myanmar Tutorials ရဲ့ ပရိသတ်တွေနဲ့ ဆွေးနွေးလိုတာလဲပါပါတယ်။
ယူနီကုဒ်ဖောင့်တွေကို မကြိုက်ဘူး
ကျွန်တော်သုံးချင်တာ ယူနီကုဒ်သာ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ခုလက်ရှိ ယူနီကုဒ်ဖောင့်တွေ အားလုံး Typography အရ ကြည့်မယ်ဆိုရင် တစ်ခုမှ သဘောကျစရာ မရှိပါဘူး။ ဒီတော့ Typography နဲ့ ပတ်သက်ရင် ဘယ်ယူနီကုဒ်ဖောင့်မှ ကျွန်တော် မကြိုက်ပါဘူး။ ဝင်းဖောင့်တွေလောက်လဲ မကြိုက်သလို Art House ဖောင့်တွေလောက်လဲ မကြိုက်ပါဘူး။ ဇော်ဂျီလောက် မကြိုက်ပါဘူး။ Font Hinting ပိုင်းမှာ အများကြီး အားနည်းချက်ရှိနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် အခမဲ့ ဖြန့်ဝေကြတာ ဖြစ်တဲ့အတွက် အလကားရတဲ့ နွားသွားဖြဲကြည့်ဆိုသလို ဖြစ်နေမှာစိုးတဲ့အတွက် မကြိုက်တာကို မကြိုက်ကြောင်းပဲ ပြောပြီး ဝေဖန်တာတော့ မလုပ်လိုပါဘူး။ နောက် အဲဒီလောက်အထိ အပင်ပန်းခံ လုပ်ရတဲ့ ဖောင့်တွေအတွက် ကျွန်တော့မှာ သုံးရုံကလွဲလို့ ဝေဖန်လို့ မသင့်ဘူးလို့ ခံယူထားတာလဲ ပါပါတယ်။ သေချာပါတယ်။ ကျွန်တော် ယူနီကုဒ်ဖောင့်တွေကို မကြိုက်ပါဘူး။
ယူနီကုဒ်တော့ကြိုက်တယ်
ကျွန်တော် ယူနီကုဒ်ဖောင့်တွေကို မကြိုက်ပေမယ့် ယူနီကုဒ်ကိုတော့ ကြိုက်ပါတယ်။ ဘာကြောင့် ကြိုက်ရတာလဲ။ ကျွန်တော်ကတော့ ရှင်းပါတယ်။ စံဖြစ်နေလို့လဲ မဟုတ်သလို၊ နိုင်ငံတကာက အဖွဲ့အစည်း အကြီးကြီးတစ်ခုက ချမှတ်လက်ခံထားလို့လဲ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော် ယူနီကုဒ် ဘာကြောင့် ကြိုက်ရသလဲ ဆိုတာလေးတွေ ဆက်ပြီး ဆွေးနွေးလိုပါတယ်။
ယူနီကုဒ်က တကယ့်မြန်မာနဲ့ အနီးစပ်ဆုံးဖြစ်လို့
ကျွန်တော် မြန်မာစာရေးတဲ့အခါမှာ ရရစ်ဆိုတာကို တစ်ခုတည်းသာ လက်ခံပါတယ်။ အဲဒီလို လက်ခံတယ်ဆိုတာကလဲ မြန်မာစာရေးထုံးအရကို အဲဒီအတိုင်းပဲ ရှိတဲ့အတွက် လက်ခံတာပါ။ နောက်ပြီး ဗျည်းက အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ ယူနီကုဒ် စနစ်နဲ့ ပတ်သက်ပြီး ဘဝင်မကျတာလေးတွေ ရှိပေမယ့် ကိုယ်သုံးနေကြမဟုတ်တာတွေ ဖြစ်နေတဲ့အတွက် ကျွန်တော် အဲဒါတွေအတွက် စိတ်ထဲမှာ ဘယ်လိုမှ မနေပါဘူး။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ယူနီကုဒ်ကသာ မြန်မာစာနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။
သတင်းအချက်အလက် စီစဉ်တင်ဆက်ပုံ (Information Architecture) အတွက် အကောင်းဆုံးဖြစ်လို့
ကျွန်တော်က Web Development အပိုင်းနဲ့ ပတ်သက်ပြီး စာလည်းသင်သလို Project တွေလဲ ရေးနေပါတယ်။ အဲဒီတော့ ကျွန်တော်လုပ်နေကြ အလုပ်ဖြစ်တဲ့ Web Development Process တိုင်းမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ Information Architecture မှာ Information Naming System (သတင်းအချက်အလက် အမည်ပေးစနစ်) ဆိုတာ ပါပါတယ်။ အဲဒီ အမည်ပေးစနစ်ဆိုတာ အင်မတန် တိကျဖို့လိုပါတယ်။ အဲဒီအမည်ပေးစနစ်မှာသာ မတိကျခဲ့ရင် ကျွန်တော်တို့ နည်းပညာသမားတွေ ပြောလေ့ရှိတဲ့ GIGO (Garbage in Garbage Out) ဆိုသလိုပဲ ဖြစ်နေပါလိမ့်မယ်။ အဲဒီလို သတင်းအချက်အလက် အမည်ပေးစနစ်ကို အတိကျဆုံးပေးနိုင်တာကတော့ ယူနီကုဒ်ပဲ ဖြစ်ပါတယ်။ သတင်းအချက်အလက် အမည်ပေးစနစ်ဆိုတာ အင်မတန် အရေးပါပါတယ်။ Search Engine များရဲ့ ပထမဦးဆုံး အခြေခံရတဲ့ စနစ်ကတော့ သတင်းအချက်အလက် အမည်းပေးစနစ်ပဲ ဖြစ်ပါတယ်။ အဲဒီလို အမည်ပေးစနစ်မှာ မှန်ကန်မှသာ တူရာကို စုပေးနိုင်ပါတယ်။ တူရာကို ပြန်ပြပေးနိုင်မှာ ဖြစ်ပါတယ်။
Information Architecture မှာ အဆင့် သုံးဆင့်ရှိပါတယ်။
- Information Naming System (သတင်းအချက်အလက် အမည်ပေးစနစ်)
- Information Grouping System (သတင်းအချက်အလက် စုဖွဲ့မှုစနစ်)
- Information Navigation System (သတင်းအချက်အလက် ချိတ်ဆက်တင်ပြမှုစနစ်)
အဲဒီအဆင့်သုံးဆင့်မှာ ကျွန်တော်တို့ Information Naming System မှာ မှန်ကန်ခဲ့မှသာ Informatio Grouping System ကိုသွားနိုင်ပါတယ်။ အဲဒီလို အစုဖွဲ့တာ မှန်မှသာ Navigation System လို့ခေါ်တဲ့ ကိုယ်လိုရာ ပိုဆောင်ပေးတဲ့အဆင့်ကို ရောက်မှာ ဖြစ်ပါတယ်။
အဲဒီလို အဆင့်ဆင့် ချိတ်ဆက်ထားတဲ့ အနေအထားအရ ကျွန်တော် Information Naming System အမှန်ကန်ဆုံးပေးနိုင်တဲ့ ယူနီကုဒ်ကို ကျွန်တော် ကြိုက်ရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောလိုတာက ကျွန်တော်တို့ End User Level အနေနဲ့ ရေးနေကြတာတွေ ပြောနေကြတာတွေကို ယူနီကုဒ် မဟုတ်လဲ ဘာဖြစ်မှာလဲလို့ ပြောစရာ ရှိပါတယ်။ တကယ်တော့ Search Engine လိုဟာတွေက အဲဒီလို ပြောကြ ရေးကြတာတွေ အကုန်လုံးကို လိုက်စုရတဲ့ သဘောရှိပါတယ်။ အဲဒီအခါမှာ တူရာကို စုပြီးမှသာ နောက်ဆုံးအဆင့် လိုရာခရီးကို ပို့ပေးလို့ရမှာ ဖြစ်ပါတယ်။ အဲဒီလို မတူတာတွေ များနေရင် ဘယ်လိုမှ စုလို့ ရမှာ မဟုတ်တော့ပါဘူး။ ရှိသမျှ Possibilities တွေအကုန် လိုက်စစ်မယ်ဆိုရင်လဲ တော်တော်လေးကို အချိန်ကုန်ပြီး CPU Intensive ဖြစ်သွားပါလိမ့်မယ်။
ယူနီကုဒ်က သုံးရတာလွယ်လို့
အဲဒီလို ပြောရင် တစ်မျိုးထင်သွားပါလိမ့်မယ်။ ကျွန်တော် အမှန်တကယ် သုတေသနပြုထားပြီး ဖြစ်ပါတယ်။ ကျွန်တော် ယူနီကုဒ်သုံးပြီး စာရိုက်တဲ့ အခါမှာ ကျွန်တော်မှာ မှတ်စရာတွေ တော်တော်များများ လျော့သွားပါတယ်။ ရရစ်ဆို တစ်ခုတည်းမှတ် တစ်ချောင်းငင်ဆိုလဲ တစ်ခုတည်းမှတ် အားလုံးမှတ်ရတာ လွယ်တော့ အရင်ထက် သုံးရတာ လွယ်တယ်ဆိုတာ သိလာရပါတယ်။
အဲဒီလိုပြောတော့ ကျွန်တော့ တပည့်တစ်ယောက်က ပြောပါတယ်။ ဟာ ဆရာကလဲ ယူနီကုဒ်သုံးရတာ ခက်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ကျွန်တော် ဝန်ခံပါတယ်။ အစပိုင်းမှာသာ ခက်တာပါ နောက်ပိုင်းမှာတော့ အရမ်းကိုလွယ်သွားတာ တွေ့ရပါလိမ့်မယ်။
မြန်မာစာနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်လိုတာတွေ ရှိလို့
ဒါကတော့ ကျွန်တော်ရဲ့ မြန်မာစာကို ချစ်တတ်တဲ့ စိတ်ကြောင့်ဖြစ်ပါတယ်။ ကျွန်တော် Dev Con Myanmar 2011 မှာ Profile တွေတင်တော့ မြန်မာလိုသာ ရေးပြီးပို့ပါတယ်။ အဲဒီလို ပို့တော့ မြန်မာလို တင်လို့ မရဘူးလို့ ဆိုပါတယ်။ ကျွန်တော် စိတ်ထဲမှာ တော်တော်လေးကို ဘဝင်မကျဖြစ်မိပါတယ်။ ကျွန်တော် မြန်မာစာရေးရတာကို အင်မတန်ချစ်ပါတယ်။ ဘာကြောင့်ချစ်ရသလဲ။ ကိုယ့်ကိုကိုယ် နှိမ့်ချတတ်တဲ့ သဘောတွေ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ သဘောတွေ ရိုးသားတဲ့ သဘောတွေ အားလုံးကို ပြောရရင် စိတ်ခံစားမှုဆိုင်ရာတွေကို ပုံဖော်တဲ့ နေရာမှာ မြန်မာစာက အင်္ဂလိပ်စာထက် အများကြီး ပုံဖော်နိုင်ပါတယ်။ ကျွန်တော် အင်္ဂလိပ်စာကို ကောင်းကောင်းဖတ်တတ်ပါတယ်။ အတိုင်းအတာ တစ်ခုအထိလဲ ရေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဖတ်သမျှတွေထဲမှာ မိမိကိုယ်ကို နှိမ့်ချပြီးရေးတဲ့ သဘောတွေ ရိုးသားမှုအပေါ်မှာ အခြေခံပြီးရေးတဲ့ သဘောတွေမှာ မြန်မစာလောက် ကောင်းတာ မတွေ့ဖူးပါဘူး။ ကျွန်တော် မတွေ့တာ ကျွန်တော် ညံ့တာလဲ ဖြစ်နိုင်ပါတယ်။
အဲဒီလို မြန်မာစာကို ချစ်တဲ့အတွက် မြန်မာစာနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ချင်စိတ်တွေ ပေါ်လာပါတယ်။ အဲဒီလို ပေါ်လာတော့ ဘယ်စနစ်ကို လိုက်သင့်လဲဆိုပြီး စနစ်အားလုံးကို လိုက်လေ့လာဖြစ်ပါတယ်။ အဲဒီလို လေ့လာတဲ့အခါမှာ မြန်မာစာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ယူနီကုဒ်ကသာ လမ်းအတိုဆုံးဖြစ်တယ်ဆိုတာ သွားတွေ့ပါတယ်။ အဲဒီအတွက် ကျွန်တော် ယူနီကုဒ်ကို ကြိုက်ရခြင်း ဖြစ်ပါတယ်။
အခက်အခဲတွေကို ပူးပေါင်းဖြေရှင်းချင်လို့
ကျွန်တော် Myanmar Tutorials ကို စပြောင်းတော့ အခက်အခဲတွေ အများကြီးတွေ့ခဲ့ပါတယ်။ အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်ပြီး ပူးပေါင်းဖြေရှင်းလိုတဲ့အတွက် ယူနီကုဒ်ကို ပြောင်းသုံးရခြင်းဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲတဲ့ နေရာမှာ ပညာရှင်တွေရဲ့ အကူအညီတွေ အများကြီးရခဲ့ပါတယ်။ အဲဒီအတွက်လဲ အားလုံးကို ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။
ယူနီကုဒ်ဖောင့် မရှိရင် မမြင်ရဘူး။ မြင်ရအောင် ကူညီပေးခဲ့ကြပါတယ်။ နောက် ယူနီကုဒ်ကို Mobile Theme တွေမှာ မမြင်ရဘူးဆိုပြန်တော့လဲ ကျွန်တော် mobile template plugin တစ်ခုကို ဝယ်ယူပြီး မြင်ရအောင် ကြိုးစားခဲ့ပါတယ်။ အဲဒီလို အခက်အခဲတွေဆိုတာ ကိုယ်တိုင်ရင်ဆိုင်လိုက်မှ တွေ့ရတာမျိုးဆိုတော့ မရရအောင် တစ်ခုခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရပါတယ်။ အဲဒီလို ကျွန်တော်ချစ်တဲ့ မြန်မာစာအတွက် အခက်အခဲတွေကို ပူးပေါင်း ဖြေရှင်းလိုတဲ့အတွက် ယူနီကုဒ်ကို ကြိုက်နှစ်သက်ရခြင်း ဖြစ်ပါတယ်။
ဒီအကြောင်းတွေကတော့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာကြောင့် ကြိုက်ရသလဲ သုံးရသလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ Myanmar Tutorials မှာ ယူနီကုဒ်နဲ့ မဟုတ်ပဲ ဇော်ဂျီအပေါ် အခြေခံထားတဲ့ MyanDroid, iText MM, Shwe Yoe, Myanmar Text to Speech App စတဲ့ Product တွေကို ကျွန်တော်တို့ Contributor တွေက တင်ကြပါတယ်။ စတင်ကတည်းက ကျွန်တော်တို့ Perfect Product တွေ မဟုတ်ဘူးဆိုတာ ဝန်ခံထားပြီးသားပါ။ အဲဒီအပြင် အဲဒါတွေက ယူနီကုဒ် မဟုတ်ရကောင်းလားလို့လဲ ကျွန်တော် မမြင်ပါဘူး။
ကျွန်တော် ယူနီကုဒ်ကို ကြိုက်တာပါ ဖောင့်တွေကို ကြိုက်တာ မဟုတ်ပါဘူး
ဒါကတော့ အပေါ်မှာလဲ ပြောပြီးသားပါ။ ဒါပေမယ့် ထပ်ပြောစရာလေးတွေ ရှိလို့ပါ။ ကျွန်တော် Typography အရ ယူနီကုဒ်ဖောင့်တွေနဲ့ ဇော်ဂျီကို ရွေးပါဆိုရင် ဇော်ဂျီကိုပဲ ရွေးမှာပါ။ အဲဒီလိုပါပဲ။ Typography အရ ဇော်ဂျီနဲ့ Art House ဖောင့်တွေကို ရွေးပါဆိုရင်လဲ Art House ဖောင့်တွေကိုပဲ ရွေးဖြစ်မှာ သေချာပါတယ်။ အဲဒီတော့ ယူနီကုဒ်ဖောင့်တွေကို မကြိုက်ပါဘူး။ ကျွန်တော်တို့ ယူနီကုဒ်ဖောင့်တွေမှာ ပြုပြင်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဇော်ဂျီလို Complete Solution မပေးနိုင်သေးတာလဲ သေချာပါတယ်။ ဒီတော့ ကျွန်တော် မကြိုက်တာ မဆန်းဘူးထင်ပါတယ်။
ဒါပေမယ့် ကျွန်တော် ယူနီကုဒ်ကို ကျွန်တော်ကြိုက်ပါတယ်။ တကယ့်ကို ပြုပြင်စရာ တစ်ခုမှ မရှိလောက် အကုန်ကောင်းနေတာလားဆိုတာတော့ တကယ့် ပညာရှင် Level မှာသာ ခန့်မှန်းနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ မပြောလိုပါဘူး။ ဒါပေမယ့် ကျန်တဲ့ စနစ်တွေထက် အများကြီး ပြည့်စုံပါတယ်။ မည်သည့် ဘာသာစကားနဲ့မဆို အကြားအထပ်မရှိ သုံးနိုင်တာ ယူနီကုဒ်တစ်ခုတည်းရှိပါတယ်။ အဲဒီအပြင် တိုင်းရင်းသား ဘာသာစကားတွေကို အလွယ်တကူ ပေါင်းစပ်ထည့်သွင်းလို့ ရနိုင်တဲ့အတွက် ပိုပြီး နှစ်သက်မိပါတယ်။
ယူနီကုဒ်နဲ့ End User ကိစ္စ
ယူနီကုဒ်နဲ့ ပတ်သက်ပြီး End User တွေကို သုံးဖို့ တိုက်တွန်းမှာလား။ အဲဒါကတော့ ကျွန်တော် စိတ်ထဲ ရှိတဲ့အတိုင်းပြောရရင် တိုက်တွန်းမှာပါ။ ဘာကြောင့် တိုက်တွန်းရသလဲ ဆိုရင် အပေါ်မှာ ကျွန်တော်ပြောခဲ့သလို Information Naming System ကြောင့်ပါ။ ဒါပေမယ့် End User တွေမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ်။ အဲဒါကိုလဲ လေးစားလိုက်နာဖို့ လိုတယ်လို့ ကျွန်တော် မြင်ပါတယ်။ နောက် လူတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ကျွန်တော် ခံယူထားပါတယ်။ အဲဒီတော့ ယူနီကုဒ်နဲ့ End User လို့ဆိုလိုက်ရင် လွပ်လပ်စွာရွေးချယ်ပါ။ ဒါပေမယ့် ယူနီကုဒ်ကို သုံးပါလို့တော့ တိုက်တွန်း ချင်ပါတယ်။ နောက်ပြီး ကျွန်တော် ယူနီကုဒ်သုံးတဲ့ ကိစ္စမှာ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာမျိုး မဟုတ်ပဲ ယူနီကုဒ်ကိုခင်လို့ ယူနီကုဒ်ကို တရားမင်တာသာ ဖြစ်ကြောင်းပါခင်ဗျ။
(Myanmar Tutorials ပရိသတ်ကိုလဲ တောင်းပန်လိုပါတယ်ခင်ဗျာ။ ကျွန်တော့မှ Myanmar Tutorials နဲ့ ပတ်သက်ပြီး အကြွေးတွေ များနေပါတယ်။ အလုပ်တွေ အရမ်းများနေလို့ပါခင်ဗျာ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အချိန်ရတာနဲ့ အတိုးရော အရင်းပါဆပ်ပါ့မယ်ခင်ဗျာ။)
သီဟ (Myanmar Links)
Facebook comments:



i feel the same like u bro!
thanks
SUPER LIKE
Seeing posts written with unicode appear more correctly, I’ve become to like the way unicode fonts look.
I’m happier to see myself writing correctly, too.
ယူနီကုတ်ကို သာမန်ယူဇာတွေသုံးနိုင်ဖို့ဆိုရင်တော့ ယူနီကုတ်ကို အမြဲသစ်လွင် နေအောင် အဆက်မပြတ်အဆင့်မြင့်တင်နေဖို့လိုအပ်ပါတယ်။
good
by the way saya thiha, when u will add google plus one button
Hi, I’m newbie in Unicode. Let me know how to use unicode in Photoshop because of When i type unicode in PSD, It’s not show the right way. Can you give me advice?
Did you type with Unicode keyboard?
use KeyMagic
Yeah, sure. I use myanmar3 with keymagic. I can’t type the word ‘mg’ in burmese.
စာရိုက်လိုက်ရင် ဘယ်လိုပေါ်နေလို့လဲဗျ…။
@Zarni Plz see http://www.myanmarlanguage.org/article/unicode-roundup-june-2011 ၂။ (ဃ) for Unicode in adobe product. You may read http://www.myanmarlanguage.org/unicode/contextual-rendering-complex-shaping-myanmar-unicode for detailed look into Unicode rendering.
Yeah, It help me a lot. Now I know, what type of unicode support in Photoshop so, Thank you Sir.
စံဖြစ်လို့ ကြိုက်တာမဟုတ်ဘူး လို့လဲဆိုသေးတယ် … ကြိုက်တဲ့အကြောင်းကို ရှင်းပြတဲ့အခါကျတော့
စံဖြစ်တဲ့ဟာကို သုံးမှရတဲ့ အကျိုးတွေကြောင့်လို့ ရှင်းပြပြန်တယ် … ရှုပ်ရှက်တွေကို ခတ်နေတာပဲ ;-P
Standard ကို မြန်မာအဘိဓာန်တွေထဲမှာတော့ “စံ၊ စံချိန်၊ စံနှုန်း၊ အဆင့်အတန်း” လို့ ဘာသာပြန်ကြပါတယ် …
အဆင့်အတန်း ရှိချင်တယ်ဆိုရင်တော့ စံ ဖြစ်တဲ့ဟာကို မဖြစ်မနေ သုံးရမှာပါ…
အဆင့်အတန်းရှိချင်တယ် မရှိချင်ဘူး ဆိုတာကတော့ ခင်ဗျားတို့ရဲ့ ရွေးချယ်မှုပါပဲ …
ယူနီကုဒ် မှမဟုတ်ပါဘူး … နေရာတိုင်းအတွက်ဆိုလိုပါတယ်
ma kyar me Myanmar os paw lar taw myi phit ta phit ar lone a sin pay twae mar bar